ရန်ကုန်(မဇ္ဈိမ) ။ ။ ’’ပြည်သူများ၏ ဒုက္ခဟာ ကျနော့်ဒုက္ခပါ’’ စာတမ်းကို ကားတွင် ချိတ်ဆွဲကာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေသည် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေသည်။
မင်္ဂလာတောင်ညွန့်တွင် ဝင်ပွဲပြိုင်မည်ဖြစ်ရာ ပြီးခဲ့သည့်လ ၂၉ ရက်နေ့စ၍ ယင်းမြို့နယ်အတွင်း စည်းရုံးရေးဆင်းနေရာ လူဦးရေ ၁ သိန်းနီးပါး နေထိုင်သည့် ရပ်ကွက်ပေါင်း ၂ဝ စလုံးတွင် ယနေ့ မဲဆွယ်စည်းရုံးပြီး ဖြစ်သည်။
မင်္ဂလာတောင်ညွန့်တွင် ဝင်ပွဲပြိုင်မည်ဖြစ်ရာ ပြီးခဲ့သည့်လ ၂၉ ရက်နေ့စ၍ ယင်းမြို့နယ်အတွင်း စည်းရုံးရေးဆင်းနေရာ လူဦးရေ ၁ သိန်းနီးပါး နေထိုင်သည့် ရပ်ကွက်ပေါင်း ၂ဝ စလုံးတွင် ယနေ့ မဲဆွယ်စည်းရုံးပြီး ဖြစ်သည်။
’’ပြည်သူတွေကို ကိုယ်တိုင်ကွင်းဆင်းပြီး တွေ့ဆုံတာ လုပ်တယ်လေ။ပြည်သူ့အခက်အခဲကကျနော့် အခက်အခဲပဲ ဆိုတာလည်းကျနော့်မဲဆွယ်မှုမှာပြောတဲ့စကား၊ ကြေညာတဲ့ စကားပါ’’ ဟု ဦးသုဝေက ပြောသည်။ မြို့နယ်အတွင်း ကြံ့ဖွံ့ပါတီဆိုင်းဘုတ်များ နေရာအနှံ့ရှိရာ ပြည်သူကသာ အဓိကကျသည်ဟု ဆိုသည်။
ဦးသုဝေ မဲဆွယ်မှု အောင်မြင်ကြောင်း ၎င်း၏ ခရီးစဉ်များကို လိုက်လံသတင်းယူခဲ့သူ ပြည်တွင်း သတင်းဌာနတခုမှ သတင်းထောက်တဦးက ’’ပြည်သူ တွေက ဦးသုဝေကို သိတယ်ဗျ။ ပြီးတော့ စာစောင်တွေ ကိုလည်း ဝယ်ကြတယ်။ လက်ကမ်း ကြေညာတွေကို မရသေးတဲ့သူတွေက တောင်းယူတဲ့အထိ စိတ်ဝင်တစား ဖြစ်နေတာ တွေ့ရတယ်’’ ဟု ပြောသည်။
မင်္ဂလာတောင်ညွန့်တွင် ဦးသုဝေသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည)၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ NDF ၊ တသီးပုဂ္ဂလတဦးနှင့် ယှဉ်ပြိုင်ရမည်။
ပြည်သူ့လွှတ်တော်အတွက် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် မင်္ဂလာတောင်ညွန့်တွင် ဝင်ရောက်မည့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က အစ္စလာမ်နှင့် ခရစ်ယာန်ဘာသာဝင်များကိုပါ တွေ့ဆုံကာ စည်းရုံးခဲ့ပြီး ဖြစ်သည်။ ဦးအောင်ကြည်သည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးရေးအတွက်ဟုဆိုကာ ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူလည်း ဖြစ်သည်။
မင်္ဂလာတောင်ညွန့်တွင် ကြံ့ဖွံ့ပါတီက လမ်းများကို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးခဲ့သဖြင့်
ကြံ့ဖွံ့က ၎င်းတို့ အနိုင်ရမည်ဟု ကြွေးကြော်ထားသည်။
ယင်းရပ်ကွက်မှ လမ်းသွယ် ၁ တွင် နေထိုင်သူ မီးရထားဝန်ထမ်းတဦးက ’’လမ်းကောင်းမယ်ဆိုတော့ ဝင်လိုက်တယ်။ အပေးအယူလုပ်တဲ့ သဘောပေါ့။ စေတနာရှိလို့ လုပ်ပေးတာမဟုတ်ဘူး။ သူတို့ကို မဲပေးစေချင်လို့ လုပ်ပေးတာပဲ။
ဝန်ထမ်းတွေ ပါတီဝင်လို့ မရပေမယ့် ဝန်ထမ်းမိသားစုတွေအနေနဲ့ ဝင်ရတယ်။ ပါတီဝင်ပါဆိုလည်း ဝင်တယ်လေ။ မဲက ဘယ်သူ့ကို ပေးလဲဆိုတာ ဘယ်သူမှ မမြင်ရတဲ့ လျှို့ဝှက်မဲပေးတဲ့ စနစ်ကို လုပ်မယ်ဆိုတာ စာစောင်တွေမှာ ဖတ်ရတဲ့အတွက် ပေးချင်သူကိုပဲ ပေးမယ်’’ ဟု ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင်မူ ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်လပ်ပြီး မြန်မာနိုင်ငံ၌ ထင်ရှားခဲ့သည့် နိုင်ငံတော်ခေါင်းဆောင်များ၏ သမီးများလည်း ပါဝင်ဦးဆောင်နေသည်။