ဦးနေဝင်း သမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော
| |
| မဇ္ဈိမသတင်းဌာန |
| စနေနေ့၊ ဒီဇင်ဘာလ 13 2008 17:52 - မြန်မာစံတော်ချိန် |
ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသူ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို စစ်အစိုးရက သောကြာနေ့နံနက်က ရန်ကုန်ရှိ နေအိမ်က လွှတ်ပေးလိုက်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ပါရှိသည်။ အသက် ၅၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန္ဒာဝင်းသည် ခင်ပွန်းဖြစ်သူနှင့် သားသုံးယောက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရစဉ် အင်ယားကန်ဘောင်ပေါ်ရှိ နေအိမ်တွင် အကျယ်ချုပ် ကျခံခဲ့ရသည့်မှာ ၆ နှစ် ကြာမြင့်အပြီး လွတ်မြောက်လာခြင်း ဖြစ်သည်။ ခြွင်းချက်မရှိ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ပြောသည်။ စစ်အစိုးရက ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်ဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် အရှိန်အ၀ါဟောင်းကို အားကိုးကာ လူယုံဖွဲ့၊ လက်ဖွဲ့ အဆောင်အယောင်များ အကူအညီယူကာ အာဏာသိမ်းရန် ကြံစီသည်ဟုဆိုကာ ၂၀၀၂ ခုနှစ်အတွင်းက သေဒဏ် ချမှတ်ထားသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးမှုတခုဖြစ်သည့် သေဒဏ်မှာ ပယ်ဖျက်ထားခြင်း မရှိသော်လည်း သေဒဏ်ပေးထားသူကို နှစ်ရှည် ထောင်ချလေ့ ရှိသည်။ ၁၉၈၈ ခုနှစ်တွင် တရားဝင် ရာထူးမှ အနားယူခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းသည်လည်း သမီးဖြစ်သူနှင့် အတူ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ကျောင်းသားများက စတင် ဆန္ဒပြခဲ့ကြပြီး နိုင်ငံအ၀ှမ်း ကူးစက်သွားခဲ့သည့် ဒီမိုကရေစီစနစ် ကူးပြောင်းရေး လူထုဆန္ဒပြပွဲကြီးများက စစ်ဗိုလ်ချုပ်ကြီးအဖြစ်မှ အရပ်ဘက်ကူးပြောင်းပြီး ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့မှုကို အဆုံးသတ်သွားစေခဲ့ခြင်းလည်း ဖြစ်သည်။ ဒေါ်စန္ဒာဝင်းသည် ဦးနေဝင်း၏ အချစ်ဆုံးသမီးဟု လူသိများပြီး သူမ၏ သားသုံးယောက်မှာလည်း လမ်းသူရဲဂိုဏ်းဝင် လူဆိုးများဖြစ်သည်ဟု ကျော်ကြားသည်။ |



0 Comments:
Post a Comment
Subscribe to Post Comments [Atom]
Links to this post:
Create a Link
<< Home