Saturday, May 10, 2008



ရန်ကုန်တိုင်းတွင် လေဘေးဒုက္ခသည် ၇ သိန်း ၆ သောင်းရှိ

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 12:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်း တခုတည်းတွင်ပင် လေဘေးဒုက္ခသည် ၇ သိန်း ၆ သောင်းရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများမှာ ၆ ရာခိုင်နှုန်း အောက်မှာပင် ရှိနေသေးသည်ဟု ခိုင်လုံသော အစိုးရ သတင်း ရပ်ကွက်များအရ သိရသည်။

သောက်သုံးရေ၊ အစားအသောက်နှင် နေရာထိုင်ခင်း ကြုံတွေ့နေရသူ ဒုက္ခသည် အများစုမှာ ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးမြိုနယ်နှင့် ကျောက်တန်းမြို့နယ် အောက်ပိုင်းဒေသများ ဖြစ်သည်။

အစိုးရက ပေးအပ်နေသည့် ထောက်ပံ့ရေး ပစ္စည်းများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း အချို့က ပေးအပ်နေသော်လည်း အချို့ နေရာများတွင် ၁.၁ ရာခိုင်နှုန်းသာ ကာမိပြီး ပျှမ်းမျှအားဖြင့် ၅.၅ ရာခိုင်နှုန်းသာ ရှိသည်ဟု ကယ်ဆယ်ရေးလုပ်ငန်း ကြီးကြပ်နေသည့် အဖွဲ့ သတင်းရပ်ကွက်များက ပြောသည်။

အစိုးရပိုင် ရုပ်မြင်သံကြား သတင်းတွင် ၀န်ကြီးများနှင့် စစ်ဗိုလ်ချုပ်အချို့က ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း နေရာအချို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လျှက်ရှိပုံနှင့် လက်ခံရရှိသူ ဒုက္ခသည်များက လက်ခုတ်တီး ပြန်လည် ဂုဏ်ပြုနေပုံများ ထပ်ခါထပ်ခါ ပြသလျှက် ရှိသည်။

လေဘေး ဒုက္ခသည်များအတွက် မြန်မာသံဃာများက ဒေါ်လာ တသောင်း လှူဒါန်း

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 09 2008 20:03 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင် မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့ (MMWAI) က နာဂစ်မုန်တိုင်း ဒဏ်ခံရသည့် လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာ ၁ သောင်း ပေးကမ်း လှူဒါန်းလိုက်သည်။

မြန်မာစာသင်သား သံဃာအပါး ၂ဝဝ က ပညာရေး ပဒေသာပင်အဖြစ် နေရာအရပ်ရပ်မှ ထည့်ဝင်လှူဒါန်းသည့် အလှူငွေထဲမှ နှစ်စဉ် တပါးလျှင် ဒေါ်လာ ၅ဝ ခံစားခွင့်ရှိရာ အဆိုပါ ရရှိမည့် ထောက်ပံ့စရိတ် ဒေါ်လာ ၁ သောင်းကို စုပေါင်းလှူဒါန်း လိုက်ကြခြင်းဖြစ်သည်။

"ရဟန်းတော်တွေရဲ့ ပညာသင်ခံစားခွင့်တွေကို ပြည်သူတွေအတွက် လှူဒါန်းတယ်။ မြန်မာနိုင်ငံမှာ ဒုက္ခခံစားနေရတဲ့ သူတွေကို ဒုက္ခကနေ လွတ်မြောက်ဖို့ ရည်စူး လှူဒါန်းပါတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ကျောင်းပြီးသွားတဲ့ ကိုယ်တော်တွေက ဦးဆောင်ပြီးတော့ သူတို့က လုပ်ပေးမှာဖြစ်တယ်။ သူတို့ ကိုယ်တိုင် ကိုယ်ကျ မိမိတို့သဒ္ဓါတရား ရှိသလို လှူဒါန်းသွားမှာ ဖြစ်တယ်" ဟု အဖွဲ့ ပြောခွင့်ရ သံဃာတော်တပါးက မဇ္ဈိမကို မိန့်ကြားသည်။

ယနေ့ နံနက် ၈ နာရီက အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗောဓိပင် ခြေရင်းတွင် မြန်မာသံဃာအပါး ၁ဝဝ ကျော်က မုန်တိုင်းဒဏ်ခံရသူ မြန်မာပြည်သူများအတွက် ဒုက္ခကင်းဝေးရေး ဆုတောင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သလို၊ ရေဘေးလေဘေး ဒဏ်သင့်ကာ သေဆုံးခဲ့သူများအတွက်လည်း အမျှအတမ်း ပေးဝေခဲ့ကြသည်။

ယနေ့ထုတ်ပြန်သည့် MMWAI အဖွဲ့၏ ကြေညာချက်ထဲတွင် လက်ရှိအချိန်တွင် နာဂစ်မုန်တိုင်းဒဏ် ခံစားနေရသော ရဟန်းရှင်လူ ပြည်သူပြည်သားများအား ကယ်တင်ရေးထက် တခြား မည်သည့်အရာမျှ ပို၍ အရေးမကြီးသဖြင့် လူသားချင်းစာနာမှု၊ ပြည်သူများ အပေါ် ထားရှိသင့်သည့် တာဝန်သိစိတ်တို့နှင့်အတူ နိုင်ငံတော်အစိုးရ အနေနှင့် ပြည်တွင်း ပြည်ပမှ အကူအညီပေးရေးအဖွဲ့များနှင့် လက်ခံပူးပေါင်း ဆောင်ရွက်စေလိုသည် ဟု ရေးသား ဖော်ပြထားသည်။

ပြောခွင့်ရ သံဃာတော်ကပင် "မြန်မာနိုင်ငံမှာ မကြုံဖူးတဲ့ ဒုက္ခတွေ ကြုံတွေ့နေရတဲ့အချိန် ပြည်တွင်းပြည်ပမှာရှိတဲ့ ပြည်သူတွေက လှူဒါန်းနေကြတယ်။ အစိုးရအနေနဲ့ တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံတယ်။ လက်ရှိအခြေအနေမှာ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိုသာ အလေးပေး ဆောင်ရွက်သင့်တယ်။ အဲဒါတွေကို ဦးစားမပေးဘဲ တခြားဟာတွေ လုပ်နေမယ်ဆိုရင် ပြည်သူတွေအတွက်ရော၊ အားလုံးအတွက်ရော ဝမ်းနည်းစရာ ကြုံတွေ့လာမှာ ဖြစ်တယ်" ဟု ဆက်လက် မိန့်ကြားသွားသည်။


ဆန္ဒခံယူပွဲ ရက်ရွှေ့ရန် အိန္ဒိယရောက် မြန်မာများ ပြောဆို
ဝိုင်းပီး
သောကြာနေ့၊ မေလ 09 2008 18:09 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူများ ပူးဆွေးသောက ရောက်နေသဖြင့် လူထုဆန္ဒခံယူပွဲကို ရက်ရွှေ့ဆိုင်း ကျင်းပသင့်ကြောင်း အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူများက နအဖ ကို ယနေ့ ပြောဆိုလိုက်သည်။

လူထုဆန္ဒခံယူပွဲကို လတ်တလော ကျင်းပခြင်းမပြုဘဲ ရက်ရွှေ့ဆိုင်းရေးအတွက် BCI (Burma Camping India) က ဦးဆောင်သည့် အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ၈ဝ ခန့်က နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံအနီးတွင် နအဖ စစ်အစိုးရကို ဆန္ဒပြ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

"နဂိုကတည်းက ကျနော်တို့က ကန့်ကွက်ခဲ့တယ်။ အခု ဆိုင်ကလုံးကြောင့် ဆိုးရွားနေတဲ့ အချိန်မှာ လူထုဆန္ဒခံယူပွဲကို ရွှေ့ထားသင့်တယ်။ ပြည်သူတွေရဲ့ အခက်အခဲတွေကိုပဲ ဖြေရှင်းပေးသင့်တယ်" ဟု ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်သူ ကူကီးအမျိုးသား ကိုလွန်လွန်းက ပြောသည်။

BCI ကြေညာချက်ထဲတွင် မနက်ဖြန်တွင် ကျင်းပမည့် လူထုဆန္ဒခံပွဲကို မြန်မာတနိုင်ငံလုံး ရက်ပြောင်းရွှေ့နောက်ဆုတ်ပေးရန်၊ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီကို ချက်ချင်း အာဏာလွှဲရန်နှင့် အိမ်နီးချင်းနိုင်ငံများက နအဖ နှင့် တရင်းတနှီး ဆက်ဆံမှုများကို ရပ်တန့်ရန် ရေးသား တောင်းဆိုထားသည်။

စစ်အစိုးရအနေနှင့် နာဂစ်မုန်တိုင်းကြောင့် မြို့နယ် ၄၇ မြို့နယ်ကို သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသအဖြစ် သတ်မှတ်ကာ ဆန္ဒခံယူပွဲ ကျင်းပရမည့်ရက်ကို မေလ ၂၄ ရက်နေ့သို့ ပြောင်းရွှေ့ပြီး အခြားမြို့နယ်များကို မူလ စီစဉ်ထားသည့်အတိုင်း မနက်ဖြန် မေလ ၁ဝ ရက်နေ့တွင် ကျင်းပမည့်အပေါ် ဆန္ဒပြသူများက ဝေဖန်ရှုံ့ချကြသည်။

"စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့အပေါ်မှာ အထူး အာရုံစိုက်သင့်ပါတယ်၊ သူတို့ အာဏာ တည်မြဲရေးအတွက် လုပ်နေတဲ့ လူထုဆန္ဒခံယူပွဲကို ရက်ရွေ့ဆိုင်းသင့်တယ်၊ နောက်ဆုတ် ပေးသင့်တယ် လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်" ဟု ဆန္ဒပြပွဲ ဦးဆောင်ကျင်းပသူ နောက်တဦးဖြစ်သည့် ရခိုင်အမျိုးသား ကိုမောင်လူကြီးက ပြောသည်။

ကိုလွန်လွန်းက "ရက်ရွှေ့ရင်လည်း အားလုံးကို တပြိုင်ထဲ ရက်ရွှေ့ထားသင့်တယ်။ မုန်တိုင်းမရောက်တဲ့ ဒေသတွေကလည်း သူတို့တတ်နိုင်သလောက် ကူညီချင်တာတွေ ရှိတယ်။ ဆန္ဒခံယူပွဲအတွက် လူတွေက စိတ်မပါတဲ့အချိန် ဖြစ်နေတယ်။ ဒါကြောင့် တနိုင်ငံလုံး တပြိုင်ထဲ ရက်ကို ထားသင့်တယ်" ဟု ပြောသည်။

ဆန္ဒပြသူများက ယခုလက်ရှိ မုန်တိုင်းဒဏ် ခံနေရသည့် ဒုက္ခသည် မြန်မာပြည်သူများအပေါ် စာနာထောက်ထားသည့် နိုင်ငံတကာ၏ ထောက်ပံ့ ကူညီလိုမှုများကို နအဖ စစ်အစိုးရက အမြန်ဆုံး ရယူကာ ဖြေရှင်းသင့်ကြောင်းကိုလည်း ပြောဆိုကြသည်။

မုန်တိုင်းဒဏ်ကြောင့် ဘေးဒုက္ခသင့်နေသူများအပေါ် နအဖ က အေးတိအေးစက် သဘောထားကာ အကူအညီပေးရေး တုန့်နှေးနေသဖြင့် ၄င်းတို့၏ အခြေခံ ဥပဒေမူကြမ်းအပေါ် မြန်မာပြည်သူများ၏ ထောက်ခံမှု အတိုင်းအတာ လျော့ကျသွားလိမ့်မည် ဟု ပြည်ပရောက် မြန်မာနိုင်ငံသား အများအပြားက သုံးသပ်ပြောဆိုကြသည်။

ကုလအတွင်းရေးမှူးချုပ်က နအဖ အပြုအမူသည် မှတ်တမ်းတင်လောက်ဖွယ်ဟု ဝေဖန်

နေသွင်
သောကြာနေ့၊ မေလ 09 2008 16:59 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆိုင်ကလုံးအလွန် မြန်မာစစ်အစိုးရ၏ အပြုအမူသည် ကုလသမဂ္ဂ၏ အတွေ့အကြုံတွင် မှတ်တမ်း တင်လောက်သော အဖြစ်အပျက် ဖြစ်သည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ယနေ့ ထုတ်ဖော် ဝေဖန်လိုက်သည်။

တတိုင်းပြည်လုံး ၀မ်းနည်း ကြေကွဲနေချိန်တွင် ဆိုင်ကလုံးဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသအချို့မှာ လွဲ၍ အခြား ဒေသများတွင် ဆန္ဒခံယူပွဲကို မပျက်မကွက် ကျင်းပရန် စစ်အစိုးရ၏ ဆုံးဖြတ်ချက်ကို မှတ်တမ်း တင်ထားသည်ဟု မစ္စတာ ဘန်ကီမွန်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ၊ အာရှ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံးကလည်း အထွေထွေ အတွင်းရေးမှူးချုပ်၏ သဘောထားကို ထင်ဟပ်သော သဘောထားကို ယနေ့ ထုတ်ပြန်လိုက်ပြီး ကုလသမဂ္ဂ လူသားချင်းစာနာသည့် အဖွဲ့များကို ပြည်ဝင်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။

အာရှ-ပစိဖိတ်ရေးရာ ဘန်ကောက်ရုံးခွဲမှ အကြီးအကဲ Noeleen Heyzer က "ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးဖို့ စစ်အစိုးရကို နောက်ထပ် တိုက်တွန်းပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကုလသမဂ္ဂ အကူအညီပေးရေး လုပ်သားအားလုံးကို ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ အကူအညီတွေ လူတွေဆီ မြန်နိုင်သမျှ မြန်မြန်ရောက်သွားဖို့ပါ" ဟု ပြောသည်။

အတွင်းရေးမှူးချုပ် လက်အောက်ခံ နောက်တခု ဖြစ်သည့် လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေး ဌာနမှ စီစဉ် ညွန်ကြားရေးမှူး John Holmes က လောလောဆယ်တွင် ကုလသမဂ္ဂမှ သဘာဝ အန္တရာယ် စုံစမ်းရေးနှင့် ကြီးကြပ်ရေး အဖွဲ့ဝင် (Disaster Assessment and Coordination Team) ၂ ဦးသာ ရန်ကုန်သို့ ရောက်နေကြောင်း ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဘန်ကောက်မှတဆင့် မြန်မာပြည်သို့ ၀င်ခွင့်ရောက်ရေး ကြိုးပမ်းနေသူများတွင် ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ကယ်ဆယ်ရေး လုပ်သား (၁၀) ဦး ပါဝင်ပြီး အားလုံး ပယ်ချခံရသည်ဟု သိရသည်။

အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Paul Risley က "အခုလောက် နှောင့်နှေးနေတာမျိုး တခါမှ မဖြစ်ခဲ့ဘူး။ အားမလိုအားမရ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းတယ်" ဟု သတင်းထောက်များအား ပြောသည်။

ဗီဇာ လျှောက်ထားသူများအနက် ဘန်ကောက်မှတဆင့် ကြိုးစားသူ ၆ ဦးနှင့် အခြားနိုင်ငံများမှ ၄ ဦး ပါဝင်သည်။

ယနေ့သည် ထိုင်းနိုင်ငံ၏ အားလပ်ရက် ဖြစ်သဖြင့် ဗီဇာကိစ္စသည် ဆက်လက် နှောင့်နှေးနေဦးမည် ဖြစ်သည်။

WFP မှ အစားအစာနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်ထားသော လေယာဉ် ၂ စင်းသည် မြန်မာနိုင်ငံသို့ ပထဆုံး ပေးပို့နိုင်ခဲ့သည်။ ICRC မှ ကယ်ဆယ်ရေး လေယာဉ် တစင်းလည်း ယနေ့ ၀င်ရောက်နိုင်မည် ဖြစ်သည်။

ယခုအခါ လပွတ္တာသို့ အစားအစာများ စတင် ရောက်ရှိနေပြီး မနက်ဖြန်တွင် ဖြန့်ဝေခြင်း လုပ်ငန်းများ စတင်နိုင်မည်ဟု ပြောသည်။

UNICEF အဖွဲ့က လူပေါင်း ၂ သိန်းအတွက် တပတ်စာ သောက်သုံးရန် အတွက် သောက်သုံးရေ သန့်စင်ရေး ဆေးပြား ၃ သန်းကို ဖြန့်ဝေရန် စီစဉ်လျက် ရှိသည်။

ယခုအချိန်အထိ အစိုးရ မဟုတ်သော အေဂျင်စီပေါင်း ၂၃ ဖွဲ့သည် ကွင်းဆင်း ကူညီမှုများကို လုပ်ဆောင်နေသော်လည်း ကျွမ်းကျင်သူများ လိုအပ်နေသည်ဟု အထွေထွေ အတွင်းရေးမှူးချုပ် လက်အောက်ခံ လူသားဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာနမှ စီစဉ် ညွန်ကြားရေးမှူးက သတင်းထောက်များအား ပြောသည်။

ကုလသမဂ္ဂ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ ဆိုင်ကလုံးဒဏ်ခံရသော မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာ မှ အမေရိကန်ဒေါ်လာ ၃၂ သန်း အကူအညီ ရရှိပြီဟု သိရသည်။

ကုလသမဂ္ဂ၏ အာရှစီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP) အာရှ-ပစိဖိတ် ဒေသရုံး၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် လူပေါင်း ၁ သန်းခွဲသည် အရေးပေါ် အခြေအနေများ လိုအပ်နေသည်ဟု ဖော်ပြထားသည်။


လူသားချင်းစာနာသော ကြားဝင် ဆောင်ရွက်မှု လုပ်ရန် စင်္ကာပူတွင် စည်းရုံးနေ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 09 2008 21:41 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ စစ်အစိုးရ တားမြစ်နေသော်လည်း လူသားချင်း စာနာထောက်ထားပြီး ကြားဝင် ဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်ပါရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ စင်္ကာပူရောက် မြန်မာများ တောင်းဆိုမှုအတွက် လှုံ့ဆော်သူများက စတင် စည်းရုံးနေကြပြီ ဖြစ်သည်။

ကောက်ယူရရှိသော လက်မှတ်များကို စင်္ကာပူနိုင်ငံရှိ အမေရိကန် သံရုံးအပါအဝင် သက်ဆိုင်ရာ သံရုံးများသို့ တနင်္လာနေ့ နောက်ဆုံးထားပြီး ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း တယ်လီဖုံး မက်ဆေ့ဂ်ျမှတဆင့် စည်းရုံးရေး လုပ်နေသည့် လမ်းပြကြယ်မှ သတင်းထုတ်ပြန်သည်။

စင်္ကာပူနိုင်ငံရှိ မြန်မာများ လက်မှတ်ရေးထိုးရာတွင် လွယ်ကူစွာ ပါဝင်နိုင်ရန်အတွက် စနေနေ့ နေ့လည် (၁၂) နာရီမှ စတင်ကာ ပင်နီဇူလ (၅)လွှာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ မဟာဝိဟာရ ကျောင်းတိုက်များတွင် စနေနှင့် တနင်္ဂနွေနေ့များတွင် လက်မှတ်များ လာရောက် ထိုးနိုင်သည်ဟု ကြေငြာထားသည်။


၆ ရက်နေ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းများ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 06 2008 23:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်မြို့တွင် နာဂစ်ဆိုင်ကလုံး မုန်တိုင်း ရိုက်ခတ်မှုကြောင့် အခြေခံ လူသုံးကုန် ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် အခြား စားသောက်ကုန်များ ဆက်လက် ခုန်တက်နေသည်။

ယနေ့ ညနေပိုင်းတွင် အင်းစိန်မြို့နယ်မှ ကုန်စုံဆိုင်ရှင် တဦး၏ ပြောပြချက်အရ အခြေခံ စားသောက်ကုန် ဈေးနှုန်းများတွင် ဆီဈေးက တပိဿာလျှင် ၅ဝဝဝ ကျပ်၊ ဘဲဥတလုံး ၂၅ဝ ကျပ်၊ ရေသန့် တဗူးလျှင် ၁၂ဝဝ (၂ဝ လီတာ)၊ ရေစိုဆန် တပြည် ၇ဝဝ၊ ပဲဆီ တပိဿာ ၈ဝဝဝ၊ အချိုမှုန့် အသေး ၄ဝဝ၊ ကြက်သွန်နီ တပိဿာ ၂ဝဝဝ၊ ကြက်သွန်ဖြူ တပိဿာ ၂ဝဝဝ၊ ဆားတပိဿာ ၁ဝဝဝ ကျပ်၊ ကြက်သား တပိဿာ ၇ဝဝဝ၊ ဝက်သား ၅ဝဝဝ၊ ဖယောင်းတိုင် အသေးတထုတ် ၃ဝဝ၊ ဖယောင်းတိုင်အကြီး ၈ဝဝ၊ ဂတ်စ်တအိုး ၂၅ဝဝဝ ဖြစ်နေသည်ဟု သိရသည်။


ဒေါ်စုကို ပြန်လွှတ်ဖို့ အစီအစဉ်မရှိသေး

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 30 2008 23:04 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ်ကျခံနေရသော မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြန်လွှတ်ပေးရန် စစ်အစိုးရဘက်တွင် အစီအစဉ်မရှိသေးဟု စစ်အစိုးရ ၀န်ကြီးချုပ်၏ ပြောဆိုချက်ကို ထိုင်းဝန်ကြီးချုပ်ကို ယနေ့ ထုတ်ဖော်ပြောဆိုလိုက်သည်။

မေလ ဆန္ဒခံယူပွဲ မတိုင်ခင်နှင့် ဆန္ဒခံယူပွဲ နောက်ပိုင်း ပြန်လွှတ်ပေးမည် မဟုတ်ဟု ဆိုသည်။

"သူတို့ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို လွှတ်ပေးမှာ မဟုတ်သလို ၀င်လည်း မစွက်ဖက်ပါဘူး။ ဒီအတိုင်း ဆက်ထိန်းသိမ်းထားဦးမယ်၊ အနှောင့်အယှက်လည်း မပေးပါဘူး" ဟု ထိုင်း ၀န်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ "ကျနော်အထင် ဒီလို ထိန်းသိမ်းထားတဲ့ ကိစ္စက "အိုကေ" ပါပဲ၊ ဒါကြောင့်ပဲ သူများတွေက လေးစား ကြည်ညိုကြတယ် မဟုတ်လား" ဟု အသက် (၇၂) နှစ်အရွယ် ထိုင်းဝန်ကြီးချုပ်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် ယမန်နေ့နှောင်းပိုင်းက စ၍ ထိုင်းနိုင်ငံသို့ (၃) ရက်ကြာ ရောက်နေသော စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် နှင့် ယနေ့တွင် တွေ့ဆုံသည်။

ယခု ခရီးစဉ်အတွင်း ထိုင်းဘက်က မြန်မာဘက်တွင် ရာဘာ နှင့် ဆီအုန်းစက်ရုံ တည်ဆောက်ရေး ကိစ္စ၊ ထားဝယ် ရေနက်ဆိပ်ကမ်း ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စအပြင် ထိုင်းနိုင်ငံမှ စိုက်ပျိုးရေး နည်းပညာများ မြန်မာတောင်သူများအား ပံ့ပိုးပေးရေး ကိစ္စများကို ဆွေးနွေးဖွယ် ရှိသည်ဟု သိရသည်။

အသက် ၆၂ နှစ်အရွယ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် လွန်ခဲ့သော နှစ် (၂၀) အတွင်း ၁၃ နှစ်နီးပါးကို နေအိမ် အကျယ်ချုပ် ကျခံခဲ့ရသည်။

စစ်အစိုးရ သတင်းရပ်ကွက်ကို ကိုးကားသော ဂျပန်နိုင်ငံထုတ် Yomiuri Shimbum သတင်းဌာန၏ အင်တာနက် သတင်းတပုဒ်အရ နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးတင်ဦး တို့သည် လာမည့် ဆန္ဒခံယူပွဲတွင် မဲပေးခွင့် ရကြမည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၎င်းသည် နိုင်ငံသားတိုင်းအတွက် ရသင့်ရထိုက်သော အခွင့်အရေး ဖြစ်သည်ဟု ဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates