Wednesday, October 13, 2010

လပွတ္တာစက်လှေမှောက် ၁၉ ဦးသေ၊ ၃ ဦးပျောက်

ဖနိဒါ

ချင်းမိုင်(မဇ္စျိမ)။      ။ လပွတ္တာစက်လှေမှောက်မှုကြောင့် စက်လှေရှင်သမီး ကျောင်းဆရာမ အပါအ၀င် လူ ၁၉  ဦး သေဆုံးပြီး ၃ ယောက်ပျောက်နေသည်ဟု မြို့နယ်အာဏာပိုင်တဦးက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ရွေးမြစ်ဝအနီးတွင် ယမန်နေ့ နံနက် ၇ နာရီကျော်က  လူ ၇၉  ဦးပါ  စက်လှေတိမ်းမှောက်ခဲ့သည်။ မိချောင်းအိုင်ရွာ ကျောင်းပေါင်းစုံ ဘောလုံးပွဲသို့ အသွား ပဒဲကောရွာမှ အထွက်တွင် တိမ်းမှောက်ကာ ကျောင်းသားကျောင်းသူ ဆရာ ဆရာမများနှင့် မိဘများ စက်လှေပေါ် ပါသွားသည်။

“ အလောင်းတွေ့တဲ့ ၁၉  ယောက်ထဲမှာ ပညာရေး ဌာနက ဆရာမ တဦး ရွာက အကူဆရာမ တဦးပါတယ်၊ ၅၇ ယောက်အသက်ရှင်တယ်”ဟု မယကရုံး တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

အသက် ၄၂ နှစ်အရွယ်ရှိ စက်လှေပိုင်ရှင် ဦးတင့်ဇော်ကိုယ်တိုင် စက်လှေကို မောင်းသွားခဲ့ပြီး သူ၏သမီးဖြစ်သူ မစုမြတ်စန္ဒာသည် စလူဆိပ်ကျေးရွာမှ ကျောင်းဆရာမတဦးဖြစ်သည်။

တင်နိုင်အားထက် ပိုတင်၍ မှောက်သည် ဆိုခြင်းကို မယကရုံးက ပယ်ချလိုက်ပြီး စက်လှေအကွေ့တွင် တိမ်းမှောက်သွားသည်ဟုသာ ပြောသည်။

လပွတ္တာမြို့နယ် စလူဆိပ်၊ ပြင်စလူကုန်း၊ ပိတောက်ကုန်း၊ ပဒဲကော စသည့်ရွာများမှ မူလတန်း အလယ်တန်း ကျောင်းသားများ စက်လှေပေါ် ပါလာကြသည်။

ကျန်းမာရေးဌာနနှင့် ကြက်ခြေနီ မီးသတ်တို့ ကယ်ဆယ်ရေး လုပ်နေကြသည်ဟု ဒေသခံများက ပြောသည်။

အလောင်းများကို မနက်ဖြန် မီးသင်္ဂြိုဟ်မှာဖြစ်သည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates