Saturday 13 December 2008

ဒါက်တာ စင်သီယာမောင် နေရှင်းဆုရရ


Print E-mail
ဇာနည်
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 18:55 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ထိုင်းဘုရင့်သက်တော် ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နေးရှင်းမီဒီယာအဖွဲ့က ချီးမြှင့်သည့် အမိမြေကို အလုပ်အကျွေးပြုသူများဆုကို ထိုင်းမြန်မာနယ်စပ် မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က ယမန်နေ့တွင် ရရှိလိုက်သည်။

ထိုင်း၏ နေ့စဉ်သတင်းစာကြီးဖြစ်သော နေးရှင်းကို ထုတ်လုပ်သည့် နေးရှင်းမီဒီယာအဖွဲ့၏ နိုင်ငံအကျိုးပြုသူများဆု - The Country's Favours Awards ချီးမြှင့်ရေး အစီအစဉ်တွင် ထိုင်းနိုင်ငံ ခရိုင် ၇၆ ခရိုင်မှ ထူးချွန်သူ တဦးစီကို ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင် Tak အတွက် ဒေါက်တာ စင်သီယာမောင်မှ ရရှိခြင်းဖြစ်သည်။

"အခုလို ဆုကို လူမှုအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ ကျမ ရလိုက်တော့ ထိုင်းလူမျိုးတွေအနေနဲ့ မြန်မာပြည်ရဲ့ အခက်အခဲ၊ အကျပ်အတည်းတွေ၊ နောက် မြန်မာပြည်သားတွေရဲ့ သူတို့နိုင်ငံအပေါ်မှာ တာဝန်ယူ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ပိုမို သိမြင်လာမယ်ဆိုရင် လက်ရှိ ဆောင်ရွက်နေတဲ့ ပညာရေး ကျန်းမာရေး လူမှုရေးတွေမှာ ထိုင်းနဲ့ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ထိုင်း ပြည်သူလူထုနဲ့ ပူးပေါင်း ဆောင်ရွက်လာမှုတွေဟာ ပိုပြီးတော့ အားကောင်းလာမယ်လို့ ယုံကြည်ပါတယ်" ဟု ဒေါက်တာ စင်သီယာမောင်က မဇ္ဈိမကို ပြောပြသည်။

ဆုရရှိသူများကို ယမန်နေ့ညက ဘန်ကောက်မြို့ King Power Complex ရှိ Aksra Theatre တွင် ဆုအထိမ်းအမှတ် တံဆိပ်နှင့် ဆုကြေးငွေအဖြစ် ဘတ်နှစ်သောင်းခွဲတို့ကို အခမ်းအနားဖြင့် ချီးမြှင့်ခဲ့သည်။

အဆိုပါဆုအတွက် ထိုင်းနိုင်ငံသား မဟုတ်သော်လည်း ထိုင်းနိုင်ငံတွင် အနည်းဆုံး ၅ နှစ် အနည်းဆုံးနေထိုင်ပြီး ထိုင်းနိုင်ငံကို အကျိုးပြုသူများကို ထိုင်းမီဒီယာများမှ ခရိုင်အလိုက် ဆုရွေးချယ်ရေးအဖွဲ့ကို ဆန္ဒပြုတင်ပြပြီးမှ ရွေးချယ်သည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုမှ ဆုရွေးချယ်ရေး အဖွဲ့သို့ အဆိုပြုသူ ၈၀၀ ကျော် ရှိပြီး ခရိုင်တခုမှ တဦးကျစီ ရွေးချယ်ခဲ့ရာ တက်ခ်ခရိုင်တွင်းမှ အဆိုပြုခံရသူ ၈ ဦးအနက် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ဒေါက်တာ စင်သီယာမောင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင်က "ထိုင်းဘုရင်ရဲ့ မိန့်ခွန်းပေါ့နော်၊ သူတို့နိုင်ငံမှာ နေထိုင်တဲ့သူတွေက ဘယ်သူမဆို တဦးချင်းစီ အနေနဲ့ပဲဖြစ်ဖြစ်၊ အစုအဖွဲ့နဲ့ပဲဖြစ်ဖြစ် နိုင်ငံ့ကောင်းကျိုးအတွက် တစုံတရာကို လုပ်နိုင်တဲ့ အင်အားတွေ ရှိတဲ့သူတွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကောင်းကျိုးလုပ်ဖို့ဆိုတဲ့ မိန့်ခွန်းကို ခဏခဏ ပြောတယ်။ နေးရှင်းအဖွဲ့ကလည်း ထိုင်းဘုရင်ကို ဂုဏ်ပြုတာလဲ ပါတယ်။ နောက်ပြီးတော့ သူတို့ မီဒီယာ အနေနဲ့လည်း ဒေသဆိုင်ရာ လုပ်ငန်းတွေမှာပေါ့နော် အများ မသိဘဲလည်း လုပ်နေတဲ့သူတွေ ရှိတာတွေကို ရှာဖွေ ဖော်ထုတ်ပြီးတော့ ဂုဏ်ပြု ချီးမြှင့်ချင်တာလဲ ပါတယ်" ဟု ပြောပြသည်။

၁၉၈၉ ခုနှစ်မှ စ၍ မယ်တော်ဆေးခန်းကို ဖွင့်လှစ်ပြီး ချို့တဲ့သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသော ဒေါက်တာ စင်သီယာမောင်အနေဖြင့် နိုင်ငံတကာမှ ချီးမြှင့်သော ဆုများကို ရရှိခဲ့ပြီး ထိုင်းနိုင်ငံမှ ချီးမြှင့်သောဆုကို ရရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

သူသည် ပြီးခဲ့သည့် နိုင်ဝင်ဘာလအတွင်းကလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပူးတွဲ၍လည်း စပိန်နိုင်ငံ ကတ်တလိုးနီးယားပြည်နယ် အစိုးရမှ ချီးမြှင့်သော ကတ်တလိုးနီးယား အပြည်ပြည်ဆိုင်ရာ ဆု (Catalonia International Prize) ကို ရရှိခဲ့သေးသည်။

၁၉၈၈ ခုနှစ် လူထုအရေးပုံကာလကဖြစ်ချိန် ဆေးပညာဘွဲ့ရခါစ ဒေါက်တာစင်သီယာမောင်သည် သူ့ဆေးခန်းလေး ဖွင့်ထားသော ကရင်ရွာငယ်တခုမှ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာပြီး နယ်စပ်ရှိ ဟွေးကလုတ် ဒုက္ခသည်စခန်းတွင် နေခဲ့သည်။

ထိုမှတဆင့် နိုင်ငံခြားမှ ကယ်ဆယ်ရေး လုပ်သားများနှင့် ကေအန်ယူမှ ကရင်ခေါင်းဆောင်များ၏ ပံ့ပိုးမှုဖြင့် ဆေးခန်းတခုကို ဖွင့်လှစ်ခဲ့ပြီး ဒုက္ခသည်စခန်းမှ နာမကျန်းသူများ၊ ဒဏ်ရာ ရရှိသူများကို ပြုစုစောင့်ရှောက်လာခဲ့သည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home