Wednesday, May 21, 2008

ဂျာနယ်များ 'အပျက်အစီး' ကိုမဖေါ်ပြရ

မင်းခက်မောင်
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 10:18 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မုန်တိုင်းဖျက်ဆီးမှု သတင်းများကိုမဖေါ်ပြဘဲ အာဏာပိုင်များဆောင်ရွက်နေသည့် ရန်ကုန်နှင့်မြစ်ဝကျွန်းပေါ်ရှိ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကိုသာ ဖေါ်ပြရန် စာပေစိစစ်ရေးဌာနက အပတ်စဉ်ထုတ် ဂျာနယ်များကို ညွန်ကြားထားသည်ဟု ဒေသခံသတင်းစာ ဆရာများ၏ အပြောအရ သိရပါသည်။

"စာပေစိစစ်ရေးက အပျက်အစီးတွေ၊ မုန်တိုင်းဖျက်ဆီးမှုသတင်းတွေကို မဖေါ်ပြဘို့ ပြောတယ်ဗျ။ ဒါပေမဲ့သူတို့ဆောင်ရွက်နေတဲ့ ပြန်လည်တည် ဆောက်ရေး လုပ်ငန်းတွေကိုတော့ ဖေါ်ပြရမယ်လို့ ပြောတယ်" ဟု ပြင်ပမီဒီယာများကို ပြောကြားသဖြင့် စစ်အစိုးရ၏ရန်ရှာခြင်းခံရမည်ကို စိုးရိမ် ရသောကြောင့် အမည်မဖေါ်လိုသည့် အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက မဇ္ဈိမကို ပြောကြားသွားပါသည်။

အဆောက်အဦးအပြိုအပျက်များ၊ ဥစ္စာပစ္စည်းဆုံးရှုံးရမှုများကို ရောင်စုံဓါတ်ပုံများဖြင့် ဖေါ်ပြထားသည့် သတင်းများကို ခွင့်ပြုခဲ့သည့်အတွက် စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေကို အာဏာပိုင်များက အလွန်ဒေါသထွက်ခဲ့ကြသည်ဟု သိရသည်။

'မုန်တိုင်းဒုက္ခသည်များ၏ ဒုက္ခကိုအမြတ်မထုတ်သင့်' ဟု ခေါင်းစဉ်တပ်ထားသည့် ၂ ပတ်တကြိမ်ထုတ် 'Weekly Eleven' ဂျာနယ်၏ မျက်နှာဖုံး ဆောင်းပါးကို စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တွေ့သွားသည့်အခါ အလွန်ဒေါသထွက်ခဲ့သည်ဟု ဆိုသည်။

"မြန်မာလူမျိုး စာဖတ်သူတွေက အကင်းပါးကြတော့ ဘာဆိုလိုတယ်ဆိုတာကို သိတယ်။ နိုင်ငံတကာကလှူတဲ့ အလှူတွေကို သူတို့ပစ္စည်းတွေလို လုပ်ပြီး ဒုက္ခသည်တွေအတွက် သူတို့ဘယ်လောက် ဂရုစိုက်ကြောင်း ပြနေတယ်ဆိုတာကို ဝေဖန်ထားတဲ့ဆောင်းပါးဆိုတာကို သူတို့ချက်ချင်း သဘောပေါက်တယ်" ဟု သတင်းစာဆရာတဦးက ပြောသွားပါသည်။

သို့သော် ဝီးကလီးအလဲဗင်း၊ ဗိုင်ဝီးကလီးကဲ့သို့သော ဂျာနယ်များ၏နောက်တွင် ဗိုလ်ချုပ်ကြီးအချို့ ရှိနေသောကြောင့် စာပေစိစစ်ရေးဌာနအနေဖြင့် မထိန်းနိုင်ကြောင်းလည်း အယ်ဒီတာတဦးက ပြောဆိုလိုက်ပါသည်။ ထို့ကြောင့် ဗိုလ်မှူးတင့်ဆွေအနေဖြင့် Eleven Media Group ၏ အကြီးအကဲ ကို ဤအမိန့်သည် အပတ်စဉ်ထုတ်ဂျာနယ် အားလုံးအတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ တိုက်ရိုက်လာသောအမိန့် ဖြစ်ကြောင်းပြောပြရန် ကြိုးစား နေရခြင်း ဖြစ်သည်။

"အစားအစာတွေ၊ ပစ္စည်းပစ္စယတွေ မလုံလောက်လို့ လူတွေဆင်းရဲနေကြတယ်၊ ငတ်မွတ်နေကြတယ်ဆိုတာမျိုးလဲ မရေးရဘူးလို့ ကျနော်တို့ကို သတိပေးထားတယ်" ဟု သတင်းစာလုပ်ငန်းတွင် ၅ နှစ်အတွေ့အကြုံရှိခဲ့သည့် အကြီးတန်းသတင်းစာဆရာတဦးက မဇ္ဈိမကိုပြောကြားသွားပါ သည်။

ဤသို့ကန့်သတ်မှုများပြုလုပ်ခြင်းသည် သတင်းစာလွတ်လပ်ခွင့်ကို ချိုးဖောက်သည်သာမက ပြည်သူ့အခွင့်အရေးများကိုဖောက်ဖျက်ခြင်း ဖိနှိပ် ခြင်းလည်းဖြစ်သည်ဟု မြန်မာ့သတင်းစာလွတ်လပ်ခွင့် စောင့်ကြည့်ရေးအဖွဲ့ကြီးဖြစ်သော 'Burma Media Association (BMA)' က စစ်အစိုးရ ကိုပြောကြား ရှုတ်ချလိုက်ပါသည်။

"မြန်မာအစိုးရဟာ ပြည်သူလူထုရဲ့ဒုက္ခတွေကို ဖုံးကွယ်ဘို့ကြိုးစားနေတယ်။ သူတို့ကဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေသယောင် လိမ်ညာပြောကြားနေတယ်" ဟု (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောကြားသွားပါသည်။

မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့်ဒေသမှ မကြာသေးမီက ပြန်လာခဲ့သူ သတင်းစာဆရာမတဦးကလည်း စစ်အစိုးရ၏ ပြန်လည်တည်ဆောက် ရေး လုပ်ငန်းဟူ၍ သူမဘာမျှမတွေ့ခဲ့ရကြောင်း ပြောကြားသွားခဲ့ပါသည်။

"ဒီတော့ကျမတို့က 'ပြန်လည်တည်ဆောက်ရေးအဆင့်' ဆိုတာကို ဘယ်လိုရေးသားဖေါ်ပြရမှာလဲ။ စစ်သားတွေက အပျက်အဆီးတွေ၊ အပြို အပျက်တွေရှင်းတာတောင်မှ မပြီးသေးဘူး၊ ပြန်လည်တည်ဆောက်ရေးအဆင့် ဆိုတာတော့ အသာထားလိုက်တော့" ဟု သူမက ပြောကြားလိုက် ပါသည်။

"သတင်းစာဆရာဆိုတာ အမှန်ကိုပြောရမှာ၊ ဒါမှပြည်သူကလည်း မြန်မာပြည်အခြေအနေကို သိမှာပေါ့။ ဒီလိုအချိန်မျိုးမှာ သတင်းစာတွေ ဂျာနယ် တွေကို ဖိနှပ်တာဟာ ဒေါသထွက်စရာလဲ ကောင်းတယ်၊ ရှက်စရာလဲ ကောင်းတယ်" ဟု ဦးစံမိုးဝေက ပြောကြားသွားပါသည်။


နာဂစ် ဗီစီဒီများ မြန်မာပြည်တွင်း လူကြိုက်များ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 20 2008 18:17 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းဒဏ် အလူးအလဲခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာနှင့် ဘိုကလေးမြို့နယ်အတွင်းက အဖြစ်အပျက်များကို ဗီဒီယိုမှတ်တမ်းတင်ကာ စီဒီခွေများတွင် ထည့်သွင်း၍ ရန်ကုန်မြို့တွင် ရောင်းချနေရာ အရောင်းတွင်ကျယ်လျှက် ရှိသည်။

ကျိုးပဲ့ပျက်စီးနေသော အဆောက်အဦးများ၊ လူနှင့်တိရစ္ဆာန် ရုပ်အလောင်းများ၊ ရေဖုံးလွှမ်းနေသည့် လယ်ယာကွင်းပြင်များ အစရှိသည့် အနိဋ္ဌာရုံများနှင့် လေဘေးဒုက္ခသည်များကို တွေ့ဆုံမေးမြန်းချက်များ ပါဝင်ကာ စီဒီ ၃ ချပ်လျှင် ကျပ် ၁၅ဝဝ ဖြင့် လမ်းဆုံမီးပွိုင့်များနှင့် နေရာအချို့တွင် လွန်ခဲ့သည့် တပတ်မှစတင်ကာ လူသိထင်ရှား ရောင်းချနေခြင်း ဖြစ်သည်။

ရန်ကုန်ရှိ လ္ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အရက်ဆိုင်များတွင် နာဂစ်ဗီဒီယိုခွေဖွင့်ပြခြင်းများကို ရန်ကုန်တွင် နေရာအနှံ့တွေ့ရသည်။

"ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်မိတယ်။ လူသေအလောင်းတွေက ဟိုနေရာတလောင်း၊ ဒီနေရာတလောင်းစီ ဖြစ်နေတယ်။ တချို့နေရာတွေမှာ အလောင်းတွေက ထပ်နေတယ်။ အုတ်ပုံတွေ၊ တိုက်ပျက်တွေအောက်မှာ အလောင်းတွေက ကြည့်ချင်စရာ မရှိဘူး။ ခေါင်းတွေပြားနေတဲ့ ပုံတွေ၊ မိသားစုလိုက် ကြိုးချီပြီး သေဆုံးနေတာတွေ၊ အလောင်းတွေ ရေထဲမှာမျောပါနေတာတွေ၊ ကိုင်းပင်တွေကြားမှာ ခေါင်းစိုက်နေပြီး ဆွဲမိဆွဲရာ ဆွဲပြီး သေဆုံးနေတာတွေ ပါတယ်" ဟု ကိုယ်တိုင် ဝယ်ယူကြည့်ရှုရသူ ရန်ကုန်မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ပြိုလဲပျက်စီးနေသည့် နေအိမ်နှင့် အဆောက်အဦများ၊ သစ်ပင်များ၊ အပျက်အစီးများအကြား ပိညပ်သေဆုံးမှုများအပြင် လေဘေးဒုက္ခသည်များ၏ ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရသည့် နေထိုင်စားသောက်ရေး အခက်အခဲကြီးမားပုံများကို ရိုက်ကူးဖော်ပြထားချက်များလည်း ပါဝင်ကြသည်။

"အသက်ရှင်လျက်နဲ့ ကျန်နေတဲ့ သူတွေဆိုရင်လည်း အရာရာကို ကြောက်လန့်နေသလို ခံစားနေရတဲ့ သဘောရှိတယ်။ တချို့ဆိုရင် သွေးပျက်နေတဲ့ သဘောတွေ တွေ့ရတယ်။ တချို့က သားပျောက်ကို ရှာနေကြတယ်။ ဒုက္ခသည်တွေထားတဲ့ နေရာတွေမှာ အစားအသောက် မပြည့်စုံဆုံးဆိုတော့ လှူဒါန်းတဲ့သူတွေလာရင် ကလေးတွေ ဝိုင်းအုံလိုက်တာတွေပါ တွေ့ရတယ်" ဟု ရန်ကုန်ဒေသခံက ဆက်ပြောသည်။

နအဖ စစ်အစိုးရ၏ ရုပ်မြင်သံကြား သတင်းဌာနဖြစ်သည့် MRTV က အဆိုပါဖြစ်ရပ်များကို တင်ပြခြင်းမရှိဘဲ မြန်မာစစ်တပ်က ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ သယ်ယူနေပုံများနှင့်အတူ ပျက်စီးဆုံးရှုံးမှု နဲပါးသည့်နေရာများကို ရိုက်ကူးကာ အသားပေးတင်ပြခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

"မုန်တိုင်းနဲ့ပတ်သက်တဲ့ အဖြစ်အပျက်တွေ ပါတယ်။ လက်တွေ့ခံစားနေရတဲ့ ဒုက္ခသည်တွေရဲ့ တွေ့ဆုံမေးမြန်းချက်တွေလည်း ပါတယ်" ဟု အခြား ရန်ကုန်ဒေသခံက ပြောသည်။

သူက ဆက်ပြီး "လူတွေကတော့ အထူးအဆန်းဆိုတော့ ကြည့်ချင်မြင်ချင်ကြတာပေါ့။ ခွေထဲမှာပါတဲ့ဟာက အလောင်းကြီးတွေ မျောနေတဲ့ဟာတွေ၊ ကျွဲသေ၊ နွားသေ၊ ဆိတ်တွေ အကုန်၊ လူသေတွေ မျောနေတဲ့ဟာတွေ၊ အိမ်အပြိုအပျက်တွေ၊ ကလေးတွေသေတာကို၊ အနိဋ္ဌာရုံတွေကို လူတွေက မှတ်တမ်းအဖြစ်နဲ့ ဝယ်ထားတဲ့ သဘောမျိုးပေါ့။ သိမ်းထားတဲ့ သဘောမျိုးပေါ့" ဟု ပြောသည်။


လေဘေးဒုက္ခသည်များ မိုးကြောင့် နေရေးဒုက္ခ ပိုဆိုးလာ

မောင်ဒီး
အင်္ဂါနေ့၊ မေလ 20 2008 17:30 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းကြောင့် ဒုက္ခရောက်ရသော လှိုင်သာယာနှင့် ဒဂုံမြို့သစ်မှ လေဘေးဒုက္ခသည်များမှာ ၃ ရက်ဆက်တိုက် ရွာသွန်းသောမိုးရေထဲတွင် အမိုးအကာ မ လုံခြုံမှုကြောင့် တဖန် ဒုက္ခရောက်နေကြရသည်။

ပြီးခဲ့သည့် ၃ ရက်ခန့် ကတည်းက စတင်ရွာသွန်းလာသည့် မိုးကြောင့် ဒုက္ခသည်များအဖို့ နေရေးဒုက္ခ ထပ်ဆောင်း ရောက်ရှိလာပုံကို အကူအညီပေးသူများနှင့် ဒေသခံများ က ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

"သူတို့က တဲစုတ်လေးတွေမှာ အမိုးအကာ မလုံမခြုံနဲ့ မိုးရေထဲမှာ ငုတ်တုတ်ထိုင်နေကြရတာဗျာ။ ရသမျှဟာလေးတွေနဲ့ ကာရံပြီး အဓိကက ကလေးကို မိုးမစိုအောင် ကာပေးပြီး လူကြီးတွေက ငုတ်တုတ်ထိုင် မိုးအစိုခံနေရတာ။ နေရထိုင်ရတာ ဘယ်လိုမှကို အဆင်မပြေကြဘူး" ဟု လေဘေးဒုက္ခသည်များကို ကူညီပေးနေသူ ဒါရိုက်တာ ဦးသူရ (ခေါ်) နိုင်ငံကျော် လူရွှင်တော် ဇာဂနာက မဇ္ဈိမကို ပြောသည်။

မုန်တိုင်းကြောင့် လှိုင်သာယာမြို့ ၃ ပုံ ၁ ပုံခန့်မှာ လုံးဝ ပျက်စီးခဲ့ပြီး အိုးအိမ်မဲ့ လေဘေးဒုက္ခသည်အချို့မှာ မိုးရေထဲတွင် ယင်းတို့၏ပျက်စီးနေသော နေအိမ် အပျက်အစီး ပုံများအနား လဲလျောင်းနေကြရသည်ဟု သူက ပြောသည်။

"ပြောရရင်ဗျာ စိတ်မကောင်းစရာပဲ။ လှိုင်သာယာတံတားကနေ ဆင်းလိုက်တာနဲ့ ရွာ ၉ ရွာ ရှိတယ်ဗျာ။ အဲဒီရွာတွေမှာ လူတွေက စစ်မြေပြင်မှာ လဲကျနေသလိုပဲ မိုးရေထဲမှာ လဲနေကြတာ တွေ့ခဲ့ရတယ်" ဟု ဦးသူရက ပြောသည်။

လှိုင်သာယာနည်းတူ မုန်တိုင်းဒဏ်ထိခဲ့သည့် ဒဂုံမြို့သစ်တွင်လည်း လေဘေးဒုက္ခသည်များမှာ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ပညာသင်ကျောင်း စသည်တို့တွင် ခိုကပ် နေထိုင်ကြပြီး လူနေကျပ်တည်းခြင်း၏ နောက်ဆက်တွဲအဖြစ် လူတရာကျော် ဝမ်းရောဂါ ဖြစ်ပွားနေသည်။

၁ဝ ပေ ပတ်လည်ရှိသည့် တဲအိမ်တလုံးကို ယနေ့ကာလတွင် ပြန်လည်တည်ဆောက်ရန် အနည်းဆုံး ၅ သောင်းအထက် ကုန်ကျနိုင်သောကြောင့် တနေ့ကို ၃ ထောင်ဝန်း ကျင်သာ ဝင်ငွေရှိသည့် လက်လုပ်လက်စား ဒုက္ခသည်များမှာ တွေ့ကရာ ဝါးလုံးများ၊ ဓနိများဖြင့် ဖြစ်သလို တဲထိုးနေထိုင်ကြ ရသည်။

"ကျမတို့က လက်လုပ်လက်စားတွေဆိုတော့ အိမ်ရယ်လို့ မဟုတ်ပါဘူး။ တဲလေး ပြန်ဆောက်ဖို့ကို သောင်းဂဏန်းကုန်မှာ ဆိုတော့ မတတ်နိုင်ဘူး။ ဒါကြောင့် လောလောဆယ်တော့ ညကို ကျောင်းမှာအိပ်တယ်၊ နေ့ခင်းပိုင်းတော့ နည်းနည်းကောင်းသေးတဲ့ ဝါးလုံးတွေ၊ ထရံတွေပြန်စုပြီး ဖြစ်သလို တဲဆောက်နေရတယ်" ဟု လှိုင် သာယာ ၂ဝ ရပ်ကွက်နေ လေဘေးဒုက္ခသည် ဒေါ်လှလှမော်က မုန်တိုင်းတိုက်ပြီး ၂ ရက်အကြာက မဇ္ဈိမကို ပြောခဲ့သည်။

ယနေ့တွင်လည်း လှိုင်သာယာမြို့နယ်အတွင်းရှိ ကပျိုရွာမှ အမက ၁၁ ကျောင်းတွင် ဖွင့်ထားသည့် ကယ်ဆယ်ရေးစခန်းမှ လူဦးရေ ၅ဝဝ ကျော်ရှိသည့် အိမ်ထောင်စု ၁၆၄ စု ကို ယနေ့ ၁၁ နာရီအပြီး ထွက်ပေးကြရန် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။

မုန်တိုင်းဒဏ်ထိ လပွတ္တာမြို့ အာဏာပိုင်များ၏ နေရာချပေးမှုဖြင့် ရပ်ကွက် ၃ အတွင်းရှိ တရုတ်သင်္ချိုင်းဟောင်းနှင့် ရတနာဒီပ ဘောလုံးကွင်းတွင် ပြီးစလွယ် တဲထိုးကာ နေ ထိုင်ကြရသော လေဘေးဒုက္ခသည်များ၌ အဆက်မပြတ် မိုးရွာသွန်းမှုကြောင့် အိမ်ပေါ်ရေတက်သည့် ဒုက္ခလည်း ကြုံနေကြသည်။

"မိုးက နင်းကန်ရွာနေတာ ၁ဝ ရက်ရှိပြီ။ အိမ်အမိုးတော့ လုံတယ်ဗျ။ ဒါပေမဲ့ အိမ်ကို ရေတက်လာတော့ ဒုက္ခသည်တွေက ရေလွတ်တဲ့နေရာကိုရှာပြီး တာလပတ်ကို စုခြုံနေ ရတယ်။ သူတို့ နေရတဲ့နေရာတွေက အနိမ့်ပိုင်းဆိုတော့ ရေဝပ်တာပေါ့။ သူတို့ တော်တော်လေးကို ဒုက္ခကြုံနေရတယ်ဗျာ" ဟု လပွတ္တာမြို့ခံ ဒေါက်တာအေးကြူက မဇ္ဈိမကို ပြောသည်။


ပယ်မဲမရှိရေး ဖိအားပေး၊ ကယ်ဆယ်ရေး ပစ္စည်းများ မယက တွေဖြောင

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 19 2008 14:44 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ လာမည့် ၂၄ ရက်နေ့တွင် ကျင်းပမည့် လက်ကျန်ဆန္ဒခံယူပွဲများတွင် ပယ်မဲများ လုံးဝမပါစေရန် သက်ဆိုင်ရာ မယက များမှ ကျေးရွာ၊ ရပ်ကွက် မဲရုံမှူးများအား ဖိအားပေး ခြိမ်းခြောက်နေသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အေးချမ်းသာယာရေး အာဏာပိုင်များက အနီးကပ် အစည်းအဝေးများ ဆင့်ခေါ်ကာ ပယ်မဲမရှိစေရေး၊ မဲအားလုံး ထောက်ခံမဲဖြစ်ရေးကိုသာ အဓိကထား ပြောဆိုနေကြခြင်း ဖြစ်သည်။

အစည်းအဝေးများတွင် မုန်တိုင်းသင့် ပြည်သူများအတွက် လိုအပ်သော ထောက်ပံ့မှုများ ပေးပို့ရန်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိဟု ရန်ကုန်မြို့ပေါ်ရှိ မဲရုံတခုမှ အမည်မ ဖော်လိုသော မဲရုံမှူးတဦးက ပြောသည်။

သက်ဆိုင်ရာ မဲရုံမှူးများအား ယခုကဲ့သို့ အတင်းအကျပ် ဖိအားပေးထားသည့်အပြင် ၀န်ကြီးများ လာရောက်မည့် ရပ်ကွက်များရှိ ရယကများကိုလည်း မုန်တိုင်းကြောင့် အပျက်အစီး အများအပြား မရှိဟူ၍သာ ပြောဆိုကြရန် မှာကြားထားသေးသည်။

မဲရုံများတည်ရှိသည့် အချို့နေရာများသည် မုန်တိုင်းကြောင့် ပျက်စီးသွားခြင်း ရှိနေသလို လိုအပ်သော အထောက်အပံ့များလည်း မရရှိကြောင်း မဲရုံမှူးများကလည်း ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် စာရင်းသာရှိပြီး ကယ်ဆယ်ရေးစခန်းများ အမှန်တကယ်မရှိသော အမည်ခံစခန်းများအတွက် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများကို အစိုးရပိုင်းမှ ခွဲတမ်းချပေးထားကြောင်း ခိုင်လုံသော သတင်းများအရ သိရသည်။

ခွဲတမ်းများသည် အောက်ခြေအဆင့်သို့ ၁၀ ပုံတပုံခန့်သာ ရောက်ရှိကြောင်း ရယက များက ခန့်မှန်းပြောဆိုကြသည်။

ဖျာပုံမြို့မှ ရယက တဦးက သူတို့ရုံးအတွင်း ချထားသော အာလူး အိတ် ၆ အိတ်ကို လက်ညှိးညွှန်လျက် "တကယ်တော့ ကျနော်တို့ အဲဒါပဲ ရပါတယ်။ အဲဒါကို ကျနော့် ရပ်ကွက်က လူတွေကို ဘယ်လိုဝေပေးရမယ်ဆိုတာ မသိပါဘူး" ဟု ပြောဆိုချက်ကို ပြီးခဲ့သော ရက်ပိုင်းအတွင်းက ကြားသိခဲ့ရသည်။


ဥရောပသမဂ္ဂ လူမှုရေးရာကော်မရှင်နာ၏ ကမ်းလှမ်းချက်များကို စစ်အစိုးရပယ်ချ

လာရီဂျေဂင်
စနေနေ့၊ မေလ 17 2008 16:07 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ ဥရောပသမဂ္ဂ လူမှုရေးရာကော်မရှင်နာမင်းကြီး လူဝီမီရှဲ မြန်မာနိုင်ငံမှ လက်ဗလာဖြင့် ပြန်လည် ထွက်ခွါသွားရပြီ ဖြစ်သည်။ သူသည် နိုင်ငံတကာ အကူအညီများနှင့် စပ်လျဉ်း၍ လိုက်လျောမှုများ လုပ်လာစေရန် မြန်မာစစ်အစိုးရကို နားလည်သဘောပေါက်အောင် သူ၏ ၃ ရက်ခရီးစဉ် အတွင်း အောင်မြင်အောင် မလုပ်နိုင်ခဲ့ပါ။

"ကပ်ဘေးဒုက္ခကြီးကို ပိုပြီးထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ပေးနိုင်ဘို့အတွက် နောက်ထပ် ကျွမ်းကျင်သူတွေကို ဝင်ခွင့်ပေးဘို့နဲ့ ဗီဇာတွေ ပိုချပေးဘို့ မြန်မာအစိုးရကို ကျနော် တိုက်တွန်းခဲ့ပါတယ်။ ကျနော့်ခရီးစဉ်ဟာ လူမှုရေး၊ လူသားချင်း ကူညီစောင့်ရှောက်ရေး သက်သက်သာဖြစ်ပြီး နိုင်ငံရေးလုံးလုံး မပါကြောင်း သေချာပြောခဲ့ပါတယ်" ဟု သူက စာနယ်ဇင်းသမားများကို ပြောကြားသွားခဲ့ပါသည်။

အီးယူသံတမန်ကြီးသည် သူနှင့်အတူ အရေးပါသော မေတ္တာရပ်ခံချက်အများအပြားကို ယူဆောင်သွားခဲ့သည်။ အီးယူကော်မရှင် ဝန်ထမ်းများကို နောက်ထပ် ရက်ပေါင်း ၃ဝ ဗီဇာ တိုးပေးရေး၊ ကုလနှင့် အန်ဂျီအိုများမှ ဗီဇာစောင့်ဆိုင်းနေသူများကိုလည်း မြန်မြန်ထက်ထက် စိစစ်ထုတ်ပေးရေး (ထိုသို့စောင့်နေသူ ၂ဝဝ ကျော် ရှိသည်)၊ အန်ဂျီအို များနှင့် ကုလသမဂ္ဂတို့မှ နိုင်ငံတကာအကူအညီပေးရေးဝန်ထမ်းများ ကို ၆ လအတွင်း အကြိမ်ကြိမ် ဝင်ထွက် ခွင့်ဗီဇာများထုတ်ပေးရေး (ဤသို့ လုပ်ပေးလျှင် မြန်မာပြည် တွင်ရောက်ရှိနေသူ အကူအညီပေးရေးလုပ်သား အရေအတွက်ကို ၃ ဆ တိုးလာစေမည်) နှင့် အန်ဂျီအိုနှင့် ဒေသခံဝန်ထမ်းများကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသို့ ခွင့်ပြု ချက် တောင်းခံရန်မလိုဘဲ ဝင်ရောက်ခွင့်ပြုရန် တို့ပါဝင်သည်။

"ဒီလိုလုပ်လိုက်ရင် နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းတွေကို အကြီးအကျယ် အထောက်အကူရစေမှာ။ အချိန်က သိပ်အရေးကြီးတယ်" ဟု သူက ထပ်မံပြောဆိုသွား ပါသည်။ သို့သော် စစ်အစိုးရကမူ သူ၏ပန်ကြားချက်များ ကို စိတ်ဝင်စားဟန် အနည်းငယ်သာ ပြသည်။

ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့်လေယဉ်များ မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသနှင့်အနီးကပ်ဆုံး လေယဉ်ကွင်းများတွင် ဆင်းသက်ခွင့်ပြုရန်လည်း သူပန်ကြား ခဲ့သည်။ သို့သော် မြန်မာအစိုးရကမူ မြန်မာနိုင်ငံ၏လေကြောင်းထိန်းသိမ်းမှုစနစ်သည် နိုင်ငံရပ်ခြား လေကြောင်းပျံသန်းမှုများ နှင့် အံဝင်ဂွင်ကျမဖြစ်ကြောင်း အကြောင်းပြ ကာ ယင်းမေတ္တာရပ်ခံချက်ကို လက်မခံ ပယ်ချခဲ့သည်။

မုန်တိုင်းဒဏ်ခံရသော ဒေသများသို့ဝင်ရောက်ရန်အတွက် လေကြောင်းစင်္ကြံတခု သတ်မှတ်ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို မကြာသေးမီက မေတ္တာ ရပ်ခံခဲ့သေးသည်။ သို့မှသာ ရန်ကုန်လေယဉ်ကွင်းတွင် ဆင်းသက်ရန်မလိုဘဲ အချို့လေယာဉ်များ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်ကုန် သက်သာ၍ တိုက်ရိုက်ပေးအပ် နိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ သူ့မေတ္တာရပ်ခံချက်များကို ချက်ချင်းခွင့်မပြုခဲ့သော်လည်း မကြာမတင်ကာလတွင် တိုးတက်မှုအချို့ ရှိလာနိုင်ကြောင်း သူက အကောင်းမြင်လျက်ပင် ရှိသည်။ "သူတို့အပြုသဘော တုံ့ပြန်ချင်တယ်၊ ဒါပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဘို့ ဝန်လေးနေတုံးဘဲလို့ ကျနော်ခံစားမိတယ်" ဟု သူက ပြောသွားပါသည်။

အီးယူကော်မရှင်နာ မင်းကြီးအတွက် အဓိကပြဿနာမှာ စစ်အစိုးရ၏တာဝန်ရှိ အကြီးတန်းခေါင်းဆောင်များနှင့် တွေ့ခွင့်မရဘဲ နှိုင်းယှဉ်ချက်အရ အာဏာသိပ်မရှိသည့် အစိုးရအဖွဲ့ဝင်များနှင့်သာ တွေ့ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အဆိုပါဝန်ကြီးများကလည်း သူတို့အနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ အားလုံးအထက်သို့သာ တင်ပြနေရကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့သည်ဟု အီးယူကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားခဲ့သူ ဥရောပသံတမန်တဦးက ပြန်ပြောပြပါသည်။

ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတဦးတည်းတွင်သာ ထိုသို့ဆုံးဖြတ်ခွင့် အာဏာများရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ "အမိန့်စီးဆင်းမှု ဘယ်လိုရှိတယ်၊ ဘယ်သူက ထိပ်ဆုံးမှာ ရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်" ဟု မစ္စတာမီရှဲ က မဇ္ဈိမသို့ ပြောသွားပါသည်။

မြစ်ဝကျွန်းပေါ်ဒေသသို့ သွား၍ ပျက်စီးမှုအတိုင်းအတာ ပမာဏကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခွင့်ပြုပါရန်လည်း မစ္စတာမီရှဲက စစ်အစိုးရကို သူ့ခရီးစဉ်အတွင်း အပြင်းအထန် တိုက်တွန်း ပြောကြားခဲ့သည်။ ဤသံတမန်ကြီး မြန်မာနိုင်ငံမှထွက်ခွါသွားပြီး နောက်တရက်မှ စစ်အစိုးရက ဤကိစ္စကို စီစဉ်ပေးနေပါသည်။ သံတမန် ၆ဝ ကျော်နှင့် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအေဂျင်စီ အကြီးအကဲများပါဝင်သည့် အဖွဲ့ကို ယနေ့ မြစ်ဝကျွန်းပေါ်ဒေသသို့ ရဟတ် ယာဉ် ၃ စင်းဖြင့် ခေါ်ယူတင်ဆောင်ကာ ပြသမည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates