Thursday, October 14, 2010

စစ်တွေ ရေလုပ်သားများ လုပ်အားခ ထက်ဝက်လျော့

သိန်းဇော်
နယူးဒေလီ (မဇ္ဈိမ)။       ။ တရုတ်က ငါးပုဇွန်ဝယ်ယူမှု ရပ်ဆိုင်းအပြီး ရေလုပ်ငန်း အဓိက လုပ်ကိုင်သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အအေးခန်းစက်ရုံလုပ်ငန်း ကျဆင်းရာမှ အလုပ်သမား လုပ်အားခ ထက်ဝက်ကျော် လျော့ကျသွားသည်။

၂ဝဝ၈ ခု နှောင်းပိုင်းတွင် ရှမ်းပြည်အရှေ့ မူဆယ်မှတဆင့် ငါးပုဇွန်များ အပါအဝင် ရေထွက်ကုန်များကို တရုတ်ပြည်သို့ တင်သွင်းမှု ရပ်ခဲ့ပြီးနောက် ရေလုပ်ငန်း အအေးခန်း စက်ရုံလုပ်ငန်းများ တစထက်တစ မတွင်ကျယ်တော့သဖြင့် ယခုဆိုလျှင် အလုပ်သမားများ၏ လုပ်အားခများမှာ ယခင်ကထက် ထက်ဝက်ကျော် လျော့ကျသွားခြင်း ဖြစ်သည်။

”အလုပ်တွေက နည်းလာတယ်ဆိုတော့ ဝင်ငွေက အရင်ကလို မရတော့ဘူးရှင့်။ အလုပ်တုန်းက တရက်ကို (ကျပ်) တထောင်၊ နှစ်ထောင် အဲလိုရတယ်။ အခုကျ ကျမတို့ နေ့စားတွေ တရက်ကို ၅ဝဝ အနိုင်နိုင်ပဲ ရတယ်။ စက်ရုံမှာ အလုပ်က နည်းတယ်ဆိုတော့ အရင်လို မရတော့ပါဘူး’’ ဟု မင်းဇာနည်စက်ရုံမှ နေ့စားအလုပ်သမ တဦးက မဇ္ဈိမကို ပြောသည်။

ရေလုပ်ငန်း လုပ်သားများ၏ လုပ်ခဝင်ငွေသာမက စစ်တွေတွင် ယခင်က ယမင်းသော်၊ ရွှေသရဝဏ်၊ မင်းဇာနည်၊ ကျော်စန်းပွင့်၊ kiss အပါအဝင် အအေးခန်းစက်ရုံ ၆ ရုံရှိခဲ့သည့်အနက် ယခုအခါ ယမင်းသော်၊ မင်းဇာနည်၊ kiss တို့သာ လည်ပတ်နိုင်တော့သည်။

“အအေးခန်းစက်ရုံ ၆ ခု ရှိခဲ့တာ။ ၃ ခုပဲ ကျန်တော့တယ်။ အဲဒီ စက်ရုံတွေလည်း အရင်လို မလည်ပတ်နိုင်တော့ဘူး။ လုပ်ငန်းက အမြတ်မရလို့ ပိတ်လိုက်တယ်။ အဲဒီင်္အထဲမှာ နေ့စားဝန်ထမ်းတွေလည်း အလုပ်မဆင်းရတော့ဘူးလေ” ဟု ပြောဆိုခဲ့သည်။

ယမင်းသော်စက်ရုံ ဝန်ထမ်းတဦးအဆိုအရ လုပ်ငန်းလည်ပတ်မှုအပေါ် မူတည်ပြီး လစာပေးနေရကြောင်း သိရသည်။

“လစာကျတော့ အရင်လို မပေးတော့ပါဘူး။ နေ့စားသမားတွေဆိုရင် တရက်ကို ၅ဝဝ လောက်ပဲ ပေးတယ်။ တချို့ အလုပ်မဆင်းကြတော့ဘူး။ ကျမတို့ဆီမှာက နေ့စားများပါတယ်။ လစာဖြတ်တယ်ဆိုတာကလည်း လျော့လိုက်တာပါ။ အရင် တထောင်ဆိုရင်၊ အခု ၅ဝဝ ပေါ့။ ဒါတွေက လုပ်ငန်းအပေါ် မူတည်ပါတယ်။ ဝန်ထမ်း အရေအတွက်ကတော့ ပြောလို့ မရဘူး။ နည်းတဲ့အခါ ရှိ၊ များတဲ့အခါ ရှိပေါ့။ လုပ်ငန်းကောင်းရင် ကောင်းသလိုပေါ့“ ဟု သူက ပြောသည်။

အောက်ခြေ လူတန်းစား အများစုသည် ရေလုပ်ငန်း စက်ရုံများ၊ ပွဲရုံများ၌ လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး၊ တနေ့လျှင် ၁၂ နာရီခန့် လုပ်ကိုင်ခဲ့ကြသည်။  ဝင်ငွေကောင်းခဲ့သည့် ကာလတွင် ဝန်ထမ်းတဦးသည် တလလျှင် ကျပ် ၅ သောင်းခန့် ရလေ့ရှိပြီး၊ ၂ဝဝ၉ ခု နောက်ပိုင်းတွင် စက်ရုံများ၌ ရေထွက်ကုန်ကြမ်းများ ပုံမှန်မရရှိသဖြင့် ဝန်ထမ်းလစာများ တဖြည်းဖြည်းချင်း လျော့ကျလာခဲ့ရာ ဝန်ထမ်းများ၊ အလုပ်သမားများ အလုပ်ထွက်ရသည်နှင့်ပင် ကြုံတွေ့လာရသည်။

ရေလုပ်ငန်း ပွဲရုံလုပ်ငန်းရှင်တဦးကလည်း ”ဝန်ထမ်းနဲ့ အလုပ်သမားကြား အဓိကပြဿနာက လစာပဲဗျာ့။ ကျနော်တို့ လုပ်ငန်းလည်ပတ်ရင် လည်ပတ်သလို လစာကောင်းကောင်း ပေးတယ်။ အခု အရှုံးပေါ်နေတော့ အရင်လစာ ဘယ်လိုပေးနိုင်မှာလဲဗျာ။ သူတို့ကိုလည်း ကိုယ်ချင်းစာတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ရခိုင်ပြည်နယ်သည် လယ်လုပ်ငန်းပြီးလျှင် ရေထွက်ကုန်လုပ်ငန်းမှာ ဝင်ငွေ အကောင်းဆုံး လုပ်ငန်းတခု ဖြစ်သည်။ ၂ဝဝ၂ ခုနှစ်များတွင် ပင်လယ်ပြင်၌ ရေခူများ ပေါ်ခဲ့သဖြင့် တရုတ်နှင့် ဘင်္ဂလားဒေ့ခ်ျသို့ အမြောက်အမြား တင်ပို့ခဲ့သော်လည်း  ရေထွက်ကုန်ကြမ်း အရည်အသွေး ကျလာသဖြင့် ၂ဝဝ၈ ခုနှစ် နှောင်းပိုင်းတွင် တရုတ်ပြည်က တင်သွင်းမှု ရပ်ဆိုင်းလာခဲ့ခြင်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates