Wednesday, October 13, 2010

ရိုက်နှက်မှုကို ရွေးကောက်ပွဲပြီးမှ တရားရုံး ဆောင်ရွက်မည်

ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ) ။     ။ ရွာအာဏာပိုင် ၄ ဦး၏ ရိုက်နှက်မှုကို ခံရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့ ချောင်းတောရွာမှ Ho ချင်း နှစ်ခြင်း အသင်းတော် သင်းအုပ်ဆရာ ဦးထွန်းလှိုင်က စစ်တွေခရိုင် တရားရုံးသို့ တိုင်သော်လည်း ရွေးကောက်ပွဲပြီးမှ ဆောင်ရွက်ပေးမည်ဟု တရားရုံးက ယမန်နေ့တွင် ပြောဆိုသည်။



ပြီးခဲ့သည့်လ ၁၉ ရက်နေ့တွင် အသင်းတော်၌ ဝတ်ပြုကိုးကွယ်ရန် ပြင်ဆင်နေစဉ် ကျေးရွာ ဥက္ကဋ္ဌ ဦးမောင်ကျော်အောင်နှင့် အဖွဲ့ဝင် ၃ ဦးက ဦးထွန်းလှိုင်ကို အပြင်သို့ ခေါ်ထုတ်ကာ ရိုက်နှက်ခဲ့ရာ၊ အခင်းဖြစ်ပြီး နောက်တပတ်တွင် တရားရုံးသို့ တိုင်ကြားခဲ့ပြီးနောက် ယမန်နေ့တွင်မူ တရားရုံးက ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မနေ့ကပဲ တရားရုံးက ခေါ်တယ်။ ဘာပြောလဲဆိုတော့ ရွေးကောက်ပွဲရှိနေတော့ အချိန်အကန့်အသတ်မရှိ ကြာနိုင်တယ်။ ရွေးကောက်ပွဲပြီးမှ အမှုကို ဆောင်ရွက်ပေးမယ်လို့ ပြောတယ်။ ဒေသအာဏာပိုင်ဘက်က လုပ်တာဆိုတော့ ဒီအမှုကို မင်းပြားမြို့နယ်မှာ တိုင်ကြားရင် နိုင်မှာမဟုတ်ဘူး။ အပြစ်မရှိကြောင်း လုပ်မှာ။ ဒါကြောင့် စစ်တွေမှာ အမှုဖွင့်တာ” ဟု  တရားဟောဆရာ တဦးဖြစ်သူ ဦးဂျီရီမီဟွေပန်းက ပြောသည်။

ရိုက်နှက်ခံရသူ ကာယကံရှင်ဖြစ်သည့် သင်းအုပ်ဆရာ ဦးထွန်းလှိုင်ကမူ ၎င်းကို ကျေးရွာအာဏာပိုင်များက အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

သူက “ဘုရားကျောင်းမှာ လာပြီး တရားဟောခါနီးမှာ ခေါ်တယ်။ ထွက်တာနဲ့ ရိုက်တာ။ အပြင်းအထန် ဒဏ်ရာရတာ မရှိပေမယ့် လက်သီးနဲ့ မျက်စိ၊ နှာခေါင်း၊ နှုတ်ခမ်းကို ထိုးတော့ ရောင်တယ်။ ခြေထောက်နဲ့ ကန်တယ်။ ပြီးတော့ ဝါးလုံးနဲ့လည်း နောက်ကြောကို ရိုက်တော့ လဲသွားတယ်။ ဘုရားကျောင်းထဲက လူတွေ ထွက်လာပြီး ကျနော့်ကို အမြန်သယ်တယ်” ဟု ပြောသည်။

အမှုမနိုင်ပါက ဗဟိုတရားရုံးချုပ်သာမက နေပြည်တော်အထိပင် ဆက်လက်ရင်ဆိုင်သွားမည်ဟု သိရသည်။

၂ဝဝ၈ ခုနှစ်ထဲတွင် ချောင်းတောရွာ၌ ချောင်းတော Ho ချင်း နှစ်ခြင်းအသင်တော် ဖွင့်လှစ်ခဲ့ပြီး၊ ယင်းအသင်းတော်တွင် Ho ချင်း မျိုးနွယ် ဦးရေ ၅ဝ ခန့် အသင်းသားအဖြစ် ပါဝင်သည်။ ဦးထွန်းလှိုင်သည် ချင်းပြည်နယ် ပလက်ဝမြို့သား ဖြစ်သော်လည်း ထိုနှစ်ထဲတွင် ချောင်းတောရွာသို့ သင်းအုပ်ဆရာအဖြစ် ပြောင်းရွှေ့နေထိုင်လာခဲ့သည်။

“သင်းအုပ်တယောက် ရိုက်နှက်ခံရတာ လုံးဝစိတ်မကောင်းဘူး၊ အရမ်းကို စိတ်ဆိုးတယ်။ ဘာသာဝင်အနေနဲ့ အရမ်းစိတ်နာတယ်။ ဘာသာရေး လွတ်လပ်ခွင့် မရှိတဲ့ စစ်အစိုးရကိုလည်း မုန်းတီးတယ်။ အာဏာပိုင်တွေရဲ့ လျှို့ဝှက်ချက်က ခရစ်ယာန်ဘာသာရေး ပျောက်ကွယ်စေလိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ တရားခံတွေနောက်မှာ အားပေးအားမြှောက်တဲ့ နောက်ခံကြောင့် လုပ်ရဲတာပါ” ဟု ဦးဂျီရီမီဟွေပန်းက ပြောသည်။

အမှုနှင့်ပတ်သက်၍ စစ်တွေမြို့နယ် ခရိုင်ကောင်စီရုံးသို့ မေးမြန်းကြည့်ရာ ဝန်ထမ်းတဦးက ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ထို့ပြင် ရိုက်နှက်သူများအဖြစ် စွပ်စွဲခံရသူ ကျေးရွာ အာဏာပိုင် ၄ ဦးကိုလည်း ဆက်သွယ်၍ မရခဲ့ပါ။



 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates