Friday, May 9, 2008

ကယ်ဆယ်ရေး လေယာဉ်တစီးကို စစ်အစိုးရ ပြန်မောင်းထုတ်


မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 09 2008 09:48 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လေဘေး ဒုက္ခသည်များအတွက် အကူအညီပေးရေး ပစ္စည်းများ တင်ဆောင်လာသော လေယာဉ်တစင်းကို မြန်မာ စစ်အစိုးရက ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှ ပြန်လည် ထွက်ခွာစေခဲ့မှု ယမန်နေ့က ဖြစ်ပွားခဲ့သည်။

ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့နှင့် သတင်းပြန်ကြားရေး အဖွဲ့တို့ကို လက်မခံလိုသောကြောင့် ကယ်ဆယ်ရေး လေယာဉ်မှ အကူအညီကို လက်မခံဘဲ ပြန်မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ကာတာနိုင်ငံမှ စေလွှတ်ခဲ့သော လေယာဉ် တစင်းသည် ကယ်ဆယ်ရေး ပစ္စည်းများနှင့်အတူ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အဖွဲ့တဖွဲ့၊ သတင်းပြန်ကြားရေး အဖွဲ့တို့ လိုက်ပါလာပြီး မေ ၈ ရက်နေ့ နံနက် ၅း၄၅ မိနစ်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်က ရေးသားထားသည်။

"ယင်းအဖွဲ့များ လိုက်ပါလာမည်ကို မြန်မာနိုင်ငံက ကြိုတင်မသိရှိဘဲ ကယ်ဆယ်ရေး ပစ္စည်းများ လွှဲပြောင်းပေးမည်ဟုသာ နားလည်ခဲ့ပါသည်" ဟု ပါရှိသည်။

"ယခုအချိန်တွင် ပြည်ပနိုင်ငံများမှ အရေးပေါ် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့၊ သတင်းပြန်ကြားရေးအဖွဲ့ စသည်များကို လက်သင့်ခံရန်အတွက် မိမိတို့မှာ အဆင်သင့် မဖြစ်သေးပါ" ဟုလည်း ရေးသားထားသည်။


ရုပ်ရှင်သရုပ်ဆောင်များ ဆန်ဝေငှမှုလုပ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မေလ 09 2008 09:44 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လမ်းပြကြယ် စာကြည့်တိုက်မှ ကောက်ခံ ရရှိသော အလှုငွေဖြင့် ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်ခံ နေရာအချို့ အတွင်း ဆန်များ လိုက်လံ ဝေငှခြင်းကို နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်များက ပြုလုပ်လျှက် ရှိသည်။

နာရေးကူညီမှု အသင်းကြီးမှ ဦးကျော်သူနှင့်အတူ ဝေဠုကျော် တို့က သန်လျှင်နှင့် ကျောက်တန်း မြို့နယ်များတွင် ယမန်နေ့က ဆန်ဝေငှခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ရေမရရှိသေးသော နေရာများတွင် နာရေးကူညီမှု အသင်းကြီးမှ ဦးစီးကာ ရေလိုက်လံ ဝေပေးနေသည်။

စင်္ကာပူအခြေစိုက် "သပြေနု" ရောင်းဝယ်ရေးမှ လေဘေးအကူ အ၀တ်အစားများကို အခမဲ့ လေယာဉ်ဖြင့် ပို့ဆောင်ပေးနေခြင်း ဖြစ်သည်။ အလှုရှင်များထံမှ ရရှိသော ပစ္စည်းများမှာ ကွန်တိန်နာ ၂ လုံးစာခန့် ရှိနေရာ ကျန်ပစ္စည်းများကိုတော့ ကွန်တိန်နာဖြင့် ပို့ရန် စီစဉ်နေကြသည်။

လေးဘေးအလှူခံ လုပ်ငန်းများကို မိမိတို့နှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းအတွင်း လုပ်ဆောင်နေကြပြီး စင်္ကာပူ မြန်မာကလပ်နှင့် အာအိုင်တီ ကျောင်းသားဟောင်းများမှလည်း လေဘေးအလှူခံ ဌာနများ ဖွင့်လှစ်ကာ ကူညီပံ့ပိုး နေကြသည်။


ကျန်းမာသန်စွမ်းသူများ ကယ်ဆယ်ရေး စခန်းများတွင် မနေရန် မောင်းထုတ်

မောင်ဒီး နှင့် ဂျုံးမန်း
ကြာသပတေးနေ့၊ မေလ 08 2008 21:59 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကယ်ဆယ်ရေး စခန်းများတွင် လူများ ပြည့်ကြပ်နေသည်ဟု ဆိုကာ ရာနှင့်ချီသော ဆိုင်ကလုံး ဒုက္ခသည်များကို ရန်ကုန် အရှေ့ပိုင်း ကယ်ဆယ်ရေး စခန်းမှ မောင်းထုတ်နေသည်ဟု ဒေသခံများက ပြောပါသည်။

အလားတူဖြစ်ရပ် အနီးအနားရှိ ဒုတိယ ကယ်ဆယ်ရေး စခန်းတွင်လည်း ဖြစ်ပွါးခဲ့သည်။

စီးပွါးရေး မြို့တော် ရန်ကုန်ဆင်ခြေဖုံးရှိ လှိုင်သာယာ စက်မှုဇုံ ရပ်ကွက် အမှတ် (၂ဝ) မှ လူ ၃ဝဝဝ ခန့်သည်လည်း နာဂစ်ဆိုင်ကလုံး တိုက်ခတ်အပြီး အနီးရှိ မူလတန်းကျောင်း ယာယီကယ်ဆယ်ရေး စခန်းသို့ သွားရောက်ခဲ့ကြသည်။

သို့သော် ကျေးရွာ အာဏာပိုင်များက ကျန်းမာရေး အတွက်ဟု အကြောင်းပြကာ လူ ၁ဝဝဝ ကျော်ကို မောင်းထုတ်ခဲ့ကြသည်ဟု အချိန်ပိုင်း ဟင်းသီးဟင်းရွက် ရောင်းချသူ ဒေါ်လှလှမော်က ပြောပါသည်။

“မေလ ၆ ရက်နေ့မှာ ဒေသခံ အာဏာပိုင်တွေက ကျမတို့ကို ကိုယ့်အိမ်ကိုယ် ပြန်ခိုင်းတယ်လေ။ ကျမတို့က ဘယ်သွားရမှာလဲ။ ကျမတို့ အိမ်တွေက အကုန် ပျက်စီးသွားပြီ” ဟု သူမက ပြောပါသည်။

အသက်အရွယ် ကြီးရင့်သူများနှင့် အလုပ် မလုပ်နိုင်သူများကိုသာ အာဏာပိုင်များက ကယ်ဆယ်ရေး စခန်းများတွင် နေခွင့်ပြုသည်။ ကျန်သူများကို မိမိတို့ အိုးအိမ်များ ပြန်ပြင်ဆောက်လုပ်ရန် ပြန်လွှတ်ကြသည်။

မူလတန်းကျောင်းတွင် လူများလွန်း၍ လေကောင်းလေသန့်လည်း လုံလုံလောက်လောက် မရ၊ အိမ်သာလဲ လုံလုံလောက်လောက် မရှိ၊ ထို့ကြောင့် ကျန်းမာရေးအရ စိုးရိမ်ရသည်၊ အန္တရာယ် ရှိသည်ဟု အာဏာပိုင်များက အကြောင်းပြပြီး၊ အသက်မသေ ကျန်ရစ်ခဲ့သည့် လေဘေး ဒုက္ခသည်များကို ဝေငှပေးရန် အစားအစာလဲ လုံလုံလောက်လောက် မရှိဟု အာဏာပိုင်များက ပြောကြောင်း ဒေါ်လှလှမော်က ပြောပြပါသည်။

ယခုအခါ ဒုက္ခသည်များမှာ သူတို့၏ အိမ်များ ပြန်လည် ဆောက်လုပ်ရမည့် အရေးကို စိုးရိမ် ပူပန်နေကြရသည်။ သူတို့အိမ် အများစုမှာ ဝါးဖြင့် ဆောက်လုပ်ထားသော တဲအိမ်များသာ ဖြစ်သည်။ ဆိုင်ကလုံး လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁ဝဝဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားရသည်ဟု ဒေါ်လှလှမော် က ခန့်မှန်း ပြောဆိုသည်။

ဝါးတဲ အိမ်သေးသေးလေး တလုံး ဆောက်လုပ်ရန်ပင် ငွေကျပ် ၅ဝဝဝဝ ခန့် ကုန်ကျမည် ဖြစ်သည်။ အများစုမှာ တနေ့ ကျပ် ၃ဝဝဝ ခန့်သာ ဝင်ငွေရသည့် လက်လုပ်လက်စားများ ဖြစ်ကြသည်။ သူတို့ အနေဖြင့် ဆောက်လုပ်ရေး ပစ္စည်းများ ဝယ်ယူရန် မတတ်နိုင်ကြပါ။

“ကျနော်တို့အိမ်တွေ၊ ပစ္စည်းတွေ အကုန် ပျက်စီးကုန်ပြီ။ အခု အလုပ်လဲ မရှိဘူး။ အစားအသောက် ဘယ်က ရပါ့မလဲလို့လဲ ပူနေရတယ်” ဟု အမှတ် (၂) ရပ်ကွက်မှ အမျိုးသားတဦးက ပြောပါသည်။

အချို့ သူများမှာ ရန်ကုန်မြို့ထဲတွင် အလုပ်ရှိသော်လည်း အလုပ်သို့ သွားရန် လမ်းစရိတ်မှာ အသွားတခေါက် အတွက်ပင် ကျပ် ၁ဝဝဝ ကျသည်။ အခြား သူများမှာမူ သန့်ရှင်းရေး၊ အဝတ်လျှော်၊ ချမ်းသာသည့် အိမ်များ၏ အမိုးများ ပြုပြင် ဖါထေးခြင်း စသည့် အလုပ်ကြမ်းများကိုသာ လုပ်နေကြရသည်။

အမှတ် (၂) ရပ်ကွက်တွင်လည်း ကျန်းမာ သန်စွမ်းသူများ အလားတူ ယာယီ ကယ်ဆယ်ရေးစခန်း မူလတန်း ကျောင်းမှ မောင်းထုတ်ခံရသည်ဟု အဆိုပါ အမျိုးသားက ပြောပါသည်။

အာဏာပိုင်များက လေဘေး ဒုက္ခသည်များကို တဦးလျှင် ဆန် ၁ ကီလိုနှင့် အာလူး ၃ လုံးစီ နေ့စဉ် ဝေငှသည်ဟု ဆိုသည်။ သို့သော် အစားအသောက်များ၏ အရည်အသွေးနှင့် ပမာဏ အပေါ်မူ မကျေမနပ် တိုင်တန်းမှုများ ရှိသည်။

“ကျနော်တို့ကို ပေးတဲ့ ဆန်တွေက မကောင်းဘူးဗျာ၊ နောက်တခါ သေသေချာချာ သန့်စင်ဘို့ လိုသေးတယ်။ မိသားစုကြီးတဲ့ သူတွေကျတော့ သူတို့ ပေးတာ မလောက်ဘူးဗျာ” ဟု အဆိုပါ အမှတ် (၂) ရပ်ကွက်မှ အမျိုးသားကပင် ဆက်လက် ပြောပြပါသည်။

ပစ္စည်းဥစ္စာ ပြည့်စုံသူများက ဆန်၊ ဆီ၊ ဆားနှင့် အခြား စားသောက်ဘွယ်များကို ဒေသခံ အာဏာပိုင်များသို့ သွားရောက် လှူဒါန်းလျက်ရှိပြီး အဆိုပါ ပစ္စည်းများကို ယာယီ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်ကြသည့် ဒုက္ခသည်များကို ဝေငှပေးလျက် ရှိသည်။


ကမ္ဘာ့နိုင်ငံများ မြန်မာနိုင်ငံသို့ အကူအညီများ ပေးပို့

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 08 2008 21:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံး၍ လူတသန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြီး တိုက်ခတ်အပြီး နိုင်ငံအများအပြားမှ ကယ်ဆယ်ရေး ပစ္စည်းများ မြန်မာနိုင်ငံတွင်းသို့ ပေးပို့နေပြီ ဖြစ်သည်။ ဆေးဝါး၊ အစားအစာ၊ ယာယီတဲအိမ်များ ပါဝင်သည့် ကယ်ဆယ်ရေး ပစ္စည်းများ စင်္ကာပူ၊ အီတလီ၊ ဂျပန်နှင့် ထိုင်ဝမ်နိုင်ငံတို့က ယနေ့ လေယဉ်ဖြင့် တင်ပို့ ပေးလိုက်ကြသည်။

စင်္ကာပူမှ ရေသန့်ဆေးပြား ၁၆ဝဝဝဝ၊ ချောကလက် ၃၆ သေတ္တာ နှင့် ဆေးဝါးများ၊ အီတလီမှ အမေရိကန် ဒေါ်လာ ၃ သိန်းတန်ဘိုးရှိ ဆေးဝါးနှင့် အခြား ကယ်ဆယ်ရေး ပစ္စည်းများ၊ ထိုင်ဝမ်မှ မက်ထရစ်တန် ၃ တန်ရှိ အစားအစာများ လေယဉ်ဖြင့် ပေးပို့လိုက်သည်။

အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလာဒေ့ရှ်၊ တရုပ်၊ ဂျပန် နှင့် စင်္ကာပူတို့မှ ကယ်ဆယ်ရေးနှင့် အကူအညီများ မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အိန္ဒိယမှ ကယ်ဆယ်ရေး ပစ္စည်းများအပြည့် ရေတပ်သင်္ဘော ၂ စင်း၊ လေယဉ် ၂ စင်း နှင့် လာအိုမှ အမေရိကန်ဒေါ် လာ ၂ဝဝဝဝ တန်ဘိုးရှိ အစားအသောက်များကို ပေးပို့ခဲ့ကြသည်။ ထိုင်ဝမ်မှလည်း မက်ထရစ်တန် ၃ တန်ရှိ အစား အစာများ ပေးပို့ခဲ့သည်။

ထိုင်းနိုင်ငံမှ ကယ်ဆယ်ရေး ပစ္စည်းများအဖြစ် သောက်ရေသန့်နှင့် အစားအစာများ ပေးပို့ခဲ့ပြီး၊ တရုတ်ကမူ ဆိုင်ကလုံး မုန်တိုင်းဖျက်ဆီး၍ ပျက်စီးသွားသော အိမ်များ ပြန်လည် ပြုပြင်တည်ဆောက်ရန် အတွက် အိမ်ဆောက်ပစ္စည်းများ ပေးပို့ခဲ့သည်။

မြန်မာနိုင်ငံ စစ်အစိုးရက ခွင့်ပြုခဲ့သော ကယ်ဆယ်ရေး ပစ္စည်းများ တင်ပို့ခဲ့သည့် လေယဉ်များနှင့် သင်္ဘောများမှာ အောက်ပါအတိုင်း ဖြစ်သည်။
  • ကုလသမဂ္ဂ လေယဉ်တစီး
  • ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်မှ သင်္ဘောနှစ်စီး
  • အိန္ဒိယမှ သင်္ဘောများနှင့် ဂျပန်၊ လာအို၊ ထိုင်ဝမ်၊ ထိုင်း နှင့် တရုတ်နိုင်ငံတို့မှ လေယဉ်များ


ထောက်ခံမဲ အတင်းထည့်ခိုင်းလို့ ရွာသားတွေက ကော်မရှင်ကို တိုင်

ဖနိဒါ
ကြာသပတေးနေ့၊ မေလ 08 2008 20:14 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အတင်းအဓမ္မ ထောက်ခံမဲ ထည့်ခိုင်းခဲ့သည်ကို မကျေနပ်သဖြင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အတွင်းရှိ ကျေးရွာသားများက ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ထံ ယနေ့တွင် စုပေါင်း၍ တိုင်စာ ပေးပို့လိုက်သည်။

မေလ ၅ ရက်နှင့် ၆ ရက်နေ့တွင် ဒေသ အာဏာပိုင်များက ကျေးရွာများသို့ လာရောက်ကာ အတင်းအကြပ် ထောက်ခံမဲ ထည့်ဝင်ခိုင်းသည့်အပေါ် အရေးယူပေးရန်အတွက် လှည်းကူးမြို့နယ် ဘောင်ကြီး အနောက်ကျေးရွာ အုပ်စုရှိ ကျော်ဇော်စုရွာသား ၈ ဦးနှင့် ဂွေးထောက်အိုင် ကျေးရွာ အုပ်စုမှ ရေကျော်ရွာသားများက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့သို့ လိပ်မူကာ တိုင်စာပေးပို့ခြင်း ဖြစ်သည်။

“စာကို မြို့နယ်ကော်မရှင် သွားပေးတော့ လက်မခံဘူး။ စာတိုက်ကနေ ပို့ပါလို့ ပြောတာကြောင့် ဒီနေ့ ၈ ရက်နေ့ ရန်ကုန်သွားပြီးတော့ စာတိုက်ကနေ ပို့လိုက်တယ်လေ” ဟု ရေကျော် ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

တိုင်ကြားစာကို ဗဟို၊ တိုင်းနှင့် မြောက်ပိုင်းခရိုင်မှ ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်များသို့လည်း ပေးပို့လိုက်ကြသည်။

စာထဲတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ နည်းဥပဒေများကို ကျူးလွန် ဖောက်ဖျက်၍ အဓမ္မ အကြပ်ကိုင် စေခိုင်းခဲ့သော လူများအား အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် ဆန္ဒခံယူပွဲအား လွတ်လပ် တရားမျှတစွာ ကျနော်၊ ကျမတို့၏ ဆန္ဒအမှန်ကို မေလ ၁ဝ ရက်နေ့တွင် လျှို့ဝှက် ဆန္ဒပြုခွင့် ပြုပါရန် ရေးထားသည်။

ယခုလ ၅ ရက်နေ့က ဂွေးထောက်အိုင် ကျေးရွာအုပ်စု ရေကျော်ရွာတွင် ရယက အဖွဲ့ဝင်များ ဖြစ်သည့် ဦးသိန်းဇော်နှင့် ဒေါ်ကေသီလွင်တို့ ပါဝင်သည့် အာဏာပိုင်များ အဖွဲ့သည် စာသင်ကျောင်း တကျောင်းတွင် ခေါ်ယူကာ ရွာသား ၁၉၇ ဦးအနက် ခရီးလွန် ၁၂ ဦးမှအပ ကျန်သူများ ထောက်ခံမဲများ ပေးရန် သူတို့ရှေ့တွင် အမှန် အမှတ်အသားကို ခိုင်းသည့်အတိုင်း ရေးခြစ်ခဲ့ရသည်ဟု တိုင်ကြားသူများက ဆိုသည်။

၆ ရက်နေ့ကလည်း ဘောင်ကြီး အနောက်ကျေးရွာအုပ်စု ကျော်ဇောစုရွာတွင် ရယက ဥက္ကဋ္ဌ ဦးကြည်မိုး၊ ကော်မရှင်အဖွဲ့ဝင် ဦးအေးကြည်၊ ရယက အဖွဲ့ဝင် ဦးစံဌေး၊ ရယက အဖွဲ့ဝင် ဦးသိန်းမြင့်၊ ဘောင်ကြီးရဲစခန်းမှ ရဲတပ်သား မောင်ကျော်တို့ ၅ ဦး အဖွဲ့သည် ရွာသားများအား တအိမ်လျှင် တဦးကျစီဖြင့် ဦးမောင်သောင်း နေအိမ်တွင် စုရုံးစေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ကြိုတင်ဆန္ဒမဲအဖြစ် ထောက်ခံမဲကို အတင်းအကြပ် ပေးခိုင်းခဲ့သည်။


နေရာအချို့တွင် လုယက်မှုများ ပေါ်ပေါက်နေ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 08 2008 17:27 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းကြောင့် စားဝတ်နေရေး ခက်ခဲမှု ကြီးမားသည့် ရန်ကုန်တိုင်းအတွင်း နေရာအချို့တွင် လုယက်မှုများ ဖြစ်ပွားနေသည်။

ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို စားဝတ်နေရေး အကျပ်အတည်း၊ အိုးမဲ့အိမ်မဲ့ ပြဿနာများနှင့်အတူ လုယက်မှုများပါ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ရန်ကုန်မြို့ ကြည့်မြင်တိုင် အဝေးပြေးကားဂိတ် မရောက်ခင် မှတ်တိုင်လမ်းဘေးက ဆန်ဆိုင်ကို ဝင်လုတာ” ဟု ကြည့်မြင်တိုင် မြို့ခံတဦးက ပြောသည်။

တောင်ဒဂုံမြို့နယ် ကြည်စုကျေးရွာရှိ ကုန်စုံဆိုင်လေး၌ ယမန်နေ့ ညနေပိုင်းတွင် လူ ၁ဝ ဦးခန့်က လုယက်မှုတခု ကျူးလွန်ခဲ့သေးသည်။

“လင်မယား နှစ်ယောက်နဲ့ မိခင်ကို ဝင်ရိုက်ပြီးတော့ ဆိုင်အတွင်းမှာရှိတဲ့ စားသုံးကုန် ပစ္စည်းတွေကို ယူသွားတယ်။ လင်မယား နှစ်ယောက်ကတော့ အခု ဆေးရုံ တင်ထားရတယ်။ မိခင်ကတော့ နည်းနည်းပဲ ကွဲပြဲတဲ့အတွက် အိမ်ကို ပြန်ရောက်နေတယ်” ဟု တောင်ဒဂုံမြို့ခံက ပြောသည်။

ရွှေပြည်သာ မြို့နယ်တွင်လည်း ကြက်ခြံတခု ယမန်နေ့ ညနေပိုင်းက ဝင်ရောက် လုယက်ခံလိုက်ရသည်။

“ရွှေပြည်သာ အမှတ် ၉ ရပ်ကွက် နဲ့ ဃ ရပ်ကွက် အတွင်းမှာရှိတဲ့ အစိုးရနဲ့ တဝက်စီ မွေးတဲ့ ကြက်ခြံကို ပန်းခြံအတွင်းမှာ ရှိတဲ့၊ အိုးအိမ်မဲ့ဖြစ်နေတဲ့ လူ ၄ဝ လောက်က ကြက်ခြံကို ဝင်လုတာ။ ကြက်တွေကို သူတို့ နိုင်သလောက် ယူသွားတာ။ ဒါကို ကြက်ခြံပိုင်ရှင်က မပြောရဲဘဲ ကြည့်နေရတယ်” ဟု မျက်မြင်သက်သေ ဒေသခံ တဦးက ပြောသည်။

ဒဂုံမြို့သစ် တောင်ပိုင်း နံနက်ဈေးအတွင်းရှိ ဆန်ဆိုင်တဆိုင်ကိုလည်း ဈေးနှင့်ကပ်ရက် ဘောလုံးကွင်းဘက်မှ ဖောက်ထွင်း လုယူသွားသည်။

ရန်ကုန်တဖက်ကမ်း ဒလ နှင့် နီးစပ်သည့် ဒေသများတွင်လည်း လုယက်မှုများ ထူပြောသည့် သတင်းများ ထွက်ပေါ်နေသည်။


အသက်ရှင်ကျန်ပေမယ့် ငတ်မွတ်နေ


လွှင့်တင်ချိန်။ ။ မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ် ၂၃း၅၅ - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မုန်တိုင်းဒဏ် ခံရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ လိုအပ်ချက်များ တိုင်းထွာစာရင်း ကောက်ယူရန် သွားသည့် ကယ်ဆယ်ရေး လုပ်သားများကို ငတ်မွတ်နေသော လူအုပ်ကြီးက ၀ိုင်းလာ၍ ကြောက်လန့်ပြီး ရန်ကုန်သို့ ပြန်ခဲ့ကြရသည်ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။

စာရင်းကောက်အဖွဲ့သည် မြို့တ၀က်လုံးနီးပါး ရေနစ်မြုပ်ခဲ့သည့် လပွတ္တာမြို့သို့ ရောက်ရှိနေခိုက် ကျေးရွာသား ၁၀၀ ခန့်က ၀ိုင်းလာခဲ့သည်ဟု အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သားက ပြောသည်။

"ရွာသားတွေက ပိန်ချုံးပြီး ကြည့်ရတာ ငတ်မွတ်နေပုံပဲ" ဟု သူက ထပ်မံ ပြောပြသည်။" သူတို့ တောင်းလိုတာကတော့ အစားအသောက် ဖြစ်မယ့်ပုံပါ၊ ဒါပေမယ့် စာရင်းကောက်အဖွဲ့လည်း အန္တရာယ် ပေးနိုင်တယ် မြင်ပြီး ပြန်လာကြတာ"

စာရင်းကောက်အဖွဲ့သည် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

စာရင်းကောက်အဖွဲ့ အမည်ကို ဖော်ထုတ် ပြောကြားခြင်း မပြုရန် မေတ္တာရပ်ခံခဲ့သည့် ကယ်ဆယ်ရေး လုပ်သားက လပွတ္တာတ၀ိုက်သို့ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဟု ပြောသည်။

ဒေသတွင်း သောကြာနေ့နှင့် စနေနေ့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးကြောင့် လပွတ္တာတ၀ိုက် အိမ်ခြေ ၉၂ ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးသွားသည်ဟု နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ၏ ပြောကြားချက်အရ သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates