Thursday, October 14, 2010

ရုပ်သံ/ရေဒီယို မဲဆွယ်ပွဲများ လူငယ်စိတ်မဝင်စား

နယူးဒေလီ (မဇ္ဈိမ)။     ။ နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်သံမှ ရွေးကောက်ပွဲဝင် ပါတီများ စည်းရုံးဟောပြောမှုကို  စိတ်မဝင်စားကြောင်း မဇ္ဈိမ ဆက်သွယ် မေးမြန်းထားသည့် လူငယ် အချို့ က ပြောဆိုသည်။

ရန်ကုန် ၄ မြို့နယ်မှ ကျောင်းသူတဦး၊ ဝန်ထမ်း ၄ ဦးနှင့် ကချင်ပြည်နယ်မှ လူငယ်တဦးကို မေးမြန်းခဲ့ရာ ပါတီမူဝါဒ၊ သဘောထားများ တင်ပြသည့် အစီအစဉ်ကို စိတ်မဝင်စားကြောင်း ပြောဆိုကြသည်။

“ကျမတော့ ကိုးရီးယား ဇာတ်လမ်းပဲ ကြည့်တယ်။ mrtvပါတီတွေ ဟောပြောတဲ့ဟာ လာရင် ပိတ်လိုက်တာပဲ။ ဘာတွေ ပြောနေမှန်းကို မသိတာ။ နားလဲမလည်ဘူး” ဟု ရန်ကုန်မှ အစိုးရဝန်ထမ်း အမျိုးသမီးတဦးက  ပြောသည်။ အယုံအကြည် မရှိသဖြင့် မည်သည့်ပါတီကိုမှ လက်မခံကြောင်း၊ နိုင်ငံရေးကို မိမိနှင့် မဆိုင်ဟု သဘောထားကြောင်း ဆိုသည်။

ရန်ကုန်ရှိ  သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတခုမှ ဝန်ထမ်းတဦးကလည်း “အရေးမပါဘူး ထင်လို့ မကြည့်ဖြစ်ဘူး။ သူတို့က လေပဲ ရှိတာ။ လက်တွေ့ရှိတာ မဟုတ်ဘူး။ အခု လက်ရှိဘဝကပဲ အရေးကြီးတယ်။ ကျနော့် ပတ်ဝန်းကျင်မှာလဲ ဘယ်သူမှ မကြည့်ကြဘူး” ဟု မဇ္ဈိမကို ပြောသည်။

“တီဗီရော၊ သတင်းစာမှာပါ မဖတ်ဖြစ်ပါဘူး။ စိတ်လဲ မဝင်စားဘူး၊ နားလဲ မလည်ဘူး။ ကိုယ့်ကျောင်း ကိစ္စပဲ လုပ်နေတယ်” ဟု မဟာစီးပွားရေး ဘွဲ့ရရန် ကြိုးစားနေသည့် ရန်ကုန်မှ ကျောင်းသူက  ပြောသည်။

မြစ်ကြီးနား မြို့ခံကမူ ည ၇ နာရီဇာတ်ကား ပြီးသည်နှင့် တီဗီပိတ်လိုက်သည်ဟု ပြောသည်။

နိုင်ငံပိုင် မီဒီယာမှ ဟောပြောတင်ပြခွင့် ကော်မရှင်သို့  ၇ ရက် ကြိုတင်ရပြီး  ဟောပြောချက်ကို တရက်လျှင် ၂ ပါတီနှုန်း ထုတ်လွှင့်သည်။

လက်ရှိ စစ်အစိုးရ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ဦးဆောင်ကာ  အမတ်လောင်း ၁,၁၃၄ ဦးဖြင့် မဲဆန္ဒနယ် အများဆုံး ဝင်ပြိုင်မည့် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ပြည်သူအားလုံး ဘဝလုံခြုံရေး၊ စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များ ပြည့်စုံရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကျင့်စဉ်ပါ အခွင့်အရေးများ ရရှိရေးအတွက် ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်မည်” ဟု ရုပ်သံက ပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခွဲထွက်လာသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကမူ "ပြည်သူ့ထံမှ မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်၊ ဒီမိုကရေစီတိုက်ပွဲမှ မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီလမ်းစဉ်၏ အစိတ်အပိုင်းတခုဆိုသည့် သဘောထားအတိုင်း အခိုင်အမာ ရပ်တည်သွားမည်ဖြစ်သဖြင့်  မိမိတို့၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ယုံကြည်စွာ ဆန္ဒမဲ ပေးနိုင်ပါသည်" ဟု မဲဆွယ်ခဲ့သည်။

တစည  တွဲဘက်အတွင်းရေးမှူး ဦးခင်မောင်ကြီးကလည်း "လူမျိုးတမျိုးနဲ့တမျိုး ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက် နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပါမယ်။ တိုင်းရင်းသားလူမျိုးများနဲ့  စပ်လျဉ်းပြီး  မိမိတို့ပါတီဟာ  ပြည်ထောင်စုနဲ့ ပြည်ထောင်စု အဖွဲ့ဝင်တို့  အပြန်အလှန် အကျိုးပြုကြလျက် သဟဇာတမျှတစွာ ပေါင်းစည်း ညီညွတ်တဲ့ မြန်မာ့လူအဖွဲ့အစည်း ဖြစ်လာရေးကို ရှေ့ရှုဆောင်ရွက်သွားပါမယ်” ဟု ပြောဆိုသွားသည်။

လာမည့်လ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တစညက ၉၈ဝ ဦးနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုက ၁၆၄ ဦး ဝင်ပြိုင်ကြမည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates