Saturday, October 2, 2010

ချောက်ကမ္ဘားကြီးထဲမှ လူသားများ

အယ်လ်ဘတ် ဂတ်စ်မင် (Albert Guzman) 
ဆောင်းပါး

ထိုင်းနယ်စပ် အမှိုက်ပုံပေါ်က မြန်မာ ရွှေ့ပြောင်းတို့ ဘဝ

မဲဆောက် (မဇ္ဈိမ)။     ။ လေထုက ညစ်ထေးကာ ပူလောင် သိပ်သည်းနေသည်။ ပုတ်အဲ့အဲ့ နံစော်နေသည့် အနံ့များကလည်း အသက်ရှုနေရသူများကို  ဒုက္ခ ပေးလှသည်။ တောင်လိုပုံနေသည့် ပုတ်သိုး စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများ၊ တပတ်ရစ် စွန့်ပစ်ပစ္စည်းများက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ ကြွယ်ဝသုံးဖြုန်းနိုင်မှုကို ပြနေသလို ရှိလှသည်။ ၎င်းအမှိုက်ပုံကြီးက နေရောင်အောက်၌ လင်းလက် တောက်ပနေသေးသည်။ ဤနေရာကို လာလည်ဖို့ ဖိတ်ခေါ်ခြင်း မဟုတ်ရပါ။ တစ်ဖက်က အမှိုက်ပုံကြီးနှင့်အပြိုင် တစ်ဖက်ကလည်း ရေညှိဖြင့် ညစ်ထေးနေသော ရေကန်ကြီးကြား၌ ခြေသွားလမ်းလေး တစ်ခု ရှိသည်။ ခနော်နီခနော်နဲ့ လှေကလေးပေါ်၌ လူတယောက် တခုခု ရှာနေပုံ ပေါက်သည်။

"ဒီလို အခြေအနေမျိုးမှာ နေနိုင်တာကို ကျနော်ဖြင့် ယုံတောင် မယုံနိုင်ပါဘူးဗျာ"

ဤခြေသွားလမ်းကလေးအတိုင်း လိုက်သွားလျှင် အမှိုက်ပုံကြီးပေါ် ရောက်သည်။ အမှိုက်ပုံပေါ် ဖြစ်ကတတ်ဆန်း ဆောက်ထားသည့် တဲငယ်များ တွေ့ရမည်။ ပုံသဏ္ဌာန် အမျိုးမျိုးနှင့် လယ်တဲကလေးများနှင့်ပင် တူသေးသည်။ အမှိုက်ပုံထဲမှ ပြန်သုံးလို့ရသည့် ပစ္စည်းများဖြင့် ဆောက်ထားကြသည့် တဲများတွင် မြန်မာ ၃ဝ-၄ဝ ခန့် နေကြသည်။  နီးနားဝန်းကျင်တွင်  တခြား မိသားစုများလည်း နေကြသေးသည်။ အနည်းဆုံး လူ ၁ဝဝ လောက်ထိ ရှိနိုင်သည်။ အမှိုက်ပုံနားနေသူများ သုံးစရာ ရေတွင်းတစ်တွင်း မနီးမဝေးတွင် ရှိနေပြီး  ဤတွင်းကိုသာ အားထားနေရသည်။  ရေကို ကြိုချက်သောက်မှသာ အဆင်ပြေမည်ဟု သူတို့ယူဆကြသည်။ ရေအရသာကြောင့်ဖြစ်သလို အမှိုက်ပုံထဲမှ စိမ့်ဝင်ရေကလည်း ပြဿနာရှိကြောင်း သူတို့ သိကြသည်။

ဤအမှိုက်ပုံသားများထံ  ဧည့်သည်များ တခါတရံ ရောက်လာတတ်သည်။ စပ်စုလိုသည့် သတင်းသမားများ၊ အကူအညီပေးသူများနှင့် စည်းရုံးလှုံ့ဆော်ရေး အဖွဲ့များမှ  ဖြစ်တတ်သလို သူတို့ကို ဖယ်ရှားပစ်ရန် ဒေသခံ အာဏာပိုင်များလည်း အနည်းဆုံး တစ်ကြိမ်တော့ ရောက်လာတတ်သည်။ မြင်ရသည့်အခြေအနေက တော်တော်ဆိုးရာ  တကယ့်ကို ဘဝပျက်နေ၊ မျှော်လင့်ချက်မဲ့ လမ်းမမြင်ကြတော့သူများသဖွယ် အထင်ခံရသည်။ တကယ့်ကို ကံဆိုးမိုးမှောင်ကျ လုံးဝလက်လျှော့ထားသူများ၊ တက်လမ်းမရှိကြသူများ ဟုလည်း ထင်စရာရှိသည်။ "ဒီလို အခြေအနေမျိုးမှာ နေနိုင်တာကို ကျနော်ဖြင့် ယုံတောင် မယုံနိုင်ပါဘူးဗျာ"။  အခြေအနေကို မြင်ရသည့် နိုင်ငံခြားသားများထံမှ ကြားရလေ့ရှိသောစကားဖြစ်သည်။ သေချာသည်က တဲတလုံးပေါ်က လူတယောက်ကို နောက်မှ မြင်ရသည့်မြင်ကွင်း၊ ထိုသူကလည်း တီဘီ ချောင်းတဟက်ဟက်ဆိုတော့ ဤသို့ အဆိုးမြင် အနေအထားကို သွေဖည်မြင်နိုင်ရန်လည်း ခက်လှသည်။

အမှိုက်ပုံက ကောင်းနိုးရာရာ  ရှာဖွေစားခဲ့ကြရသည်။ ငါးသေတ္တာဗူးများနှင့် ကြက်သား အပိုင်းအစများ ပြန်ချက်စားကြသည်။
မြန်မာပြည်မှ ပြောင်းရွှေ့အခြေချလာသူ အများစု ရှိသည့် အသိုက်အဝန်း၌ပင် သူတို့ အခြေအနေက ပိုဆိုးနေသေးသည်။ ရွှေ့ပြောင်းအခြေချ လုပ်သားအများစုက အလုံတံခါးပိတ်စက်ရုံဝင်းများထဲ နေထိုင် အလုပ်လုပ်ရသော်လည်း ယခုမြင်ကွင်းက လုံးဝ ကွာခြားနေသည်။  အန္တရာယ်ရှိသည့် အခြေအနေကြားထဲမှပင် ရှင်သန်ရေးအတွက် သူတို့ရုန်းကန်နေကြသည်။ ပေးသမျှကြားက ဘဝရှင်သန်ဖို့ လက်တွေ့ကျကျ ကြိုးပမ်းနေသည်ကို မြင်နေရသည်။

"ကျနော်တို့က မော်လမြိုင်ကပါ။ ဒီကိုရွှေ့လာတာ ၂-နှစ်လောက် ရှိပါပြီ" အရပ်ရှည်ရှည်သွယ်သွယ် ကိုမင်းဆွေ* က ပြောသည်။ "အရင်က အလုပ်မျိုးစုံ လုပ်ဖူးပါတယ်။ အခုတော့ ဘာမှ ရှာဖွေစားသောက်လို့ မရတာနဲ့ ဒီ ရောက်လာတာပါ"

ကိုမင်းဆွေ (အသက် ၄ဝ) တွင် ၃၅ နှစ်အရွယ် ဇနီးနှင့် ကလေး ၄-ဦး ရှိသည်။ အငယ်ဆုံးသားငယ်က ၃ လသားပဲ ရှိသေးသည်။ တဲကလေး၌ပင် အရပ်လက်သည်ဖြင့် မွေးခဲ့ရသည်။ သမီး အငယ် ၂ ယောက်က  ၄ နှစ်နှင့် ၈ နှစ်စီ ရှိနေကြပြီး တဲနားက ရွှေ့ပြောင်းလုပ်သားများအတွက် ပြင်ပထောက်ပံ့မှုဖြင့် လာဖွင့်သည့် မူလတန်းကျောင်းတွင် တက်နေကြသည်။ ၁ဝ-နှစ်အရွယ် သမီးကြီးကတော့ ကိုမင်းဆွေနှင့်အတူ အမှိုက်ကောက် လုပ်ငန်းတွင် ကူညီပေးနေသည်။  နေ့လယ်စာမစားမီအထိ အမှိုက်ပုံတွင် ၃-နာရီခန့် ရှာကြသည်။ နေ့လယ်တွင်လည်း ၄-နာရီခန့်ဆက်၍ အမှိုက်ထဲမှ ကောင်းနိုးရာရာ ရှာဖွေကြပြန်သည်။

"ကျနော်တို့ အလုပ်က သည်လိုပဲ"။ စွန့်ပစ်ထားသည့် ပလတ်စတစ် ကလေး ကျောင်းလွယ်အိတ် တခုကို ကိုင်ရင်း သူကပြောသည်။ ပစ္စည်းကောင်းလေးများ အလုံအလောက် စုဆောင်းမိသည့်အခါ မြို့က ပွဲစားလာဝယ်သည်။ အခြား စွန့်ပစ်ပစ္စည်းများမှ (PET) ပုလင်းများကို ဝယ်တတ်သော်လည်း ဈေးက သိပ်မကောင်းလှ။ ရွှေ့ပြောင်း အခြေချ အမှိုက်ကောက်နေသူများက အခြားအဝယ်လိုက်သည့် ပစ္စည်းများကို သယ် ၍ သိပ်မဝေးသော ဒိုင်များကို သွားရောင်းကြသည်။ သူတို့ သားအဖ ၃ ယောက် တစ်နေ့  ဘတ် ၇ဝ-၈ဝ လောက် (အမေရိကန်ဒေါ်လာ ၂.၃ဝ က ၂. ၆ဝ မျှ) ဝင်ကြသည်။  နေ့စဉ် ရက်ဆက် အလုပ်ဆင်းလျှင် ရွှေ့ပြောင်းမိသားစုတခု အနိမ့်ဆုံးတလဝင်ငွေတော့ စုမိနိုင်ကြသည်။

အမှိုက်ပုံနှင့် ဝေးသည့် မြေကွက်လပ်ပေါ်တွင် မဆောက်ဘဲ ဘာကြောင့် အမှိုက်ပုံပေါ်တွင် ဆောက်ထားရသနည်း။
ပထမပိုင်းမှာတော့  အမှိုက်ပုံက ကောင်းနိုးရာရာ  ရှာဖွေစားခဲ့ကြရသည်။ ငါးသေတ္တာဗူးများနှင့် ကြက်သား အပိုင်းအစများ ပြန်ချက်စားကြသည်။ အခုတော့ ဒီလိုရှာမစားကြတော့။ ဆီ၊ ဆန်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်၊ မျှစ် စသည့် ကောင်းနိုးရာရာ ဝယ်စားနိုင်ကြလေပြီ ။ တစ်ခုတော့ ဆန်းသည်။ သူတို့ပုံက ညစ်ညစ်ပတ်ပတ် မရှိ။ ပြောရလျှင် အဝတ်အစားများက သန့်ပြန့်နေသေးသည်။

သူတို့နှင့် ပေ ၃ဝ လောက်အကွာတွင် အခြားတဲတတဲ ရှိသည်။ ၅ ယောက် ၆ ယောက်ခန့် ရှိသည့် ထိုမိသားစုတွင် တီဘီ ဖြစ်နေသူ တစ်ဦးလည်း ရှိသည်။ သားတစ်ယောက်က အနီးရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ပြီး တစ်လ ဘတ်၂,၄ဝဝ  ရသည်။ ကျန်မိသားစုများက အမှိုက်ပုံထဲမှ ပြန်ရောင်းရမည့် ပစ္စည်းများ ရှာဖွေနေသောကြောင့် မိသားစုဝင်ငွေ ပိုတိုးလာသည်။

မြန်မာရွှေ့ပြောင်း အခြေချတို့အခြေအနေက ရှုပ်ထွေး ပြောင်းလဲနေသည်။

အမှန်ဆိုလျှင် ၎င်းတို့သည်  ပေါကြွယ်သည့် နိုင်ငံတစ်ခု၏ ကျရှုံးခဲ့ရသော နိုင်ငံရေး  ပြယုဂ်တခုလည်း ဖြစ်သည်။ သို့သော်လည်း စဉ်းစားစရာများ ရှိသေးသည်။

နယ်စပ်အနီးက ပြောင်းရွှေ့လုပ်သားတို့အတွက် ရှာရနိုင်သော အလုပ်များက ငယ်ရွယ်သန်မာသူ လူပျိုလူလွတ်များကိုသာ လိုချင်ကြသည်။ အလုပ်ချိန်ကလည်း ရှည်လျား ပင်ပန်းလွန်းလှသည်။ ဤအမှိုက်ပုံတွင် အခြေချရသူများက မိသားစုများ ဖြစ်သည်။ အိမ်ငှားခ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် အနေအထိုင်မသက်မသာလှသော အမှိုက်ပုံကိုပဲ ပြောင်းခဲ့ရတော့သည်။

အမှိုက်ပုံနှင့် ဝေးသည့် မြေကွက်လပ်ပေါ်တွင် မဆောက်ဘဲ ဘာကြောင့် အမှိုက်ပုံပေါ်တွင် ဆောက်ထားရသနည်း။ အခြေအနေ မပေးသောကြောင့်လည်း ဖြစ်နိုင်သည်။ မိုးသည်းထန်သောဝန်းကျင်တွင် တဲများ ရေမျောသွားမည် ။ ရေဆင်းမြောင်းများနှင့် ဝေး၍ မြေခိုင်ရာ နေရာကိုလည်း ရွေးကြရသည်။

ပြင်ပက လူများကို တွေ့နိုင်သည်ကလည်း သူတို့အတွက် အခွင့်ကောင်း ဖြစ်နေပြန်သည်။  မီဒီယာသမားများက ငွေပေးကြမည် မဟုတ်သော်လည်း  သူတို့ အခြေအနေကို အံ့သြတုန်လှုပ်မိကြပြီး အချို့ ဧည့်သည်များက  ငွေနည်းနည်း ပေးသွားကြသည်။ ကျောင်းအတွက်လည်း ငွေအများအပြား လှူသွားတတ်ကြသည်။ အရင်အပတ်ကပင်  စေတနာထက်သန်သည့် ဂျပန်ဧည့်သည် တအုပ် ရောက်လာခဲ့ပြီး မိသားစု အပိုဝင်ငွေရစေမည့် အထောက်အပံ့များ လှူသွားခဲ့ကြသေးသည်။

အမှိုက်ပုံတွင် နေရသည်က ကျန်းမာရေးနှင့် မညီတာကတော့ သေချာလှသည်။ ကျန်းမာရေး ပို၍ ထိခိုက်ဖွယ်ပင် ရှိပါသည်။ ဝင်ငွေကို အမြဲဆက်ထိန်းထားရေးကလည်း မသေချာပါ။  ကောက်ရသည့် ပစ္စည်းများ၊ ရောင်းဈေးများလျော့သွားနိုင်သည်။ အာဏာပိုင်များကလည်း အချိန်မရွေး သူတို့ကို ပြောင်းပစ်နိုင်သေးသည်။

အမှိုက်မကောက်သည့် ကလေးများ အနာဂတ်အတွက် တန်ဖိုးရှိမည့် ကျောင်းပညာရေး တခုခု ရနိုင်သည်။ သို့သော်လည်း ၄-တန်းထိသာ သင်နိုင်ကြသည်။ အမှိုက်ပုံကြီးပေါ်တွင် နေထိုင်ကြသည့် မိသားစုများ သူတို့ဘဝကို လက်လျှော့အရှုံးမပေးကြသော်လည်း နေ့တဓူဝ အသက်ဆက်နိုင်ရေး ကြိုးစားနေကြရသည်။ ယခုလို မလွှဲမရှောင်သာဘဝမှ လွတ်မြောက်နိုင်ရေးကို မျှော်လင့်ရုံပဲ တတ်နိုင်ကြသည်။  ပတ်ဝန်းကျင်က သူတို့ကို အနိုင်မယူသွားမီအထိ သူတို့ လက်ဖြင့် နိုင်သမျှ ပြန်ရုန်းကန်ရင်း ပတ်ဝန်းကျင်ကို အနိုင်ရရေး တွက်ဆရှင်ကျန်နေရသူများသာ ဖြစ်တော့သည်။

*မင်းဆွေ ဆိုသည်မှာ အမည်ရင်း မဟုတ်ပါ။

Albert Guzman ၏ Burmese migrant lifestyle choice: a Thai town dump ကို ဆီလျော်အောင် ပြန်ဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates