Tuesday, September 28, 2010

မြန်မာ့မိတ်ဆွေများက လွတ်လပ်သောရွေးကောက်ပွဲ တောင်းဆို

မဇ္ဈိမသတင်းဌာန

လွတ်လပ်ပွင့်လင်းသည့် ရွေးကောက်ပွဲ ဖြစ်စေလိုကြောင်း ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့က မြန်မာစစ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။

၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ စည်းဝေးပွဲ၌ ပါဝင်ဆွေးနွေးရန်အတွက် နယူးယောက်မြို့သို့ ရောက်ရှိနေကြသည့် နိုင်ငံ့ခေါင်းဆောင်များအနက်မှ မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့ဝင် ၁၄ နိုင်ငံမှ ခေါင်းဆောင်များက ပြောဆိုခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်တဲ့ အနေအထားမျိုးရှိမှ ဖြစ်မှာပါ။ တကယ်လို့ အဲဒီမျှော်လင့်ချက်တွေ ဖြည့်ဆည်းမပေးခဲ့ဘူးဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာ လက်ခံနိုင်မှု လျော့ကျသွားမှာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံတန်ဖိုးထားမှုနဲ့ စံသတ်မှတ်ချက်တွေကိုပါ ထိခိုက်သွားမှာပါ” ဟု နယူးယောက်ရှိ သတင်းထောက်များကို အဖွဲ့၏ တနာရီခန့်ကြာ တံခါးပိတ် အစည်းအဝေးအပြီး မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လိပ်ခဲတည်းလည်း အခြေအနေဖြစ်နေသော နိုင်ငံရေးပြဿနာများနှင့်ပတ်သက်၍ နယူးယောက်၌ ဆွေးနွေးခဲ့ရာ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် သဘောတူညီချက်များ မရရှိဘဲ မအောင်မမြင် အဆုံးသတ်ခဲ့ရသည်။ ထို့ပြင် အဖွဲ့ စတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၇ ခုနှစ် ဒီဇင်ဘာလမှစ၍ အချို့ကိစ္စရပ်များတွင် အဖွဲ့တွင်း၌ သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သည်။

အဖွဲ့ဝင် နိုင်ငံများက စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် အစည်းအဝေးသည် ယခုတလော လူပြောများနေသည့် မြန်မာနိုင်ငံအပေါ် စုံစမ်းစစ်ဆေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးသဘောတူညီမှု ရရှိခဲ့ပုံ မရှိပါ။

စစ်အစိုးရက လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့စွာ ချိုးဖောက်ခဲ့သော ရာဇဝတ်မှုများကို ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရေး တိုက်တွန်းချက်များ လွန်ခဲ့သည် အပတ်များအတွင်း အရှိန်ရလာခဲ့သော်လည်း မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့တွင်းရှိ နိုင်ငံများအကြားတွင် ထိုကိစ္စအပေါ် သဘောထားကွဲလွဲမှုများ ရှိနေသည်။

သြစတြေးလျ၊ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံများက ကော်မရှင်ဖွဲ့ရေး ကိစ္စအပေါ် ထောက်ခံခဲ့သော်လည်း ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများ၏ ထောက်ခံမှုကို မရရှိခဲ့ပေ။

ထိုကိစ္စနှင့်ပတ်သက်၍ မစ္စတာ ဘန်ကီမွန်းက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး အမေရိကန် ထိပ်တန်း အရာရှိများ၏ မကြာသေးခင်က ကြေညာချက်ကလည်း ထိုကော်မရှင်ဖွဲ့ရေး ကိစ္စ ရှေ့ဆက်နိုင်မည့်အပေါ် သံသယဝင်စေခဲ့သည်။

စစ်အစိုးရ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးရေးနှင့် ပတ်သက်၍ ဝါရှင်တန်အစိုးရအနေဖြင့် စောင့်ကြည့်ဦးမည်ဟု လွန်ခဲ့သည့် ရက်များအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖိလစ်ဂျေ ခရိုလီနှင့် နိုင်ငံခြားရေးဌာန လက်ထောက်အတွင်းရေးမှူး ကာ့ထ်ကင်းဘဲလ်တို့က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ထို့ပြင် ကုလသမဂ္ဂ၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားခဲ့သည်မှာ ၉ လ ကြာမြင့်ခဲ့သော်လည်း ယခုထိ ထိုနေရာတွင် မည်သူ့ကိုမျှ အစားထိုး ခန့်အပ်ခြင်း မရှိသေးသည်မှာလည်း မြန်မာ့အရေးနှင့် ပတ်သက်၍ မစ္စတာဘန်ကီမွန်း စိတ်ပျက်နေပုံရသည်ဟု ယူဆဖွယ်ရာ ဖြစ်နေသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများအဖွဲ့၏ ယနေ့ ညနေ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ မတက်ရောက်ခဲ့ပါ။ ယခုအစည်းအဝေးသည် အဖွဲ့၏ တတိယမြောက် စုဝေးမှုဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီး အဆင့်ရှိသူများ တက်ရောက်ကြသည်။

မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့တွင် သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ စင်္ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီနှင့် ဗြိတိန်နိုင်ငံတို့ ပါဝင်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates