အောက်တိုဘာလ (၁၄) ရက် မနက်ပိုင်းကို ရောက်နေပြီပေါ့။ ကျမစိတ်ထဲမှာ အဓိက စိုးရိမ်မိနေတာက ညတုန်းက ကျမခေါ်လိုက်တဲ့ ဖုန်းကြောင့် ဦးဇင်းစိတ်ပူပြီး အိမ်ဘက်ပြန်လှည့်လာမှာကိုပါပဲ။ ကျမတို့ အိမ်ဝန်းကျင်မှာ စရဖ၊ အက်စ်ဘီ၊ ကြံဖွံ့စတဲ့အဖွဲ့ပေါင်းစုံ နေရာယူထားကြတာမို့ ဦးဇင်းတို့ အိမ်ဘက်ကို ပြန်လှည်လာတာနဲ့ အဖမ်းခံရတော့မှာ သေချာနေပြီလေ။ ဒါကြောင့် ကျမ စိတ်ထဲ အတော့်ကို သောကများနေရတာပါ။
မနက်(၉)နာရီလောက်ကျတော့ ရဲအုပ်အဆင့်လောက်အရာရှိက ကျမတို့ဘက်ကိုလာပြီး ပြောသွားတယ်။ ‘‘ခင်ဗျားတို့ အိမ်ပြန်ရတော့မှာပါ’’ တဲ့။ သူတို့က ပြန်ပို့မယ်ဆိုတော့ ကျမတို့လည်း မျှော်နေမိတာပေါ့နော်။ ဒီလိုနဲ့ အဲဒိနေ့ တနေ့လုံး ကျမတို့ ရဲစခန်းထဲမှာပဲနေခဲ့ရတယ်။ စစ်တာမေးတာတော့ မလုပ်ကြတော့ပါဘူး။ နေ့လယ်စာနဲ့ ညနေစာ ထမင်းကိုလည်း ကိုယ့်ဘာသာဝယ်စားလိုက်ရတယ်လေ။ ညမိုးချုပ်တဲ့အထိ ကျမတို့ကို ပြန်ပို့မယ်ဆိုတာကို မျှော်နေမိတာပါ။ ဒါပေမဲ့ အရာရှိအဆင့်တွေ တယောက်မှ ပေါ်မလာဘူး၊ ပြန်ပို့မယ်ဆိုတာလည်းစကားသာ အဖတ်တင်နေတယ် အကောင်အထည်မပေါ်သေးဘူး ဆိုတော့ သို့လော..သို့လောပေါ့။ အစောင့်ရဲသားလေး တဦးကတော့ ပြောရှာတယ်။
အေးပေါ့ သူတို့က မတရားလုပ်ထားတာကို ဖုံးကွယ်ချင်တော့ ငါတို့ကို
သူပုန်လို့ စွပ်စွဲပြီပေါ့။ ပြောကြပါစေဟာ၊ တကယ့်မိကောင်းဖခင်သားသမီးက
ဆင်ခြင်တတ်ပါတယ်။ စဉ်းစားဉာဏ်မရှိတဲ့သူတွေကသာ သူတို့ပြောသလိုထင်၊..
‘‘ညဘက်ကြီး ဖမ်းလာတာဆိုတော့ ညကျမှပဲ ပြန်ပို့ မယ်ထင်တယ်’’ တဲ့။ အင်း…သူကအဲလိုပြောတော့လည်း ဟုတ်သလိုလိုပါပဲလေဆိုပြီး မျှော်ရပြန် သေးတာပဲ။ ည(၈)နာရီလောက်မှ ကျမတို့ကို အိမ်ပြန်ပို့ဖို့ လာခေါ်ကြတယ်။ လာဖမ်းတုန်းကလောက် အုပ်စုတွေမများပေမယ့် အခုလည်း အယောက်(၂ဝ) ဝန်းကျင်လောက် နောက်ကပါတာပဲ။ ကျမတို့အိမ်ကိုရောက်တော့ ပတ်ဝန်းကျင်က လူတွေက ဟိုနေရာတစု ဒီနေရာတစုနဲ့ အကဲခတ်နေကြတယ်။ ကျမတို့ကို ဘယ်လိုထင်နေလဲတော့ မသိဘူး။ အချင်းချင်းတော့ တီးတိုး စကားဆိုနေကြတာ။ ကျမကတော့ ခပ်တည်တည်ပဲ၊ ကိုယ်က မဟုတ်တာလုပ်ထားတာမှ မရှိပဲ။ မတုန်လှုပ်ပါဘူး။ ဒါပေမယ့် သိတယ်မို့လား၊ ကျမတို့နယ်စရိုက်လေ။
နည်းနည်းလေးမလှုပ်လိုက်နဲ့ ရောက်လာကြပြီ၊ ဦးစပ်စု၊ ဒေါ်စပ်စု၊ မစပ်စုတို့တတွေ။ စက်မှုဇုံဆိုတဲ့ နယ်မြေကကျဉ်းတဲ့အပြင်ကို ရက္ကန်းစက်ရုံတွေကလည်း ကျမတို့ အိမ်ဘေးပတ်ပတ်လည်မှာ ရှိနေတော့ လူက ပိုစုံတာပေါ့ အခုလည်းကြည့်၊ ကိုယ့်အိမ်ပြန်ရောက်လို့ လွတ်လွတ်လပ်လပ် အနားယူမယ်ရှိတုန်း ရင်းနှီးတဲ့ မစပ်စုတို့ဆီက သတင်းစကားကြောင့် စိတ်ထဲတယ်ပြီး မကြည်လှဘူး။
‘‘လက်နက်တွေမိသွားလို့ဆို’’
‘‘ဟင်…ဘယ့်နှယ်’’
‘‘ဟုတ်တယ်အမ အပြင်မှာ ပြောနေကြတာ… သေနတ်တွေက အမျိုးစုံ အလက်(၅ဝ)လောက်ရှိတယ်။ လက်ပစ်ဗုံးတွေ၊ ထောင်ဗုံးတွေလည်း မနည်းဘူးဆိုပဲ။ အဲဒါကြောင့် အမတို့အိမ်ကို သက်ဆိုင်ရာက အရေးပေါ်ဝင်စီးပြီး မိသားစုလိုက် ဖမ်းသွားရတာတဲ့’’
‘‘ဟယ်… ယုတ်မာလိုက်ကြတာ.. ငါတို့မိသားစုက အဲလိုလုပ်ပါ့မလားဟ၊ ဘယ်သူတွေက
လွှင့်နေတာလဲ’’
‘‘လူကြီးတွေက ပြောတာတဲ့၊ ပြီးတော့ရှိသေးတယ်။ အမတို့မောင် ဦးဇင်းကလည်း
မြန်မာ့အသံကို ဗုံးခွဲပြီးထွက်ပြေးသွားလို့ အဲဒါ အသဲအသန်လိုက်ရှာနေကြရတာဆိုပြီး သတင်းတွေထွက်နေတယ်’’
‘‘သြော်… အေးပေါ့ သူတို့က မတရားလုပ်ထားတာကို ဖုံးကွယ်ချင်တော့ ငါတို့ကို သူပုန်လို့ စွပ်စွဲပြီပေါ့။ ပြောကြပါစေဟာ၊ တကယ့်မိကောင်းဖခင်သားသမီးက ဆင်ခြင်တတ်ပါတယ်။ စဉ်းစားဉာဏ် မရှိတဲ့သူတွေကသာ သူတို့ပြောသလိုထင်၊ သူတို့ပြောသလို ထပ်ပြောနေကြလိမ့်မယ်နော့။ တကယ်သာ ငါတို့အိမ်က လက်နက်တွေမိသွားလို့ ငါတို့ကိုဖမ်းသွားရတာဆိုရင် ဒီအချိန်မှာ ငါတို့တွေ
ဒီအိမ်ကို ပြန်ရောက်လာစရာ အကြောင်း မရှိဘူးလေ’’
‘‘အင်း… ဟုတ်တယ်နော်၊ အမတို့ကိုဖမ်းသွားတာ မနေ့ညကဆိုတော့ ခုပြန်ပို့တာဆို တရက်ပဲရှိတာပေါ့’’
‘‘ဟုတ်တယ် တရက်ပဲရှိတဲ့အပြင်ကို ငါတို့အားလုံးကို လက်ဖျားနဲ့တောင်မထိကြဘူး၊ အေးအေးဆေးဆေးပဲ၊
ဦးဇင်းဘယ်မှာရှိနိုင်မလဲဆိုတာမေးပြီး အခုပြန်လွှတ်ပေးတာပဲ’’
‘‘ဟုတ်တာပေါ့။ ငွေချည်းမပေးနိုင်လို့ အတိုင်ခံရတဲ့ တချို့လူတွေတောင် သူတို့က အမေနှမ ဆဲပြီး ထိုးကြိတ် ဖမ်းကြတာ၊ သေနတ်တွေ တွေ့တယ်ဆိုရင် အမတို့ဘယ်ချောင်မလဲ။ သူတို့ကို ပုန်ကန်မယ့်သူတွေပဲနော်’’
‘‘အေးပေါ့၊ အဲဒါကြောင့် မိကောင်းဖခင်သားသမီးက နားလည်မှာပါဆို’’
‘‘ဒါနဲ့..အမမောင်ဦးဇင်းကို သူတို့က ဘာဖြစ်လို့ လိုချင်နေတာလဲဟင်’’
‘‘ဦးဇင်းကို သူတို့က ဘုန်းကြီးတွေမေတ္တာပို့တဲ့အထဲမှာ ဦးဆောင်နေတဲ့သူလို့ ထင်နေကြပုံရတယ်။ အဲဒါကြောင့် လိုချင်နေတာဖြစ်မယ်’’
‘‘သြော်…သိပြီသိပြီ၊ လ္ဘက်ရည်ဆိုင်(ဂြိုဟ်တုစလောင်း)မှာ တခါကြည့်လိုက်ရတယ်၊ ရန်ကုန်မှာဘုန်းကြီးတွေ လမ်းလျှောက်ပြီး မေတ္တာပို့ကြတာလေ အများကြီးပဲနော်၊ ကုန်ဈေးနှုန်းတွေကျအောင်ဆိုလားပဲ။ အဲထဲမှာ ဦးဆောင်တာ အမတို့မောင်..ဟုတ်လား အမ’’
‘‘သိဘူးလေ သူတို့ကတော့ တပ်အပ်ကြီးပြောနေကြတာပဲ’’
‘‘သြော် .. ဟုတ်လည်းဘာဖြစ်တာမှတ်လို့၊ ဘုန်းကြီးတွေမေတ္တာပို့တာပဲ
မင်္ဂလာရှိပါတယ်အမရာ ဖမ်းစရာမလိုပါဘူးနော့’’
‘‘အခုဟာက လိုက်ဖမ်းရုံတင်မကဘူးတော်ရေ၊ လမ်းမပေါ်မှာ သေနတ်တွေနဲ့ ပစ်သတ်ပြီးတားလို့ ဘုန်းကြီးတွေ ကိုးယို့ကားယားနဲ့ ထွက်ပြေးကြရ၊ သေကုန်ကြရတာ မနည်းဘူးတဲ့’’
‘‘ဟင် ဟုတ်လားအမ၊ ကျမ ကြည့်ရတုန်းက ဘုန်းကြီးတွေမေတ္တာပို့နေတာ အေးအေးဆေးဆေးပါပဲ’’
‘‘အင်း… ပြောရမှာတော့ အခက်သားနော်၊ သာမာန်အတွေးနဲ့ဆို ယုံချင်စရာကိုမရှိဘူး’’
ဘုန်းကြီးတွေကို လမ်းမပေါ်မှာ စပစ်ပြီဆိုကတည်းက ကျမတို့ဆီမှာ
ဂြိုဟ်တုစလောင်းတွေကို လိုက်ပိတ်ခိုင်းတော့တာ။
ဒီ မစပ်စုလေးက ရက္ကန်းသမလေး။ သူတို့သိတာက ရပ်ကွက်ထဲကအကြောင်း
စပ်စုမယ်၊ ထမင်းစားဖို့ အတွက် ရက္ကန်းယက်မယ်။ သူ့အလုပ်ကဒါပဲရှိတာ၊ သူတို့မှာ သိချင်တတ်ချင်၊ တနည်းအားဖြင့် စပ်စုချင်တဲ့ စိတ်လေးတွေရှိကြပေမယ့် ဘဝပေးအခြေအနေအရ တနေကုန် ယက္ကန်းစက်ဘေးမှာပဲ အချိန်ကုန်နေရတော့ သူတို့ဘဝလေးကို ကျမနှမြောမိတယ်။ အင်း..
သူတို့ဘဝတွေကို နှမြောမိတယ်သာပြောရတာပါ။ ကျမတို့ဘဝ ကလည်း တယ်ပြီးထူးလှတာ
မဟုတ်ပါဘူး။ ဘွဲ့ရပြီး အလုပ်မရှိအကိုင်မရှိနဲ့ မိဘလုပ်စာ ခိုကပ်နေရတာလေ။ အခုလည်းကြည့်… ဂြိုဟ်တုစလောင်းမှာ တခါကြည့်လိုက်ရပြီး
ဘုန်းကြီးတွေမေတ္တာပို့တာ အေးအေးဆေးဆေးပဲလို့ မစပ်စုလေးက ထင်နေတာ။ သူ့မှာ ရေဒီယို နားထောင်ဖို့ အချိန်မရှိသလို ရေဒီယိုလည်း မဝယ်နိုင်ရှာဘူး။
စလောင်းတောင်မှ လ္ဘက်ရည်ဆိုင်မှာ လမ်းကြုံတုန်းဝင်ကြည့်ရတဲ့သဘော၊ ပြီးတော့လည်း ဘုန်းကြီးတွေကို လမ်းမပေါ်မှာ စပစ်ပြီဆိုကတည်းက ကျမတို့ဆီမှာ ဂြိုဟ်တုစလောင်းတွေကို လိုက်ပိတ်ခိုင်းတော့တာ။ အရင်ရက်တွေ တုန်းကတော့ ကျမမောင်လေးတွေလည်း လ္ဘက်ရည်သောက်ရင်း သွားကြည့်ကြတယ်လေ။ နောက်ပိုင်း နယ်ထိန်းက ပိတ်ခိုင်းလို့ဆိုပြီး လ္ဘက်ရည်ဆိုင်လဲ စလောင်းမဖွင့်ရဲတော့ဘူး။ ဒါပေမယ့် တချို့တွေကတော့ ရှေ့ကိုဘာဆက်ဖြစ်မလဲဆိုတာ သိချင်တဲ့စိတ်တွေနဲ့ ခိုးကြည့်ကြပါသတဲ့။ ကျမတို့ကတော့ ရေဒီယိုကပဲ အခြေအနေအရပ်ရပ်ကို နားစွင့်နေကြရတာပေါ့။ ဒီလိုနည်းနည်းပါးပါး သိကြားထားတာလေးနဲ့ ဘုန်းကြီးတွေမေတ္တာပို့တာကို အေးအေးဆေးဆေး ထင်နေတဲ့ ကောင်မလေးအတွက် ကျမ သိသလောက်ကို ပြန်ရှင်းပြပေးလိုက်ရတယ်။
‘‘ဘုန်းကြီးတွေမေတ္တာပို့တာက ကုန်ဈေးနှုန်းတွေကြီးမြင့်ပြီး လူတွေဆင်းရဲဒုက္ခရောက်နေလို့ ပြေလည်ရာ ပြေလည်မှု ရစေဖို့
စေတနာထားပြီးလုပ်ကြတာ၊ မေတ္တာဆိုတဲ့ စိတ်ထားလေးတွေ လူတိုင်းလူတိုင်းမှာ ရှိနေဖို့က အင်မတန် အရေးကြီးတယ်မှုတ်လား၊ ဒါကြောင့် မင်းကွန်းတိပိဋက ဆရာတော်ကြီးတို့ အသက်ကြီးလာတဲ့အခါ တရားပွဲတွေတိုင်း မေတ္တာအကြောင်းနဲ့ သြကာသ ဘုရားရှိခိုးတရားတွေကိုပဲ အဟောများတယ်လို့
ပြောကြတယ်လေ။ ဆရာတော်ကြီးက မေတ္တာဓာတ်တွေခေါင်းပါးရင် လူတွေ ဆင်းရဲဒုက္ခတော့မယ် ဆိုတာကိုသိလို့ မေတ္တာပို့တဲ့ လင်္ကာလေးတွေကိုတောင် နှုတ်တိုက်ချပေးပြီး လိုက်ဆိုခိုင်းခဲ့သေးတာ။ အခုဘုန်းကြီးတွေကလည်း မေတ္တသုတ်ပရိတ်တော်နဲ့ တိပိဋက ဆရာတော်ကြီးမေတ္တာပို့လင်္ကာလေးတွေကို
ဆိုပြီး လူတွေကို အချင်းချင်း စာနာသနားမှုရှိအောင်၊ အပြန်အလှန် မေတ္တာထားတတ်တဲ့ စိတ်ကလေးတွေ ဝင်အောင် ဆိုတဲ့ စေတနာနဲ့ ကြိုးစားကြတာ။ တကယ်တော့ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာ၊
စကြာဝဠာအနန္တမှာရှိကြသူတွေ အားလုံးအတွက်ကို မေတ္တာပို့ကြတာပါ။ အဲဒိအထဲမှာ
သူတို့အတွက်လည်း ပါပါတယ်အေ။ ဒါကြောင့် ဘုန်းကြီးတွေပို့တဲ့ မေတ္တာဟာ ပြည်သူပဲချမ်းသာစေ အုပ်ချုပ်သူ အာဏာပိုင်တွေတော့ ဆင်းရဲစေဆိုပြီးမပါဘူး။ အဲဒါကို ဘုန်းကြီးတွေက လူထုအုံကြွမှုဖြစ်အောင် လှုံ့ဆော်တယ်၊ သူတို့အာဏာကို ထိပါးတော့မယ်ဆိုပြီး ပစ်သတ်တော့တာပဲ’’ ပြောမယ့်သာပြောရတာ။ မေတ္တာပို့တဲ့ ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သတ်တယ်ဆိုတဲ့ စကားကို လက်မခံချင်ကြဘူးဖြစ်နေတယ်။ အဓိကကတော့ မစပ်စုလိုမျိုး လူတန်းစားပိုင်းတွေကပေါ့။ သူတို့က ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယမျိုးတွေ ရှိကြတယ်။ တကယ်တမ်း ဗုဒ္ဓဘာသာဝင်တယောက်ရဲ့ အမြင်နဲ့စဉ်းစားကြည့် ရင်လည်း ဒီကိစ္စက အတော်ကိုယုံရခက်ကြီးဖြစ်နေတာကိုး။ ဒါပေမယ့် ဂြိုဟ်တုစလောင်းကိုခိုးဖွင့်ပြီး တိုက်ရိုက် ကြည့်လိုက်ရသူတွေ ကတော့ မခံချိမခံသာနဲ့ ဆဲဆိုကြိမ်းဝါးနေတော့တာ ကျမတို့နားနဲ့ ဆတ်ဆတ်
ကြားခဲ့ရတာပဲလေ။
မစပ်စုလေးလည်း ကျမပြောတာကို မကောင်းတတ်လို့ နားထောင်ပေးနေတာလား၊ ဒါမှမဟုတ် ထပြန်ရမှာ အားနာလို့လားတော့ မသိဘူး နားတော့ထောင်ပေးနေတာပဲ။ သိပ်တော့ ယုံချင်ပုံ မရဘူးထင်တယ်။
(၁ဝ)နာရီခွဲလောက်ညဉ့်နက်ပြီဆိုတော့မှ နှုတ်ဆက်ပြီး ပြန်သွားတော့ ကျမတို့လည်း အိပ်ရာဝင်ဖို့ ပြင်ရတာပေါ့။ မနေ့က အိပ်ရေးပျက်ခဲ့သမျှကို အတိုးချ အိပ်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ည(၁၁)နာရီ မထိုးခင် အိပ်ရာဝင်ခဲ့ တော့တယ်။
သိပ်မကြာဘူး။ အိမ်ရှေ့က တဒုန်းဒုန်းနဲ့ထုပြန်တယ်။ အဲဒါည (၁၂)နာရီကျော်နေပြီပေါ့။ ကျမတို့လည်း ဒီလူတွေလာ ပြန်ပြီထင်တယ်ဆိုပြီး တံခါး ဖွင့်ပေးလိုက်တယ်။ ရဲမှုးကြီးလှမျိုးရှိန်နဲ့ အပေါင်းအပါတွေ
အိမ်ထဲတန်းဝင်လာပြီး ဟိုကြည့်ဒီကြည့်နဲ့ မျက်စိတွေကစားနေတယ်။ အတော်လည်း စိတ်လှုပ်ရှားနေပုံရသလို မောလည်းမောနေပုံပဲ။
အမေက ဘာကိစ္စရှိပြန်ပြီလဲ ဗိုလ်ကြီးဆိုတော့မှ ခင်ဗျားသားနဲ့ ခင်ဗျားယောက်ျား ဒီအိမ်ထဲမှာရှိတာ ကျုပ်တို့သိထားတယ်။ အဲဒါ ခုချက်ချင်းထုတ်ပေးပါ ဆိုပြီး ပြောတော့တာပဲ။ ကျမတို့ကလည်း ဒါ..ငါတို့ကို တမင် ဒုက္ခပေးနေတာပဲလို့ အစက ထင်ထားမိပေမယ့် ရဲမှုးကြီးလှမျိုးရှိန်ရဲ့ ပုံစံကိုကြည့်ပြီးလည်း စိတ်ထဲတော့နည်းနည်း ထင့်နေမိတယ်။ သူ့ပုံစံက ကျမတို့ကို လာဖမ်းတုန်းကနဲ့ တခြားစီဖြစ်နေတာကိုး။ ဒါပေမယ့် ဦးဇင်းတို့ ပြန်လာတာကို ကျမတို့ သိမထားတော့ မရှိပါဘူး၊ ပြန်လာမှန်းတောင် ကျမတို့ မသိပါဘူးဆိုပြီး ငြင်းကြတာပေါ့။ ဒါပေမယ့်လည်း သူတို့က အိမ်ထဲကို ခွင့်မတောင်းတော့ပဲ ပတ်မွှေကြတယ်။ အိမ်ခြံဝိုင်းကြီးတခုလုံး ချောင်ကြိုချောင်ကြားကအစ မကျန်အောင် မွှေကြတယ်။ အိမ်ခေါင်မိုး ပတ်ပတ်လည်ကိုလည်း ဓာတ်မီးတွေ ထိုးပြီးရှာတယ်။ မြေအောက်ခန်းတွေများ လုပ်ထားတာ ရှိမလားဆိုပြီးတောင် သံသယ ဝင်သေးဆိုပဲ။
သူတို့သံသယဝင်လည်း ဝင်နိုင်စရာပဲကိုး…။ ကျမတို့ အိမ်ဆောက်တာ ဘယ်လက်သမားဆရာမှမခေါ် အပြင်လူမပါပဲနဲ့ အဖေကိုယ်တိုင်ဦးစီးပြီး မိသားစုအားလုံး ဝိုင်းလုပ်ကြရတာ။ အဲဒါကြောင့် ပတ်ဝန်းကျင်က လူတချို့ အဓိကအားဖြင့် ရပ်ကွက်လူကြီးလိုလို
အိမ်ခြံဝိုင်းကြီးတခုလုံး ချောင်ကြိုချောင်ကြားကအစ မကျန်အောင် မွှေကြတယ်။
အိမ်ခေါင်မိုးပတ်ပတ်လည်ကိုလည်း ဓာတ်မီးတွေ ထိုးပြီးရှာတယ်။
မြေအောက်ခန်းတွေများလုပ်ထားတာ ရှိမလားဆိုပြီးတောင် ...
ကြံခိုင်ရေးအသင်းကလိုလို လူတွေ တွေးကြတာ အတွေးမလွန်ပါဘူး။ ဒါပေမယ့် မြေအောက်ခန်း တကယ်မရှိတာတော့ ကျမတို့ကိုယ်တိုင်ပဲ သိတယ်လေ။ ကျမတို့အဖေက လက်မှုပညာ အတော်စုံစုံရတယ်။
အိမ်ထောင်ပရိဘောဂပစ္စည်းတွေဆိုလည်း အတော် လက်ရာမြောက်အောင်လုပ်တတ်တယ်။ အင်ဂျင်စက်တွေလည်း ကျွမ်းကျွမ်းကျင်ကျင် ပြင်တတ်၊ ဆင်တတ်တယ်။ ပြီးတော့ သေနတ်လည်း ပစ်တတ်တယ်။ စစ်တပ်ထဲမှာ ဆယ်နှစ်ကျော် တာဝန်ထမ်း ခဲ့ဘူးတာကိုး။ ဦးနေဝင်း ၁၉၆၂ အာဏာသိမ်းတုန်းက အဖေတို့ ကိုယ်တိုင်ပါခဲ့ရတာ။ ပြည်သူပိုင်သိမ်း တာတွေကအစ လုပ်ခဲ့ရဘူးတယ်လို့ ပြောပြတယ်။ အဲဒီတုန်းက အနိဋ္ဌာရုံတွေကို သံဝေဂရပြီး အာဏာသိမ်းပြီး သိပ်မကြာဘူး၊ အဖေလည်း ဆေးခွင့်နဲ့ စစ်တပ်ထဲက ထွက်ခဲ့တော့တာ။ ဆေးခွင့်လို့သာ နာမည်တပ်ရတာပါ တကယ်တမ်း ကျန်းမာရေးက ခုချိန်အထိ သန်သန်မာမာရှိတုန်းလေ။ ဒါကလည်း အဖေတယောက်တည်း မဟုတ်ပါဘူး။ အတော်များများ ဦးနေဝင်းစစ်တပ်ထဲမှာ မနေချင်တော့လို့ ဆေးလက်မှတ်တွေ လုပ်ပြီး ထွက်ကုန်ကြတာ မနည်းဘူးလို့ ပြောကြတယ်။ အခုနောက်ပိုင်းတော့ဆေးလက်မှတ်နဲ့ ထွက်ခွင့်ရနိုင်ဖို့ မလွယ်တော့ဘူးတဲ့။ ဒါကြောင့် စစ်ပြေးတွေ အတော်များနေတာ ဖြစ်မယ်နော်။
ရဲမှုးကြီးလှမျိုးရှိန်တို့အဖွဲ့ ကျမတို့ အိမ်ကို စိတ်ကြိုက်မွှေနှောက်ရှာဖွေပြီးမှ စာရွက်တွေပြတယ်။ တကယ်ပဲ… ကြေညာချက်တွေ၊ လှုံ့ဆော်စာရွက်တွေ၊ ဒါပေမယ့် ဒီလောက်နဲ့ကတော့ ကျမတို့က မယုံဘူးလေ။ ဒါတွေက သူတို့ လုပ်ကြံမှုလည်း ဖြစ်နိုင်တာပဲမှုတ်လား။ ကျမတို့ကို တမင်စိတ်ဒုက္ခပေးချင်လို့ကို ဒီလို နှောက်ယှက်နေတာလို့ ကျမက တွက်ထားလိုက်တယ်။ ဒါကြောင့် ကျမတို့က မသိဘူး၊ မဖြစ်နိုင်ဘူးလို့ပဲ တွင်တွင်ကြီးပြောနေမိတယ်။ ဒီတော့မှ ဟန်းဆက် အလွတ်တခုကို ပြတယ်။ ဦးဇင်းတို့ စီးလာတဲ့ ဆိုင်ကယ်နံပါတ်တွေ ဆိုင်ကယ်အရောင်တွေကို သိလားမေးတယ်။
ကျမတို့ကတော့ မသိဘူးပေါ့၊ နံပါတ်တွေ၊အရောင်တွေကိုသိဖို့မပြောနဲ့ ဆိုင်ကယ်ရှိမှန်းတောင် မသိဘူးလို့ ဖြေလိုက်တယ်။ တကယ်လည်း မသိပါဘူး။ ပြီးတော့မှ ဒီဟန်းဆက် စာရွက်တွေနဲ့ ဆိုင်ကယ်တစီးကို စက်မှုဇုံ (၃)လမ်းထဲမှာ သူတို့မိလိုက်တယ်။ ဆိုင်ကယ်စီးလာတဲ့ သူတွေကတော့ရှာရင်းနဲ့ ပျောက်သွားတယ်တဲ့။
ကျမတို့လည်း အံ့သြနေတာပေါ့။ သူတို့တွေ အုပ်လိုက်ကြီးလိုက်ဖမ်းတာ မမိဘူးဆိုတော့လည်း ဖြစ်နိုင်ပါ့မလား။ ပြီးတော့ စက်မှုဇုံထဲမှာလည်း သူတို့ လူအင်အားကမနည်းချထားတာ.. ဘာကြောင့် မမိရမှာလဲပေါ့။ ဟုတ်မှ ဟုတ်ပါ့ မလား….။ တကယ်တမ်း ဦးဇင်းတို့သာ စက်မှုဇုံထဲဝင်လာခဲ့ရင် သူတို့လူတွေက ဟိုကတစု ဒီကတစုနဲ့ ထွက်လာပြီး ပိတ်ဖမ်းကြလို့ ဦးဇင်းတို့ ဘယ်လိုမှ ရှောင်လွတ်မှာ မဟုတ်ဘူးလေ။