နယူးဒေလီ (မဇ္ဈိမ)။ ။ လူထုအတွက် အခမဲ့ဆေးပေးခန်းများ ဖွင့်လှစ်ပေးမည်ဟုဆိုကာ ကြံ့ဖွံ့ပါတီမှ အမတ်လောင်း ၂ ဦးက ရခိုင်ပြည်နယ် မြို့တော်စစ်တွေ၌ မဲဆွယ်စည်းရုံးနေသည်ဟု ဒေသခံများ က ပြောဆိုသည်။
ဒေါက်တာစန်းရွှေ (ပြည်နယ်လွှတ်တော်) နှင့် ဒေါက်တာချမ်းသာ (အမျိုးသားလွှတ်တော်) တို့က ၎င်းတို့သာ ရွေးကောက်ပွဲ အနိုင်ရလျှင် စစ်တွေမြို့ခံများ အခမဲ့ ကုသနိုင်မည့် ဆေးပေးခန်းများ ဖွင့်လှစ်ပေးမည်ဟု စည်းရုံးနေခြင်း ဖြစ်သည်။
”သူတို့ပြောတာက ပါတီအနိုင်ရအောင် ဒို့ပါတီကို မဲပေးပါ။ ပါတီနိုင်လို့ရှိရင် အခမဲ့ ဆေးပေးခန်းတွေ ဆောက်ပေးမယ်တဲ့။ သူတို့နိုင်ခဲ့ရင် လူနာတွေကို အခမဲ့ ကုသွားမယ်ပေါ့။ ဒီလောက်တောင် စေတနာရှိရင် အခုကတည်းက လူနာတွေကို အခမဲ့ ဆေးကုပေးပါလား။ ဒီလို မက်လုံးမျိုးတွေကို ယုံဖို့ခက်တယ်” ဟု စစ်တွေမြို့ခံက မဇ္ဈိမကို ပြောသည်။
အခမဲ့ ဆေးပေးခန်း ဖွင့်လှစ်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ စည်းရုံးနေကြောင်း အခြား ဒေသခံများကလည်း ပြောဆိုသော်လည်း အသေးစိတ် သိရန်အတွက် သက်ဆိုင်သူ အမတ်လောင်း ဆရာဝန် ၂ ဦးကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ထို့ပြင် ကြံ့ဖွံ့ပါတီက ရေတွင်းနှင့် ကျောင်းများပါ ဆောက်လုပ်ပေးမည်ဟု ဟောပြောစည်းရုံးမှုများလည်း ရှိနေသည်။
စစ်တွေတွင် ကြံ့ဖွံ့ပါတီမှ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းတဦးဖြစ်သူ ပြည်နယ်ကောင်စီ ပယက ဥက္ကဋ္ဌဟောင်း ဦးကောင်းစံရွှီကလည်း ၎င်းတို့၏ စည်းရုံးရေး အခြေအနေ အသေးစိတ်ကို ပြောဆိုရန် ငြင်းဆိုသည်။
”ဒီကိစ္စကို ဦးတို့အနေနဲ့ ပြောဖို့ခက်တယ်။ အထက်က ချမှတ်ထားတဲ့ အတိုင်းပဲ သွားနေရတာဆိုတော့၊ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကိုတော့ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ ခံယူထားပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
စစ်တွေ၌ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှနေ၍ ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မည့် အမတ်လောင်း ဦးမောင်ညိုကမူ သူတို့ပါတီအနေဖြင့် ကြံ့ဖွံ့ပါတီကဲ့သို့ ကတိကဝတ်ပေးကာ စည်းရုံးခြင်း မရှိဟု ဆိုသည်။
’’စည်းရုံးတဲ့နေရာမှာ ရခိုင်ပြည်သူတွေကို ကတိကဝတ်ပေးတာတော့ မရှိဘူး။ ရခိုင်ပြည်သူတွေဟာ ကျနော်တို့ ပါတီရဲ့ အမိအဖဖြစ်တယ်၊ ရခိုင်ပြည်သူတွေ အထက်မှာ အာဏာပိုင်တွေ မရှိဘူး။ သူတို့ လိုချင်တဲ့အရာကို ပါလီမန်လွှတ်တော်မှာ တင်ပြဖို့ပေါ့။ ဒါပါပဲ’’ ဟု သူက ပြောသည်။
သူက ဆက်ပြီး ’’အဓိက D.E.D ၃ ချက်ကို တင်ပြပါတယ်။ Deployment (ဖွံ့ဖြိုးတိုးတက်ရေး)၊ Economic (စီးပွားရေး)၊ Democracy (ဒီမိုကရေစီ) ဒီလမ်းကြောင်း ၃ ကြောင်းကို ပြည်သူတွေကို ရှင်းပြပါတယ်။ တိုးတက်မှုမရှိရင် တိုင်းပြည်အနေနဲ့လည်း တခုမှ ထူးခြားမှု မရှိဘူး။ နောက် ကိုယ်ပြည်ကနေ သယံဇာတတွေ ရရင်လည်း တိုင်းသူ ပြည်သားတွေ ခံစားခွင့်မရ တခြားလူတွေကပဲ ခံစားခွင့်ရတယ်။ ဒါတွေ ပြောတယ်’’ ဟု ဆိုသည်။
ကြံ့ဖွံ့က မည်သို့စည်းရုံးစေကာမူ လက်ရှိ ရခိုင်လူထုက ရခိုင်ပါတီများကိုသာ ထောက်ခံအားပေးသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ RSNUPM အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်က ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP က မဲဆန္ဒနယ် ၄၄ နေရာ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ RSNUPM က ၆ နေရာနှင့် ကမန် အမျိုးသား တိုးတက်ရေးပါတီ KNDP က ၆ နေရာ ဝင်ရောက်အရွေးခံမည် ဖြစ်သည်။