Tuesday, September 28, 2010

တွေ့ဆုံဆွေးနွေးရေး လာလိမ့်မယ်

မြင့်မောင်

နယူးဒေလီ (မဇ္ဈိမ)။        ။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား တွေ့ဆုံဆွေးနွေးပွဲ တချိန်ချိန်တွင် ဖြစ်လာလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောဆိုသည်။

ဦးဝင်းတင်ကို NLD ပေါ်ပေါက်လာပုံ၊ ပါတီ၏ အားသာချက်-အားနည်းချက်၊ လူထုထောက်ခံမှု၊ ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ရှုမြင်ချက်၊ တွေ့ဆုံဆွေးနွေးရေး မျှော်လင့်ချက်များကို မေးမြန်းထားပါသည်။

အဖွဲ့ချုပ် ပေါ်ပေါက်လာပုံ ပြောပြပေးပါ။

’’၈၈ အရေးတော်ပုံ ပေါ်လာတဲ့အခါ ပေါ်ထွက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးရယ်၊ ဦးအောင်ကြီးရယ် ပေါင်းဖွဲ့တဲ့အတွက် အောင်စုတင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်တယ်ဆိုတဲ့ အမှတ်အသားတွေ ရှိတယ်။ အဲဒါတွေကတော့ လက်မခံဘူး။ အဲဒီလို မဟုတ်ဘူး’’

’’ပေါ်လာတာကိုက အရေးတော်ပုံ ၈၈ ကာလမှာ ခေါင်းဆောင်တွေ ပေါ်ပေါက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကျောင်းသားသပိတ်တွေ၊ လယ်သမားသပိတ်တွေ၊ တောင်သူလယ်သမား သပိတ်တွေ အစရှိသဖြင့် ဘက်ပေါင်းစုံကနေ ဒေါ်အောင်ဆန်းစုကြည်ကို မွေးလာတယ်။ ဒေါ်အောင်ဆန်းစုကြည်က သပိတ်အင်အားစု၊ သပိတ်ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာတယ်။ ဦးအောင်ကြီးလည်း ထောင်ထွက်လာတယ်။ ထွက်လာတဲ့အခါ နယ်တွေမှာ လူထုအစည်းအဝေးတွေ လုပ်ပြီးတော့ အဲဒီမှာ အစုအဖွဲ့တွေ ဖွဲ့ဖို့ သဘောတူပြီးတော့ ပေါ်လာတယ်’’

’’အဲဒီမှာ ဦးတင်ဦးက မျိုးချစ် စစ်သည်ဟောင်းများ အဖွဲ့ဆိုပြီးတော့ အရေးတော်ပုံ ကာလမှာ ဖွဲ့တယ်။ ဦးတင်ဦးကလည်း အရေးတော်ပုံနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်တဦး ဖြစ်လာတယ်။ အဲဒီခေါင်းဆောင်တွေ စုပြီးတော့ ဖွဲ့လိုက်တဲ့အခါ NLD ဆိုတာ ဖြစ်လာတယ်။ အရေးတော်ပုံက ပေါက်လာတယ်ဆိုတဲ့ အချက် တချက်၊ နောက်တချက်က NLD ကို စဖွဲ့တဲ့ အချက်က ၁၉၈၈ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဦးအောင်ကြီးအိမ်မှာ အစည်းအဝေးလုပ်ပြီးတော့ ဖွဲ့တယ်’’

’’အဲဒီမှာ ဒေါ်စုရယ်၊ ဦးအောင်ကြီးရယ်၊ ဦးတင်ဦးရယ်က တဖက်ကို ၃ ယောက်စီပါတဲ့ ကော်မတီတခု ဖွဲ့လိုက်တယ်။ ၉ ဦး ကော်မတီ ဖွဲ့လိုက်ပြီးတော့ NLDကို စတင်တည်ထောင်ခဲ့တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီးတော့ အမည်ပေးတယ်။ အလံတို့ မှတ်ပုံတင်တို့ ကြေညာစာတမ်းတွေကို လုပ်တယ်။ စတင်ဘာလ ၃ဝ ရက်နေ့မှာ မှတ်ပုံတင်တယ်။ အောက်တိုဘာလ ၁ရက်မှာနေမှာ ပါတီအဖြစ် စတင်လှုပ်ရှားတယ်’’

၂၂ နှစ်လုံးလုံး ဖိနှိပ်မှုပေါင်းစုံကို ရင်ဆိုင်ခဲ့ရတယ်။ အခုလို ဆက်လက်ရပ်တည်နိုင်ဖို့ NLD ရဲ့ အဓိက အားသာချက်က ဘာလဲခင်ဗျ။

’’အားသားချက် ဆိုတာကို ကျနော်က ဒီလိုပြောချင်တယ်။ ကျနော်တို့ ပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ရည်မှန်းချက်တခုပေါ် မူတည်ပြီးတော့ ရောက်လာတဲ့ နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော်တို့ ပေါ်ပေါက်လာတာက ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံဆိုပြီးတော့ တပါတီ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖြုတ်ချပြီး၊ ရုန်းကန်လှုပ်ရှားပြီး လှုပ်ရှားမှု အရေးတော်ပုံကြီးကနေ ပေါက်ပွားလာခဲ့တဲ့ အချက်တချက် ဖြစ်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံက ပေါက်ဖွားလာတဲ့ ပါတီတခု ဖြစ်တယ်။ ဒါဟာ ကျနော်တို့ ပါတီရဲ့ ထူးခြားချက် ဖြစ်တယ်’’

NLD ရဲ့ အားနည်းချက်ကို ပြောပါဆိုရင်ရော။

’’ကျနော်ထင်တာက အားနည်းချက်မရှိဘူး။ ၁၉၉ဝ မတိုင်ခင်ကရော ရွေးကောက်ပွဲ စဖွဲ့ကတည်းက ပြည်သူလူထုက တခဲနက် ထောက်ခံမှု ရခဲ့တယ်။ ထင်ထင်ရှားရှားကြီးပဲ သပိတ်အင်အားတွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ကျောင်းသား လူငယ်အင်အားစုတွေ၊ နိုင်ငံတကာ အင်အားစုတွေ အားလုံးက ဒီမိုကရေစီ အင်အားစုတွေက ဘက်စုံကနေ NLD ကို ဝန်းရံခဲ့တယ်။ NLD ကို ထောက်ခံကြတယ်ဆိုတာက နှစ်မျိုးရှိတယ်။ တမျိုးက ဒီမိုကရေစီ ရည်မှန်းချက်များနဲ့အတူ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မယ်၊ ဒီမိုကရေစီအရေးကို ကာကွယ်စောင့်ရှောက်မယ်။ ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်မယ်။ ထူထောင်တဲ့ နေရာမှာ စစ်အာဏာရှင်စနစ် မှန်သမျှကို ဆန့်ကျင်တယ်ဆိုတဲ့ အရေးကြီးတဲ့ ရည်မှန်းချက်တွေက ခိုင်မာမှု၊ တောင့်တင်းမှု၊ မှန်ကန်မှုကြောင့် လူထုက ထောက်ခံဝိုင်းရံတာတဲ့ အပိုင်း ပါတယ်’’

’’နောက်တပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ယုံကြည်ကိုးစားမှုရတဲ့ ပုဂ္ဂိုလ်၊ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ နောက်တခုက ဒေါ်စုက ကိုယ်ကျိုးကို စွန့်ပြီးတော့ အလုပ်လုပ်တယ် ဆိုတဲ့အပေါ် ရပ်တည်ပြီးတော့ ဖြစ်ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်မှုအသစ်၊ ပုံသဏ္ဍာန် အသစ်၊ ဒီလို ပုံသဏ္ဍာန်မျိုးဟာ မြန်မာနိုင်ငံ နိုင်ငံရေးလောကမှာ တခါမှ မရှိခဲ့ဘူး၊ ကမ္ဘာမှာလည်း မရှိဘူး။ အဲဒီ ပုံသဏ္ဍာန်မျိုးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ပေါ်ထွက်လာတယ်’’

’’သူရဲ့ခေါင်းဆောင်မှုကလည်း အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်မှု၊ စွန့်လွှတ်အနစ်ခံနိုင်ငံတဲ့ ခေါင်းဆောင်မှု၊ ဥာဏ်အမြော်အမြင် အပြည့်အဝရှိတဲ့ ခေါင်းဆောင်မှု၊ နိုင်ငံတကာ လူအသိုင်းအဝိုင်းက လက်ခံယုံကြည်နိုင်တဲ့ ခေါင်းဆောင်မှု၊ တိုင်းရင်းသား ပြည်သူအားလုံးကနေ လက်ခံယုံကြည်မှု ဖြစ်တဲ့အခါကျတော့ တိုင်းရင်သားအရေးတွေက ခိုင်မြဲသတဲ့ ခိုင်မြဲလာတယ်။ အဲဒီ ခိုင်မြဲချက်အပေါ်မှာ မူတည်ပြီးတော့ မူဝါဒတွေအပေါ်မှာ မူတည်ပြီးတော့ ဒီနေ့ NLD ပါတီကြီးရဲ့ ခိုင်မာတောင့်တင်းမှုက ပေါ်ပေါက်လာတယ်လို့ ပြောလို့ ရတယ်’’

ဒီကနေ့ ပြည်သူလူထုရဲ့ NLD အပေါ် ထောက်ခံမှုကို ဘယ်လို ကောက်ချက်ချမိပါလဲဗျ။

“ပြည်သူလူထုထောက်ခံမှုက ကြီးမားတယ်ဗျာ၊ သိပ်ကောင်းတယ်ဗျာ၊ သိပ်ပြီးတော့ အင်အားပြည့်ဝတယ်ဗျာ၊ ဘာညာဆိုတာကို ပြောရင် ကျနော်တို့ ခပ်ကြွားကြွားလေး ပြောတယ်လို့ ဖြစ်နိုင်တယ်။ ဒါပေမယ်လို့ တကယ် လူထုကြားထဲမှာ ဆင်းပြီး ကြည့်တဲ့အခါ ပိုပြီး တအံ့တသြ ဖြစ်ရတယ်။ လူထုထောက်ခံမှုက တော်တော်ကို ကြီးတယ်”

’’ဘယ်လို သုံးသပ်ချင်လဲဆိုတော့ ကိုယ့်ကိုယ်ကို ရပ်တည်မှု ခက်ခဲနေတဲ့ အဖွဲ့အစည်းတခုကို၊ ရွေးကောက်ပွဲကိုလည်း မှတ်ပုံလည်း မတင်ဘူး၊ အစိုးရက ပါတီဖျက်သိမ်းတယ်လို့ ပြောခံရပြီးတော့ ဘာဆိုဘာမှ မရှိတဲ့ လှောင်အိမ်လို ဖြစ်နေတဲ့ ပါတီကြီးတခုကို လူထုက ဝန်းရံ ထောက်ပံ့တယ်ဆိုတာဟာ၊ ဖေးမတယ်လို့ ပြောတာဟာ ခပ်ကြွားကြွားပြောတယ် ဖြစ်ဦးမယ်။ တကယ်တမ်းကျတော့ ကြီးမားတယ်ဗျာ’’

’’ကျနော်တို့ ကိုယ်တိုင်ကလည်း သိပ်ပြီးတော့ မယုံဘူးပေါ့၊ ကျနော်တို့ကိယ်တိုင် နယ်တွေ အောက်ခြေတွေဆင်း တယောက်နဲ့တယောက် တွေ့ဆုံဆွေးနွေးတဲ့အခါ ကိုယ်တိုင် အံသြတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူတွေက ကြောက်ချင်တိုင်း ကြောက်နေရတဲ့ အချိန်၊ ဘယ်သူမှ မလုပ်ရဲတဲ့ အချိန်၊ နိုင်ငံရေးပါတီတွေက လုပ်ကို မလုပ်နိုင်တဲ့အချိန်၊ နိုင်ငံရေးပါတီတိုင်း လိုလိုက အသက်တောင် ဝအောင် မရှူနိုင်တဲ့ အချိန်မှာ NLD အနေနဲ့ လူထုထောက်ခံမှု ရတာကိုက တော်တော်ကို အံသြစရာ ကောင်းတယ်လို့ ပြောချင်ပါတယ်’’

ဘာကြောင့်မို့လို့ ထင်လဲခင်ဗျ။

’’ဒေါ်စုရဲ့ ခေါင်းဆောင်မှုက အင်မတန် ခိုင်မာပြီးတော့၊ ဂုဏ်သိက္ခာတွေက မြင့်တက်လာတယ်။ အဲဒီနည်းတူ NLD ကလည်း မြင့်မားလာတယ်။ အဲဒါ တချက်’’

’’နောက်တချက်က NLD က ဂုဏ်သိက္ခာ ရှိတယ်၊ ကျင့်ဝတ်သိက္ခာနဲ့ ညီတယ်။ ကိုယ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တယ်၊ အမြဲတမ်း ထောက်ခံလာခဲ့တဲ့ ဒီမိုကရေစီအရေး၊ လူအခွင့်အရေးဘက်က အဖွဲ့အစည်း ရပ်တည်တယ်ဆိုတော့ လူတွေရဲ့ အရပ်သူ အရပ်သားဆန်ဆန် ပြောရရင် ကျနော်တို့ပါတီက မော်ဒယ် ဖြစ်နေတယ်။ ပြောသင့်တာ ပြောတယ်၊ ဆိုသင့်တာ ဆိုတယ်။ ဆိုတော့ လူထုရဲ့ ထောက်ခံမှု ပိုမို များပြားစေတယ်’’

’’နောက်တချက်က စစ်အစိုးရကန့်သတ်မှု၊ စစ်အစိုးရ မတရားဖမ်းဆီးမှု၊ စစ်အစိုးရရဲ့ ညစ်ပတ်မှုတွေကို ပြည်သူလူထုက မသိချင်အဆုံးပေါ့။ မီဒီယာတွေရဲ့ လုပ်ဆောင်ချက်တွေလည်း ပါတာပေါ့ဗျာ။ အရင်တုန်းကဆိုရင် လယ်သမားတွေက မကျေမနပ်ဖြစ်တယ် ဆိုတာလောက်ပဲ ပါတယ်။ အခုကျတော့ လယ်သမားရဲ့ အသံနဲ့ကို ပါလာတယ်’’

’’တိုင်းပြည်ဘဏ္ဍာက ကျပ်တည်း ကျဉ်းမြောင်းပြီးတော့ စီးပွားရေးအရ ချွတ်ခြုံကျနေတယ်။ သူ့ပတ်ဝန်းကျင်မှာ တရားကျူးလွန်နေတဲ့ အသံတွေ၊ မြစ်ဆုံဒေသမှာ ရေကာတာ တည်ဆောက်ရေး ခံစားနေရတဲ့ အသံ၊ ကရင်ပြည်နယ်မှာ တိုင်းရင်းသူလေးတွေ ခံစားနေရတဲ့ အသံတွေ၊ ကြားနေရတဲ့အခါ ဒီနေ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲကျပ်တည်းခြင်းနဲ့ မတရားမှုတွေ ကျူးလွန်နေတာတွေ ကြားသိခံစားနေရတဲ့ အချိန်မှာ စစ်အစိုးရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ချယ်လှယ်နေတဲ့အပေါ် မုန်းတီးရွံရှာနေတဲ့ အချိန်မှာ NLD ကို နည်းနည်းလေး ပိုထောက်ခံနေတဲ့ သဘောနဲ့ ထောက်ခံတယ်လို့ မြင်ပါတယ်’’

နိုဝင်ဘာ ရွေးကောက်ပွဲကိုရော ဘာထပ်ပြောချင်လဲခင်ဗျ။

’’အဲဒီရွေးကောက်ပွဲက ဘာကို အကျိုးသက်ရောက်စေမလဲဆိုရင် ၂ဝဝ၈ အခြေခံဥပဒေဆိုတဲ့ မတော်မတရားတဲ့၊ လူမဆန်တဲ့ ဥပဒေကို အသက်သွင်းမယ်၊ အတည်ပြုမယ်။ ဥပဒေကို အရာဝင်အောင် လုပ်မယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ကြပါ။ မဲမပေးကြပါနဲ့ သပိတ်မှောက်ခြင်းအားဖြင့် ၂ဝဝ၈ ဥပဒေ၊ မတရားတဲ့ ဥပဒေကို တားဆီးကြပါ၊ ဟန့်တားကြပါ။ ဒါက ကျနော်တို့ရဲ့ ကြွေးကြော်သံ၊ နိုင်ငံရေး ဆောင်ပုဒ်၊ နိုင်ငံရေး တိုက်တွန်းနှိုးဆော်ချက် ဖြစ်ပါတယ်’’

ထိထိရောက်ရောက် ရွေးကောက်ပွဲ သပိတ်မှောက်ရေးအတွက် ဘယ်လိုလုပ်သင့်လဲ။

’’ဘယ်လို လုပ်သင့်လဲ ဆိုတာကတော့ ပြောလို့ မရဘူးဗျာ။ စစ်အစိုးရ လက်ထက်မှာ ဘယ်လို ညှိနှိုင်းလုပ်ကြမယ် ဆိုတာက လုပ်ခွင့်ကို မရှိဘူး။ ဥပမာ - ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ ခွေးကို ချောင်ပိတ်ဖမ်းသလို ဖမ်းမိခံနေရတယ်။ သူတို့ပါတီ မှတ်ပုံတင်တာ၊ ပါတီဝင် စည်းရုံးတဲ့ ကိစ္စတွေ၊ ဘာဆိုဘာမှ မပြောနိုင်ဘူး။ ခွေးချောင်ပိတ် ကန်သလို လုပ်နေတာလည်း သူတို့ မပြောနိုင်ဘူး။ အလားတူ ရွေးကောက်ပွဲ မဝင်တဲ့ ကျနော်တို့လို ပါတီတွေကလည်း စုစည်း ညှိနှိုင်းပြီးတော့ လုပ်နိုင်တဲ့ အခြေအနေမရှိဘူး။ ဘယ်လို လုပ်ရမလဲ ဆိုတာကိုတော့ ညှိနှိုင်းလုပ်ဆောင်ဖို့ မရှိဘူး’’

’’အဖွဲ့တိုင်း အဖွဲ့တိုင်း၊ မီဒီယာ အပါအဝင် အင်အားစုတိုင်းက ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လိုပဲဖြစ်ဖြစ် သိက္ခာချ ပစ်ရမယ်၊ လူထုယုံကြည်မှု ကင်းမဲ့အောင် လုပ်ရမယ်။ ခုန ပြောသလို လုံးဝဥဿုံ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လိုလိမ့်မယ်။ အဲဒီလို သပိတ်မှောက်တဲ့အခါမှာ ဆွေးနွေးညှိနှိုင်းမှုတွေတော့ ရရင်မှ ရမယ်။ မိမိရဲ့ အသိကိုယ်စီ၊ အမြင်ကိုယ်စီနဲ့ မဲမပေးဘူး။ အိမ်တိုင်း မဲမထည့်အောင် လှုံ့ဆော်မယ်။ ရွေးကောက်ပွဲကို မဝင်ဖို့ လုပ်မယ်။ သပိတ်မှောက်မယ်ဆိုတဲ့ ဟာကို ပြန့်ပွားအောင် လုပ်နိုင်မယ်ဆိုရင် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်လို့ မြင်တယ်’’

လက်ရှိ အနေအထားနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက်ပိုင်း ဘယ်လို ကွာခြားမှုတွေ ရှိလာမလဲ။

’’အဲဒါကတော့ ကျနော် မသိဘူးဗျာ။ သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခြင်းဟာ ကျနော်သော်၎င်း၊ ဦးတင်ဦးသော်၎င်း၊ လွတ်မြောက်တဲ့ အချိန်က ပေါ်ပေါက်ခဲ့တဲ့ လူထုရဲ့ ထောက်ခံမှု၊ နိုးကြားမှုတွေထက် အဆပေါင်းများစွာ၊ ရာထောင်ပေါင်းများစွာ ကြီးမားတဲ့ အရာတွေ ပေါ်ပေါက်လိမ့်မယ်။ အဲဒီမှာ လူထုရဲ့ နိုင်ငံရေး လုပ်ချင်တဲ့ စိတ်တွေ၊ နိုင်ငံရေး ဒေါသတွေ၊ နိုင်ငံရေး အားမာန်တွေ အကုန်လုံး ကွာခြားပြီးတော့ ယုံကြည်ချက်တွေ တက်လာလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လူထုရဲ့ အုံကြွမှုနဲ့အတူ ဆက်သွယ်ပြီး လုပ်နိုင်ဖို့အတွက် ဝန်လေးမှာ မဟုတ်ဘူး’’

’’လူထုရဲ့ နိုင်ငံရေး နိုးကြားတက်ကြွမှုတွေနဲ့၊ ဒေါ်စုရဲ့ ထက်သန်နဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေနဲ့ ပေါင်းစပ်ပြီးတော့ မြန်မာပြည်နိုင်ငံရေးမှာ တစုံတရာသော အကျိုးသက်ရောက်မှုတွေ ပေါ်လာမယ်လို့ ကျနော်တို့က ယုံတယ်။ လွတ်လာရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်ခံနေမှာ မဟုတ်ဘူး။ လူထုကလည်း ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုး ပေါ်လာတဲ့ အချိန်မှာ ငြိမ်ခံနေမှာ မဟုတ်ဘူး။ အားလုံးက ကုန်းတော့ မခံဘူး၊ ရုန်းကန်မယ်ဆိုတဲ့ အနေအထားနဲ့ လူထုရဲ့ လှုပ်ရှားမှုတွေက ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော် ထင်တယ်။ ပေါ်ပေါက်လာတဲ့ လူထုလှုပ်ရှားမှုနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က မှန်ကန်တဲ့ ခေါင်းဆောင်မှု ပေးနိုင်မယ်လို့ ကျနော် ယုံကြည်တယ်’’

အာဏာပိုင်ဘက်က ဟန့်တားဖိနှိပ်ဟန့်မှုတွေ လုပ်လာရင် ဘယ်လိုတုံ့ပြန်မလဲ။

’’ကျနော်ဘက်ကတော့ သိပ်ဖြေစရာ မရှိပါဘူး။ ၁၉၈၉ ခုနှစ်မှာ အာဏာဖီဆန်ရေး လုပ်တဲ့အခါမှာ ဖမ်းတာဆီးတာ၊ ဟန့်တားတာတွေ လုပ်ကြတာကအစ၊ ဒီပဲယင်းလို ကိစ္စမျိုး၊ ဒေါ်အောင်ဆန်းစုကြည်လို ကိစ္စမျိုးကို နိုင်ငံတော်ကနေ လုပ်ကြံတယ်ပေါ့ဗျာ။ ဒါမှမဟုတ် နိုင်ငံတော် အဖွဲ့အစည်းက လုပ်ကြံတယ်ပေါ့။ အခုလည်း NLD ကို ဖျက်သိမ်းတယ်ဆိုတဲ့ ၂ဝ၁ဝ ကိစ္စမျိုးတွေမှာ ခုန ပြောသလို ဖမ်းတာဆီးတာ၊ ရိုက်တာနှက်တာ၊ သတ်တာ ဖြတ်တာအဆင့် နောက်ဆုံး ပါတီကို ဖျက်သိမ်းတယ်ဆိုတဲ့ အဆင့်အထိ နည်းမျိုးစုံနဲ့ စစ်အစိုးရကနေပြီးတော့ အကျပ်ကိုင်တာ၊ ဖိနှိပ်တာ၊ ချုပ်ချယ်တာ၊ ကန့်ကွက်တာတွေ လုပ်တော့ ဒါတွေက အမြဲကြုံနေတော့ ဘယ်လိုဟာမျိုးတွေ လုပ်လာရင် ဘယ်လို တုံ့ပြန်မယ်ဆိုတာ ပြောစရာ မရှိဘူး’’

’’ကျနော်တို့ ပြောစရာရှိတာ ဘာလဲဆိုတော့ ဖိနှိပ်ချုပ်ချယ်မှုတွေ အများဆုံးကာလ နှစ်ပေါင်း ၂ဝ တုန်းက ကြုံခဲ့တဲ့ ဖိနှိပ်ချုပ်ချယ်မှု မှန်သမျှကို အရင်တုန်းက တုံ့ပြန်တဲ့ နည်းနဲ့ပဲ တုံ့ပြန်မယ်လို့ ပြောချင်ပါတယ်။ အဲဒီတုံ့ပြန်ခြင်းက ဘာလဲ ဆိုတော့ ကျနော်တို့ အကြမ်းမဖက်ဘူး၊ သို့သော် ကျနော်တို့ ငုံ့လည်း မခံဘူး။ ခေါင်းငုံ့ မခံဘူး၊ အကြမ်း မဖက်ဘူး။ အဲဒါပဲ။ သူတို့ ဘယ်လိုပဲ နှိပ်စက်၊ နှိပ်စက် ကျနော်တို့က ကြောက်လည်း မသွားဘူး။ ကျနော်တို့က မကြောက်တရားနဲ့ ငုံ့မခံတဲ့ ကိစ္စနဲ့ တုံ့ပြန်သွားမယ်။ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ခေါင်းငုံ့ မခံဘူးဆိုတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန်သွားမယ်’’

တွေ့ဆုံဆွေးနွေးရေး မျှော်လင့်ချက်ကရော ဘယ်လို ရှိနိုင်မလဲ။


’’တွေ့ဆုံဆွေးနွေးရေးကတော့ အမှန်တိုင်း ပြောရရင် ပြောလို့မရဘူး။ တချို့က ပြောနေကြသလို သပိတ်မှောက်ခြင်းဖြင့် တွေ့ဆုံဆွေးနွေးလေး လမ်းကြောင်း ပိတ်သွားပြီးတို့၊ စစ်အစိုးရအနေနဲ့ ကြံ့ဖွံ့ပါတီတို့ ဘာတို့နဲ့ အုပ်စီးပြီးတော့ ၂၅ % ရာခိုင်နှုန်း မကတော့ဘဲနဲ့ သူတို့ကိုယ်တိုင် ပါတီဖွဲ့ပြီးတော့ နိုင်ငံရေး ကွက်လပ်ကြီးထဲကို ခြေစုံပစ်ပြီး ဝင်လိုက်ပြီတို့ စသည်အားဖြင့် အမြင့်တွေ ပြောကြတယ်။ အဲဒါတွေကို ကျနော်က အယုံအကြည် မရှိဘူး။ တွေ့ဆုံရေး လမ်းကြောင်းဟာ နှစ်ပေါင်း ၂ဝ ကျော် ပြောလာတဲ့ လမ်းကြောင်း ဖြစ်တယ်။ စစ်အစိုးရဘက်ကလည်း သင့်သင့်တဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့တာ ရှိတယ်။ ဒေါ်စုနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့တာတွေ ရှိတယ်။ ဒေါ်စုနဲ့ ဆက်လက်ဆောင်ရွက်ဖို့အတွက် ဆက်သွယ်ရေး ဝန်ကြီးတွေကိုခန့်အပ်ထားတာတွေ ရှိတယ်’’

’’နိုင်ငံရေးဆိုတာက ဘာပဲပြောနေနေ၊ တဖက်က ရန်သူကို တဖက်က ရန်သူက လုံးဝ နင်းချေပစ်နိုင်တဲ့ အခြေအနေ မဟုတ်သရွေ့ ကာလပတ်လုံး စကားပြောဖို့၊ တွေ့ဖို့ဆုံဖို့ ညှိဖို့ဆိုတာတွေက အမြဲ လုပ်နေရဦးမှာ ဖြစ်တယ်။ တွေ့ဆုံရေး လမ်းကြောင်းကတော့ မပိတ်ဘူး။ အထူးသဖြင့် ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေ၊ ဥပမာအားဖြင့် အမေရိကန်လို့ ဟာမျိုးတွေ၊ တရုတ်လို ဟာမျိုးတွေကအစ အီးယူ (ဥရောပသမဂ္ဂ)၊ အာစီယံ (အရှေ့တောင်အာရှ နိုင်ငံများအသင်း) ကအစ ကူညီသော အသံက ဘာလဲဆိုတော့ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ရင် တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ကြပါ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ကြပါဆိုတဲ့ စကားဖြစ်တဲ့အတွက် ဒီဖိအားပေးမှုတွေ မြင့်သထက် မြင့်လာရင် စစ်အစိုးရဟာ ဘယ်လိုပဲပြောပြော ဒေါ်စုနဲ့ တွေ့ဆုံဖြေရှင်းဖို့ နည်းလမ်းကိုတော့ တနေ့ ကြုံတွေ့လာရတော့မှာပဲလို့ ကျနော် မြင်ပါတယ်’’
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates