Saturday, May 24, 2008

မုန်တိုင်းအပြီး ၃ ပတ်အကြာ အနံ့အသက်များ ဆိုးရွား

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 23 2008 23:11 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မုန်တိုင်ဒဏ်သင့် ကျေးရွာများနှင့် မြစ်ချောင်းတလျှောက် ၃ ပတ်ခန့် ကြာမြင့်သည်အထိ ရှင်းလင်းသူမဲ့ ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေသည်။

ဟိုင်းကြီးကျွန်း၊ ဧရာဝတီတိုင်း ဖျာပုံ၊ လပွတ္တာနှင့် ဘိုကလေးမြို့အနီးရှိ ကျေးရွာများတွင် ပြန့်နှံ့နေသည့် လေဘေးသင့် ရုပ်အလောင်းများကြောင့် အနံ့အသက်များ ဆိုးရွားစွာ ထွက်ပေါ်နေကြောင်း ယင်းဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်လုပ်ကိုင်နေသူများက ပြောဆိုကြသည်။

“ဖျာပုံ တဖက်ကမ်း ဒေးဒရဲမြို့နယ်အတွင်းမှာ၊ ဖျာပုံ မြစ်ဝ ကမ်းရိုးတမ်းတလျှောက် ကျေးရွာ တော်တော်များများမှာ လူသေ အလောင်းတွေကို ရှင်းလင်းသူမရှိလို့ ပုပ်တဲ့ အနံ့အသက်တွေ ရှိနေတယ်” ဟု ဖျာပုံဒေသ လေဘေး ကယ်ဆယ်ရေး လုပ်နေသူ ရန်ကုန်သားတဦးက ပြောသည်။

ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်း၊ မှော်ဘီ၊ အချာကြီး၊ အချာလေး၊ လိပ်တလန်ချောင်း၊ စွယ်တော်ကုန်း၊ လေးအိမ်တန်း၊ ဆိတ်လေးကုန်၊ တံတားကြောင်း၊ မြစိမ်းငယ်နှင့် ကွမ်းမှုံကျေးရွာ တလျှောက်တွင်လည်း အလောင်းများ တွေ့ရဆဲ ဖြစ်သည်။

“ဖျာပုံအထွက် မြစ်ကျင်း၊ မြစ်တန်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်နေတဲ့ သူတွေဆိုရင် စာရင်းတောင် မရှိတော့ဘူး။ အကုန်လုံး သေကုန်ကြတယ်။ အဲဒီဒေသမှာဆိုရင် အပုပ်နံ့တွေက အရမ်းကို နံနေတာ” ဟု သူက ဆက်ပြောသည်။

ဟိုင်းကြီးကျွန်း အနီးရှိ ပြင်ခရိုင် ချောင်းဝအုပ်စု၊ ကန်ဆိပ်၊ စက်ဆိပ်၊ ပြင်းဆိပ်နှင့် ဆားကုန်ကျေးရွာများတွင်လည်း အနံ့အသက်များ မကောင်းပုံကို ကယ်ဆယ်ရေး လုပ်ငန်း လုပ်နေသူ တဦးက ပြောသည်။


မဲလိမ်မှုများအပေါ် တရားစွဲဆိုနိုင်ရန် ဒီချုပ်ပြင်ဆင်နေ

ဖနိဒါ
သောကြာနေ့၊ မေလ 23 2008 16:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကျင်းပပြီးစီးခဲ့သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဆိုကာ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားစွဲဆိုပြီး စစ်အစိုးရ ထုတ်ပြန်ထားသော မဲရလာဒ်ကို ပယ်ဖျက်နိုင်ရန် ပြင်ဆင်မှု ပြုလုပ်လျှက် ရှိသည်။

မြို့နယ် ၄၇ မြို့နယ်မှအပ တနိုင်ငံလုံးတွင် မေလ ၁ဝ ရက်က ပြုလုပ်ခဲ့သော ဆန္ဒခံယူပွဲအတွင်း မဲလိမ်မှု အမျိုးမျိုး လုပ်ခဲ့သည် ဆိုခြင်းများနှင့် ပတ်သက်၍ မျက်မြင်သက်သေများ၏ ထွက်ဆိုချက် အထောက်အထားများကို စုစည်းနေခြင်း ဖြစ်သည်။

“ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ အချက်အလက်တွေ ပြည့်စုံရင် ဥပဒေနဲ့အညီ ဖြစ်နိုင်ဖို့ စဉ်းစား ဆုံးဖြတ်ကြမယ်၊ သူတို့ရဲ့ လုပ်ပုံလုပ်နည်းတွေ မဲလိမ်လည်မှုတွေ အားလုံး အသေးစိတ် တပြည်လုံး အတိုင်းအတာနဲ့ရအောင် စုစည်းနေပါတယ်။ ကျနော်တို့ ဗဟိုအဖွဲ့ဝင်တွေ မြို့နယ်၊ တိုင်း အားလုံးကို အချက်အလက်တွေ ရဖို့ စုစည်း ခိုင်းထားတယ်။ တချို့လည်း ရပါပြီ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အဖွဲ့ချုပ်တွင် လက်ရှိအားဖြင့် ပဲခူးတိုင်း ကဝမြို့နယ်တွင် ရပ်ကွက်ကြီး ၆ ခုနှင့် ကျေးရွာအုပ်စု ၉၆ အုပ်စုအတွင်းက မဲလိမ်မှုများအကြောင်း စုစည်း ထားရှိပြီး ဖြစ်သည်။

ရှေ့နေ ဦးအောင်သိန်းက “ဒီလုပ်ရပ်ကတော့ အစိုးရကို တရားစွဲရင်၊ တရားမကြောင်းအရ တရားစွဲရင် စွဲလို့ရမှာပေါ့။ Notice စာထုတ်ပြီး တရားစွဲရမှာပဲ။ ခွင့်ပြုတာ မပြုတာ ရှိမယ်။ တရားစွဲဆိုခွင့်တော့ ဥပဒေအရ ပြဋ္ဌာန်းထားတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်းက ပေးပို့လိုက်သည့် မဲလိမ်မှု လျှောက်လဲစာတွင် ဆန္ဒခံယူပွဲနေ့ မဲပေးရာတွင် ကိုယ်စားမဲပေးခွင့် ပြုလုပ်ခိုင်းခြင်းများနှင့် မဲရုံမှူးများ ကိုယ်တိုင် အစားထိုးမဲများ ထည့်ခြင်းတို့အကြောင်း သက်သေ ထွက်ဆိုချက်များ ပါရှိသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်စီ) နှင့် အတိုက်အခံ အဖွဲ့အစည်းများကလည်း ဆန္ဒခံယူပွဲများတွင် မဲလိမ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲ ပြောဆိုထားပြီး သက်သေ အထောက်အထားများ စုဆောင်းနေသည်။

“မဲလိမ်လည်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာပေါ့နော်၊ ပထမဆုံး အနေနဲ့က သက်သေခံချက်တွေကို ပို့ဖို့အတွက် လုပ်နေပါတယ်။ အထဲမှာသွားပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တဲ့ သက်သေခံ အထောက်အထား ယူခဲ့တာတွေ ရှိတယ်ပေါ့နော်။ အဲလိုပဲ တခြားအတိုက်အခံ အဖွဲ့အစည်းတွေမှာလည်းပဲ သက်သေ အထောက်အထားတွေကို ပူးပေါင်းပြီးတော့ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်ဖို့ ကျနော်တို့ လုပ်နေပါတယ်” ဟု ရှေ့နေများ ကောင်စီမှ ဦးသိန်းဦးက ပြောသည်။

သူက ဆက်ပြီး “အားလုံးက ဒီကိစ္စကို ပြိုင်တူ ဝိုင်းပြီးတော့ တွန်းဖို့ လိုပါတယ်။ ဒီလို ဝိုင်းတွန်းမယ်ဆိုရင် ကျနော်တို့ တစုံတရာ အကောင်အထည် ဖော်နိုင်လိမ့်မယ်။ တဦးတယောက်ထဲ လုပ်လို့ရမှာ မဟုတ်တဲ့ အတွက်ကြောင့် ပူးပေါင်း ဆောင်ရွက်ကြဖို့ စနစ်တကျ ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ ဖြစ်ပေါ်နေချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် စနေနေ့တွင် ကုန်ဆုံးမည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ ဥပဒေအရ ငါးနှစ်ထက် ကျော်လွန်ကာ ချုပ်နှောင်ထားခွင့် မရှိဟု သူမ၏ရှေ့နေ အမေရိကန် အခြေစိုက် ဂျာရတ်ကန်ဆာက ဗီအိုအေ သို့ ပြောကြားခဲ့သည်။

ဒီပဲယင်း အရေးအခင်း ဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၃ ခုနှစ် မေလတွင် နေအိမ် အကျယ်ချုပ် နောက်တကြိမ် ပြန်လည်ချထားခဲ့သည်။ ဒေါ်စုသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်သက်တမ်း ၁၁ နှစ် ကျော်မြင့်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးထားခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကို ၁၉၇၅ ခုနှစ် စတင် ပြဋ္ဌာန်းခဲ့စဉ်က တကြိမ်လျှင် ရက်ပေါင်း (၁၈၀) နှင့် အများဆုံး (၃) နှစ်ထိ ဖမ်းဆီး ချုပ်နှောင့်ခွင့် ရှိသည်ဟု ပြဋ္ဌာန်းခဲ့သည်။ တဖန် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် အကျယ်ချုပ်ကျနေသည့် ၁၉၉၁ ခုနှစ်တွင် အများဆုံး (၅) နှစ်ထိ ချုပ်နှောင်ထားနိုင်သည်ဟု စစ်အစိုးရက ပြင်ဆင် သတ်မှတ်ခဲ့သည်။


နာဂစ် ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ဖြစ်ရပ်ဆိုးများ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 23 2008 15:47 - မြန်မာစံတော်ချိန်

ရန်ကုန် - ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသအတွင်း အခြေအနေများနှင့် စပ်လျဉ်း၍ သတင်းများ အမျိုးမျိုး ထွက်ပေါ် လာနေသော်လည်း၊ ထိုဒေသများသို့ သွားရောက်ခွင့်ကို အစိုးရက ဆက်လက် ကန့်သတ်မှုများ ပြုလုပ်ထားခြင်းကြောင့် လူအသေအပျောက်နှင့် အပျက်အစီး အတိုင်းအတာ ပမာဏကို ယခုတိုင် အတည်ပြု၍ မရသေးဘဲ ရှိသည်။

ဆိုင်ကလုံးမုန်တိုင်း လေဘေး ဒုက္ခသည်များ ရင်ဆိုင် ကြုံတွေ့နေကြရသော ကြောက်မက်ဘွယ် အခက်အခဲများကို အစိုးရက ခွင့်ပြု၍ သွားရောက်ခွင့် ရခဲ့သည့် အနည်းငယ်မျှသော အကူအညီပေးရေး လုပ်သားများနှင့် ထိုဒေသတွင်းသို့ ခိုးဝင်ကာ သတင်းများ ရယူခဲ့ကြသည့် ဒေသခံနှင့် နိုင်ငံတကာ သတင်းသမားများထံမှ တဆင့်သာ သိရှိကြရသည်။

အမျိုးမျိုးသော အကန့်အသတ်များကို ကျော်လွှား၍ မြစ်ဝကျွန်းပေါ် ဒေသသို့ အကြီးအကျယ် စွန့်စား ခိုးဝင် သွားရောက်ခဲ့သည့် ရန်ကုန်မြို့မှ မဇ္ဈိမ သတင်းထောက်က သူမြင်ခဲ့ကြားခဲ့သည်များကို အောက်ပါအတိုင်း ရှင်းလင်း ပြောပြထားပါသည်။

……………….

နာဂစ် ဆိုင်ကလုံးမုန်တိုင်း အကြီးအကျယ် ဖျက်ဆီးခြင်းကို ခံလိုက်ရသည့် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသတွင် ရက်သတ္တပတ် ၂ ပတ် ကြာမြင့်သည်အထိ ရွာများ၏ အဖြစ်အပျက်များ ပုံရိပ်များမှာ အခက်အခဲ အပြည့်၊ စိတ်ပျက် အားငယ်မှု အပြည့်သာ ရှိနေသေးသည်။ အချို့သော ရွာများဆိုလျှင် လူနေအိမ်ခြေများပင် မရှိတော့ပါ။

လပွတ္တာမြို့ တောင်ဘက် လှေဖြင့် ၂ နာရီ ခရီးသွားရသည့် ဘီတွတ်ကျေးရွာတွင် မုန်တိုင်းမတိုက်မီက လူဦးရေ ၉၁၆၉ ရှိခဲ့ပြီး ၉၁၁ ဦး မုန်တိုင်းအတွင်း သေဆုံးခဲ့သည်ဟု သိရသည်။ လူဦးရေ ၁ဝ၆၈၂ ရှိသော မြစ်ပေါက်ရွာတွင် ၄၆၄၉ ဦးသေဆုံးခဲ့ကာ၊ လူဦးရေ ၆၂၁ဝ ရှိသော မောင်ငယ်ရွာတွင် ၁၂၄၇ ဦး သေဆုံးခဲ့သည်။ ထိုရွာတွင် မူလတန်းကျောင်းသား ကလေးငယ်အားလုံး တယောက်မကျန် သေဆုံးသွားခဲ့သည်။

ဒေသခံ စေတနာ့ဝန်ထမ်း တဦးက မေလ (၁၆) ရက်နေ့တွင် ဧရာဝတီ မြစ်လက်တက်တခုတွင် စောင့်ကြည့်ရာ ၃ မိနစ် အတွင်း အလောင်း ၂၇ လောင်း မျောပါသွားသည်ကို တွေ့ခဲ့ရသည်။ ထိုအထဲတွင် ကလေးငယ် ၅ ဦးနှင့် သံဃာတော် ၇ ပါး ပါဝင်သည်။ ဇီးဖြူ ကျေးရွာတွင် သူငယ်တန်းမှ ၇ တန်းအထိ ကျောင်းသားပေါင်း ၁၉၇ ယောက် ရှိရာ မုန်တိုင်း အပြီးတွင် အယောက် ၅ဝ သာကျန်သည်။ စစ်ကုန်းကျေးရွာတွင်မူ ပင်လယ် ဆားငံရေများ ဝင်ကာ ရေလွှမ်းနေသည့် လယ်ကွင်းများထဲတွင် ပုပ်ပွနေသော အလောင်း ၁၂ လောင်း ကို ဟိုနေရာတလောင်း ဒီနေရာတလောင်း ပျံ့ကြဲနေသည်ကို တွေ့မြင်ခဲ့ရသည်။ အနီးအနားတွင် မြေပြင်ပေါ် ပြိုလဲပျက်စီးနေသည့် ဝါးဖြင့် ဆောက်ထားသော တဲအိမ်များကို တွေ့ခဲ့ရသည်။

ကွမ်းခြံကုန်းနှင့် ဒေးဒရဲအကြား ကျေးရွာများသို့ သွားရောက်နိုင်ခဲ့သည့် အခြား ဒေသခံ တဦးကလည်း အလားတူ အသေအပျောက်များ၊ အပျက်အစီးများ၊ တာရှည်နေပြီ ဖြစ်သည့် ဆင်းရဲဒုက္ခများကိုသာ ပြန်လည် ပြောပြကြသည်။ ကြက်ဆင်ဖြူ ကျေးရွာသို့ မေလ (၁၁) ရက်နေ့က သွားရောက်ခဲ့ရာ လူဦးရေ ၁ဝဝ ကျော်တွင် ၈ ဦးသာ မုန်တိုင်းအပြီး အသက်ရှင် ကျန်ရစ်သည်ကိုတွေ့ရသည်။ ထူးခြားသည်မှာ အဆိုပါ အသက်ရှင်ကျန်သူ ၈ ဦးအနက် ၄ ဦးမှာ လသား ကလေးများ ဖြစ်ကြသည်။ ထိုဒေသတွင် အတွေ့ရများသည့် ရာဝင်အိုးကြီးများတွင် ကလေးများကို ထည့်ထားခဲ့သဖြင့်သာ ထိုအိုးကြီးများ မုန်တိုင်းအတွင်း ရေပေါ်တွင် မျောပါကာ ကလေးများ အသက်မသေ ကျန်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် အဆိုပါ လသားကလေးများ အားလုံး ယခုအခါ မိဘမဲ့ ကလေးများ ဖြစ်သွားကြပြီ ဖြစ်သည်။

ကြက်ဆင်ဖြူ ကျေးရွာမှ သူယခင် စာသင်ကြားပေးခဲ့ဖူးသည့် ခေါင်လှသည့် “အမည်မဲ့ ရွာကလေး” သို့ ဆက်လက် သွားရောက်ခဲ့သည်။ “ဘာမှ မရှိတော့ဘူးဗျ၊ ရွာလဲ မရှိတော့ဘူး၊ အိမ်တွေလဲ မရှိတော့ဘူး” ဟု အဆိုပါ ကျောင်းဆရာက သူမြင်ခဲ့ရသမျှကို ပြောပြသွားပါသည်။ သူတွေ့ကြုံခဲ့ရသမျှမှာ အပျက်အစီးပုံများ အောက်က ပေါ်ထွက်လာသည့် သူ့ ကျောင်းသားဟောင်းများ၏ “တစ္ဆေသံများ” သာ ဖြစ်သည်ဟု ဆိုသည်။ ဤဝေးလံ ခေါင်သီလှသည့် နေရာတွင် တချိန်က ရှိခဲ့ဖူးသည့် အမည်မဲ့ ရွာကလေး အကြောင်း ထိုရွာကလေးမှ ရွာသားများ အကြောင်း နောင်တချိန်တွင် သမိုင်းကမေ့ ပျောက်သွားမည်သာ ဖြစ်သည်။

ဤမြင်ကွင်းများကို နိုင်ငံတကာ အကဲခတ်များနှင့် အဖွဲ့အစည်းများက မြင်တွေ့ခွင့် ရကြမည် မဟုတ်ပေ။ သူတို့ကို အဓိက မြို့များဖြစ်သည့် ဒေးဒရဲ နှင့် လပွတ္တာသို့သာ သွားခွင့် ပြုထားသည်။ ထိုအတောအတွင်း ကျေးလက်ဒေသရှိ လေဘေး ဒုက္ခသည်များ၏ ဒုက္ခမှာ တိုး၍သာလာနေသည်။

အဆိုပါ ကျေးရွာများသို့ မုန်တိုင်းကျအပြီး တပတ်အကြာ မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် လိုအပ်သည့် ထောက်ခံမဲများ ရရှိပြီး ဖြစ်သည်ဟု စစ်အစိုးရက မေလ (၁၅) ရက်နေ့တွင် ကြေညာအပြီးတွင်မှ သွားရောက်ခွင့် ပေးခဲ့ခြင်းကို မတွေးတတ်အောင်ပင် ဖြစ်ရသည်ဟု ဒေသခံစေတနာ့ ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။ ဤဆန္ဒခံယူပွဲကို ကျင်းပခဲ့သော ဒေသများရှိ ပြည်သူများက စိတ်လည်း မဝင်စားခဲ့၊ ဝင်ရောက် ဆင်နွှဲနိုင်ခြင်းလည်း မရှိပါ။ ရီစရာကောင်းသည်မှာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြရသော လေဘေးဒုက္ခသည်များကို သူတို့၏ ပျက်စီးသွားပြီ ဖြစ်သည့် ကျေးရွာများသို့ ပြန်ရန် အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက် ရှိပြန်သည်ဟု သတင်းများ ရရှိပါသည်။ အတည်ပြုပြီး ဖြစ်သည်ဟု ကြေညာခဲ့သော အဆိုပါ ဆန္ဒခံယူပွဲကို မုန်တိုင်းဒဏ်ခံ ဒေသများတွင် မေလ (၂၄) ရက်နေ့၌ ထပ်မံ ပြုလုပ်ဦးမည် ဖြစ်သည်။

ဘီတွတ်အကြောင်း ပြန်ပြောရလျှင် စိတ်ပျက်အားငယ်ကာ ကြံရာမရ ဖြစ်နေသည့် လူ ၃ ဦးက အလောင်းများမှ လက်ချောင်းများနှင့် နားရွက်များကို ဖြတ်ကာ လက်ဝတ် ရတနာများ ဖြုတ်ယူခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွါးခဲ့သည်။ ထို့နောက် ၂ ဦးမှာ အာဏာပိုင်များထံ တိုင်ကြားခံခဲ့ရပြီး အကျဉ်းနည်းဖြင့် ကွပ်မျက် စီရင်ခြင်း ခံခဲ့ရသည်။ ယခုအခါ ဤဒေသ တခုလုံးကို မကြေညာသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်လျက် ရှိသည်ဟု ပြောဆိုမှုများ ပေါ်ထွက်နေသည်။

ရေသန့် ဆေးပြားများ မရှိသဖြင့် ဒေသအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါမှာ ကပ်ရောဂါ အသွင်ဖြင့် ဖြစ်ပေါ်လာလျက် ရှိသည်။ ပုပ်ပွနေသော တိရိစ္ဆန် အသေကောင်များ မျောပါနေသည့် ရေကန်များမှ နံစော်နေသည့် ရေများကိုသာ ရွာသားများ သောက်သုံး နေကြရသည်။

သောက်သုံးရေသန့် မရရှိခြင်းက ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေမှု အကြီးအကျယ် မလုံလောက်ကြောင်း၊ ထိုသို့ ဝေငှနိုင်စွမ်း မရှိကြောင်း ပြသနေသည်။ ယခုအခါ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများအတွက် ပုဂ္ဂလိက အလှူရှင်များကိုသာ အဓိက မှီခိုနေရသည်။ ရေနံနှင့် ဓါတ်ငွေ့ဝန်ကြီး၏ ဇာတိရွာ ဖြစ်သည့် မြစ်ဝကျွန်းပေါ်ရှိ ကျုံနဒါးရွာကိုမူ အကြီးအကျယ် ကယ်ဆယ် စောင့်ရှောက်ထားသည်ကို တွေ့ရသည်။ ထိုရွာနှင့် မလှမ်းလှသည့် အိမ် ၂ဝဝ အနက် ၁၉၄ လုံး ပျက်စီးသွားခဲ့ရသည့် ရွာတွင် လူ ၂ဝ သေဆုံးခဲ့သည်။ သို့သော် ကယ်ဆယ်ရေး ပစ္စည်းအဖြစ် ပေးအပ်သည့် ဆောက်လုပ်ရေး ပစ္စည်းများမှာမူ အိမ်တလုံးစာသာ ရှိသည်။ ဒါတောင် ဆောက်လုပ်စရာ လက်နက် ကိရိယာ ဘာမျှမပေး။

ဖျာပုံတွင်မူ ရေတပ် တပ်ကြပ်ကြီးတဦး၏ ပေါ့ဆမှုကြောင့် အာလူခင်းများ ပျက်စီးခဲ့ရသည်။ လပွတ္တာတွင်မူ ကယ်ဆယ်ရေး ပစ္စည်းများကို အစိုးရ ဂိုဒေါင်တွင်းသို့ သွင်းရန် ဒေသခံများကို အခကြေးငွေပေး၍ ငှါးရမ်း ခိုင်းစေခဲ့သည်။ ဤဂိုဒေါင်များမှ ပစ္စည်းများ ဒုက္ခသည်များထံသို့ ရောက်မည် မရောက်မည်ကိုမူ မသိရသေးပါ။ UN, WFP, JICA, MSF, MERLIN and Melteser တို့မှ ဒေသခံဝန်ထမ်းများမှာ သူတို့၏ စေ့စပ် သေချာလှပြီး အလျှံပယ် ပေါကြွယ်ဝလှသည့် စာရွက်စာတမ်း များဖြင့်သာ အလုပ်ရှုပ်နေကြပြီး အကူအညီ အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များထံသို့ အကူအညီများကို မပေးအပ်သေးဘဲ ဆက်လက် ထိန်းသိမ်းထားနေတုံး ရှိသေးသည်ဟု ပြောဆိုမှုများလည်း ပေါ်ထွက်လာနေသည်။ လပွတ္တာတွင် မြို့ပေါ်သို့ ပြောင်းရွှေ့လာသော လူဦးရေက UNDP က ခန့်မှန်းထားသည်ထက် အများကြီး ပိုနိုင်သည်ဟု ပုဂ္ဂလိက လေ့လာ အကဲခတ်သူများက ပြောကြပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဤလယ်သမားများ၏ ရေရှည် အနာဂါတ်ကကော မည်သို့မည်ပုံ ရှိပါမည်လဲ။ လယ်သမားများက သူတို့ချစ်သည့် လယ်ကွင်းများသို့သာ အရောက် ပြန်ချင်သည်ဟု ပြောဆိုကြသည်။ သို့သော် လယ်ကွင်းများ ပျက်စီးပြီး၊ ပိုဆိုးသည်မှာ ကျွဲနွားများလည်း ဆုံးရှုံး ခဲ့ကြရသည့် သူတို့အတွက် ဘယ်လို လယ်လုပ်ရပါမည်လဲ။ စိုက်ပျိုးရေး ဝန်ကြီးကမူ အဆိုပါ ကျွဲနွားတိရိစ္ဆာန်များကို အစားထိုးရန် ယခုနှစ်ကုန်တွင် စက်ယန္တရားများ အလုံအလောက် ရရှိမည်ဟု ဆိုသည်။ နာဂစ်မုန်တိုင်းက ဖျက်ဆီးသွားခဲ့သမျှကို ဤစက်ယန္တရားကြီးများဖြင့် အစားထိုး လုပ်ဆောင်နိုင်မည်ဟု ဆိုသည်။ သို့သော် ဤစက် ယန္တရားကြီးများကို မည်သို့ ကိုင်တွယ်မောင်းနှင်ရမည် ဆိုသည်ကို လယ်သမားများ မသိပါ။ လယ်သမားများကမူ ကျွဲနွားများကိုသာ လိုချင်နေကြသည်။

အပျက်အစီး အတိုင်းအတာကို အထက် အာဏာပိုင်များ မသိစေရန် ဒေသခံ အာဏာပိုင်များက ဖုံးဖိထားသည့် ကိစ္စမှာ ယခုအခါ ပိုမို ထင်ရှားလာနေပြီ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်မတိုင်မီ သူလာမည့် လမ်းတလျှောက် မြစ်ဝကျွန်းပေါ်သို့ ဝင်ရောက်ရာ အဓိက လမ်းမကြီးပေါ်တွင် ပုဂ္ဂလိက အလှူရှင်များ၏ ကားများကို မောင်းထုတ် ဖယ်ရှားခဲ့ခြင်းက ထိုဖြစ်ရပ် မှန်ကန်ကြောင်း သက်သေ ပြနေသည်။ ဗိုလ်ချုပ်မှူးကြီးသည် မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ၂ ပတ်ကြာမှ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အကူအညီပေးရေး လုပ်သားများနှင့် မီဒီယာများမှ တင်ပြသော သတင်းများ အစီရင် ခံချက်များမှာလည်း တဦးချင်းစီ အပေါ်တွင်သာ မူတည်ပြီး အမျိုးမျိုး ကွဲပြားစွာ ဖေါ်ပြနေကြသည်။

သူတို့လုပ်ငန်းတွင် အကူအညီ ရစေရန် အချို့က ပိုပိုသာသာ အကောင်း ရေးနေကြပြီး၊ အချို့ကမူ ကြီးမားသော အတားအဆီး အကန့်အသတ်များကြောင့် အဖြစ်မှန်နှင့် ဝေးလျက် ရှိသည်။

မြစ်ဝကျွန်းပေါ် ကျေးလက်ဒေသ၏ ဘဝမှာ ယခုအခါ လုံးလုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ထို အပျက်အစီးများကို ပြန်လည် ပြုပြင်ရန် လုံလောက်သည့် အကူအညီများ သိသိသာသာ တိုးမြှင့်ရရှိခြင်း မရှိလျှင် အခြေအနေမှာ ပို၍ ဆိုးသွားဘွယ်ရာ ရှိနေသည်။ ယခု အသစ်တဖန် ထပ်မံ စိုးရိမ် နေရပြန်သည်မှာ ဤဒေသ၌ နောက် ၃ လအတွင်း ကြီးမားကျယ်ပြန့်သော ငတ်မွတ် ခေါင်းပါးမှုဘေးကြီးနှင့် ကြုံတွေ့ရမည့် အရေးဖြစ်သည်။ အများအပြား သေကြေ ပျက်စီးခဲ့ရသည့် ဤလူထုထံသို့ နောက်ထပ် အနိဌာရုံများ စုပုံ ရောက်ရှိလာဦးမည် ဖြစ်သည်။


သတင်းထောက် ၉ ဦး စစ်ဆေးခံရ ပြီးပြန်လည်လွတ်မြောက

နန်းဒေ၀ီ
သောကြာနေ့၊ မေလ 23 2008 13:01 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဧရာဝတီတိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း နာဂစ်အပြီး သတင်းသွားရောက်ယူနေသော မြန်မာသတင်းထောက် ၉ ဦးအား အာဏာပိုင်များက စစ်ဆေး မေးမြန်းပြီး တနင်္ဂနွေနေ့တွင် ပြန်လည်လွှတ်ပေးလိုက်သည်။

ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် ၄ ခုမှ သတင်းထောက်များအား ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် လှိုင်ဘုံကြီးရွာတွင် ဒေသခံအာဏာပိုင်များ က စနေနေ့ညတွင် ဖမ်းဆီးခဲ့သည်။

'သူတို့ရောက်ပြီးမကြာဘူး အာဏာပိုင်တွေက သူတို့တည်းနေတဲ့အိမ်က ခေါ်သွားတာပါ၊ ဟိုတယ်က မဟုတ်ပါဘူး၊ ခဏစစ်ဆေးမေးမြန်းပြီးတော့ ဒီရွာကိုနောက်တခါ မလာတော့ပါဘူးလို့ ခံဝန်ချက်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်' ဟု အမည်မဖော်လိုသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

ကြိုတင်အကြောင်းမကြားပဲ လာရောက်သောကြောင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောသည်။

'အာဏာပိုင်တွေက သူတို့ဘယ်သူတွေလဲ၊ ဘာလာလုပ်တာလဲ၊ ဘယ်အဖွဲ့အစည်းကလဲလို့မေးပြီး တနင်္ဂနွေနေ့မှာ ပြန်လွှတ်ပေးလိုက်တယ်' ဟု အယ်ဒီတာမှ ထပ်ပြောသည်။

'သူတို့စနေနေ့ညနေ ရောက်တယ်၊ စစ်တပ်က ညတွင်းချင်းပဲ သူတို့ကိုခေါ်ပြီး လက်မှတ်ထိုးခိုင်းပြီး တနင်္ဂနွေမနက် ပြန်ဖို့ပြောတယ်' ဟု အယ်ဒီတာ က ဆိုသည်။

ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် သတင်းယူနေသော ပြည်တွင်းသတင်းထောက်များအပေါ် ကန့်သတ်ချက်များ ပြုလုပ်နေသော အစိုးရအား သတင်းလွတ်လပ်ခွင့်ကို စောင့်ကြည့်သော မြန်မာသတင်းသမဂ္ဂက ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချလိုက်သည်၊

'ဒီဆိုင်ကလုန်းကြောင့်ပျက်စီးသွားတဲ့နေရာတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အမျိုးမျိုး ချုပ်ချယ်နေတာဟာ အဖြစ်မှန်ကို ဖုံးထားချင်လို့ပဲ၊ ဒါဟာ သဘာဝမကျဘူး' ဟု မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

'သတင်းထောက်တွေကို မလိုအပ်ပဲချုပ်ချယ်နေမဲ့အစား သတင်းစာရှင်းလင်းပွဲတို့ ဒုက္ခသည်တွေရဲ့အခြေအနေအမှန်တွေ၊ ကျေးရွာတွေမှာ ကယ်ဆယ်ရေးအကူအညီတွေ လိုသလောက်မရောက်သေးတဲ့ အကြောင်းတို့ကို အစိုးရက ထုတ်ပြန်ကြေညာသင့်တယ်' ဟု သူက ဆက်ပြောသည်။

ဆိုင်ကလုန်းကြောင့် ပျက်စီးသွားသည့်နေရာများသို့ နိုင်ငံတကာမှ အကူအညီများပေးပို့ခြင်းကို လက်ခံမည်ဟု မြန်မာစစ်အစိုးရက မေလ ၉ ရက်နေ့တွင် ကြေညာခဲ့သော်လည်း နိုင်ငံခြားသားများနှင့် ခွင့်ပြုချက်မပြနိုင်သူများအားရန်ကုန်နှင့်ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ်က ဧရာဝတီနှင့်ရန်ကုန်တိုင်းတို့တွင် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင်မည့် ပုဂ္ဂလိက ကုမ္ပဏီများအား မည်သူမျှကင်မရာ မယူဆောင်သွားကြရန် ပြောသည်ဟု သိရှိရသည်။


အမှန်ပါရှိပြီးသား မဲပေးကဒ်များ ရန်ကုန်မြို့နယ်အချို့တွင် အိမ်တိုင်ရာရောက် လိုက်လံဝေနေ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 23 2008 12:29 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ထောက်ခံမဲအသင့်ပါရှိပြီးသား ဆန္ဒမဲလက်မှတ်များကို အိမ်တိုင်ရာရောက် လိုက်လံဝေငှမှုများပြုလုပ်ကာ မြန်မာစစ်အစိုးရက လက်ကျန် ဆန္ဒခံယူပွဲများတွင် ထောက်ခံမဲအများစုရအောင် ကြိုးစားနေပြန်သည်။

ရန်ကုန်မြို့နယ်များတွင် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးဝန်ထမ်းများက မျက်နှာစာတွင် ပုံနှိပ်ထားသော အမှန်ခြစ်ပါရှိပြီး နောက်ကျောဘက်တွင် မဲထည့်သူ၏ အမည်၊ နေရပ်လိပ်စာတို့ တပါတည်းပါရှိသော မဲလက်မှတ်များကို နေအိမ်များသို့ ယမန်နေ့ညနေမှစ၍ ဝေငှ လျှက်ရှိသည်။

မဲပေးလိုသူသည် မှတ်ပုံတင်ပါ ယူဆောင်လာပြီး ရပ်ကွက် ရယကရုံးများတွင် မတ် ၂၃ နှင့် ၂၄ ရက်များတွင် လာရောက်မဲပေးနိုင်သည်ဟု မဲဝေငှ သူများက ပြောကြားသွားသည်။

" အမှန်ခြစ်က ပုံနှိပ်ထားတာဗျ၊ ဘယ်လောက်ဖျက်ဖျက် မပျက်ဘူး" ဟု မဲလက်မှတ်ရရှိ ထားပြီးဖြစ်သူ တဦးက ပြောသည်။

သို့သော် ယခုကဒ်ပြားများကိုပင် မဲအဖြစ်အသုံးပြုမှာလား သို့မဟုတ် မဲထည့်ခွင့်ရအသိ အမှတ်ပြုကဒ်ပြားလားဆိုသည်ကို အာဏာပိုင်များက လျို့ဝှက်ထားဆဲဖြစ်သည်။

မေ ၂၁ ရက်နေ့ကမူ မဲပေးခွင့်ရရှိသူများကို သက်ဆိုင်ရာမြို့နယ်မှပြင်ပသို့ ခရီးသွားရောက်ခြင်း ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာမြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်းမြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့်လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိ သည်။

အကြီးအကျယ်ဝေဖန်မှုများ ရှိနေခဲ့သော်လည်း မုန်တိုင်းဒဏ် ဆိုးရွားစွာခံနေရသော ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်းမှ ၄၀ မြို့နယ်များတွင် စစ်အစိုးရ၏ အခြေခံ ဥပဒေအပေါ် ဆန္ဒခံယူမှုများ မနက်ဖြန်တွင် ကျင်းပမှာဖြစ်သည်။ ကျန်ဒေသများ ကိုတော့ မေ ၁၀ ရက်နေ့က ဆန္ဒခံယူမှုများ ပြုလုပ်ခဲ့ပြီး ထောက်ခံသူ ၉၂. ၄ ရာခိုင်နှုန်းရှိသည်ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။ အကွက်ဆင် မဲရအောင်လုပ်မှုနှင့် မဲလိမ်မှုသတင်းများ လည်း နိုင်ငံတ၀ှမ်း ပေါ်ထွက်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ၏ ခန့်မှန်းချက်အရ လူတသိန်းကျော်သေဆုံးပြီး လူ ၂ သန်းခွဲ အထိ မေ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခိုက်ခဲ့ သောနာဂစ်မုန်တိုင်းကြောင့် ထိခိုက်နစ်နာမှုရှိသည်ဟု ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အစိုးရ၏ ဆန္ဒခံယူပွဲရလာဒ်များကို အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပယ်ချထားသည်။

မေ ၁ဝ ရက် လူထုဆန္ဒခံယူပွဲမှ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရပြီးဖြစ်သောကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့မှ ၅ သန်းကျော်သော ပြည်သူများ အားလုံးက ကန့်ကွက်သော်လည်း အခြေခံဥပဒေမှာ အတည်ပြုနိုင်မှာ ဖြစ်သည်။


စစ်အစိုးရ၏ လှည့်စားမှုကို ကုလအကြီးအကဲ ခံရမှာ စိုးရိမ်နေကြ

ဆော်လမွန်
သောကြာနေ့၊ မေလ 23 2008 12:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာပြည်ခရီးစဉ်အပေါ် အကြီးအကျယ် မျှော်လင့်ထားကြ သော်လည်း စစ်အစိုးရက ဟန်ဆောင်တင်ဆက်ထားသည့် နေရာများကိုအလည်ခေါ်ပြသပြီး လှည်စားခြင်းကိုခံရမည့်အရေး ဒေသခံကယ်ဆယ် ရေး လုပ်သားများက စိုးရိမ်နေကြသည်။

လမ်းများပေါ်သို့ထွက်ကာ ကယ်ဆယ်ရေးပစ္စည်းများ လာရောက်မည်ကို စောင့်မျှော်နေကြရရှာသည့် လေဘေးဒုက္ခသည်များကို ကမ္ဘာ့အဖွဲ့ အစည်း ကြီး၏ အကြီးအကဲခရီးစဉ်အတွက် ပြင်ဆင်သည့်အနေနှင့် အာဏာပိုင်များက ယခုအခါ လိုက်လံမောင်းထုတ်လျက် ရှိသည်ဟုဆိုသည်။

မစ္စတာဘန်ကီမွန်းသည် ကြာသပတေးနေ့က ရန်ကုန်သို့ရောက်ရှိလာကာ မြန်မာဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး တို့နှင့်တွေ့ဆုံအပြီး၊ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ထွက်ခွါသွားခဲ့သည်။

ကုလအကြီးအကဲအနေဖြင့် အမှန်ရောက်သင့်သောနေရာများသို့ရောက်ပြီး အမှန်တကယ်တွေ့ဆုံရမည့်သူများနှင့် တွေ့ခွင့်မရခဲ့လျှင် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံအကြောင်း တလွဲနားလည်ကာ တလွဲသဘောပေါက်သွားမည့်အရေး မိမိတို့စိုးရိမ်ပူပန်မိသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားများက ပြောဆိုကြပါသည်။

"သူ့ (ကုလအကြီးအကဲ) မြန်မာပြည်ခရီးစဉ်အတွင်း ဖြစ်ထွန်းတိုးတက်မှုတခုခု ရှိလာလိမ့်လို့ ကျနော်တို့မျှော်လင့်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရပြ တာဘဲ ကြည့်ရမယ်ဆိုရင်တော့ သူ့ခရီးစဉ်ကအောင်မြင်မှာ မဟုတ်ဘူး" ဟု ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကယ်ဆယ်ရေးပစ္စည်းများ ဝေငှ ဖြန့်ဖြူးပေးနေသော ဒေသခံအကူအညီပေးရေး လုပ်သားတဦးက ပြောဆိုသွားပါသည်။

ဆိုင်ကလုံးမုန်တိုင်းဒဏ်ကို အဆိုးဝါးအပြင်းထန်ဆုံးခံခဲ့ရသည့် ဝေးလံခေါင်ဖျားသော ဒေသများရှိ သောင်းနှင့်ချီသော ဒုက္ခသည်အများအပြား သည် ယခုထက်တိုင် မည်သည့်အထောက်အပံ့မျှ မရသေးဘဲ ယခုအခါ ငတ်မွတ်ခေါင်းပါးခြင်း၊ ဘေးရောဂါဘယများ ဖြစ်ပွါးသည့်ဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေရသည်ဟု အဆိုပါ အကူအညီပေးရေးလုပ်သားက ပြောသွားပါသည်။

"လူသူ အရောက်အပေါက်နည်းတဲ့ဒေသတွေမှာ မုန်တိုင်းကအသက်မသေ လွတ်မြောက်လာခဲ့သူတွေအတွက် ဘာအထောက်အပံ့မှ မရသေးတာ ကို ကျနော့်မျက်စိနဲ့ ကိုယ်တိုင်တွေ့ခဲ့ရတာပါ။ အရွယ်မရောက်သေးတဲ့ ကလေးတွေအပါအဝင် ကလေးငယ်အများအပြား ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ ဖြစ်နေတာကို ကျနော်တွေ့ခဲ့ရပါတယ်" ဟု သူက ပြောသွားပါသည်။

စစ်အစိုးရခေါ်သွားသည့် နေရာများသို့သာမဟုတ်ဘဲ ဤရင်နင့်ဖွယ် အဖြစ်အပျက်များကို ကိုယ်တိုင်ကိုယ်ကျတွေ့ရှိမှသာ ကုလအကြီးအကဲ အနေဖြင့် အခြေအနေမှန်ကို အကဲဖြတ်နိုင်လိမ့်မည်ဟု ယင်းအကူအညီပေးရေးလုပ်သားက ဆက်လက်ပြောဆိုပါသည်။

"စစ်အစိုးရခေါ်သွားတဲ့ နေရာတွေလောက်သာ သွားပြီးကြည့်ခွင့်ရမယ်ဆိုရင် သူ့အနေနဲ့အခြေအနေမှန်ကို ခန့်မှန်းသိရှိနိုင်ဘို့ဆိုတာ မဖြစ်နိုင်ပါ ဘူး" ဟု ရန်ကုန်ဆင်ခြေဖုံးတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောဆိုသွားပါသည်။

မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်သည့်အနေနှင့် ရန်ကုန်တိုင်းကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့သွားလမ်းတ လျှောက်တွင် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာမည်ကို ငံ့လင့်စောင့်စားနေကြရရှာသည့် လေဘေးဒုက္ခသည်များကို ယခုအခါအာဏာပိုင် များက လိုက်လံမောင်းထုတ်လျက် ရှိသည်ဟု ဆိုသည်။

အနည်းအကျဉ်းသာ မော်တော်ကားလမ်းဖြင့် သူတို့ဒေသသို့ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို ရရှိရန်အတွက် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များသည် ကားလမ်းတလျှောက်ရပ်ကာ စောင့်မျှော်ကြရသည်ဟု ကိုယ်တွေ့ကြုံခဲ့ရသူများက ဆိုပါသည်။

ဒုက္ခသည်စခန်းများကို ပြန်လည်တည်ဆောက်ပြင်ဆင်နေကာ ဆိုင်ကလုံးမုန်တိုင်းဒုက္ခသည်အများအပြားကို ယင်းတို့ခိုလှုံနေရာဘုန်းကြီးကျောင်း များမှ မောင်းထုတ်လျက်ရှိသည်ဟု လပွတ္တာမြို့မှ ဒေသခံများက ပြောပါသည်။

ထိုအတောအတွင်း မစ္စတာဘန်ကီမွန်းသည် မြန်မာစစ်အစိုးရအရာရှိကြီးများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံအပြီး မုန်တိုင်းအပျက်အစီးများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာအကဲခတ်နိုင်ရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဦးတည်ထွက်ခွါသွားခဲ့သည်ဟု သိရသည်။

မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရန် မစ္စတာဘန်ကီမွန်းသည် နေပြည်တော်သို့ သောကြာနေ့တွင် သွားရောက် မည် ဖြစ်သည်။ တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့၌ကျင်းပမည့် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များအတွက် အကူအညီပေးရေး ကွန်ဖရင့်တွင်လည်း သူသည် သဘာပတိအဖြစ် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်သည်။


မေ ၂၄ ဆန္ဒခံယူပွဲအတွက် ကြိုတင်မဲကောက်နေ

မောင်ဒီး၊ ဂျုံမန်း
သောကြာနေ့၊ မေလ 23 2008 09:45 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် အနိုင်ရပြီးဖြစ်နေသည့် နအဖအာဏာပိုင်များက မေလ ၂၄ ရက်နေ့ လူထုဆန္ဒခံယူပွဲတွင်လည်း ထောက်ခံမဲများများရစေရန် ရန်ကုန်တိုင်းအတွင်း၌ ကြိုတင်မဲ ကောက်ခံမှုများ လုပ်ဆောင်နေသည်။

ရန်ကုန်တိုင်း သင်္ကန်းကျွန်းနှင့် သုဝဏ္ဏမြို့နယ်များတွင် ဒေသအာဏာပိုင်များက တအိမ်တက်တအိမ်ဆင်း ထောက်ခံမဲရရှိရေး လုပ်ဆောင်နေ သည်ဟု ဒေသခံများအဆိုအရ သိရသည်။

“ရယကလူကြီးတွေက အိမ်ထိကို ပေါက်ချလာပြီး မဲရုံကို သွားနေစရာ မလိုပါဘူး၊ ဒီမှာပဲ အမှန်ခြစ်ပါ ဆိုပြီး လာပြောတယ်” ဟု သုဝဏ္ဏ၌ နေထိုင် သူတဦးက ပြောသည်။

အင်းစိန်နှင့် လှိုင်သာယာမြို့နယ်များ၌လည်း ရယက ဥက္ကဋ္ဌနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တို့က တအိမ်တဆင်း လာရောက်သလို၊ ဒုက္ခသည် စခန်းမှ ဒုက္ခသည်များထံမှ ကြိုတင်မဲကောက်ခံနေရာ စားဝတ်နေရေးထက် ဘာမှစိတ်မဝင်စားနိုင်ဟု ဒုက္ခသည်များက ပြောနေကြသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ ဟိုင်းကြီးကျွန်းတို့တွင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်များက ကြိုတင်မဲ ထည့်နိုင်သည်ဟု လာရောက်ကောက် ခံရာ စားဝတ်နေရေးအတွက် ခေါင်းခြောက်နေရသည့် လေဘေးဒုက္ခသည်များက ဆဲဆိုမောင်းထုတ်ရသည်အထိ ဖြစ်ခဲ့သည်ဟု ဒေသတွင်းသ တင်းများအရ သိရသည်။

ဝန်ကြီးဦးအောင်သောင်း၏ စက်မှု ၁ ဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံများမှ အလုပ်သမားများ၏ မိသားစုများမှာလည်း ကြိုတင်မဲပေးနေရပြီး စက်ရုံအလုပ်သမားများမှာ စက်ရုံခေါင်းဆောင်များ၏ ရှေ့မှောက်၌ မဲပေးရသည်ဟု အလုပ်သမားတဦးက ပြောသည်။။

“မဲပုံးတွေလည်း မထားဘူး။ ကျနော်တို့က စက်ရုံခေါင်းဆောင်တွေရဲ့ ရှေ့မှာ မဲထည့်ရတာဆိုတော့ ကြက်ခြေခတ်ချင်ရင်တောင် ဘယ်လိုကြက်ခြေ ခတ်ရဲတော့မှာလဲ” ဟု စက်ရုံအလုပ်သမားက ပြောသည်။

နာဂစ်မုန်တိုင်းဒဏ်ထိ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၄ဝ နှင့် ဧရာဝတီတိုင်းရှိ ၇ မြို့နယ်တို့ကို ချန်လှပ်ကာ စစ်အစိုးရက လူထုဆန္ဒခံယူပွဲကို ကျန်တိုင်းနှင့် ပြည်နယ်များတွင် မေလ ၁ဝ ရက်နေ့က ကျင်းပခဲ့ရာ ထောက်ခံမဲ ၉၂ ဒဿမ ၄ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု စစ်အစိုးရ ပြောဆိုခဲ့သည်။

မေ ၁ဝ ရက် လူထုဆန္ဒခံယူပွဲမှ ထောက်ခံမဲ ၉၂ ရာခိုင်နှုန်းကျော် ရပြီးဖြစ်သောကြောင့် ရန်ကုန်နှင့်ဧရာဝတီတိုင်းတို့မှ ၅ သန်းကျော်သော ပြည်သူ များ အားလုံးက ကန့်ကွက်လည်း နအဖနိုင်နေပြီး ဖြစ်သောကြောင့် မေ ၂၄ ရက်နေ့တွင် ကျင်းပနေခြင်းထက် လေဘေးကယ်ဆယ်ရေးကိုသာ ဇောက်ချလုပ်သင့်ပြီဟု ရန်ကုန်မှ အနုပညာရှင်တဦးက ပြောဆိုလိုက်သည်။


ရန်ကုန်ရှိ ဒုက္ခသည်များကို အာဏာပိုင်များက နေရာရွှေ့ပြောင်းခိုင်း

ဝိုင်းပီး
သောကြာနေ့၊ မေလ 23 2008 09:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်းရှိ တံတွေး-ဘိုကလေး အဝေးပြေးလမ်းမပေါ်တွင် ကူညီမည့်သူများကို စောင့်မျှော်နေသည့် လေဘေးဒုက္ခ သည်များကို ဒေသအာဏာပိုင်များက ယမန်နေ့ ညနေပိုင်းမှ စတင်ကာ မောင်းထုတ်နေသည်။

ကယ်ဆယ်ရေး အကူအညီများကို စောင့်မျှော်နေကြသည့် တံတွေး၊ ကော့မှူး၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးစသည့်ရပ်ရွာများမှ အုပ်စုလိုက်၊ အဖွဲ့လိုက် ရှိသည့် ဒုက္ခသည် ၁ သောင်းနီးပါးကို ရပ်ကွက်အာဏာပိုင်များနှင့် ကြံ့ဖွံ့များမှ မောင်းထုတ်နေခြင်း ဖြစ်သည်။

"လူကြီးလာမယ်။ လမ်းမမှာ မနေရဘူးတဲ့" ဟု ရန်ကုန်မြို့ဒေသခံတဦး အဆိုအရ သိရသည်။

ရန်ကုန်မြို့အစွန် ကွမ်းခြံကုန်းဆင်ခြေဖုံးရွာနှင့် ဒဂုံမြို့သစ်တောင်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင်မနေဘဲ ရပ်ကွက်လမ်းမတွင် ဒုက္ခသည်များပြန့်ကျဲ နေရာ ဒေသအာဏာပိုင်များက နေရင်းစခန်းသို့ ပြန်ပို့နေသည်။

တောင်ဒဂုံမှ ဒုက္ခသည်များကိုလည်း ၁၇ ရပ်ကွက်အနီးရှိ သတ်မှတ်ထားသည့် ယာယီစခန်းများတွင်သာ သွားရောက်နေထိုင်ခိုင်းပြီး လက်ရှိနေ ထိုင်သည့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများတွင် ဆက်လက်နေထိုင်ခွင့် မပြုဘဲ ရှင်းလင်းနေသည်။

ဒုက္ခသည်များအတွက် အာဏာပိုင်များ ဆောက်လုပ်ပေးထားသည့် ယာယီစခန်းများတွင် အစားအသောက် ကူညီမည့်သူများအနေနှင့် ဝေးလံ၍ မလာရောက်နိုင်သောကြောင့် လမ်းမပေါ်ထွက်ကာ ကူညီမည့်သူများကို ယခုလို စောင့်မျှော်နေရခြင်းဖြစ်သည်။

"ယာယီစခန်းက အရမ်းဝေးတယ်။ အစားအသောက်တွေ ကူညီမယ့်လူတွေ မလာဘူး။ အဲဒါကြောင့် ဒုက္ခသည်တွေက မသွားချင်ကြတာပါ" ဟု တောင်ဒဂုံဒေသခံက ပြောသည်။

ယခုလို ဖြစ်ရပ်သည် ကုလအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ရောက်ရှိလာခြင်းနှင့်လည်း ပတ်သက်နိုင်သည်ဟု သူက သုံးသပ် သည်။

"ဘန်ကီမွန်းလာလို့ ပြန့်နေတဲ့လူတွေကို စုစည်းတာပေါ့။ နောက် သူတို့ အိမ်ရှိခဲ့တဲ့ နေရာတွေ ပြန်ခိုင်းတာတွေလည်း ရှိတယ်။ အိမ်မရှိတော့လို့ လည်း နီးစပ်တဲ့ နေရာတွေမှာ နေကြပါဆိုပြီး ဘုန်းကြီးကျောင်းတွေကလည်း မောင်းထုတ်တာ။ ဒုက္ခသည်နည်းအောင် ပြချင်တဲ့ သဘောပေါ့" ဟု သူက ပြောသည်။


ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် ဝါရင့်အဖွဲ့ ပြော

နေသွင်
ကြာသပတေးနေ့၊ မေလ 22 2008 16:21 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လေမုန်တိုင်းဒဏ် ခံနေရသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်ရေး လုပ်ရာတွင် အင်ဒိုနီးရှား နိုင်ငံ၏ ဆူနာမီ အတွေ့အကြုံကို နမူနာယူရန် ပြည်တွင်းမှ ဝါရင့် နိုင်ငံရေးသမားကြီးများက စစ်အစိုးရကို ယနေ့ တိုက်တွန်း လိုက်သည်။

၂ဝဝ၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ဆူနာမီရေလှိုင်း ကျရောက်စဉ်က ပြည်တွင်းနိုင်ငံရေး ပြဿနာများ ရှိနေသော်လည်း နိုင်ငံတကာမှ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည့် နမူနာကို လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်ဟောင်းများက နမူနာပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

နိုင်ငံတကာမှ အကူအညီများကို ပိုမို ဖွင့်ပေးရေးအတွက် စစ်အစိုးရကို လာရောက် တိုက်တွန်းသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီးစဉ်နှင့် အချိန်ကိုက် ထွက်ပေါ်လာသော ဝါရင့်များ၏ တိုက်တွန်းချက်တွင် “ဆူနာမီ ငလျင်ဘေးဖြစ်စဉ်က အင်ဒိုနီးရှား၊ အာချေးပြည်နယ်၌ ပြည်တွင်း နိုင်ငံရေးလုပ်ငန်း၊ အရှုပ်အထွေး မသင့်မတင့် ဖြစ်နေလင့်ကစား နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတကာ အကူအညီ ပေးသူများကို အတားအဆီးမရှိ လွတ်လပ်စွာ ကူညီခွင့်ပေးခဲ့သည်ဟို နမူနာယူ၍ ဆောင်ရွက်သင့်ပါကြောင်း” ဖော်ပြထားသည်။

စစ်အစိုးရ အနေဖြင့် ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့၏ အကူအညီ သာမက ချမ်းသာသော နိုင်ငံများမှ ငွေကြေးနှင့် နည်းပညာ အကူအညီကို အလျင်အမြန် တောင်းခံပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။

မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော မြို့ရွာ ပြန်လည် ထူထောင်ရေးသာမက ရေလုပ်သားများ၊ လယ်သမားများ လုပ်ငန်းခွင် အချိန်မီ ဝင်ရောက်ရေးအတွက်လည်း “လယ်ယာ အမတော်ကြေး (စိုက်ပျိုးရေးချေးငွေ)၊ အခြားထုတ်လုပ်မှု ချေးငွေများကို စနစ်တကျ ပံ့ပိုးကူညီပေးရန်၊ မိမိတို့အနေဖြင့် လုံလောက်အောင် မပံ့ပိုးနိုင်ပါကလည်း ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီး အထူးသဖြင့် ချမ်းသာ ကြွယ်ဝသော နိုင်ငံကြီးများထံမှ အကူအညီ တောင်းခံ၍ အဆောတလျင် ဆောင်ရွက်ပါရန်” လည်း တိုက်တွန်းထားသေးသည်။

စစ်အစိုးရက မုန်တိုင်း ကျရောက်ပြီး ရက်သတ္တပတ် ၂ ပတ်အကြာတွင် ပြုလုပ်သော အာဆီယံ နိုင်ငံများ၏ အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတကာ အကူအညီများကို အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံ လမ်းကြောင်းမှတဆင့် ခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

အာဆီယံကလည်း သူတို့၏ ကြေညာချက်တွင် မြန်မာပြည်၏ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆူနာမီ အတွေ့အကြုံများအပေါ် အခြေခံကာ လုပ်ဆောင်သွားမည်ဟု ဆိုသည်။

၂ဝဝ၄ ခုနှစ် ဆူနာမီကြောင့် အင်ဒိုနီးရှား နိုင်ငံတွင် လူပေါင်း ၁ သိန်း ၂ သောင်းကျော် သေဆုံးကာ ၃ သောင်း ၇ ထောင်ကျော် ပျောက်ဆုံးခဲ့သည်ဟု အင်ဒိုနီးရှား အစိုးရက ထုတ်ဖော် ပြောဆိုခဲ့သည်။ လူဦးရေ ၆ သိန်းခွဲခန့်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်ဟု ကုလသမဂ္ဂက သတင်း ထုတ်ပြန်ခဲ့သည်။

ဆူနာမီဒဏ် အဆိုးဆုံး ခံခဲ့ရသော အာချေးဒေသတွင် ဆူနာမီအလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် အာချေး ခွဲထွက်ရေး သူပုန်များနှင့် အစိုးရ အကြားတွင် ငြိမ်းချမ်းရေး ရသည်အထိ နားလည်မှု တည်ဆောက်နိုင်ခဲ့သည်။

မေလ ၂-၃ ရက်နေ့များတွင် တိုက်ခတ်သွားသော နာဂစ် မုန်တိုင်းကြောင့် မြန်မာပြည်တွင် သေဆုံးသူနှင့် ပျောက်ဆုံးသူ ၁ သိန်း ၃ သောင်းကျော်ရှိဟု နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ယခုအချိန်အထိ မုန်တိုင်းကြောင့် ဒုက္ခရောက်သူ လူပေါင်း ၂ သန်းခွဲအနက် ၄ ပုံ ၁ ပုံသာ အကူအညီ ရရှိနေသည်ဟု ကုလသမဂ္ဂက ပြောဆိုနေသည်။


အတိုက်အခံလူငယ် ၁၃ ဦးကို စစ်အစိုးရဖမ်းဆီး

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 22 2008 16:13 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာ စစ်အစိုးရသည် အတိုက်အခံ အင်အားစုကို ကစဥ့်ကလျားဖြစ်အောင် ကြိုးစားသည့် အနေနှင့် တိုင်းပြည်၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ လူငယ်ခေါင်းဆောင် ၁၃ ဦးကို ယနေ့ ကြာသပတေးနေ့တွင် ဖမ်းဆီးလိုက်သည်ဟု အကြီးတန်း ပါတီဝင်တဦးက ပြောဆိုလိုက်ပါသည်။

အဆိုပါ အရေးပါသည့် ဒီချုပ်လူငယ် ခေါင်းဆောင်များကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အရာရှိများ၊ ရန်ကုန် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့က ကြာသပတေးနေ့ နံနက်စောစောတွင် ဝင်ရောက်စီးနင်း ရှာဖွေ ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒီချုပ် အကြီးတန်း အဖွဲ့ဝင်တဦး ဖြစ်သော ဦးအောင်သိန်းက မဇ္ဈိမကို ပြောကြားသွားပါသည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် သတင်းတပ်ဖွဲ့မှ ရဲအရာရှိများ ပါဝင်သော အဖွဲ့သည် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် သူတို့ နေအိမ်သို့ လာရောက်၍ မဥမ္မာကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု သူနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုလိုက်ပါသည်။

“သူတို့ပြောတော့ ပြောစရာရှိလို့ပါ ဆိုပြီးခေါ်သွားတာဘဲ။ ဖမ်းတာ မဟုတ်ပါဘူးလို့တော့ ပြောတယ်၊ ဒါပေမဲ့ ခုထိပြန် မလာသေးဘူး” ဟု မဥမ္မာ၏ မိသားစုဝင်တဦးက မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြောဆို သွားပါသည်။

အဆိုပါ ရဲအရာရှိများ စီးလာသည့် ဟိုင်းလပ်ကားပေါ်တွင် အခြား ဒီချုပ်လူငယ် ခေါင်းဆောင်များ ဖြစ်ကြသော မပပ၊ မချို၊ ကိုလေးလွင် တို့ကို တွေ့လိုက်ရသည်ဟု အမည်မဖေါ်လိုသူ အဆိုပါ မိသားစုဝင်က ပြောသွားပါသည်။

ထွန်းဇော်ဇော်၊ ခင်ထွန်း၊ ဥမ္မာ၊ မပပ၊ မချို နှင့် ကိုပေါက်တို့ အပါအဝင် ဒီချုပ် လူငယ်ခေါင်းဆောင်များသည် ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များကို ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် တက်တက်ကြွကြွ ရှေ့ဆောင်၍ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသူများ ဖြစ်သည်။ ယခုအခါ ဒေးဒရဲမြို့သို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်ဘို့ စီစဉ်နေကြဆဲ ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ်သည်ဟု မဥမ္မာ၏ မိသားစုဝင်တဦးက ပြောသွားခဲ့ပါသည်။

“ကျနော်တို့ အရမ်းဘဲ စိုးရိမ်တာပါဘဲ၊ သူ့အမေဆိုရင် စားတောင် မစားနိုင်ဘူး” ဟု မဥမ္မာ၏ မိသားစုဝင်က ဆက်လက် ပြောဆိုသွားပါသည်။

ကိုထွန်းဇော်ဇော်၊ ကိုခင်ထွန်း၊ မဥမ္မာ၊ မပပ၊ မချို နှင့်ကိုပေါက်တို့အပါအဝင် ဒီချုပ်လူငယ် ခေါင်းဆောင်များသည် မေလ (၁ဝ) ရက်နေ့တွင် ကျင်းပခဲ့သော ဆန္ဒခံယူပွဲ၌ စစ်အစိုးရ၏ မသမာမှုများကို ဖေါ်ထုတ် ဖွင့်ချရန်လည်း တက်တက်ကြွကြွ လုပ်ဆောင်နေကြသူများ ဖြစ်သည်။

ဒီချုပ် လူငယ်ခေါင်းဆောင်များကို မည်သည့် အကြောင်းကြောင့် ဖမ်းဆီးသွားကြောင်း ရှင်းလင်းစွာ မသိရသေးသော်လည်း ယနေ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ခရီးစဉ်နှင့် ဆက်စပ်နေဘွယ် ရှိသည်ဟု ဦးအောင်သိန်းက ပြောပါသည်။

ကမ္ဘာ့ အဖွဲ့အစည်းကြီး၏ အမြင့်ဆုံး ခေါင်းဆောင်ကြီးသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို ဝင်ရောက်ခွင့်ပြုရေးအတွက် မြန်မာစစ်အစိုးရကို ဆွဲဆောင်သိမ်းသွင်းရန် ယနေ့ ရန်ကုန်မြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီလူတွေက ဒီချုပ်ရဲ့ အဓိက လူငယ် ခေါင်းဆောင်တွေဗျ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေ ဘယ်လို လိမ်လည်ရယူသွားတယ် ဆိုတာ ဖေါ်ထုတ်ဘို့ လျှို့ဝှက် လုပ်ဆောင်နေကြသူတွေလဲ ဖြစ်ပါတယ်” ဟု ဒီချုပ် လူငယ်တဦးက ပြောဆို သွားပါသည်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပအပြီး ၅ ရက်အကြာ မေလ (၁၅) ရက်နေ့တွင် ဖွဲ့စည်းပုံ ဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံခဲ့ကြောင်း စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် မြို့နယ် ၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပမည့်ရက်ကို မေလ (၂၄) ရက်နေ့ အထိ စစ်အစိုးရက ရွှေ့ဆိုင်းထားခဲ့သည်။


မြို့တွင်း ကန့်သတ်မိန့် ရန်ကုန်တွင် ထုတ်ပြန်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲ နီးလာချိန်တွင် ရန်ကုန်မြို့တွင် တားမြစ်အမိန့်တခု အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

"မေ ၂၃ ရက်နေ့နှင့် ၂၄ ရက်များတွင် ဆန္ဒမဲပေးရန် ကျန်ရှိသော မြို့နယ်နေ ပြည်သူများ အနေဖြင့် မိမိသက်ဆိုင်ရာ မြိ့နယ်များ ပြင်ပသို့ သွားရောက်ခြင်းအား တားမြစ်သည်" ဟု မြို့တွင်း မြို့နယ်များတွင် ရဲများ လိုက်ပါလာသော ကားနှင့် လှည့်လည်အော်သော ကြေညာချက်တွင် ပါရှိသည်။

တားမြစ်ချက်ကို မလိုက်နာသူကို မည်သို့ အရေးယူမည်ကို ထည့်သွင်း ပြောဆိုထားခြင်း မရှိသော်လည်း ဘယ်အတွက်ကြောင့် တားမြစ်သည်ကို ရန်ကုန်မြို့သားများ နားမလည်နိုင်ဘဲ ဖြစ်နေသည်။ ထို ထူးဆန်းသော ကြေညာချက်ကို မကြားလိုက်မိသူများလည်း အများအပြား ရှိနေသည်။

မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းနှင့် ရန်ကုန်တွင်းရှိ မြို့နယ် ၄၇ မြို့နယ်တွင် စစ်အစိုးရ စိတ်ကြိုက်ဖြစ်သော အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲများ မေ ၂၄ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်သည်။

"မဲပေးမယ့် နေ့ကိုတောင် အပြင်မသွားရဘူးဆိုတော့ ပေါတောတော ဆန်တယ် ဆိုမလား" ဟု ကြေညာချက်ကို နားဆင်လိုက်ရသူ တဦးက မဇ္ဈိမသို့ ပြောကြားသည်။

မနက်ဖြန်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည် သွားရောက်မည် ဖြစ်ပြီး ရဲပတ်တရောင်လှည့်မှုများ နေ့ရော ညပါ တိုးမြှင့် လုပ်နေချိန်လည်း ဖြစ်သည်။


မိဘမဲ့ ကလေးများ လူကုန်ကူးခံရမှု အန္တရာယ်ရှိနေဟု လူ့အခွင့်အရေးအဖွဲ့ သတိပေး

မောင်ဒီး
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 20:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းဒဏ်ထိ ဒေသများတွင် မိဘမဲ့ကလေးငယ်များ လူကုန်ကူး ရောင်းဝယ်ခံရမှု အန္တရာယ် ကြုံရနိုင်သည်ဟု လူ့အခွင့်အရေး အဖွဲ့က သတိပေးပြောဆိုလိုက်သည်။

မိဘများ နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးပါးသွားသဖြင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များမှာ လမ်းပေါ်တွင် ကယ်သူရှာနေချိန် အမြတ်ထုတ်လိုသူ ကလေး ကူးသန်းရောင်းဝယ်သူများ၏ သွေးဆောင် ဖျားယောင်းမှု အန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမျိုး ရှိနေသည်ဟု HREIB ခေါ် ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကလေးကို မွေးစားမယ်ဆိုပြီး တခြား ခေါ်သွားတဲ့လူတွေမှာ တချို့က စေတနာနဲ့ ဖြစ်သလို ကူးသန်းရောင်းချဖို့ ခေါ်သွားတဲ့ အမှု ၂ ခုလောက်လည်း တွေ့နေရတာမို့ ကျနော်တို့ စိုးရိမ်ပူပန်စရာအကြောင်း ဖြစ်နေတယ်” ဟု HREIB ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ကွမ်းခြံကုန်းနှင့် ဒေးဒရဲတို့၌ အလှူရှင်ကားများ ဖြတ်သန်းရာ လမ်းကြောင်းတလျှောက် အစာတောင်းနေသည့် ကလေးငယ်များမှာ ကူညီသူများကိုသာ မျှော်လင့်နေကြရသည်။

“တချို့ အသက် ၁၄၊ ၁၅ အရွယ် မိန်းကလေးတွေဆိုလည်း ထမင်းအဝ စားရမယ့်၊ နေထိုင်စရာရှိတဲ့ ရန်ကုန်က ကာရာအိုကေ ဆိုင်တွေမှာ လုပ်ခိုင်းဖို့ ခေါ်သွားမယ့်လူရှိရင် အေးဆေး လိုက်သွားမယ့် အလားအလာ များနေတာ တွေ့နေရတယ်။ ဒီဒေသတွေမှာ ကလေး ကူးသန်းရောင်းဝယ်မှု ဖြစ်လာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေတယ်။ မုန်တိုင်းကြီးက ဒီလမ်းကို ဖွင့်ပေးလိုက်သလိုပဲ” ရန်ကုန်မြို့မှ လူမှုဝန်ထမ်း ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့ တဝိုက်မှ ကလေးငယ် ၃ဝဝ ခန့်ကိုလည်း ဒေသ အခြေစိုက်တပ်ဟု ယူဆရသည့် စစ်တပ်က ကျွေးမွေးမည်ဆိုကာ ခေါ်ဆောင်သွားသည့် သတင်း ရရှိထားသည်ဟုလည်း ထိုင်းနိုင်ငံ အခြေစိုက် Social Actions for Women အဖွဲ့မှ ဒေါ်အေးမာက မဇ္ဈိမကို ပြောသည်။

အမေရိကန်အစိုးရ၏ ၂ဝဝ၇ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံကို နိုင်ငံတကာ လူကုန်ကူးမှု ကာကွယ် တားဆီးရေး ဥပဒေကို လိုက်လျှောက်ခြင်း မရှိသည့် နိုင်ငံစာရင်း အမှတ် ၃ တွင် ထည့်သွင်းထားသည်။

ကလေး ကူးသန်းရောင်းဝယ်မှုကို တားဆီး ကာကွယ်ရန်အတွက် သိကျွမ်းသူ လူပုဂ္ဂိုလ် သို့မဟုတ် ကလေးများကို သွေးဆောင် ဖျားယောင်းမှုနောက် ပါမသွားစေရန် ပညာပေးနိုင်သော အဖွဲ့အစည်းများကို မုန်တိုင်းဒဏ်ထိ ဒေသများသို့ ပို့ဆောင် ထားရှိခြင်းအပြင် ဒေသခံ လူထုကိုလည်း ကလေး ကူးသန်းရောင်းဝယ်မှု ကာကွယ်ရေး ပညာပေးခြင်းများ လုပ်ဆောင်ရန် လိုအပ်နေပြီဟု ဦးအောင်မျိုးမင်းက ပြောသည်။


ရဲနှင့် ဒုက္ခသည်များ အဓိကရုဏ်းဖြစ်


ချင်းမိုင်။ ။ ရဲနှင့် လေဘေး ဒုက္ခသည်များအကြား အချင်းများမှု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည်။ တောင်ဒဂုံမြို့နယ် အမှတ် ၇၂ ရပ်ကွက်တွင် ပုဂ္ဂလိက အလှူရှင်များမှ လာရောက် လှူဒါန်းထားသော ပစ္စည်းများကို ရပ်ကွက် အာဏာပိုင်များက ထိန်းချုပ်မှု လုပ်သည်ဆိုကာ ဒုက္ခသည်များက တောင်းဆိုရာမှ နှစ်ဖက် တင်းမာလာပြီး လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်။

“ရုတ်ရုတ်ဖြစ်တော့ ရဲကားတွေနဲ့ ရဲတွေ ရောက်လာတယ်။ ဒိုင်းတွေနဲ့ ရဲတွေ ပါလာတယ်။ ဝေခြမ်းပေးနေတဲ့ လူတွေကို ရဲတွေက လူအုပ်ထဲကနေ ဆွဲထုတ်သွားတယ်” ဟု အမည်မဖော်လိုသူ တောင်ဒဂုံနေသူ တဦးက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် တောင်ဒဂုံ အ၀င်လမ်းများတွင် လုံခြုံရေး တပ်ဖွဲ့များက ပိတ်ဆို့ စီစစ်မှုများ လုပ်ခဲ့သော်လည်း ယနေ့ ညနေပိုင်းတွင်တော့ ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။

အလှူရှင်များက တအိမ်ထောင်လျှင် ဆန် ၆ ပြည်နှင့်အတူ ပုဆိုးတထည်၊ ပိတ်စတစ၊ စောင်တထည်စီ မျှဝေပေးရာ လူဦးရေ ၅ဝဝ ခန့်အတွက် ပေးပြီးနောက် ညနေ ၆ နာရီခန့်တွင် လှူဒါန်းမည့် ပစ္စည်းများကို ရပ်ကွက်နှင့် မြို့နယ် အာဏာပိုင်များ လက်သို့ အပ်နှံခဲ့ပြီးနောက် အာဏာပိုင်များက ရယက ရုံးတံခါးပိတ်၍ ဝေငှသည့်ကိစ္စ ရပ်ဆိုင်းလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

“ရဝတ ရုံးကို တံခါးပိတ်လိုက်တယ်။ နောက်ထပ် အလှူပစ္စည်းတွေ မဝေတော့ဘူးလို့ ပြောတယ်။ ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဒေါသဖြစ်တယ်။ လှူတဲ့သူတွေက လာလှူတာကို ဘာ့လို့ မပေးတာလဲလို့ ပြောတော့၊ တန်းစီနေတဲ့ မိန်းမတွေက ပြောတော့ ရာအိမ်မှူးက တယောက်ကို ၆ လုံး ပေးမယ် ယူမလားလို့ မေးတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

သူက ဆက်ပြီး “တန်းစီတဲ့ မိန်းမတွေက ယူမယ်လို့ ပြောတော့ အမျိုးသမီးရေးရာက မအေးမူက အိမ်ထဲကို လာလို့ပြောတော့ ပထမ ဝင်လာတဲ့ ကလေးမလေးကို ဝါးရင်းဒုတ်နဲ့ စီးရိုက်လိုက်တယ်။ ကလေးမလေး လက်ကို ရိုက်မိတဲ့အတွက် ကလေးမလေးက လက်ကျိုးသွားတယ်။ နောက်က တန်းစီနေတဲ့ လူတန်းက ဒေါသဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ နောက်ကတန်းစီနေတဲ့ အမျိုးသမီးတွေက အထဲကို ဝင်ပြီးတော့ သတ်မယ် ဖြတ်မယ်တွေ ဖြစ်ကုန်တယ်” ဟု ပြောသည်။

စိုးရိမ်ကြောင့်ကြမှု ရှိနေသော စစ်အစိုးရက မြို့နယ်အတွင်း ရဲများ တိုးမြှင့် ချထားလိုက်သည်။

ရဲသတင်းရပ်ကွက် အပြောအရ ယနေ့နံနက်ပိုင်း ၁၀ နာရီ ခန့်တွင် ကရင်ပြည်နယ်မှ ဒုပြည်နယ်မှူး ဦးဆောင်သည့် ရဲ စုစုပေါင်း ၁၀၀ ခန့် တောင်ဒဂုံမြို့နယ်တွင် ရောက်ရှိလာသည်။

မယက ရုံး၊ မြို့နယ် ရဲစခန်းဝန်း အပါအ၀င် နေရာအနှံ့ နယ်မြေများခွဲ၍ အရပ်ဝတ်များဖြင့် ၁၀ ယောက်တတွဲ၊ ၁၂ ယောက်တတွဲ ချထားသည်။



ကယ်ဆယ်ရေးတွင် လူမျိုးရေးခွဲခြားမှုရှိနေဟု တိုင်းရင်းသားလူငယ်အဖွဲ့ စွပ်စွဲ

ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 16:41 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြစ်ဝကျွန်းပေါ်တွင် ဖြစ်ပွားဖူးသည့်စစ်ပွဲကြောင့် လေဘေးကယ်ဆယ်ရေးလုပ်ရာတွင် အစိုးရအနေဖြင့် စနစ်တကျ ခွဲခြားလုပ်ကိုင် နေသည်ဟု တိုင်းရင်းသားလူငယ်များက စွပ်စွဲပြောဆိုလိုက်သည်။

၁၉၉ဝ ခုနှစ်တွင် ကရင်အမျိုးသားနှင့် ဖြစ်ပွားခဲ့သောစစ်ပွဲကြောင့် အစိုးရက အညိုးအတေးထား လုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတွင်း အခြေစိုက် တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) - EYNG (M) က ယမန်နေ့ ကြေညာချက်ထုတ်ပြန်ကာ ပြောဆို လိုက်ခြင်း ဖြစ်သည်။

"အဲဒီစစ်ဆင်ရေးမှာ KNU နဲ့ စစ်တပ်က အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒီမှာ အပြစ်မဲ့ရွာသားတွေ သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရတယ်။ သူတို့ ကျူးလွန်ခဲ့တာတွေ အထောက်အထားတွေနဲ့သုတေသန လုပ်နေရပါတယ်။ သူတို့က လျစ်လျှူရှုထားတာလား မသိဘူး။ ပညာသားပါပါပေါ့နော်" ဟု လျို့ဝှက်လှုပ်ရှားနေသည့် အဖွဲ့မှခေါင်းဆောင်ဖြစ်သူ ကိုစိုင်းမင်းလွင်က ပြောသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် စကောကရင်၊ ပိုးကရင် လူမျိုးများသည် လူဦးရေအားဖြင့် ၅၅ ရာခိုင်နှုန်းခန့် ရှိကြောင်း EYNG (M) စာရင်းက ဆိုသည်။

၁၉၉ဝ ခုနှစ်အတွင်း ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွင် ဘိုကလေးမြို့တဝိုက် ကရင်သူပုန်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်များက လေကြောင်းတိုက်ခိုက်မှုပါ အသုံးပြုခဲ့သည်။

ကေအင်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး၏ ထုတ်ပြန်ချက်အရ ထိုစစ်ပွဲတွင် ကရင်ရွာသား ၃ဝဝဝ ခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

ကေအင်ယူ ပြန်ကြားရေးမှူး ဗိုလ်မှူးလှငွေကလည်း အစိုးရ၏ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်မှုသည် လူမျိုးရေးခွဲခြားမှု ရှိနေသည်ဟု ပဲ့တင်သံထပ် ပြောဆိုလိုက်သည်။

"အဲဒီနေရာတွေဟာ သူတို့ကို ပုန်ကန်တဲ့နေရာ၊ ရန်သူလို့သတ်မှတ်ပြီး အခုထိ စောင့်ကြည့်နေတယ်။ အခုလို ဖြစ်လာတဲ့အခါ ထင်ရှားတဲ့အချက်က ဒီဒေသမှာ ဟိုင်းကြီးကျွန်းကနေ မုန်တိုင်းက စတင်လာတယ်ဆိုတော့ မုန်တိုင်းလာမယ်ဆိုတာ သိရက်နဲ့နှောင့်နှေးထားတယ်။ ဒီနေ့အထိ ကယ် ဆယ်ရေးပစ္စည်းတွေ ရောက်အောင် မပို့သေးဘူးလေ။ နောက်တခုက တချို့နေရာမှာ အသက်ရှင်ကျန်နေတဲ့ လူတွေကိုလည်း အမြန် လိုက်မရှာ ဘူး။ သူပုန်နယ်မြေမှာ အညိုးတွေ မပျောက်သေးဘူးဆိုတာ ဒီလုပ်ရပ်တွေဟာ ထင်ရှားတယ်လို့ ပြောနိုင်တယ်။ ဝန်ကြီးချုပ် သွားတယ်ဆိုရင် လည်း ဗမာရွာတွေပဲ သွားတာပဲ" ဟု ဗိုလ်မှူးလှငွေက ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကရင်ကျေးရွာ ၄၅ ရွာခန့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်ဟု သူကပြောသည်။

အတိုက်အခံနိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးအေးကြူက တော့ မြို့ပေါ်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ခွဲခြားမှုမတွေ့ရဟု ဆိုသည်။ သို့သော် အလှမ်းဝေးသည့် ဒေသများအတွက် တော့ ခွဲခြားမှု ဖြစ်နိုင်သည့်စိုးရိမ်မှု ရှိနေသည်။

"မြို့ပေါ်တက်လာတဲ့ ဒုက္ခသည်တွေဆိုရင် ရပ်ကွက်က နာရေးအဖွဲ့တို့၊ ဘုန်းကြီးတို့၊ လူငယ်တို့ ပုဂ္ဂလိကဆီကရတဲ့ အလှူတွေကိုတော့ မျှမျှတတ ပေးတာတွေ့ရပါတယ်။ နယ်မှာက အာဏာပိုင်တွေကနေတဆင့် နဝတ၊ မဝကတို့ကနေ လာတောင်း ဒါမှမဟုတ် ရဝတအစား ခေါင်းဆောင်တွေ လာတောင်းတယ်ပေါ့နော်။ အဲဒီမှာတော့ ကြားကနေ ဖြတ်အုတ်သွားတယ်ဆိုတာတော့ သိတယ်။"

"မြို့ပေါ်မှာ အဲလို ခွဲခြားဆက်ဆံနေတာ မရှိဘူး။ တောဘက်အခြေအနေတော့ သူတို့ဆက်ဆံရေးက ကျနော် မသိဘူးပေါ့နော်။ ဒီ (EYNG) အဖွဲ့တွေ က သူတို့ ကွင်းဆင်းထားတယ်ဆိုတော့ ဟုတ်မှာပေါ့" ဟု ဒေါက်တာအေးကြူက ပြောသည်။


အခြေခံအဆောက်အဦးချို့တဲ့မှုနှင့် အတားအဆီးများကြောင့် ကူညီရေးလုပ်ငန်းများ နှောင့်နှေးရ

ဆော်လမွန်
အင်္ဂါနေ့၊ မေလ 20 2008 19:00 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းသို့ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်အပြီး ရက်သတ္တ ၂ ပတ် အကြာမှာပင် အကူအညီပေးရေး အေဂျင်စီများမှာ နဲနဲချင်းသာ ဝင်လာနေဆဲရှိပြီး အဆိုးဝါးဆုံးမုန်တိုင်းဒဏ် ခံလိုက်ရသောဒေသများသို့ အကူ အညီများ မရောက်သေးဘဲ ရှိနေသည်။

"သောက်ရေနဲ့အမိုးအကာ ဆိုတဲ့ အခြေခံလိုအပ်ချက်တွေကိုတောင်မရရှိသေးတဲ့ ဒုက္ခသည်တွေ အများကြီး ရှိနေပါသေးတယ်" ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ၏ ပြောရေးဆိုခွင့်ရှိသူ Craig Strathern က မဇ္ဈိမကိုပြောကြား သွားပါသည်။

အကူအညီများ မြန်မာနိုင်ငံသို့ ဆက်လက်ရောက်ရှိနေသော်လည်း သင့်တော်ကောင်းမွန်သော အခြေခံအဆောက်အဦးများ ချို့တဲ့မှု၊ ဆက်သွယ်ရေး ကွန်ရက်ချို့တဲ့မှုတို့နှင့် စစ်အစိုးရ၏ အတားအဆီး အကန့်အသတ်များကြောင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးမှာ နှောင့်နှေးကြန့်ကြာနေ ရသည်။

နေရာအတော်များများတွင် တံတားများကျိုးနေခြင်းကြောင့် သယ်ယူပို့ဆောင်ရေးမှာ လုံးဝမဖြစ်နိုင်ဘဲ ရှိသည်။ ထို့ကြောင့် မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသော မြစ်ဝကျွန်းပေါ်ဒေသတွင် ဆောင်ရွက်နေသော အကူအညီပေးရေး အေဂျင်စီများ၏ လုပ်ငန်းများကို ပိုမိုကြန့် ကြာစေသည်။

အရေးပေါ်အမိုးအကာများ ဖြစ်သည့် မိုးရေကာဖျင်များ၊ အိမ်အမိုးများ၊ ရေသယ်ရန်နှင့် သိုလှောင်ရန်ရေပုံးများ၊ စောင်များ၊ ခြင်ထောင်များနှင့် ဆေးဝါးများအပါအဝင် အကူအညီများကို လေယဉ် ၃ စီးစာ တင်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း (ICRC) ကပြောပါသည်။ အလားတူပင် (IFRC) ကလည်း ယခုအထိ လေယဉ် ၁၇ ခေါက်စာ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသူပေါင်း ၂.၅ သန်းရှိ၍ သေဆုံးသူပေါင်း ၁ သိန်းကျော်သည်ဟု ခန့်မှန်းထားသည်။ သို့သော် အစိုးရကမူ သေဆုံးသူစာရင်းကို ၇ သောင်းကျော်သာ ရှိသည်ဟု ဖေါ်ပြထားသည်။

သူတို့ကြုံတွေ့ရသော အဓိကအခက်အခဲမှာ နိုင်ငံခြားအကူအညီပေးရေး လုပ်သားများအပေါ် မြန်မာအစိုးရ၏ ချုပ်ချယ်ကန့်သတ်မှုများ ဖြစ်သည် ဟု Strathern က ပြောပါသည်။

"ကျနော့်အနေနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားဘို့မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မြန်မာကြက်ခြေနီအဖွဲ့ကိုသာ အားကိုးပြီး သူတို့ပေးတဲ့အစီ ရင်ခံချက်တွေ အရသာလုပ်ငန်းများ လုပ်ဆောင်ရပါတယ်" ဟု Strathern ကပြောသွားပါသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့အခက်အခဲများကြုံနေရလင့်ကစား (ICRC) သည် ယင်းတို့၏ဒေသခံ တွဲဖက်အဖွဲ့အစည်းဖြစ်သော မြန်မာကြက်ခြေနီ အဖွဲ့နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက် ရှိသည်။ အိုင်စီအာစီက အနည်းဆုံး မိသားစု ၁ သိန်းထံသို့ အကူအညီနှင့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိရန် ရည်မှန်းဆောင်ရွက်နေသည်။

အိုင်စီအာစီ၏ ရည်မှန်းချက်မှာ တိုင်းပြည်တွင်းသို့ရောက်ရှိလာသော အကူအညီများကို အကူအညီမရရှိသေးသည့် ဒေသများသို့ အရောက်ပို့ရန် ဖြစ်သည်ဟု Strathern က ပြောသွားပါသည်။

"အခြေခံကုန်ပစ္စည်းတွေကို အခုထိမရသေးတဲ့ ရသင့်ရထိုက်တဲ့လူတွေဆီ အရောက်ပို့ဘို့ဟာ ကျနော်တို့ရဲ့ဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ လေယာဉ်နဲ့ပါလာတဲ့ ဒီပစ္စည်းတွေကို ချက်ချင်းဘဲလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ဘို့ ဆက်လက်ပေးပို့ပါတယ်" ဟု သူကဆက်လက် ပြောကြားသွားပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း အရေးတကြီး အကူအညီအထောက်အပံ့ လိုအပ်နေသည့် ခန့်မှန်းခြေ မုန်တိုင်းဒုက္ခသည် ၇၅ဝဝဝဝ အနက် ၃၅ဝဝဝဝ ထံသို့ ကူညီကယ်ဆယ်ရေးပစ္စည်းများ အရောက်ပို့ရန် ရည်မှန်းထားသည်။ ယခုထိမူ လူ ၂၅ဝဝဝဝ ထံသို့ ကနဦး အကူအညီများ ပေးပို့နိုင်ခဲ့ပြီဟု သိရသည်။

"ကျနော်တို့လုပ်ငန်းတွေ တိုးတက်မှုရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်သုံးပုံတပုံလောက်ကတော့ အကူအညီတွေ လိုနေတုံးဘဲလို့ ယုံကြည်ပါတယ်" ဟု ဘန်ကောက် (WFP) ရုံးပြောရေးဆိုခွင့်ရှိသူ Marcus Prior ကပြောကြားသွားပါသည်။

"ကျနော်တို့လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဘာအကူအညီမှမရသေးတဲ့ ဒုက္ခသည်တွေအများကြီး ကျန်သေးတယ် လို့ ကျနော်တို့သိထားလို့ ဖြစ်ပါတယ်" ဟု သူကဆက်လက် ပြောကြားသွားပါသည်။

မြန်မာအစိုးရက ယခုထိ (WFP) ဝန်ထမ်း ၁၇ ဦးကိုမြန်မာအစိုးရက တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သော်လည်း သူတို့အများစုမှာ မြို့တော် ဟောင်း ရန်ကုန်မြို့အပြင်သို့ ထွက်ခွင့်မရဘဲ ရှိနေသည်။ ယခုလောလောဆယ်တွင် (WFP) ၏ ဒေသခံဝန်ထမ်း ၂၄ ဦးမှာဧရာဝတီတိုင်း မြစ်ဝ ကျွန်းပေါ်ဒေသတွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသည်။

"ကျနော်တို့နောက်ထပ်ဝန်ထမ်းတွေ ဒီဒေသကိုထပ်ပို့ဘို့ အစီအစဉ် ရှိပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ဆန်တန်ချိန် ၈၅ဝ နဲ့ ပဲတန်ချိန် ၁ဝ၅ဝ ရထားပြီးပါပြီ။ ဒါပေမဲ့ အဓိကအခက်အခဲက ဒီစားနပ်ရိက္ခာတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသဆီ မြန်နိုင်သလောက် မြန်မြန်ပို့ဘို့ပါဘဲ" ဟု Marcus Prior က ဖြည့်စွက် ပြောကြားသွားခဲ့ပါသည်။

တိုးတက်မှုသင်္ကေတအဖြစ် မှတ်ယူရမည့်ကိစ္စအနေနှင့် မြန်မာစစ်အစိုးရက ကုလသမဂ္ဂလူသားချင်း ကယ်ဆယ်စောင့်ရှောက်ရေးဌာန အကြီး အ ကဲ John Holmes ကို တနင်္ဂနွေနေ့က တိုင်းပြည်အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။ ထိုနေ့တချိန်တည်းမှာပင် စစ်အစိုးရ အကြီးအကဲသန်းရွှေ ကလည်း ရန်ကုန်တိုင်းအတွင်း ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှုခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates