Thursday, October 14, 2010

ယုဇနတရားစွဲမှုမှာ အမတ်လောင်းဦးဌေးမြင့်ကို ချန်ထား

ဖနိဒါ
ချင်းမိုင် (မဇ္စျိမ)။    ။ လယ်ယာမြေ သိမ်းမှုနှင့် ယုဇနကုမ္ပဏီနှင့် ဥက္ကဋ္ဌဦးဌေးမြင့်ကို ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှ တောင်သူ ၁၇ ဦးက တရားစွဲခဲ့သည်တွင် ဦးဌေးမြင့် အမည်ကို ဖြုတ်လိုက်ကြောင်း ပြည်နယ်တရားရုံးက ယနေ့ အမိန့်ချသည်။

ယုဇနကုမ္ပဏီ ပိုင်ရှင် ဥက္ကဋ္ဌ ဦးဌေးမြင့်ထံမှ နစ်နာကြေးရရန် ပြည်နယ်တရားရုံးတွင် တရားစွဲခဲ့သည်ကို တရားလို ရှေ့နေက ဦးဌေးမြင့်အမည် ဖြုတ်ပေးရန် လျှောက်လဲခဲ့ပြီးနောက် ပြည်နယ်တရားသူကြီး ဦးတူးဂျာက ယခုလို အမိန့်ချခဲ့သည်။

“ဦးဌေးမြင့်က ရန်ကုန်မှာနေပြီး အဲဒီကပဲ အလုပ်လုပ်နေတယ်။ ဒါကြောင့် ဒီမှာရှိတဲ့ ဒါရိုက်တာနဲ့ပဲ ဆက်ပြီး တရားစွဲမယ်လို့ အမိန့်ချတယ်” ဟု တောင်သူများအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသူ ဖားကန့် ပြည်သူ့လွှတ်တော် အမျိုးသားဒီမိုကရေစီ အင်အားစု အမတ်လောင်းဒေါ်ဘောက်ဂျာက ပြောသည်။

၂ဝဝ၇ မှစ၍ ဖားကန့်မြို့နယ်ရှိ အောင်ရာ၊ ရှရုဇွပ်၊ ဘန်ကောက်၊ နမ်ဆန်၊ ဝါရာဇွပ်  ရွာ ၅ ရွာမှ တောင်သူများပိုင် လယ်ယာဥယျာဉ်ခြံမြေ ဧက ၄ သိန်းခန့်ကို စစ်တပ်နှင့် ယုဇနကုမ္ပဏီက အဓမ္မသိမ်းခဲ့သဖြင့်  နစ်နာကြေးရရန် တရားစွဲခဲ့ကြသည်။

ကချင်ပြည်နယ် ဟူးကောင်းဒေသအတွင်းက ထိုလယ်မြေများကို ဦးဌေးမြင့်၏ အကိုဆိုသူ ဦးပုကြည်က ဦးဆောင်လုပ်ကိုင်နေပြီး တောင်သူများ တရားစွဲရန်ပြင်ဆင်ပြီးမှ တဧက ကျပ် ၈ သောင်းနှုန်းဖြင့် အတင်းဈေးဖြတ်ပေးခဲ့သော်လည်း တောင်သူအချို့က လက်မခံဘဲ တရားစွဲကြသည်။

လျော်ကြေးပေးသော စာချုပ်များတွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် လက်မှတ်ပါရှိသည့်အပြင် တောင်သူများ ဝန်ခံကတိ လက်မှတ်ထိုးခဲ့ရသည့် စာချုပ်တွင် ပြစ်မှုဆိုင်ရာ ဥပဒေ ၁၈၂ အရ မမှန်မကန် စွဲဆိုမှုအဖြစ် အရေးယူခံရမည်ဟု ပါဝင်သည့်အတွက် စာချုပ်ပျက်ပြယ်သွားနိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က မဇ္စျိမကို ပြောသည်။

“အမှုကတော့ ဆက်သွားလို့ ရပါတယ်။ နောင်တချိန် ဆုံးဖြတ်တဲ့နေရာမှာ အမှုတွေ နိုင်လို့ရှိရင် တာဝန်ခံရမယ့် ပုဂ္ဂိုလ်နဲ့ ကုမ္ပဏီမှာ တကယ်အရေးကြီးဆုံးလူကို ထည့်ပြီး မစွဲထားရင် တောင်သူတွေ နစ်နာလို့ပါ။  ဥပမာ ကျနော်တို့ နိုင်သွားပြီ၊ ငွေပေးရမယ်ဆို တာဝန်ခံက တယောက်ပြီး တယောက် ပြောင်းသွားနိုင်တယ်။ ဥက္ကဋ္ဌကျတော့ သူပဲ အဓိကဆိုတော့ အပြောင်းအလဲ မရှိနိုင်ဘူးလေ” ဟု သူက ပြောသည်။

လျော်ကြေးပေးသည့် စာချုပ်တွင် ဥက္ကဋ္ဌ ဦးဌေးမြင့်အပြင် သက်ဆိုင်ရာ ပယက၊ ခယက၊ မယက၊ ရယက များ၏ လက်မှတ်များ ပါနေသဖြင့် အာဏာပိုင်များ ပတ်သက်နေသည်ဟု သူက ဆိုသည်။

ဦးဌေးမြင့် အမည် ဖယ်ထုတ်လိုက်မှုကို မန္တလေးတိုင်း တရားရုံးချုပ်သို့ တောင်သူများက အယူခံဝင်သွားမည့်အပြင် အဆိုပါ  ၅ ရွာမှ အခြားတောင်သူ ၄၈ ဦးကလည်း ဥပဒေအရ နစ်နာကြေး ပြန်ရလိုသဖြင့် ယုဇန ကုမ္ပဏီကို  မနက်ဖြန် တရားစွဲရန် ပြင်ထားပြီးပြီဟု ရှရုဇွပ်ရွာ တောင်သူတဦးက ပြောသည်။

“သီးနှံပင်တွေကို ခုတ်ပစ်လိုက်ပြီဆိုတော့ ဆုံးသွားပြီလေ။  မြေကြီးပြန်ပေးရင်လဲ သီးနှံတွေက အရင်လို ပြန်ပေါက်လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် တရားဥပဒေအရ နစ်နာကြေး ရချင်တယ်။ ကုမ္ပဏီကလဲ ထိုက်တန်အောင် ပေးရင် အားလုံး စိတ်ချမ်းသာမှာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဌေးမြင့် သူ့ဇာတိ တနင်္သာရီတိုင်း မြိတ်မြို့မှ  ပြည်သူ့လွှတ်တော် ကြံ့ဖွံ့အမတ်လောင်းအဖြစ် ဝင်ပြိုင်မည်ဖြစ်ပြီး ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ ပုဒ်မ ၁ဝ (ဌ) အရ “နိုင်ငံတော်ပိုင်၊ ငွေကြေး၊ မြေ၊ အိမ်၊ ယာဉ်၊ အဆောက်အအုံ၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသူသည် ရွေးကောက်ခံခွင့် မရှိစေရ” ဟု ပါရှိသည်။

အရင်လ ၁၅ ရက်က ဦးဌေးမြင့်နှင့် မြိတ်မြို့ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းရှင်များ ခရိုင်ကောင်စီရုံး၌ တွေ့ဆုံကာ မီတာခ တယူနစ်လျှင် ၄ဝဝ မှ ၃ဝဝ ကျပ်သို့ လျှော့ပေးရန်နှင့် လိုအပ်သည့် ဒီဇယ်ဆီကို လျှော့ဈေးဖြင့် ရောင်းချပေးမည်ဟူ၍ မဲဆွယ်စည်းရုံးခဲ့သေးသည်။

သူသည် ဆီအုန်းခြံ၊ ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်း၊ ငါး ပုဇွန်မွေးမြူရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်နေပြီး မြန်မာနေရှင်နယ်လိဂ်မှ Southern Myanmar ဘောလုံးအသင်း ပိုင်ရှင်လည်း ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates