မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၁၉ မိနစ်
အရင် နှစ် ၂၀ က နောက်ဆုံးကျင်းပသော ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် လူထုစိတ်ဝင်စားမှု အင်မတန် လျော့နည်းမည် ဖြစ်သော်လည်း နိုဝင်ဘာ ၇ ရက် နီးလာသည်နှင့်အမျှ ၀င်ပြိုင်မည့် ပါတီများ၏ လှုပ်ရှားယှဉ်ပြိုင်နိုင်စွမ်းက ပိုပြီး သိသာလာသည်။
သြဇာကြီးလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်ချိန်တွင် အာဏာသိမ်းစစ်အုပ်စု၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်နေရာ အများဆုံး ၀င်ပြိုင်နိုင်သည့် ပါတီဖြစ်လာသည်။
သို့သော် ကြံ့ဖွံ့အနေဖြင့် အများဆုံး အနိုင်ရမည့်ပါတီဟု ယူဆ၍မရသေးသည့် အလားအလာ မကောင်းသည့် အချက်များလည်း ရှိနေပါသည်။ အာဏာကို မတရားရယူထားခြင်းနှင့် အတိုက်အခံများအပေါ် ရက်စက်စွာ ဖိနှိပ်ထားခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးအောင် မလုပ်နိုင်ခြင်းတို့ကြောင့် လူထုအမြင်တွင် ကြံ့ဖွံ့ပုံရိပ်က မကောင်းလှပေ။
ကြံ့ဖွံ့တွင် စည်းရုံးရေးမှူးကောင်း ရှားသည်။ ခေါင်းဆောင်များမှာ လူထုနှင့် ထိတွေ့မှုက ပေါ်လာသူများ မဟုတ်ကြ။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ထောက်ခံသူများကို အကွက်ချ တိုက်ခိုက်ခဲ့သည့် ဒီပဲယင်းအရေးအခင်းနှင့် ၂၀၀၇ သံဃာ့အရေးအခင်း စစ်တပ်က ဖြိုခွဲရာတွင် လူမိုက်အဖြစ် အသုံးချခံထားရသည့်အတွက် နာမည်ဆိုးအမည်းရိပ်ကို မဖျက်နိုင်သေးချိန်လည်း ဖြစ်သည်။ သို့အတွက် ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများ လူထုအကြား စည်းရုံးရေးဆင်းရာမှာ ရဲရဲဝံ့ဝံ့ မရှိဘဲ ကိုယ့်အ၀န်းအ၀ိုင်းတွင်သာ ကျင်လည်နေကြရသည်။
ကြံ့ဖွံ့၏ စည်းရုံးရေးမှာ နိုင်ငံယန္တရားကို အသုံးချ၊ ၀န်ကြီးဌာန လုပ်ငန်းများကို တံဆိပ်ကပ်ပြီး ဖွံဖြိုးရေးလုပ်ငန်း ဗန်းပြလုပ်နေကြသည်။
စစ်အုပ်စုက ပြိုင်ဘက်များကို အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေများနှင့် ကန့်သတ်ချုပ်ကိုင်ပေးထားချိန်၊ သန္ဓေသားပါတီ ပြိုင်ဘက်ကင်းကင်းနှင့် နိုင်မည် အပိုင်တွက်ထားချိန်တွင် အငယ်တန်း
ခေါင်းဆောင်များကား စစ်အုပ်စုက ပါတီအနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးလိမ့်မည်ဟု စိတ်ကူးအိပ်မက် တသီကြီး မက်နေကြသည်။
ထိုအချိန်တွင် စစ်အုပ်စုအတွက် အနီးကပ်ဆုံး စိန်ခေါ်လာနေသူက ”စစ်အုပ်စု၏ မဟာဗျူဟာမြောက် မိတ်ဆွေ” ဖြစ်နိုင်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်သည်။ ကြံ့ဖွံ့က လွှတ်တော်စုံမှာ အမတ်လောင်း ၁,၁၃၄ ဦး ၀င်ပြိုင်နေချိန်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတဖြစ်လဲ တစညက ၉၈၀ ဦး ၀င်ပြိုင်ပြီး ဒုတိယလိုက်နေသည်။ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွ၍ ပျက်ပြားသွားရသော်လည်း ၂၆ နှစ် အုပ်စိုးခဲ့သည့် နိုင်ငံရေးကျားဆိုသည်ကို သက်သေပြနေသေးသည်။ ထို့အပြင် ပါတီနှစ်ခု၏ စည်းရုံးဟောပြောမှုများကို ယှဉ်ထိုးကြည့်လျှင် ကြံ့ဖွံ့က တစည၏ မူဝါဒပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်မှုကို မယှဉ်နိုင်ကြောင်း ထင်ရှားလှသည်။
ပြည်သူအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ဆိုးရွားလွန်းလှသော စစ်အုပ်စု၏ အမွေခံ ကြံ့ဖွံ့က လူ့အခွင့်အရေးဆိုသော စကားလုံးကို မသုံးရဲချိန်တွင် တစညက ”အခြေခံလူ့အခွင့်အရေး ဆိုရာမှာ နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေး တရားမျှတမှု၊ လူမှုရေးတရားမျှတမှုများ အကျုံးဝင်ပါရှိမှာပါ။ ဒါ့အပြင် အခြေခံဥပဒေနဲ့အညီ လွတ်လပ်စွာ ဖွင့်ဟပြောဆိုရေးသားခွင့်၊ လွတ်လပ်စွာ စည်းရုံးနိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်နိုင်ခွင့်၊ နိုင်ငံအတွင်း လွတ်လပ်စွာ မှီတင်းနေထိုင်နိုင်ခွင့်နဲ့ လွတ်လပ်စွာ ဝမ်းစာရှာမှီးနိုင်ခွင့် စသည်တို့လည်း ပါရှိစေရပါမယ်။ အခွင့်အလမ်းလည်း ညီမျှစေရပါမယ်၊ တရားဥပဒေအရာမှာလည်း ညီမျှစေရပါမယ်” ဟု အာမခံထားသည်။
တစည ပေါ်လစီများမှာ ၂၆ နှစ်ကြာ မဆလမူဝါဒများနှင့် ဆိုရှယ်လစ် ခေတ်ပြောင်း
တော်လှန်ရေးကြီးဆိုသည့် အငွေ့များ မကုန်နိုင်သေးဘဲ လူမှုတန်းတူအခွင့်အရေး၊ ဖွံ့ဖြိုးမှုဆိုသည့် အသံများလွှမ်းနေသဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းခေတ်က သမိုင်းအမှားများကို သင်ခန်းစာ ပြန်ယူနိုင်၊ မယူနိုင်ကိုဘဲ စောင့်ကြည့်ကြရမည်။
”နိုင်မှဖြစ်မယ်၊ နိုင်ရမယ်” ဟု ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဋ္ဌေးဦးက ကိုယ်စားလှယ်လောင်း များကို နေပြည်တော်တွင် ရက်တိုသင်တန်းပေးစဉ် အလေးအနက် ပြောသွားခြင်းကို ထောက်၍ အကြိတ်အနယ် ယှဉ်ပြိုင်မှုများ မြင်တွေ့ရတော့မည်ဖြစ်သည်။ သို့သော်လည်း လွှတ်တော်တွင်း မဲအများစုရရေးတွင် ဒီမိုကရက်ပါတီ ဆိုသူများအစား တစညနှင့် ကြံ့ဖွံ့တို့ အပြိုင်ကြိုးစားကြမှာ ဖြစ်သောကြောင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် အတိုက်အခံ ဒီမိုကရက်များအနေဖြင့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အမွေခံ တစညနှင့် မဟာမိတ် ဖွဲ့နိုင်မလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေတော့သည်။