Saturday, October 23, 2010

ရခိုင်ကမ်းရိုးတန်းဆီ မုန်တိုင်းငယ် ဦးတည်နိုင်

သိန်းဇော်
နယူးဒေလီ (မဇ္ဈိမ) ။       ။ လိမ္မော်ရောင်အဆင့် မုန်တိုင်းငယ်တလုံးသည် လာမည့် ၃၆ နာရီအတွင်း ရခိုင်ကမ်းရိုးတန်းရှိ ကျောက်ဖြူနှင့် စစ်တွေမြို့သို့ ဦးတည်လာနိုင်ကြောင်း ကျောက်ဖြူ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးက ယနေ့နံနက် ၁ဝ နာရီတွင် သတင်းထုတ်ပြန်လိုက်သည်။ 

“ကျောက်ဖြုနဲ့ စစ်တွေမြို့ကြား ဖြတ်မယ်လို့ ခန့်မှန်းပါတယ်။ ဒီနေ့ အေးဆေးပါ။ မနက်ဖြန် တိုးလာနိုင်တယ်။ ဒီနေ့ ၁ဝ နာရီ ကျနော်တို့ဌာန သတင်းထုတ်ပြန်ချက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ မုန်တိုင်းငယ်ဟာ သိသိသာသာ ရွေ့လျားခြင်း မရှိပါ။ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၁၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်“ ဟု ကျောက်ဖြူမြို့ မိုး/ဇလ ဦးစီးဌာနရုံးမှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၂ဝ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌
rakin
လိမ္မော်ရောင်အဆင့် မုန်တိုင်းငယ်တလုံး ရခိုင်ကမ်းရိုးတန်းရှိ ကျောက်ဖြူနှင့် စစ်တွေမြို့သို့ ဦးတည်လာသည့် လမ်းကြောင်းကို ပြထားသည့်ပုံ
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ခဲ့ပြီးနောက် ယနေ့တွင် ပိုမိုအားကောင်းလာကာ လိမ္မော်ရောင်အဆင့် မုန်တိုင်းငယ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

“လိမ္မော်ရောင်အဆင့်ဆိုတာ ကျနော်တို့ဌာနက သတ်မှတ်ထားတာပါ။ ရခိုင်ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားမယ့် အခြေအနေကို သတ်မှတ်ထားတာပါ။ ကျနော်တို့ကမ်းခြေကို ဦးတည်နေတဲ့ သဘောပါ။ ကမ်းခြေနဲ့ ၁၂ မိုင်အကွာ ပင်လယ်ပြင်မှာဆိုရင် အနီရောင် သတ်မှတ်ပါတယ်“ ဟု မိုး/ဇလ အရာရှိက ပြောသည်။

ယနေ့ထုတ် စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဖြစ်ပေါ်သည့် လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ယနေ့ညနေမှ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ကြောင်း ဖော်ပြပါရှိသည်။

မုန်တိုင်းငယ် ဖြစ်ပေါ်မည့်သတင်းကို မန္တလေး FM လိုင်းက နာရီဝက်တကြိမ် ထုတ်လွှင့်နေသလို၊ ရခိုင်ပြည်နယ် စစ်တွေမြို့ ပဉ္စဝတီ FM လိုင်းကလည်း မုန်တိုင်းသတင်း ထုတ်လွှင့်ပေးနေသည်။

’’မကြာမကြာ လွှင့်ပါတယ်။ မိုးလေဝသသတင်းကို အရေးကြီးရင် ကြီးသလိုပေါ့။ လူတွေက မုန်တိုင်းလာမယ်ဆိုတော့ စိုးရိမ်ကြတယ်။ ဒီနေ့တော့ ရာသီဥတုက မိုးတိမ်ထူတယ်။ မိုးသက်လေပြင်း ကျတာတော့ မရှိသေးဘူးပေါ့။ မုန်တိုင်းလာမယ်ဆိုတာ လူတိုင်း ခန့်မှန်းနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်မှာ မုန်တိုင်းရာသီ ၂ ခု ရှိတယ်။ ပထမရာသီက ဧပြီလနဲ့ မေလပေါ့။ ဒုတိယရာသီက အောက်တိုဘာနဲ့ နိုဝင်ဘာမှာ မုန်တိုင်းတိုက်ခတ်တာတွေ ရှိတယ်။ ဒါကြောင့်လည်း လူတွေက စိုးရိမ်နေကြတာပေါ့“ ဟု ပဉ္စဝတီ FM မှ သတင်းတာဝန်ခံ ဦးကောင်းစံရွှီက မဇ္ဈိမကို ပြောသည်။

မိုး/ဇလ ညွှန်ကြားမှု ဦးစီးဌာနကလည်း မုန်တိုင်းသတိပေးချက်အဖြစ် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မကွေးနှင့် မန္တလေး တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းဒေသတို့တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တနာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အတွင်း တိုက်ခတ်နိုင်ကြောင်း ယနေ့ ထုတ်ပြန်သည်။

မုန်တိုင်းတိုက်ခတ်မည့် သတင်းနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ အိမ်ရှင်မတဦးက “ဒီနေ့တော့ ဒီမှာ မိုးတိမ်ထူတယ်။ မိုးမရွာဘူး။ မုန်တိုင်းတိုက်မယ်လို့ ရေဒီယိုက လွှင့်တယ်။ တချို့ပြောတာက ကျောက်ဖြူနဲ့ သံတွဲကို ဦးတည်တယ်လို့ ပြောတယ်“ ဟု မဇ္ဈိမကို ပြောသည်။

ယနေ့တွင် မုန်တိုင်းတိုက်ခတ်မည့် အခြေအနေ မရှိသေးကြောင်း ကျောက်ဖြု ဒေသခံက မဇ္ဈိမကို ပြောသည်။ “ဒီနေ့ ကောင်းပါတယ်အကို။ ရာသီဥတု မဆိုးသေးပါဘူး။ ဒါပေမဲ့ မနက်ဖြန်တော့ ပြောလို့ မရဘူး အကို“ ဟု ဆိုသည်။

ယခုလ ၅ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် ရခိုင်ပြည်နယ်သို့ မုန်တိုင်းငယ်တလုံး ဝင်ရောက်ဖွယ်ရှိကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းခဲ့သေးသည်။ နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ဒေသအချို့တွင် မိုးသက်လေပြင်း များ ကျရောက်ခဲ့သေးသည်။ ၁၄ ရက်နေ့တွင် အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ၁၉၇၈ ခုနှစ်မှစ၍ မြန်မာပြည်တွင် မိုးရာသီ တိုတောင်းလာခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်း၊ မုတ်သုန် အဝင်နောက်ကျခြင်း၊ မုတ်သုန် အထွက်စောခြင်း၊ မိုးလွန်ကာလတွင် မုန်တိုင်းဝင်ခြင်းများ ဖြစ်လာခဲ့သည်။ ထို့အပြင် ၂ဝဝ၈ ခု မေလဆန်းတွင် ဘင်္ဂလားပင်လယ်အော်မှ နာဂစ်ဆိုင်ကလုန်း တိုက်သဖြင့် လူ ၁ သိန်း ၄ သောင်းခန့် သေကြေပျောက်ဆုံးကာ ၂ သန်းခွဲ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates