ချင်းမိုင် (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ နိုင်ငံရေးဌာနသည် ယခင် ကုလသမဂ္ဂ၏ မြန်မာ့ရေးရာရုံးတွင် တာဝန်ပေးခံရသည့် ဝန်ထမ်းများအား အခြားရုံးများသို့ ရွှေ့ပြောင်း စေကြောင်း ကုလသမဂ္ဂ သတင်းများကို အထူးဖော်ပြလေ့ရှိသော နယူးယောက် အခြေစိုက် သတင်းဌာန Inner City Press မှ သတင်း ထုတ်ပြန်ခဲ့သည်။
Inner City Press ဝက်ဆိုဒ်မှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ် များကို ကိုးကား၍
တနလာင်္နေ့က ရေးသားရာတွင် မြန်မာ့ရေးရာ တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ ယခုအခါ ကုလသမဂ္ဂ နိုင်ငံရေးဌာနမှ အီရီထရီးယန်းလူမျိုး Tamrat Samuel လက်အောက်သို့ ရွှေ့ပြောင်း ထမ်းဆောင် နေကြသည် ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်
ဘန်ကီမွန်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား နှင့် ယခင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးသံတမန် ဒေါက်တာ အေဘရာဟမ်ဂမ်ဘာရီ တို့အား နယူးယောက်မြို့ ကုလသမဂ္ဂ အဆောက်အဦး၌ တွေ့ရစဉ်။ (ဓာတ်ပုံ… ကုလသမဂ္ဂ လက်ကမ်းစာစောင်)
နိုင်ဂျီးရီးယားလူမျိုး ဒေါက်တာ အေဘရာဟမ်ဂမ်ဘာရီ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးသံတမန် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဗီဂျေနမ်ဘီးယား အား ထိုရာထူးတွင် ယာယီ အစားထိုး ခန့်အပ်ခဲ့သည်။
Inner City Press က ကုလသမဂ္ဂ နိုင်ငံရေးဌာန၌ မြန်မာ့ရေးရာရုံးမှ ဝန်ထမ်းများအား ရွှေ့ပြောင်းရန် အာဏာမရှိကြောင်းနှင့် မြန်မာ့ရေးရာရုံးအတွက် ဘတ်ဂျက်များသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ အတည်ပြုပြီးသားဖြစ်၍ နိုင်ငံရေး ဌာနတွင် စီမံပိုင်ခွင့် မရှိကြောင်း ထောက်ပြထားသည်။
ကုလသမဂ္ဂ နိုင်ငံရေးဌာန၏ မြန်မာ့ရေးရာရုံးတွင် ဝန်ထမ်းများ လျှော့ချမှုသည် အထွေထွေညီလာခံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လတ်တလော ဆုံးဖြတ်ချက်ကို လျစ်လျူရှု ပယ်ဖျက်လိုက်ခြင်း ဖြစ်ကြောင်းနှင့် အထွေထွေညီလာခံမှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တောင်းဆိုထားသည့် မြန်မာ့ရေးရာရုံးကို ဆက်လက် အကူအညီပေးရေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေး သံတမန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တို့၏ လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကူညီရေး တောင်းဆိုချက်များကို လျစ်လျူရှုလိုက်ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။
မြန်မာနိုင်ငံတွင် ကျင်းပရန်ရှိသည့် အငြင်းပွားဖွယ် ရွေးကောက်ပွဲမတိုင်မီတွင် ယခုကဲ့သို့ နယူးယောက် ကုလသမဂ္ဂ မြန်မာ့ရေးရာရုံး၌ ကိုယ်စားလှယ် အရေအတွက် လျှော့ချခြင်းသည် အထွေထွေညီလာခံမှ မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ လိုက်နာလိုစိတ် နည်းပါးခြင်းကို ပြသနေသည်။
ကုလသမဂ္ဂဆိုင်ရာ လေ့လာဆန်းစစ်သူသတင်းထောက် Matthew Russell Lee က မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့်ရှိသူ Farhan Haq အား မြန်မာ့ရေးရာရုံးမှ ဝန်ထမ်းများ ရွှေ့ပြောင်းရခြင်းအကြောင်း မေးမြန်းရာတွင် မြန်မာ့ရေးရာရုံးသည် ဆက်လက် အလုပ်လုပ်လျက် ရှိနေကြောင်းကိုသာ ဖြေကြားခဲ့သည်။ ယခုသတင်းထုတ်ပြန်ချိန်အထိ မဇ္ဈိမ သတင်းဌာန အနေဖြင့် မစ္စတာ ဘန်ကီမွန်း၏ ရုံးခန်းနှင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
ဗီဂျေနမ်ဘီးယားအား အကူအညီပေးနေသည့် ကုလသမဂ္ဂ မြန်မာ့ရေးရာရုံးမှ ဝန်ထမ်းအင်အား လျှော့ချလိုက်ခြင်းသည် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အား လျစ်လျူရှုသကဲ့သို့ ဖြစ်နေသည်။