Wednesday, October 13, 2010

ရခိုင်သို့ မုန်တိုင်းဝင်ဖွယ်ရှိ

ဆလိုင်း ဟံသာစန်း 

နယူးဒေလီ (မဇ္ဈိမ) ။     ။ ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်သည် မြန်မာပြည် အနောက်ဘက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ ဝင်ရောက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။


ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်း၌ ယခုလ ၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ်အဖြစ် အသွင်ပြောင်းလဲပြီးနောက် ရခိုင်ပြည်နယ်သို့ ဝင်ရောက်ဖွယ်ရှိသည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“မုန်တိုင်းငယ်က အခု ဘင်္ဂလား ပင်လယ်အော်
အနောက်အလယ်ပိုင်း အိန္ဒိယနားမှာ ဖြစ်နေတယ်။ အစဉ်အလာနဲ့ ရာသီအရကတော့ အရှေ့မြောက်ဘက်ကို ရွေ့လေ့ရှိတယ်။ လောလောဆယ် ခန့်မှန်းချက် အရတော့ ဝင်လာခဲ့ရင် မောင်တော၊ ဘူးသီးတောင်၊ မင်းပြား စတဲ့ ရခိုင်ပြည် မြောက်ပိုင်းဒေသတွေ ဖြစ်လိမ့်မယ်” ဟု ဒေါက်တာထွန်းလွင်က မဇ္ဈိမကို ပြောသည်။

မုန်တိုင်းသည် စတင်တိုက်ခတ်ချိန် ဖြစ်သဖြင့် ၎င်း၏ ဦးတည်ရာအရပ်နှင့် အသွားနှုန်းတို့ကို တွက်ချက်ကာ မြန်မာဘက်သို့ ဝင်ရောက်လာဖွယ် ရှိမရှိ စောင့်ကြည့်ရန် လိုအပ်နေသေးသည်ဟု သူက ဆိုသည်။

အိန္ဒိယ မိုးလေဝသဌာန၏ ယနေ့ နေ့လည် ၂ နာရီခွဲတွင် ထုတ်ပြန်ချက်အရ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းရှိ Andhra Pradesh ပြည်နယ် Visakhapatnam ပင်လယ်ကမ်းခြေမြို့ အရှေ့ဘက် ၇၄ မိုင် အကွာတွင် ရောက်ရှိနေကြာင်း သိရသည်။

အိန္ဒိယနိုင်ငံ Orissa ပြည်နယ် ပင်လယ်ကမ်းခြေမြို့များဖြစ်သည့် Gopalpur နှင့် Paradip အနီးမှ ယနေ့ ညပိုင်းတွင် တနာရီ ၄၅ မိုင်မှ ၅၅ မိုင်နှုန်းဖြင့် ဖြတ်ကျော်ကာ အရှေ့မြောက်ဘက်သို့ ရွေ့လျားဖွယ်ရှိသည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

ယင်းမုန်တိုင်းငယ်ကြောင့် Andhra Pradesh ၊ Orissa နှင့် အနောက်ဘင်္ဂလား ပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ပြီး၊ ပင်လယ်ပြင်တွင်လည်း လှိုင်းကြီးနိုင်သဖြင့် မုန်တိုင်းကာလအတွင်း တံငါသည်များ ငါးဖမ်းခြင်း မပြုရန် အိန္ဒိယအစိုးရက အကြံပြုထားသည်။

“အင်အားကြီးမုန်တိုင်း ဖြစ်လာဖို့ သိပ်တော့မထင်ဘူး။ ဘာလို့ဆိုတော့ ကမ်းနဲ့ သိပ်ကပ်နေပြီ။ ရေလယ်ခေါင် မဟုတ်ဘူး။ ကမ်းကခွါပြီး ပင်လယ်ထဲ ပြန်ဝင်သွားရင်တော့ စိုးရိမ်ရတယ်” ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလား-မြန်မာနယ်စပ်မြို့ မောင်တောတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ မိုးရွာသွန်းနေပြီး၊ ယနေ့တွင် သည်းထန်စွာ ရွာနေကြောင်း မောင်တောရှိ အလိုတော်ပြည့် ကျောင်းတိုက်မှ အရှင် ဦးမဏိသာရက ဆိုသည်။

“မိုးရွာနေတာ ၂ ရက်ရှိပြီ။ တနေကုန် ရွာနေတာပဲ။ ဒီနေ့မိုးက ရေတော်တော်ပါတယ်။ လေတော့ မတိုက်ဘူး။ ကောင်းကင် တခုလုံးတော့ မိုးတိမ်တွေနဲ့ အုံ့မှိုင်းနေတာပဲ။ မုန်တိုင်း သတိပေး ကြေညာတာတော့ မရှိပါဘူး” ဟု သူက မိန့်ကြားသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေနှင့် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းနေပြီး လေများပါ တိုက်ခတ်နေသည်။

မုန်တိုင်းပါရှိသည့် တိမ်စွယ်တန်းကြီးသည် ယမန်နေ့ ညကပင် ဘင်္ဂလားဒေ့ခ်ျနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဖြတ်သန်းဝင်ရောက်ခဲ့သဖြင့် အခါလွန်မိုးအဖြစ် ရွာသွန်းခြင်းဖြစ်ပြီး၊ နောက်ထပ် ၅ ရက်ခန့် ရွာသွန်းဖွယ်ရှိကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

“မုန်တိုင်းဆိုတာတော့ ကိုယ့်ဆီဝင်ရင် အနည်းနဲ့ အများတော့ ထိခိုက်တာပေါ့။ သတိတော့ ထားရမယ်။ ရေကတော့ အတော်ကို အင်အားကြီးတဲ့ မုန်တိုင်းမျိုးကျမှ တက်တာပါ။ သာမန် အားအသင့်အတင့်ရှိတဲ့ မုန်တိုင်းမျိုးတော့ ရေမတက်ပါဘူး။ လေတိုက်မယ် မိုးရွာမယ်ပေါ့။ ဒီလောက်ပါပဲ” ဟု သူက ပြောသည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းများကြောင့် မြန်မာနိုင်ငံတွင် ၁၉၇၈ ခုနှစ်က စတင်ကာ မိုးရာသီ ကာလများ တဖြည်းဖြည်း တိုတောင်းလာခြင်းနှင့် မိုးလွန်ကာလတွင် မုန်တိုင်းဝင်ရောက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယခုလနှင့် လာမည့်လအတွင်း မုန်တိုင်းများ မကြာခဏ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများသည် မိုးလေဝသ အခြေအနေများကို မျက်ခြေမပြတ် စောင့်ကြည့်ကြရန်လည်း ဒေါက်တာထွန်းလွင်က တိုက်တွန်း ပြောကြားသည်။

“အောက်တိုဘာ၊ နိုဝင်ဘာမှာ မုန်တိုင်းတွေ မကြာခဏဖြစ်မယ်။ မုတ်သုန်လေ ထွက်ခွါပြီးမှ ရွာလေ့ရှိတဲ့ အခါလွန်မိုးတွေ ရွာလိမ့်မယ်။ ဒီမိုးတွေကိုတော့ လုပ်ငန်းအပေါ် မူတည်ပြီး ထိခိုက်မှု မရှိအောင် အကျိုးရှိအောင် မိုးလေဝသ အခြေအနေတွေကို ဒီ တလ၊ ၂ လအတွင်း သတိထားစေချင်တယ်” ဟု သူက ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် မေလက လိုင်လာ အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်။ မုန်တိုင်းအမည် "Laila" သည် ပါကစ္စတန်နိုင်ငံက အကြံပြုထားသည့် အမည်ဖြစ်ပြီး ယခုတိုက်ခတ်နေသော မုန်တိုင်းငယ်သည် အင်အား ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့လျှင် သီရိလင်္ကာနိုင်ငံက အကြံပြုထားသော "Bandu" ဟု သတ်မှတ်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင်  ဘင်္ဂလားပင်လယ်အော်မှ နာဂစ်အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် လူပေါင်း တသိန်း ၄ သောင်းခန့် သေဆုံးပြီး ၂ သန်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates