Wednesday, October 13, 2010

ပါတီရပ်တည်ခွင့် ဒေါ်စု လျှောက်ထားမှု တရားရုံးချုပ် လက်ခံ

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။      ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆက်လက်ရပ်တည်ခွင့် ရှိရေး ကြားနာစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည်က ဗဟိုတရားရုံးချုပ်ကို မနေ့က လျှောက်ထားခဲ့ရာ ယနေ့လက်ခံလိုက်ပြီ ဖြစ်သည်။


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် တရားဝင် ရပ်တည်မှုကို ပျက်ပြယ်စေမည့် အချက်ပါရှိသဖြင့် ဆက်လက်ရပ်တည်ခွင့် ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများမှတဆင့် တင်သွင်းခဲ့ရာ ယနေ့ညနေ ၃ နာရီခွဲတွင် လက်ခံလိုက်သည်။

“လက်ခံထားလိုက်တယ်။ ဗဟိုတရားရုံးချုပ်က ပြန်ချိန်းတာတော့ မရှိဘူး။ ကျနော်တို့ နို့တစ်ဘုတ်မှာ သောကြာနေ့တိုင်း  သွားကြည့်ရမယ်။ ကျနော်တို့ မျှော်လင့်ချက်က ကျနော်တို့ တောင်းဆိုချက်ပဲပေါ့။ အဖွဲ့ချုပ် ရပ်တည်နေတာပေါ့” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း “ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရကို စွဲတာ ဖြစ်တယ်။ ဒါကို ရှေ့နေချုပ်ရုံးက ချေပဖို့ ရှိတယ်” ဟု ပြောသည်။  တရားရုံးချုပ်သို့ ယနေ့ ညနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနှင့် ဒေါ်ခင်ဌေးကြွယ်တို့ သွားခဲ့ကြသည်။

“၁၉၉ဝ ရွေးကောက်ပွဲကြီး လုပ်တယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ နဝတ အစိုးရက  အသိအမှတ်ပြုသလို သိက္ခာရှိတဲ့ ကော်မရှင်လူကြီးတွေကလည်း  အဲဒိအတိုင်း ကြေညာခဲ့တယ်။ ပြည်ပနိုင်ငံတွေကလည်း ဒီလိုပဲ မှတ်တမ်းတင်ထားတယ်။ ဘာမှ အကျိုးအကြောင်း မပြဘဲ လွှတ်တော်ကို ခေါ်မပေးဘူး။ အဲဒါ သမိုင်းမှာ ဘယ်ကောင်းမလဲ။ ကျနော်တို့က ဥပဒေစိုးမိုးရေးအတွက် ပြောတာပါ။ ဗမာ့ရွေးကောက်ပွဲသမိုင်း မကောင်းမှာ စိုးလို့ လုပ်တာပါ” ဟု ဦးကြည်ဝင်းက ပြောသည်။

စစ်အာဏာသိမ်း နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၉ဝ   ရွေးကောက်ပွဲကို ကျင်းပပေးပြီး အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည်ဟု ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၃ တွင် ပြဋ္ဌာန်းခဲ့သည်။ ထို့ပြင် နဝတ ကြေညာချက်အမှတ် ၁/၉ဝ ၊ အပိုဒ် ၁၂ တွင် ရွေးကောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော်ကို ဖွဲ့စည်းပေးရမည် ဆိုထားသည်။  NLD က ၈ဝ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင်များက ယနေ့ထိ လွှတ်တော် ခေါ်မပေးသေးပါ။

ပြန်လည်မှတ်ပုံမတင်သဖြင့် NLD အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခု တရားဝင် ရပ်တည်ခွင့် ပျက်ပြယ်သည်ဟု လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အရင်လ ၁၅ ရက်က ကြေညာခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေအသစ်ကြောင့် ပါတီတရားဝင် ရပ်တည်မှု ပျက်ပြယ်စေသည်ဟု NLD က ဧပြီ ၂၉ တွင် စစ်အစိုးရကို တရားစွဲခဲ့သေးသည်။ ရန်ကုန်တိုင်း တရားရုံးက ၎င်းလျှောက်ထားချက်ကို ပယ်ချခဲ့ပြီး ယခုတကြိမ်မှ ဗဟိုတရားရုံးချုပ်က လက်ခံခဲ့သည်။



 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates