Thursday, October 14, 2010

ကြံ့ဖွံ့နှင့် ရဲနှောင့်ယှက်ဟု ပါတီများပြော

ချင်းမိုင် (မဇ္ဈိမ) ။       ။ ကြံ့ခိုင်ရေးပါတီ နှောင့်ယှက်မှုနှင့် ရဲများ၏ စစ်ဆေးမေးမြန်းမှုများက စည်းရုံးရေးတွင် အဟန့်အတားဖြစ်ကြောင်း ပါတီ ၃ ခုက ဝေဖန်ကြသည်။


kyantyell
ဦးရဲထွန်း၏ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် မင်းစေတီလမ်းတွင် ရုံးခန်းဖွင့်ရန် အခန်းနေရာငှားသည်ကို ကြံ့ဖွံ့ကော်မတီဝင် ဒေါ်တင်တင်ဝင်းက အိမ်ရှင်ကို ခြိမ်းခြောက်သည် ဆိုသည်။

“ခွပ်ဒေါင်းပါတီကို ခြေချခွင့်ပေးတာဟာ အပြစ်ကြီးတခု ဖြစ်တယ်၊ ဒီမြို့နယ်မှာ ငွေတွေထုတ်ပေးဖို့ရှိတယ်၊ လမ်းတွေ ဖောက်ပေးဖို့ရှိတယ်။ ဒီအိမ်က အခုလို လက်ခံလိုက်တော့ ဒါတွေ အားလုံးရပ်သွားရင် ပြည်သူလူထု မကျေမနပ်ပြောတာတွေခံရမယ်” ဟု အိမ်ပိုင်ရှင်ကို ဒေါ်တင်တင်ဝင်းက ပြောကြောင်း ဦးရဲထွန်းက မဇ္ဈိမကို ပြောသည်။

ဒေါ်တင်တင်ဝင်းသည် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ဦးအေးမြင့်နှင့် ဆွေမျိုးလည်းတော်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အမျိုးသားဒီမိုကရေအင်အားစု ပဲခူးတွင် စည်းရုံးရေးဆင်းရာ၌လည်း သတင်းရဲတပ်ဖွဲ့က ဓာတ်ပုံရိုက်ခြင်း၊ အိမ်ရှင်များကို စစ်ဆေးမေးမြန်းခြင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောသည်။

“ကျနော်တို့ လူစုတဲ့အခါမှာ သက်ဆိုင်ရာ သတင်းဌာန (သတင်းရဲတပ်ဖွဲ့) ကနေ လိုက်ပြီး မေးတာစမ်းတာ လုပ်တယ်။ နောက်ပြီးတော့ အိမ်ရှင်တွေကို လိုက်မေးတာ၊ သတင်းယူတဲ့ပုံစံပေါ့ဗျာ။ တဖက်ကတော့ နဂိုကထဲက စိုးရိမ်ကြောက်လန့် နေတဲ့အတွက် ပိုစိုးရိမ်သွားတာပေါ့” ဟု ဆိုသည်။

ရွေးကောက်ပွဲစည်းရုံးရေးလုပ်ငန်းများတွင် နှောင့်ယှက်နေသည်ဟု ကော်မရှင်ထံ တိုင်ကြားထားကြောင်းလည်း မင်္ဂလာတောင်ညွန့်မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသုဝေက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးသိန်းဌေးကလည်း “သူတို့သုံးနေတဲ့ ငွေကြေးအင်အားအရရော၊ သူတို့သုံးနေတဲ့ ရုံးတွေကလည်း နိုင်ငံတော်ပိုင်တွေပါ။ ဒါတွေ သမာသမတ် ကျကျ မှန်မှန်ကန်ကန်ဖြစ်ဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် ကော်မရှင်က နည်းနည်းလွဲနေတယ်ဗျ” ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီသည် ကော်မရှင် ဥပဒေကို ဆန့်ကျင်ပြီး ပါတီစည်းရုံးရေးအတွက် သုံးခွင့်မရှိသည့် ပြည်သူပိုင် သာသနာပိုင် နယ်မြေများတွင် မဲဆွယ်စည်းရုံးနေသည်ဟုလည်း ပြိုင်ဖက်ပါတီများက စွပ်စွဲနေကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates