Thursday, October 14, 2010

နန်းဆု ပြန်ရောက်ပြီ

ခိုင်စု
နယူးဒေလီ (မဇ္ဈိမ) ။       ။ ရုပ်သံဇာတ်လမ်း ရိုက်ကူးပြီးအပြန် နေအိမ်သို့ ၃ ရက်ကြာ ပြန်မရောက်ဘဲ ပျောက်ဆုံးခဲ့သော ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် နန်းဆုရတီစိုးသည် ယခုလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ သူမ၏ နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

nangsuyadisoe
နာမည်ကြီးစေရန် ဇာတ်လမ်းထွင်ခြင်းဟု ထင်ကြေးပေးခြင်းခံရသည့် နန်းဆုရတီစိုး (photo : www.nangsuyatisoe.com)
ယခုလ ၈ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ မျှော်စင်ကျွန်း၌ မြဝတီရုပ်သံဇာတ်လမ်း ရိုက်ကူးအပြီး အကူမိန်းကလေး၊ ယာဉ်မောင်းနှင့်အတူ နေအိမ်သို့အပြန် ပျောက်ဆုံးခဲ့ရာမှ ရန်ကုန် ရဲနှင့် စစ်ဖက်လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေစဉ် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

’’ဒီမနက်တုန်းက သူ့အိမ်သွားတော့ တွေ့တယ်လေ။ သူ့အမေကို စိတ်ကောက်ပြီး အဒေါ်အိမ်ကို သွားတယ်လို့ ပြောတယ်။ အသေးစိတ် မသိပါဘူး’’ ဟု နန်းဆု၏ မိသားစုနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန် ရိုက်ကွင်းတနေရာတွင် ရောက်ရှိနေသည့် နန်းဆုရတီစိုးကို မဇ္ဈိမက ယနေ့နံနက်ပိုင်းတွင် ဆက်သွယ်မေးမြန်းကြည့်ရာ သူမက “ပြည်တွင်း မီဒီယာတွေကို ပြောပြီးသွားပါပြီ။ ဖုန်းထဲကနေ အင်တာဗျူး မပေးချင်ပါဘူး” ဟု ပြောသည်။ ပြည်တွင်းထုတ် အနုပညာ ဂျာနယ်တစောင်မှ သတင်းထောက်တဦးကလည်း မိခင်ကို စိတ်ဆိုးသဖြင့် အဒေါ်အိမ်တွင် သွားရောက်နေထိုင်ခဲ့သည်ဟု ၎င်းကို ပြောကြားခဲ့ကြောင်းကိုသာ ပြောပြသည်။

မိဘများက ဒဂုံမြို့နယ်ရဲစခန်းသို့ လူပျောက်တိုင်ခဲ့ရာ ၂၃ နှစ်အရွယ် နန်းဆုရတီစိုးသည် အာဏာပိုင်များနှင့် နီးစပ်သူဖြစ်သဖြင့် ရန်ကုန်တိုင်း (တယက) ကောင်စီ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရှာဖွေပေးခဲ့ကြသည်။  နန်းဆုနှင့် ပါရှိသွားသော မော်တော်ကားမှာမူ ယခုလ ၁ဝ ရက်နေ့ကတည်းက နေအိမ်လမ်းထိပ်တွင် အိမ်သားများ တွေ့ရှိခဲ့ကြသည်။

ရုပ်ရှင်အနုပညာ အသိုင်းအဝိုင်းအကြား အမျိုးမျိုး ထင်ကြေးပေးနေသည့်အနက် နာမည်ကြီးစေရန် ဇာတ်လမ်းထွင်ခြင်း ဖြစ်သည်ဟု ပြောဆိုမှုလည်း ပါရှိသည်။

အဖ ဦးစိုးလင်းနှင့် အမိ ဒေါ်တင်တင်ဝင်းတို့က ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဒဂုံ အထက (၁) မှ ၁ဝ တန်း အောင်ခဲ့သည်။ ကျောင်းသူဘဝတွင် Bio Soft ခေါင်းလျှော်ရည် ကြော်ငြာဖြင့် သရုပ်ဆောင် လောကသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် Milky Way International သွင်းကုန်ထုတ်ကုန် ကုမ္ပဏီကို ဦးစီးလုပ်ကိုင်နေသူ ဖြစ်သည်။

ဇာတ်မင်းသား ဖိုးချစ်နှင့် အငြိမ့် နှစ်ပါးခွင်၊ ကျောက်စက်ရေ၊ ဟော့ရှော့ (၂)၊ မာမီရှိန်း စသည့် ရုပ်ရှင်ကားကြီးများနှင့် ကောင်းကင်နှင့် မြေကြီး၊ အတ္တအချစ်၊ ကြယ်တွေ ကြွေသွားသည့်တိုင်၊ အနှိုင်းမဲ့ကြိုး အပါအဝင် ဗီဒီယိုဇာတ်ကား အများအပြားတွင် သရုပ်ဆောင်ခဲ့သည်။ ထို့အပြင် “မေမေဆူလိမ့်မယ်“ သီချင်းဖြင့် ဂီတလောကသို့ စတင်ဝင်လာခဲ့ကာ၊ “မိုးမမြင် လေမမြင်“ တေးစီးရီးခွေ သီဆိုထုတ်ဝေခဲ့သေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates