Monday, May 12, 2008

နိုင်ငံတကာရောက် မြန်မာများ လေဘေးအတွက် အလှူခံ

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ မေလ 11 2008 23:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ် လေဘေးဒုက္ခသည်များအတွက် နိုင်ငံတကာရောက် သံဃာတော်များနှင့် မျိုးချစ်မြန်မာများက အလှူငွေများ ကောက်ခံရာတွင် အားတက်သရော ထည့်ဝင် လှူဒါန်းမှုများ ရှိနေသည်ဟု သိရသည်။

သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် အဖွဲ့ခွဲတခုဖြစ်သည့် အင်္ဂလန်တွင် ယခုအခါ ကောက်ခံရရှိငွေပေါင်း ဒေါ်လာ ၁ သန်းကျော် ရရှိနေပြီ ဖြစ်သည်။

“ဘုန်းဘုန်းတို့ ကောက်ခံ ရရှိထားတာကတော့ ဒေါ်လာ ၁ သန်းကျော် ရှိနေပါပြီ။ အဓိက ဒုက္ခရောက်နေတဲ့ လပွတ္တာ၊ ဘိုကလေးတို့ နေရာမျိုးတွေမှာ လှူဒါန်းမှာ ဖြစ်တယ်။ လက်ရှိ လုပ်နေတဲ့ အသင်းအဖွဲ့တွေကို လှူဒါန်းမှာပါ” ဟု အဖွဲ့ကြီး၏ အတွင်းရေးမှူးဖြစ်သူ အင်္ဂလန်မှ ဆရာတော် ဦးဥတ္တရက မဇ္ဈိမကို မိန့်ကြားသည်။

ကောက်ခံ ရရှိငွေများဖြင့် အကူအညီ လိုအပ်နေသည့် လူမျိုးမရွေး၊ ဘာသာမရွေး ဒုက္ခသည်များအတွက် နေရာထိုင်ခင်းနှင့် ဆေးဝါးများ ပံ့ပိုး ကူညီသွားမည် ဖြစ်သည်။

ဆရာတော်က “လှူဒါန်းတဲ့ ပုဂ္ဂိုလ်တွေက ဘာသာမရွေး၊ လူမျိုးမရွေး လှူဒါန်းနေတာ။ ဘုန်းဘုန်းတို့က ဝိုင်းကူညီပေးရမှာပါပဲ။ ကူညီနေတဲ့သူတွေက ဗုဒ္ဓဘာသာဝင်တွေမှ မဟုတ်ဘဲနဲ့ ခရစ်ယာန်၊ အစ္စလာန် ဘာသာဝင်တွေ၊ ဘာသာခြားတွေက လှူဒါန်းတာ ဖြစ်တယ်။ လူသားချင်းစာနာတဲ့ အထောက်အကူနဲ့ လှူဒါန်းတာ ဖြစ်တယ်” ဟု ဆက်လက် မိန့်ကြားသည်။

အမေရိကန် အခြေစိုက် ရဟန်းတော်များ အဖွဲ့ချုပ်ကြီးက ကနေဒါ၊ လန်ဒန်၊ စင်္ကာပူ၊ သြစတေးလျ၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမဏီ၊ အီတလီ၊ နယူးဇီလန်၊ သီရိလင်္ကာ၊ ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ အဖွဲ့ခွဲများကိုလည်း နာဂစ်မုန်တိုင်း ဒုက္ခသည်များအတွက် ယခုလ ၄ ရက်နေ့မှ စတင်ကာ အလှူငွေများ ကောက်ခံရန် ညွှန်ကြားထားသည်။

ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံသားများနှင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များက လေဘေးဒုက္ခသည်များ ကူညီရေးအတွက် လှုပ်ရှားမှုများကို ယခုလ ၉ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြသည်။

ထိုင်း-မြန်မာ လေဘေး ကူညီရေးအဖွဲ့ (ယာယီ) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျော်လင်းဦးက “ဒီမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေ လုပ်ငန်းရှင်တွေ ကိုယ်၌က ကူညီ လှူဒါန်းချင်တယ်။ ဘယ်လို လှူရမလဲ၊ ဘယ်သူ့ကို လှူရမလဲ၊ ဘယ်လို ပို့ပေးမလဲဆိုတာတွေ ရှိတယ်။ အဲဒါတွေကို တာဝန်ယူပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အလှူငွေ ကောက်ခံနေသည့် မြန်မာများကို ဘန်ကောက်မြို့ရှိ အလုပ်သမားများအပြင် အချို့ အလုပ်ရှင်များက သယ်ယူသွားလာရေး လွယ်ကူစေရန် မော်တော်ကား၊ ဓာတ်ဆီ ပေးကူကြောင်းနှင့် ထိုင်းတက္ကသိုလ် ကျောင်းသားများကလည်း အလှူငွေများ လိုက်လံ ကောက်ခံပေးကြောင်း ကိုကျော်လင်းဦးက ဆက်ပြောသည်။

စင်္ကာပူရောက် မြန်မာများကလည်း ယမန်နေ့အထိ စင်္ကာပူဒေါ်လာ ၁ဝ၃၄၆၇ ကောက်ခံရရှိပြီး ဖြစ်သည်။

“စင်္ကာပူဒေါ်လာ ၅ သောင်းနဲ့ ညီမျှတဲ့ ဆန်၊ ငါးခြောက်နဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို မြန်မာပြည်မှာရှိတဲ့ ဒေသ တော်တော်များများကို လှူဒါန်းနေပါတယ်” ဟု ပြည်ပရောက် မျိုးချစ်မြန်မာများ (စင်္ကာပူ) အဖွဲ့မှ ဦးဆောင် လှုပ်ရှားသူတဦး ဖြစ်သည့် ကိုကျော်စိုးက ပြောသည်။

ဝမ်းရောဂါ အပါအဝင် အခြားရောဂါများ ခံစားနေရသည့် ဒုက္ခသည်များအတွက် စင်္ကာပူဒေါ်လာ ၂ သောင်းကျော်ဖိုးရှိ ဆေးဝါးပစ္စည်းများလည်း ပေးပို့ပြီး ဖြစ်သလို၊ စင်္ကာပူဒေါ်လာ ၅ သောင်းနှင့် ညီမျှသည့် ဆန်များကို ဆက်လက်၍ ပေးပို့သွားမည် ဖြစ်သည်။

မြန်မာလူမျိုးများ အများဆုံး သွားရောက်သည့် ပင်နီစူလာ ပလာဇာရှိ လမ်းပြကြယ် စာကြည့်တိုက်၊ စင်းမြန်မာဆိုင်၊ လင်းလက်ဆိုင်၊ သပြေနုဆိုင်နှင့် စီးတီးပွိုင့်ဆိုင်တွင် အလှူငွေများ လက်ခံလျက်ရှိသည်။


အကူအညီပေးရေးဆိုင်ရာ နိုင်ငံရေးရှုပ်ထွေးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း အဟန့်အတားဖြစ်ရ

ဆော်လမွန်
စနေနေ့၊ မေလ 10 2008 16:55 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ၂၄ နာရီကြာ အကူအညီပေးရေးဆိုင်ရာ နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ပေါ်ပေါက်ပြီးနောက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်သည် နောက်ထပ်လေယာဉ် ၂ စီးစာ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့သွားမည် ဖြစ်ကြောင်း ထုတ်ဖေါ် ပြောကြားသွားသည်။

သူတို့ပေးပို့သော အဟာရမြှင့် ဘီစကစ် လေယာဉ် ၂ စီးစာကို မြန်မာအစိုးရက သိမ်းယူ ထိန်းချုပ်ထားသည် ဟူသော သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် နာဂစ်ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒုက္ခသည်များအတွက် ပေးပို့နေသော အကူအညီများကို ရပ်ဆိုင်းထားလိုက်မည်ဟု ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP) က သောကြာနေ့က ပြောဆိုခဲ့သည်။

“WFP က စီစဉ်ထားသည့်အတိုင်း ကယ်ဆယ်ရေးပစ္စည်း လေယာဉ် ၂ စီးစာကို ကယ်ဆယ်ရေး ပစ္စည်းများ ဝေငှဖြန့်ဖြူးရေးနှင့် စပ်လျဉ်း၍ မြန်မာအစိုးရနှင့် ဆွေးနွေးနေစဉ် ယနေ့ ဆက်လက် ပေးပို့သွားပါမည်။ ပစ္စည်းများကို WFP ကို ထုတ်ပေးမှာ မဟုတ်ပါဘူး” ဟု WFP ၏ ဆက်သွယ်ရေးနှင့် ပြည်သူ့မူဝါဒ ညွှန်ကြားရေးမှူး နန်စီ အီး ရိုမင် (Nancy E. Roman) က ရောမမြို့တွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားသွားသည်။

“ဆာလောင် မွတ်သိပ်နေသော လူထုဒ ၉၅ဝဝဝ ကို ကျွေးမွေးနိုင်သည့် အဆိုပါ အထူး ဘီစကစ်များကို ဝေငှဖြန့်ဖြူးရန် မိမိတို့တွင် အခွင့်အရေး ရှိသည်ဟု မြန်မာအစိုးရက ပြောဆိုနေကြောင်း ရိုမင် က ပြောကြားသည်။ သို့သော် WFP သည် အဆိုပါ အစားအစာ ရိက္ခာများကို မိမိတို့၏ ကိုယ်ပိုင် ဝန်ထမ်းများဖြင့်သာ ပေးဝေသည့် ထုံးစံရှိသည်။

ထိုအတောအတွင်း မိမိတို့ ကုလအေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသများရှိ လူပေါင်း ၂၁ဝဝဝ ကို အဆိုပါ ဘီစကစ်များ လုံလောက်စွာ ဝေငှပေးခဲ့ပြီး ဖြစ်သည်ဟုလည်း ရိုမင် က ဆက်ပြောသည်။

ထိုအတောအတွင်း ရက်အတန်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အမေရိကန် နိုင်ငံသည်လည်း C-130 လေယဉ်တစီးစာ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ခွင့် ရရှိသွားပြီ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ အမေရိကန်သံအမတ် အဲရစ်ဂျွန် (Eric John) က မိမိတို့ နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်ဟု ဘန်ကောက်တွင် သောကြာနေ့ အစောပိုင်းက ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောဆိုသွားသည်။

နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို စစ်အစိုးရက အလွန်နှေးကွေးစွာ တုံ့ပြန်မှုမှ ယခုကဲ့သို့ နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရက ထို နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့များအတွက် ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးရာတွင် ကန့်သတ်မှုများ ပြုလုပ်ထားခြင်း၊ ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့ရန် ခွင့်ပြုချက် တောင်းခံရာတွင် နှောင့်နှေး ကြန့်ကြာလွန်းခြင်း စသည်တို့ကြောင့် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့များ စိတ်ပျက်လက်ပျက် ဖြစ်ကြရသည်။

“ဒါမျိုး မဖြစ်သင့်ပါဘူး။ ဒုက္ခသည်တွေ အနေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေ မရရင် သေဆုံးကုန်ကြရပါလိမ့်မယ်” ဟု အဝေးရောက်အစိုးရ အမျိုးသားညွန့်ပေါင်း အစိုးရဝန်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

“ကမ္ဘာ့နိုင်ငံများ အနေနဲ့လည်း စစ်အစိုးရကို ဒါမျိုးလုပ်ခွင့် မပေးသင့်ပါဘူး။ အခုလို စစ်အစိုးရက နိုင်ငံတကာ လူသားချင်း စာနာတဲ့ အကူအညီတွေကို ဆက်လက် တားဆီးနေမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကြားဝင် ဝင်ရောက် စွက်ဖက်မှုတွေ လုပ်သင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်တွင် သောကြာနေ့ နှောင်းပိုင်းက ကျင်းပသည့် အစည်းအဝေး၌ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ အကူအညီများ လက်ခံသွားမည် ဖြစ်ကြောင်း မြန်မာသံအမတ်ကြီးက ပြောဆိုသွားသည်။ “ကျနော်တို့အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် အရှိန်မြှင့် အင်တိုက်အားတိုက် လုပ်ဆောင်သွားဖို့ အဆင်သင့် ရှိပါတယ်” ဟု မြန်မာသံအမတ်ကြီးက ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂကလည်း ခန့်မှန်းခြေ ၁ ဒဿမ ၅ သန်းခန့် ရှိသည့် နာဂစ် ဆိုင်ကလုံး လေဘေး ဒုက္ခသည်များအတွက် ဒေါ်လာ ၁၈၇ သန်း လှူဒါန်းပါရန် ကမ္ဘာ့နိုင်ငံများကို ပန်ကြားထားသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော အသက်မသေ ကျန်ရစ်ခဲ့သည့် လေဘေး ဒုက္ခသည်များထံ ယခုထိ အကူအညီ အနည်းငယ်သာ ရောက်ရှိသေးသည်။


ဒုက္ခသည်များအတွက် ဘီလ်ဂိတ် ၃ သန်း၊ ဂူဂဲလ် ၁ သန်း လှူချင်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 16:34 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အင်တာနက် ရှာဖွေရေး အင်ဂျင်ကြီးတခု ဖြစ်သော Google မှ မြန်မာ့လေဘေး ဒုက္ခသည်များအတွက် ကူညီထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁ သန်း အထိ ပေးသွားမည်ဖြစ်ပြီး အွန်လိုင်းပေါ်မှလည်း အလှူငွေများ ထည့်ဝင် ပေးလှူနိုင်သော လင့်ကို မနေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

ထို့အတူ မိုက်ကရိုဆော့ဖ်မှ ဘီလ်ဂိတ်၏ ဂိတ်ဖောင်ဒေးရှင်းမှလည်း အမေရိကန်ဒေါ်လာ ၃ သန်းကို လေဘေးသင့် ဒေသများအတွင်း အရေးပေါ် ကယ်ဆယ်ရေးများ လုပ်ဆောင်နိုင်ရန် လှူဒါန်းမည်။ ထို့ပြင် မုန်တိုင်းကြောင့် ကွဲကွာသွားရသော မိသားစုများကို ပြန်လည်ရှာဖွေရန် နည်းပညာ အထောက်အပံ့များ ပေးသွားမည်ဟု အေပီ သတင်းဌာနသို့ သောကြာနေ့က ပြောကြားသွားကြောင်း အေပီသတင်း တရပ်က ဖော်ပြသွားသည်။

မြန်မာနိုင်ငံအတွင်း ဧရာဝတီ မြစ်ကြောင်းတလျှောက် ပြေးဆွဲနေသော ဇိမ်ခံ သင်္ဘောကုမ္ပဏီ တခုဖြစ်သော ဧရာဝတီ ဖလိုတီလာမှ မစ္စတာ ပေါလ် စထရပ်ခမ် ကလည်း သူ၏ ပန်တော် ၄ သင်္ဘောကို ဆေးခန်းအသွင် ပြောင်း၍ ကယ်ဆယ်ရေး အဖွဲ့များဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။ မြန်မာ ဆရာဝန်များကလည်း လုပ်အားပေး ကူညီကြမည်ဟု ပြောသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံသော အနည်းငယ်ရှိသည့် အမေရိကန် ကုမ္ပဏီများအနက် တခုဖြစ်သော ချယ်ဗ်ရွန် ကော်ပိုရေးရှင်းမှလည်း အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့မည်ဟု သိရသည်။


တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ မေလ 11 2008 17:05 - မြန်မာစံတော်ချိန်
Article Index
တရားမျှတမှုမရှိသည့် မဲဆန္ဒခံယူပွဲဟု အန်အယ်ဒီ ပြောကြား
စာ - ၂
All Pages

ချင်းမိုင်။ ။ ယမန်နေ့က ကျင်းပပြီးစီးသွားပြီ ဖြစ်သည့် နအဖ စစ်အစိုးရ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် တရားမျှတမှု မရှိကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များနှင့်တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောပြထားသည်ကို တင်ပြလိုက်ပါသည်။

''မကွေးတိုင်း နတ်မောက်မှာ ရွာပေါင်း သုံးရွာကို ကြိုတင် မဲပေးခိုင်းတယ်။ အဲဒီမဲတွေကို ထောက်ခံမဲပဲ ပေးရမယ်လို့ ပြောတယ်။ ပိတောက်ငုတ်ရွာမှာဆိုရင် ကန့်ကွက်မဲ ၁၅ မဲပါလို့ ကြံ့ခိုင်ရေးက မ၀တ ဥက္ကဌကို တိုင်တယ်လို့ ကြားတယ်''

……………

''ရေနံချောင်းမှာတော့ ကျနော်တို့ အဖွဲ့ဝင်တွေ ရှိတဲ့ နေရာမှာ မှန်မှန်ကန်ကန် စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်။ ဒါပေမယ်လို့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဝေးတဲ့ နေရာတွေမှာကျတော့ ဘယ်လိုလုပ်လဲဆိုတော့ မဲလာထည့်ရင် ထောက်ခံမဲ ထည့်မယ့် သူတွေက ငါတို့ ရှေ့မှာတင် ပေါ်တင်ထည့်၊ ထောက်ခံမဲ မထည့်ဘူးဆိုရင် ဟိုးအနောက်မှာ မဲပုံးထားထားတယ်။ အဲဒီမဲပုံးမှာ သွားထည့်ဆိုပြီး ပြောတယ်။ လုပ်တာကတော့ ထောက်ခံမဲ ထည့်တဲ့သူနဲ့ မထည့်တဲ့သူနဲ့ကို သိသာအောင် ခွဲလိုက်တာပေါ့။ ပြီးတော့ မဲရုံပတ်လည်မှာ ရဲတွေကို လက်နက် အပြည့်အစုံနဲ့ စောင့်ခိုင်းထားတယ်။ အဲဒီလိုဆိုတော့ လူတွေက ကန့်ကွက်မဲ မထည့်ရဲဘူး ဖြစ်ကုန်တယ်''

……………

''ပခုက္ကူ ကံမ မှာဆိုရင် ကြိုတင် မဲကောက်ထားတဲ့ မဲရုံတရုံ ရှိတယ်။ အဲဒီမဲရုံ တရုံလုံးမှာ ၁၀၀ ရာခိုင်နှုန်း အမှန်တွေချည်းပဲ လုပ်ထားတယ်လို့ ပြောတယ်။ ကန့်ကွက်မဲ လုံးဝ မပါဘူး''

''ပခုက္ကူ (ယင်းကြိမ်) တိုက်နယ်ဆိုတာ ရှိတယ်။ အဲဒီမှာ မဲရုံ ၁၄ ရုံရှိတယ်။ ကျေးလက်အုပ်စုက ၁၃ ခု၊ အဲဒီ ၁၃ ခုကနေပြီးတော့ ဗဟိုလူငယ်တွေဆီ ရောက်လာတဲ့ သတင်းအရ ချောင်းကောက်ရွာ ဥက္ကဌ သိန်းထိုက်က ညကတည်းက ကြိုတင်မဲတွေကို ယူတယ်။ ပြီးတော့ တချို့ မဲတွေကို သူ့သဘောနဲ့သူ အမှန်တွေ ခြစ်ပြီးတော့ ထည့်တယ်''

''နောက် ကြက်လျှာကျေးရွာက ဥက္ကဌ စိန်ကုလားကလည်း အဲဒီလိုပဲလုပ်တယ်။ အိုင်ကျင်နဲ့ မြို့မကျေးရွာတွေကတော့ စည်းကမ်းအတိုင်း လုပ်တယ်လို့ သိရတယ်''

''ကမ္ဘာအေးနဲ့ ထနောင်းကုန်းကျေးရွာတွေကတော့ ရယက ဥက္ကဌ နဲ့ မဲရုံမှူးရှေ့မှာပဲ မဲပေးခိုင်းတယ်။ ဆန္ဒပြုခန်းထဲ သွားလို့ မရဘူး''

''ဆတ်ကြီး ကျေးရွာ ဥက္ကဌ အောင်ကျော်မင်းက ဆိုရင် မဲလာပေးတဲ့ သူတွေကို ဘယ်လို ခြိမ်းခြောက်လဲ ဆိုတော့ ကန့်ကွက်မဲ ပေးမယ်ဆိုရင် သာရေးနာရေး၊ လူမှုရေးတွေ မကူညီပေးနိုင်ဘူး ဆိုပြီး ပြောတယ်''

''ရွာသာအေး ဥက္ကဌ ဦးမောင်ဇော်မင်းတို့ကို ကျနော်တို့ဆီက နေပြီးတော့ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ မေးကြည့်တော့ သူတို့ကို မယကနဲ့ သက်ဆိုင်ရာက မှာထားတယ်တဲ့။ ကန့်ကွက်မဲ တမဲမှ မပါဘူးဆိုရင် GSM တလုံးစီ ပေးမယ်တဲ့။ ကန့်ကွက်မဲတွေ များလို့ ရှိရင်တော့ ခင်ဗျားတို့လဲ ဒုက္ခရောက်မယ်တဲ့။ အဲလို ခြိမ်းခြောက်ထားတာ ရှိလို့ ဒီလို လုပ်တာပါလို့ ပြောတယ်''

……………

''ကရင်ပြည်နယ် ဘားအံမှာကတော့ မဲရုံကို သွားကြစို့ဆိုတဲ့ သီချင်းကို တချိန်လုံး ဖွင့်ထားတယ်။ အဲဒီလို ဖွင့်နေပေမယ်လို့ ၁၁ နာရီအထိ မဲလာပေးတဲ့ နှုန်းက အင်မတန်နည်းတယ်''

''မီးတန် ကျေးရွာဆိုတာ ရှိတယ်။ အဲဒီက မဲရုံတွေမှာ ထူးဆန်းတာက ဘောပင် မထားထားဘူး။ အဲဒီတော့ ရွာသူရွာသားတွေက ဥက္ကဌနဲ့ ကော်မရှင် အဖွဲ့တွေဆီကနေ ဘောပင်မတောင်းရဲလို့ စာရွက်အလွတ်တွေကိုပဲ မဲပုံးထဲ ထည့်သွားတယ်''

''လှိုင်းဘွဲ့မြို့ (က) ရပ်ကွက် အမှတ် ၆ မူလတန်းကျောင်းရုံးမှာ မဲရုံ လုပ်ထားတယ်။ အဲဒီမဲရုံ ပြိုကျသွားတယ်။ လူ ၈ ယောက် သေတယ်။ မဲရုံ ပြိုကျရတဲ့ အကြောင်းရင်းကတော့ မဲလာပေးတဲ့ သူများလို့ မဟုတ်ဘူး။ ဆောက်ထားတာ မခိုင်လို့''

……………

''မန္တလေးမှာတော့ အခြေအနေ မကောင်းဘူး။ မဲရုံ တာဝန်ရှိတဲ့ သူတွေက လာတဲ့သူတွေကို အမှန်ခြစ်ဖို့ ပြောတယ်။ နောက် ကြိုတင်မဲတွေ ယူထားတာ များတယ်။ အဲဒီ ကြိုတင်မဲတွေကလည်း အမှန်တွေပဲ ခြစ်ထားတယ်။ ဒီနေ့မှ လာထည့်တဲ့ သူကလည်း အင်မတန် နည်းတယ်''

……………

''မွန်ပြည်နယ် မော်လမြိုင်မြို့ ဒိုက်ကွင်းကျေးရွာမှာ မဲလာထည့်တဲ့ သူတွေကို ရယကနဲ့ တာဝန်ရှိသူတွေက အမှန်မဲ ထည့်ဖို့ပြောတယ်။ မဲအိုကုန်း ရပ်ကွက်မှာ ဆိုရင် ကျနော်တို့ အဖွဲ့ဝင် ခွန်နိုင်စိုး ဆိုတာ။ သူက မဲမထည့်ရသေးဘူး။ သူမဲ သွားထည့်တော့ သူ့ကို ကော်မရှင်က ခင်ဗျား မဲထည့်ပြီးသွားပြီ။ ထောက်ခံမဲ ပေးပြီးသွားပြီတဲ့။ မဟုတ်ဘူး ကျနော် မပေးရသေးဘူးလို့ ပြောတော့ ဒီမှာကြည့် ခင်ဗျား ပေးထားတာဆိုပြီး အဲဒီ လက်မှတ်ကို ပြတယ်။ သူ့မိန်းမကိုလည်း ထောက်ခံမဲ ပေးပြီးထားတယ် ဆိုပြီးတော့ မပေးခဲ့ရဘူး''
……………


အတင်းထည့်ခိုင်းထားတဲ့ ကြိုတင်မဲစာရင်းတွေ ရှုပ်ထွေးနေ

မဇ္ဈိမသတင်းဌာန
တနင်္ဂနွေနေ့၊ မေလ 11 2008 13:38 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကြိုတင် ထောက်ခံမဲရရှိရန် မကွေးတိုင်း ရေစကြို မြို့နယ်တွင် မလှိမ့်တပတ် နည်းများနှင့် လုပ်ဆောင်ခဲ့သလို၊ ယနေ့ မဲထည့်ရာတွင် ကြိုတင်မဲပေးသူ စာရင်းတွင် မထင်မှတ်ဘဲ ပါဝင်နေသူများ ရှိသည်ဟု ဒေသခံများက ပြောသည်။

ကာယကံရှင်နှင့် နီးစပ်သူတဦး

“ကြိုတင်မဲတွေကို ကလိမ်ကကျစ် လုပ်တယ်။ ကြိုတင်မဲတွေကို ကလိမ်ကကျစ်တွေက မဲရုံတိုင်းလိုလို လုပ်တယ်ခင်ဗျာ။ ကျနော်တို့ ရေစကြို အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက် မဲပေးတာတွေ ရှိတယ်။ ဘေးပတ်ဝန်းကျင် ရွာတွေမှာ တာဝန်ကျတဲ့ လူတွေက ကြိုတင်မဲကို အတင်းအဓမ္မ လုပ်ယူကြတယ်။ ကြိုတင်မဲက အမှန်ခြစ်ရတယ်။ အမှန်များများ ယူတယ်။ ဒီမှာ အဲဒီနည်း လုပ်တယ်။

စိတ္တသုခရပ်ကွက် Rainbow လ္ဘက်ရည်ဆိုင်က မခင်လေးရီ မဲသွားပေးတော့ သူအလှည့်ရောက်တော့ သူ့နာမည် ရှေ့မှာ ကြိုတင်မဲ ပေးပြီးဆိုတာ ရေးထားတာ ရှိတယ်။ မဲရုံစာရေးက “မခင်လေးရီက ကြိုတင်မဲ မေးထားပြီးပြီပဲ” လို့ ပြောတယ်။ သူက “မသိဘူး၊ ကျမက ဘယ်တုန်းက ပေးလို့လဲ”။ အဲဒီမှာ စာရေးကနေ “ဟာ ဟုတ်လား” ဆိုပြီး တော့ မဲရုံမှူးကို ခေါ်တယ်။

“မဲရုံမှူးက အထက်ကို တင်ပြရမယ်” လို့ ပြောတော့ အနားမှာ ရှိတဲ့ သူက “ဘာလို့ပြောရမှာလဲ၊ မဲရုံမှူး သဘောပဲပေါ့” လို့ ပြောပြီး “မဲပြား ထုတ်ပေးရမယ် ဆိုရင် ထုတ်ပေး လိုက်မှာပဲ” လို့ ပြောတော့မှ မဲရုံမှူးက “ထုတ်ပေးလိုက်ပါဗျာ” လို့ ပြောမှာ မဲပြား ထုတ်ပေးလိုက်တယ်။

သူ့အတွက် ကန့်ကွက်မဲ ပေးခဲ့တယ်။ ရွှေကျောင်းရွာ၊ ကြိုတင်မဲ ပေးတဲ့သူတွေထဲမှာ ၁ဝ ယောက်မှ ၈ ယောက် လောက်က အမှန်ပေးတယ်။ “ခင်ဗျားတို့ မပေးတတ်ရင် ဒီလို ပေးရတယ်” ဆိုပြီးတော့ အမှန်ပေးတယ်။ အထဲထဲအထိ ပေးစရာ မလိုတော့ဘူး။ ရွာသားတွေက မဲမပေးတတ်တဲ့အတွက် အမှန်ခြစ်တွေ ခြစ်ပေးကြတယ်။ စိတ္တသုခ ရပ်ကွက်မှာရှိတဲ့ မဲရုံမှာ မိသားစုတစုကို တယောက်သွားပြီး မဲထည့်လို့ရှိရင် ရတယ်။

လုံခြုံရေးကတော့ ပြည်ခိုင်ဖြိုးက မဲရုံတွေဘေးမှာ ရှိနေတယ်။ ဇနာပွတ်တောင်ရွာတို့မှာ ဗီဒီယိုတွေ ရိုက်တာတွေ ရှိတယ်။ ရေစကြိုနဲ့ ၄ မိုင်လောက် ဝေးတဲ့ ဇနာပွတ်တောင်ရွာမှာ တော်တော်များများ ကြက်ခြေခတ်ကြတယ်။ ၁၅ဝဝ လောက် မဲပေးရမယ့် စာရင်းမှာ ၉ဝဝ လောက်တော့ ရောက်သွားပြီ။

နာဂစ် မုန်တိုင်းတိုက်တယ် ဆိုကတည်းက ရေဒီယို နားထောင် တီဗွီကြည့် လုပ်နေကြတယ်။ ရေစကြိုမှာ မယက က ၄ ရက်နေ့လောက်မှာ အလှူငွေ ကောက်ခံတယ်။ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၇ ရပ်ကွက်၊ အမှတ် ၈ ရပ်ကွက်တွေမှာ အလှူငွေတွေ ကောက်တယ်။ ရေစကြို အမှတ် ၇ ရပ်ကွက်၊ လုံချည် ၉ ထည်နဲ့ ပစ္စည်းတန်ဖိုး သိန်း ၂ဝ လောက် ရတယ်။ ကျန်တဲ့ ရပ်ကွက်တွေကတော့ တသောင်းခွဲ၊ နှစ်သောင်း ရတယ်။ နိုင်ငံတကာက အကူအညီတွေကို ဝမ်းပမ်းတသာ ကြိုဆိုရမယ့်အစား အလကားရတဲ့ နွားကို သွားဖြဲကြည့်နေတာကို ပြည်သူတွေတွေက တောက် ခေါက် နေကြတယ်”

ကာယကံရှင် မခင်လေးရီ ပြောပြချက် -

“ကျမ မဲ ဆန္ဒသွားပေးတာပေါ့လေ။ ကျမ နာမည် အလှည့်ကျတော့ ကြိုတင်မဲတွေထဲမှာ မဲပေးပြီးပြီ။ ကျမက ပြောတာပေါ့၊ ကျမက မဲမပေးရသေးဘူးပေါ့။ ကြိုတင်မဲ ထည့်ဖို့ ဘာမှလည်း လာမပြောဘူး။ ကျမမှာ သူတို့ ပေးထားတဲ့ စာရွက်တွေ ပြတော့ မှန်တယ်ဆိုပြီး စာရေးမက ကျမကို မဲထည့်ခွင့် ပေးလိုက်တယ်။ ကာယကံရှင်က ဆန္ဒပြုတယ်ဆိုတော့ ဒီမဲကို ကိုယ်ကိုယ်တိုင်ပဲ ထည့်ချင်တာဆိုတော့ ကျမ ထည့်လိုက်တယ်။ ကျမ လက်မှတ်ထုတ်မယ့် နေရာမှာတော့ ကျမ နာမည်ကို “ကြို” ဆိုတဲ့ စာလုံးတလုံး ရေးထားတယ်။ ကျမက “ကြို” ပေါ်မှာ လက်မှတ်ထိုးမယ် လုပ်တော့ ထပ်ရေးပါ၊ ဒီအုပ်စာက ဖျက်ရအုံးမယ်ဆိုတော့ အသစ်ရေးပါ ဆိုပြီးတော့ ပြောပြီး မဲထည့်ခွင့် ပေးလိုက်တယ်”


မဲရုံများပိတ် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီ ဆုံးခန်းတိုင်

မဇ္ဈိမသတင်းဌာန
စနေနေ့၊ မေလ 10 2008 18:46 - မြန်မာစံတော်ချိန်

နယူးဒေလီ - မွန်းလွဲ ၄ နာရီထိုးသည်နှင့် မဲရုံးများ ပိတ်လိုက်ပြီး စစ်အစိုးရ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၏ တရက်တာ ဒီမိုကရေစီလည်း ဆုံးခန်းတိုင်သွားပြီ ဖြစ်သည်။

“မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင်တွေ ထောက်ခံ၊ ကန့်ကွက်ခွဲပြီး မဲတွေ စရေနေကြပြီ” ဟု ကချင်ပြည်နယ်၊ ဝါရှောင်ကျေးရွာတွင် ကျင်းပသည့် ဆန္ဒခံယူပွဲကို အနီးကပ် စောင့်ကြည့် အကဲခတ်နေသည့် ကျေးရွာသားတဦးက ပြောပါသည်။

မဲရုံမှူးက ကန့်ကွက်မဲဟု ယူဆရသော ဆန္ဒမဲ လက်မှတ်များ ထည့်ထားသည့် အိတ်ကြီးကို ကိုင်ကာ မဲရုံအတွင်းမှ ထွက်ခွါသွားသည်ကို တွေ့လိုက်ရသည်ဟု အဆိုပါ ကျေးရွာသားက ပြောပြပါသည်။ “မဲရုံထဲမှာ ကျနော့်လူတွေ ရှိတယ်ဗျ၊ သူတို့က ပြန်ပြောပြတာ” ဟု သူက ဆက်လက် ပြောပြပါသည်။ သူ့အဆိုအရ ဆန္ဒမဲ လက်မှတ်များ ရေတွက်နေစဉ် မဲရုံ တွင်းဝယ် လူ ၆ ဦးသာ ရှိသည်ဟု ဆိုသည်။

အဆိုပါ ဆန္ဒမဲ လက်မှတ်များကို မည်သည့် နေရာသို့ ယူဆောင်သွားသည်ကိုမူ သူမသိဟု ဆိုသည်။

မဲဆန္ဒရှင် အများအပြား မဲရုံပိတ်ချိန်မှ ရောက်လာကြပြီး သူတို့ မဲပေးခွင့်မရကြဟု သိရသည်။

တာဝန်ရှိသူများက မဲစာရင်းများကို မည်သည့် အချိန်တွင် ကြေညာမည်ကို ပြောပြခြင်း မရှိဟု အဆိုပါ ကျေးရွာသားကပင် ပြောကြားသွားပါသည်။

သို့သော် ကချင်ပြည်နယ်ရှိ အခြားမြို့တမြို့ဖြစ်သော ဝိုင်းမော်တွင်မူ မဲရုံ တာဝန်ရှိသူများက ဆန္ဒမဲများကို မဲဆန္ဒရှင်များ ရှေ့မှောက်တွင် ရေတွက်သွားသည်ဟု ဒေသခံတဦးက ပြောဆိုပါသည်။

“မဲတွေ ရေတွက်နေတော့ မဲရုံထဲမှာ လူတွေ အများကြီးဘဲဗျ။ ကျနော် ထင်တာတော့ အဖြေကို မကြာခင် သိရမယ် ထင်တာဘဲ” ဟု သူက ဆက်လက် ပြောကြားသွားပါသည်။

မြန်မာနိုင်ငံ အခြားဒေသများရှိ မဲရုံများလည်း ယခုအခါ ပိတ်သွားပြီ ဖြစ်သည်။ မည်သည့် အချိန်တွင် ဆန္ဒခံယူပွဲ တခုလုံး၏ ရလဒ်များ ကြေညာမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပါ။


ဆန္ဒခံယူပွဲနှင့်ပတ်သက်၍ လူထုကြား ကွဲပြားနေ၊ ဝေခွဲမရဖြစ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 02 2008 16:26 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မေလ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ စစ်တမ်းအသစ် တရပ် ကောက်ယူကြည့်ရာ လူထုအများစုက မဲထည့်ရမည့် ဖွဲ့စည်းပုံ ဥပဒေအကြောင်း မသိရသေးသဖြင့် မည်သို့ မဲထည့်ရမည်ကို ယခုထိ ဆုံးဖြတ်ရ ခက်နေသေးကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံတွင်းရှိ မဇ္ဈိမ သတင်းထောက်များ၏ လူတွေ့မေးမြန်းမှုနှင့် အိန္ဒိယနိုင်ငံရှိ မဇ္ဈိမ ရုံးချုပ်နှင့် ထိုင်းနိုင်ငံရှိ ရုံးခွဲများမှ သတင်းထောက်များက တယ်လီဖုံးမှတဆင့် မေးမြန်းမှုကို လွန်ခဲ့သည့် သီတင်းသုံးပတ်အတွင်း ပြုလုပ်ခဲ့သည်။ စုစုပေါင်း ၄၁၆ ဦးကို မေးမြန်းမှုများလုပ်ပြီး စစ်တမ်းကောက်ရာ ၇၁ % ဖြစ်သော မဲပေးမည့်သူ ၂၉၅ ဦးက မဲထည့်ရမည့် ဖွဲ့စည်းပုံ ဥပဒေပါ အကြောင်းအရာများကို သူတို့ နားမလည်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ထို့ပြင် ယခုကဲ့သို့ ဆန္ဒမဲပေးရန် ၁ဝ ရက်သာ လိုတော့သည့် အချိန်တွင် ၅၂ % မျှ ဖြစ်သော မဲဆန္ဒရှင် ၂၁၈ ဦးက ဆန္ဒခံယူပွဲတွင် မည်သို့ မဲထည့်ရမည်ကို ယခုထိ ဆုံးဖြတ် ရခက်နေသေးကြောင်း ပြောကြသည်။

စစ်တမ်းဖြေဆိုသူ ၁၈၆ ဦးအနက် ၃၈ % ဖြစ်သော မဲဆန္ဒရှင် ၇၁ ဦးကသာ ထောက်ခံမဲပေးမည်ဟု ပြောဆိုခဲ့ပြီး၊ ၆၂ % ဖြစ်သည့် ဖြေဆိုသူ ၁၁၅ ဦးက ကန့်ကွက်မည်ဟု ဆိုခဲ့ကြသည်။

ဤသို့ ကန့်ကွက်မဲ ပေးမည်ဟု ခိုင်မာစွာ ပြောဆိုသူ ရာခိုင်နှုန်း များပြားလင့်ကစား ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို သေချာပေါက် ကန့်ကွက်မဲ သွားထည့်မည့်သူမှာ ၂၈ % သာ ရှိသည်။

တက္ကသိုလ်ကျောင်းသား ၁၅ ဦးလုံးကမူ ဖွဲ့စည်းပုံသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က လွှမ်းမိုး ခြယ်လှယ်ရန်သာ ဖြစ်သည့်အတွက် သူတို့ ကန့်ကွက်မဲ ပေးမည်ဟု ဖြေဆိုခဲ့သည်။

ယင်းနှင့် ကွဲပြားစွာပင် တွေ့ဆုံ မေးမြန်းခဲ့သူ အစိုးရဝန်ထမ်း ၄၂ ဦးအနက် ၂၃ ဦးက ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ထောက်ခံမဲပေးမည်ဟု ဖြေဆိုခဲ့ကြပြီး ၂ ဦးကသာ ကန့်ကွက်မဲ ပေးမည်ဟု ဖြေသည်။ ၁၇ ဦးကမူ သူတို့ မဆုံးဖြတ်နိုင်သေးကြောင်း ဖြေဆိုခဲ့သည်။

အမျိုးသားဝန်ထမ်း ၅ဝ % က ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းအကြောင်း သူတို့ နားလည် သဘောပေါက်သည်ဟု ဖြေဆိုခဲ့သော်လည်း တွေ့ဆုံ မေးမြန်းခဲ့သူ အမျိုးသမီးဝန်ထမ်း ၁၃ % ကသာ ထိုသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသော အကြောင်းအရာများကို နားလည်သည်ဟု ဖြေဆိုသည်။

မည်သို့ မဲထည့်မလဲဟု သွားရောက်မေးမြန်ခဲ့သူ ကျောင်းသားများအနက် ၈ဝ % က ဖွဲ့စည်းပုံ အခြေခံဥပေဒ အကြောင်းကို သူတို့ အနည်းအကျဉ်းသာ သိသည်၊ သို့မဟုတ် လုံးဝ မသိပါဟု ဝန်ခံ ဖြေကြားကြသည်။

အသေးစား ဆိုင်ပိုင်ရှင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းကို စစ်တမ်း ကောက်ယူခဲ့ရာ တိုင်းပြည်အတွက် မည်သည့်အရာက အကောင်းဆုံး ဖြစ်သည် ဆိုခြင်းအပေါ် သဘောထားများ ကွဲပြားနေသည်ကို တွေ့ရှိရသည်။ စီးပွားရေး လုပ်ငန်းရှင် ၁ဝ၃ ဦးကို မေးမြန်းခဲ့ရာ ၁၁ ဦးကသာ ထောက်ခံမဲ ပေးမည်ဟု ပြောဆိုခဲ့ပြီး၊ ၁၆ ဦးက ကန့်ကွက်မည်ဟုဆိုကာ ၇၆ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေကြားခဲ့ကြသည်။

မေလ ၁ဝ ရက်နေ့တွင် မဲလာထည့်မည့်သူ ၅ဝ % အထိ ရှိနိုင်သည်ဟု ခန့်မှန်းရသည်။ တွေ့ဆုံမေးမြန်းခဲ့သူ ၄၁၆ ဦးအနက် ၂၆၈ ဦးက မဲသွားထည့်မည်ဟု ပြောဆိုခဲ့ပြီး ၄၉ ဦးက ကြားနေမည်ဟု ဖြေကြားခဲ့သည်။ ကျန် ဖြေဆိုသူများက သူတို့မဲထည့်မည်၊ မထည့်မည်ကို မဆုံးဖြတ်နိုင်သေးကြောင်း ဖြေကြားကြသည်။

ဆန္ဒသဘောထား စစ်တမ်းကောက်ယူခြင်းကို ကျောင်းသားများ၊ ပညာရှင်များ၊ အစိုးရဝန်ထမ်းများ၊ အလုပ်သမားများ၊ အိမ်ထောင်ရှင်မများ စသည်ဖြင့် မြန်မာလူ့အဖွဲ့အစည်း တခုလုံး ကာမိအောင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ထားသည်။

စစ်တမ်းကောက်ယူမှုကို ဖြေဆိုခဲ့သူများတွင် အမျိုးသား ၂၁၈ ဦးနှင့် အမျိုးသမီး ၁၉၈ ဦးပါဝင်သည်။ ဖွဲ့စည်းပုံဥပဒေ မူကြမ်းကို ထောက်ခံသည်ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ၊ ဖြေဆိုသူ အမျိုးသားများက မည်သို့ မဲထည့်မည်ကို အမျိုးသမီးများ ထက်ပို၍ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ရှိသည်။ ၂၁ % က ထောက်ခံမည်ဟု ဆိုခဲ့ပြီး ၃၃ % ကမူ ကန့်ကွက်မည်ဟု ဖြေဆိုခဲ့ကြသည်။ အမျိုးသမီး ဖြေဆိုသူများတွင် ၁၂ % ကသာ ထောက်ခံမည်ဟု ဆိုခဲ့ပြီး၊ ၂၂ % က ကန့်ကွက်မည်ဟု ဆိုသည်။ ဤရာနှုန်းသည် အမျိုးသားများထက် နည်းသည်။

စစ်တမ်းကောက်ယူမှု လုပ်ခဲ့သည့် တိုင်းနှင့် ပြည်နယ်များမှာ မကွေး၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရခိုင်နှင့် ပဲခူးတို့ ဖြစ်ကြသည်။

အစိုးရက မဲလိမ်မဲခိုးလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်း ပြောကြားနေလင့်ကစား ဖြေဆိုခဲ့သူ ၆ % ထက် နည်းသော ဖြေဆိုသူများကသာ အစိုးရ၏ ခြိမ်းခြောက်မှုကြောင့် ယခုဖြေဆိုသည့် မဲကို ထည့်မည်ဟု ပြောရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၆၃ % ကမူ သူတို့အသိနှင့် သူတို့ ယုံယုံကြည်ကြည် မဲထည့်ကြခြင်း ဖြစ်ကြောင်း ဖြေဆိုခဲ့သည်။ ခြိမ်းခြောက်မှုကြောင့် ဤသို့ မဲထည့်ရပါမည်ဟု ဖြေဆိုခဲ့သူများအနက် အစိုးရဝန်ထမ်း ၂ ဦး ပါသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates