Thursday, May 8, 2008

အတည်ပြုနိုင်သော သေဆုံးသူ တသိန်းတသောင်းကျော်

ရန်ကုန် လားရှိုးလေး မီးလောင်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 08 2008 10:26 - မြန်မာစံတော်ချိန်

ရန်ကုန် လားရှိုးလေး မီးလောင်

လွှင့်တင်ချိန်။ ။ မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ်

ရန်ကုန်မြို့ ၅၁ လမ်း အလယ်ဘလောက်ရှိ လားရှိုးလေး စားသောက်ဆိုင်တွင် တနာရီခန့်ကြာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။

ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က စတင်လောင်ကျွမ်းမှုဖြစ်ကာ မီးသတ်ကား ၇ စီး ရောက်ရှိလာပြီး ငြိမ်းသတ်သွားခဲ့သည်။


ဒီချုပ်ပါတီဝင်တဦး စစ်ကြောရေးတွင် ရိုက်နှက်ခံရသဖြင့် သေဆုံး

ဖနိဒါ
ကြာသပတေးနေ့၊ မေလ 08 2008 10:39 - မြန်မာစံတော်ချိန်


နာဂစ်မုန်တိုင်း ရန်ကုန်သို့ ကျရောက်သည့် စနေနေ့ နံနက်ပိုင်းက အင်းစိန်ထောင် အဆောင် ၁ တွင် မီးလောင်မှုနှင့် ဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ထောင်လုံခြုံရေး တပ်ဖွဲံများက ပစ်ခတ်သဖြင့် အကျဉ်းသား ၃၆ ဦးသေဆုံးကာ ၇၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမှုအခင်းတရပ် ဖြစ်ပွားခဲ့သည်။

သေဆုံးသူများတွင် ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှ အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ကိုအုန်းကျော်လည်း ပါဝင်ပြီး အာဏာပိုင်များက သူ့ကို ထောင်ဖောက်ရန် ကြိုးပမ်းသည်ဟု စွပ်စွဲကာ ရိုက်နှက် စစ်ဆေးသဖြင့် သေဆုံးခဲ့ရသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) သတင်းအရ သိရသည်။

ကိုညိုအုံးမြင့် (နိုင်ငံခြားရေး တာဝန်ခံ အန်အယ်ဒီ၊ လွတ်မြောက်နယ်မြေ) နှင့် မဇ္ဈိမ ဆက်သွယ် မေးမြန်းချက်ကို တင်ပြလိုက်ပါသည်။

အင်းစိန်ထောင် မီးလောင်တဲ့ အထဲမှာ အန်အယ်ဒီ အဖွဲ့ဝင်တဦး သေဆုံးသွားတဲ့ အကြောင်း ပြောပြပါရှင်။

ကျနော်တို့ အထဲမှာရှိတဲ့ အန်အယ်ဒီက ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တယောက် ထောင်ဝင်စာ သွားတွေ့တဲ့ နောက်တနေ့မှာ သိရပါတယ်။ မီးလောင်နေတဲ့ အချိန်မှာ သူတို့အမိုးတွေက တချို့နေရာတွေမှာ ပွင့်နေကြတော့ ထွက်ပြေးဖို့ကြိုးစားတဲ့အခါမှာ သူတို့အပစ်ခံရတယ်လို့ ကြားတယ်၊ တချို့က ပြုတ်ကျပြီးတော့ သေဆုံးတယ်လို့ ကြားရပါတယ်။ အဲမှာ ကျနော်တို့ အဖွဲ့ဝင်တယောက် ပါသွားပါတယ်။

သူက ဘယ်လို သေဆုံးသွားတာလဲ။ သေနတ်ဒဏ်ရာနဲ့ ဆုံးသွားတာလား။

မဟုတ်ပါဘူး၊ သူက သေနတ်နဲ့ မဟုတ်ပါဘူး။ သူက စစ်ကြောရေးမှာ ဒီလို ထောင်ဖောက်တယ်လို့ အကြောင်းပြပြီးတော့ ရိုက်နှက်ခံရပြီးတော့ သေဆုံးသွားတာ ဖြစ်ပါတယ်။

စစ်ကြောရေးမှာက ဘယ်နှစ်ယောက် သေသွားလဲရှင်။

စစ်ကြောရေးမှာ ခေါင်းမိုးပေါ်ကနေ တက်ပြီးတော့ အကျဉ်းသားတွေကို ထွက်ပြေးဖို့ ဦးဆောင်ခဲ့တယ် ဆိုပြီးတော့ အကြောင်းပြချက်နဲ့ လူ ၄ ဦးကို ခေါ်ပြီးတော့ လူရှေ့သူရှေ့မှာ စစ်ရင်းရိုက်ရင်းနဲ့၊ စစ်ကြောရေးဆိုတာ ဒီ ထောင်အပြင်မှာပါပဲ။ ဒီလောက် မုန်တိုင်းဖြစ်နေတဲ့ အချိန်မှာ ဒီလူတွေက သူတို့ အကြောင်းပြချက်ကတော့ မီးလောင်တာကို၊ မီးလောင်တဲ့အခါ ထွက်ပြေးတာလို့ ဆိုပြီးတော့ ထောင်ဝန်ထမ်းတွေက ရိုက်ပြီးတော့ သေဆုံးသွားတယ်။ အဲဒီ အလောင်းကို မိသားစုကို အကြောင်း ကြားပြီးတော့ ကျနော်တို့ သိရပါတယ်။

အခု သေဆုံးသွားတဲ့ အန်အယ်ဒီတဦးရဲ့ အမည်နဲ့ တာဝန်ကို ပြောပြပါရှင်။

ဒေါပုံမြို့နယ်က အန်အယ်ဒီ မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ကိုအုန်းကျော်ပါ။ အသက်ကတော့ မသိလိုက်ဘူး။

သူက ဘယ်တုန်းကနေ အကျဉ်းချခံနေရတာလဲရှင်။

သူက ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်းမှာ ဖမ်းဆီးခံရသူ ဖြစ်ပါတယ်။ သူ့လို နိုင်ငံရေး အကျဉ်းသမား၊ ကျနော်တို့ အန်အယ်ဒီကနေ စုစုပေါင်း ပထမ ဖမ်းခံရတာ ရှိပါတယ်။ နောက်ပိုင်းမှာ ပြန်လွှတ် ပေးပြီးတော့မှ ၁၇၀ ကျော်ကို ထောင်ထဲမှာ အကျဉ်းချပြီးတော့ အမိန့် ချလိုက်ပါတယ်။ ကိုအုန်းကျော်က အမိန့် ချခံရတဲ့ထဲမှာ တဦး ဖြစ်ပါတယ်။

ဘယ်လိုအမှုနဲ့ စွဲဆိုထားပါသလဲရှင်။

သူ့ကို ၅ (ည) ရှိတယ်။ ၁၇ (၁) ရှိတယ်။ ဖြစ်နိုင်တာကတော့ သူက စက်တင်ဘာ အရေးအခင်းတုန်းက တိုင်းပြည်ကို ဆူပူအောင် လှုံ့ဆော်မှုနဲ့ ဖမ်းခံရတဲ့ထဲက တဦး ဖြစ်ပါတယ်။

ကိုအုန်းကျော်ရဲ့ အလောင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကြတာလဲရှင်။

ကျနော်တို့ သိရသလောက်က သူ့မိသားစုကို သူတို့ အကြောင်းကြားတယ်။ စစ်ကြောရေးမှာ သေတယ်ဆိုတာ လောက်ပဲ သိရတယ်။ အလောင်းကို ပြန်ပို့ပေးလား၊ မပေးလား ဆိုတာကို ကျနော်တို့ သေသေချာချာ မသိရပါဘူး။

မီးက ဘယ်လိုကနေ စလောင်တယ်ဆိုတာ သိရသလောက် ပြောပြပါရှင်။

စနေနေ့ပေါ့နော်။ မုန်တိုင်း ၀င်ပြီးတဲ့ အချိန်မှာ အမိုးတွေ လန်ထွက်သွားတယ်။ အဲဒီအတွက်ကြောင့် သူတို့ကို နေရာ ပြောင်းခိုင်းတယ်။ လူတွေ အရမ်းကို အေးနေတော့ မီးလှုံဖို့ ကြိုးစားရင်း မီးလောင်တယ်၊ ထောင်ဆူတယ်လို့ အာဏာပိုင်တွေဘက်က ပြောတယ်။ အကုန်လုံးက ထွက်ပြေးဖို့ ကြိုးစားကြတဲ့ အချိန်မှာ၊ ခေါင်းမိုး ပွင့်နေတဲ့အခါ ထွက်ပြေးဖို့ ကြိုးစားတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခံရတယ်။ အပေါ်ကနေ ပြုတ်ကျပြီးတော့ သေတဲ့လူ ရှိသလို နောက် မနက်ပိုင်းကျတော့ ထွက်ပြေးရတဲ့ လူတွေကို အကြံပေးတယ် ဆိုပြီးတော့ လူ ၄ ဦးကို ဦးဆောင်တဲ့အထဲ ပါတယ်ဆိုပြီးတော့ ရိုက်တယ်လို့ သိရတယ်။


လပွတ္တာမှာ လူထောင်ပေါင်းများစွာ မုန်တိုင်းဒဏ်သင့် သေဆုံးဟု လွှတ်တော် ကိုယ်စားလှယ်ပြော

မောင်ဒီး
အင်္ဂါနေ့၊ မေလ 06 2008 23:22 - မြန်မာစံတော်ချိန်

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာမြို့တွင် အသေအပျောက် များသည် ဆိုသောကြောင့် ယမန်နေ့ညက ရန်ကုန်သို့ ရောက်ရှိလာသည့် လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြူကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။

ယနေ့ ထုတ်ပြန်သော အစိုးရ၏ စိစစ်ဆဲ ရှိသည်ဆိုသော သတင်းတွင် လူ ၁ဝဝဝ သေဆုံးသည်ဟု ပြောသည်။ သို့သော် ဦးအေးကြူက အစိုးရ ကြေညာချက်ထက် အဆများစွာ ပိုသည်ဟု ပြောသည်။

မေး။ လပွတ္တာမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြပါ ဆရာ။

ဖြေ။ လပွတ္တာက သောကြာနေ့၊ ၂ ရက်နေ့ ညနေ ၃ နာရီလောက်က စတိုက်တာ။ စတိုက်တဲ့ မုန်တိုင်းက ည ၁ဝ နာရီ ၁၁ နာရီလောက်မှာ နည်းနည်းလေး လျော့သွားတယ်။ ဒါပေမဲ့ အရှိန်က မသေးဘူး။ လေက ပတ်လည်တိုက်သွားတာ။ မြို့က ကုန်းပေါ်မို့လို့ တော်သေးတယ်။ မြို့လယ်လမ်းမှာ ရေက ခါးလယ်လောက် ရှိတယ်။ မြို့စွန်တွေမှာ ရင်ဘတ်အထိ ရောက်တယ်။ ခေါင်းမိုးတွေ အကုန်လန်ကုန်တာ။ ပြိုတဲ့ အိမ်ကပြို။ တမြို့လုံး ခေါင်မိုးမလန်တဲ့ အိမ်မရှိသလောက်ဘဲ။ သွပ်တွေကလည်း မရှိတော့ဘူး။ လေနဲ့ ပါသွားတာ။

လူတွေက ခုထိ အမိုးမရှိဘဲ နေရတာ။ မိုးရွာတဲ့အခါ ကြမ်းခင်းရှိတဲ့ အိမ်တွေက အောက်မှာ မိုးသွားခိုနေရတယ်။ ဒီကြားထဲ မြွေက တက်သေးတယ်။ မြွေကိုက်လို့ ရွေးမြစ် ဟိုဘက်ကမ်းက လူတယောက် မြွေကိုက်ခံရလို့ သေတယ်။ ကျနော့် အိမ်နားက ကောင်မလေးကလည်း ဂျပ်မြွေ ကိုက်ခံလို့ ဆေးရုံတင်တာ ဆေးမရှိလို့ဆိုပြီး နှစ်ရက်လောက် စောင့်ခိုင်းနေတယ်။

မြို့ပေါ်က မြေးအဘိုးနှစ်ယောက် မုန်တိုင်းအရှိန်ကြောင့် တိုက်ပြိုကျပြီး သေတယ်။ မြေးအဘိုး နှစ်ယောက်က ညသန်းခေါင်ကျော်ကြီးမှာ မုန်တိုင်းကလည်း တိုက်တော့ အပေါ်က အမိုးကြီး ပြိုကျပြီး သေတာ။ အဘိုးက ဦးနှောက် ပွင့်သွားတယ်။ မြေးလေးက ပွဲချင်းပြီး သေတယ်။ နောက်ပြီး အိမ်ခေါင်မိုးတွေ လန်ကုန်လို့ ဘုန်းကြီးကျောင်းမှာ မိုးသွားခိုတဲ့လူတွေ ဘုန်းကြီးကျောင်း နံရံကြီး ပြိုကျလို့ လူ ၉ ယောက် သေတယ်။ ရေဆိုင်ကုန်းမှာလည်း ၈ ယောက် သေတယ်။ အဆောက်အဦးတွေ ပိကျပြီး သေတာ။

မေး။ ။ လူအထိအခိုက်များတာ ဘယ်ဖက်ဖြစ်မလဲ။

အသေများတာက မြို့ရဲ့ အောက်ဘက်ခြမ်း၊ ပင်လယ်နဲ့ ဆက်နေတဲ့ အခြမ်း၊ လပွတ္တာနဲ့ တတန်းတည်း ဆွဲလိုက်ရင် အောက်ပိုင်း အဆိုးဆုံး။ မြစ်ကြီး ၃ မြစ်ရှိတယ်ဗျာ။ ပြန်မလော့၊ ရွေး၊ အလယ်ကျော်မြစ်တို့ နားမှာရှိတဲ့ ရွာတွေက အကုန်ကုန်တာပဲ။ အုပ်စုပေါင်း ၅၆ အုပ်စု ရှိတယ်။ ၃ဝ ကျော်လောက်က ထိတာပဲ။ တအုပ်စုမှာ ကျေးရွာပေါင်း ၁ဝ ရွာ ပတ်ဝန်းကျင်စီ ရှိကြတယ်။ အဲဒီရွာတွေ အကုန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရေက အိမ်လောက် မြင့်တယ်။ ၁၅ ပေ၊ ပေ ၂ဝ လောက် ဖြစ်သွားတယ်ဗျာ။ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရတယ်။ တက်နေတော့လည်း လေကတိုက်၊ လှိုင်းက ရိုက်ဆိုတော့ အိမ်တွေပြိုကျ၊ အဲဒီမှာ လူတွေ ပြန်သေရော။ လူ ၄၊ ၅ ထောင်လောက်ရှိတဲ့ ရွာတရွာမှာ လူ ၃၊ ၄ ရာလောက်ပဲ ပြန်ရတယ်။ လပွတ္တာမြို့ တခြမ်းလုံး ပျက်သွားတာပဲ။

မေး။ ။ အထိအနာဆုံး ရွာနာမည်တွေ ပြောပြနိုင်မလား။

ပျဉ်စလူ၊ သင်္ကန်းကြီး၊ ရွေး အဲဒီရွာတွေက အဆိုးဆုံးပဲ။ ကျန်တဲ့ ရွာတွေလည်း အကုန်လုံးနီးပါး ပျက်သွားတယ်။

မေး။ ။ ပျဉ်စလူတို့၊ သင်္ကန်းကြီးတို့မှာ သေတဲ့ လူတွေထဲမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးဦးရေ အရေအတွက် ရာခိုင်နှုန်းတွေ သိရမလား။

အမျိုးသမီးတို့ အမျိုးသားတို့ ခွဲလို့ မရဘူး။ ပျဉ်စလူက လွတ်လာတဲ့ ကလေးမ တယောက်ကို မေးကြည့်တယ်။ နင်တို့ ပျဉ်စလူမှာ ရေလွတ်တာ ဘယ်နှစ်ယောက်လောက် ရှိလဲဆိုတော့ ၂ ရာ ၃ ရာလောက်ပဲ ရှိတယ်တဲ့။ ဒါဆို ရွာလူဦးရေက ဘယ်လောက်လဲဆိုတော့ ၄၊ ၅ ထောင်လောက် ရှိတယ်တဲ့။ ရေက အိမ်လောက် ကြီးနေတာ၊ လှိုင်းလုံးတွေက ပုတ်နဲ့ဆိုတော့ ဘယ်ခံနိုင်မှာလဲ။ လူတွေက နီးရာ တိုင်တွေ၊ သစ်ပင်တွေ တွယ်ဖက်ထားရတာပဲ။ လက်လျှော့လိုက်တာနဲ့ သေတာပဲ။

မေး။ ။ အစိုးရက တရားဝင်ပြောထားတာက လပွတ္တာမှာ လူ ၁ ထောင်ကျော်ပဲ သေတယ်ဆိုပြီး ပြောထားပါတယ်။ အခုဆရာပြောတာက အနည်းဆုံး သောင်းဂဏန်း သေတဲ့ အနေအထား ဖြစ်နေတယ်။

အစိုးရပြောတာ မကျေနပ်လို့ ကျနော် ရန်ကုန်တက်လာတာ။ ရွာလုံးကျွတ် ပျက်သွားတာ အများကြီးပဲ။ လပွတ္တာတဝက် အောက်ခြမ်းမှာ တော်တော်များများ ရွာလုံးကျွတ် ပျက်သွားတာ။ လွတ်လာတဲ့ လူတွေက ၆ ယောက်လောက်မှာ တယောက် နှစ်ယောက်လောက်ပဲ။ ၁ဝ ယောက်မှာ ၃ ယောက်လောက်ပဲ ကျန်တယ်။ ကျန်တာ အကုန်သေတာပဲ။ လပွတ္တာ အောက်ဖက်ခြမ်းက ကုန်သလောက်ပဲ။

အလောင်းတွေက ပြန့်ကျဲနေတာ။ ဓနိပင်ကြားထဲမှာ ခေါင်းတွေစိုက်နေတာ။ သစ်ပင်တွေမှာ ပိုးစိုးပက်စက် တွယ်ရက်ကပ်နေတာ။ ရေထဲမှာ မျှောနေတာ။ လူသေတာတော့ဗျာ၊ ရင်တုန်စရာ ဖြစ်တယ်ဗျာ။

ထန်းတော၊ အုန်းတောတွေက ခါးပြတ်သွားတယ်ဗျာ။ မုန်တိုင်းလည်း ပြီးရော အုန်းတောတွေ မရှိတော့ဘူး။ ဂျပန်က ဆောက်ပေးတဲ့ တာဝါတိုင် (ဆက်သွယ်ရေးတိုင်) တွေဆိုရင် ကွေးပြီးတော့ လဲကျသွားတယ်ဗျာ။ တချို့တွေက မခံနိုင်လို့ တာပေါ် တက်ပြေးတယ်။ တာပေါ်မှာလည်း ရေက လည်ပင်းလောက် ရောက်နေတယ် ဆိုတော့ ကြာလာရင် ဘယ်ခံနိုင်မလဲ။ တာတွေ ပတ်ပတ်လည်မှာ သေနေကြတာ။ ရာဂဏန်းရှိတယ်။ လှိုင်းက အုပ်၊ လေက တိုက်ဆိုတော့ အိမ်တွေ အကုန်ပြိုကုန်တာ။ ၁ဝဝ ရာခိုင်နှုန်း ပျက်စီးတာ။

မေး။ အဲဒီက လူတွေအတွက် ကယ်ဆယ်ရေးတွေကို အစိုးရက ဘယ်လိုလုပ်ပေးလဲခင်ဗျ။

ဖြေ။ ကယ်ဆယ်ရေးသမားတွေတော့ဗျာ၊ ဖြစ်ပြီး နောက်တရက်အထိ မလာရဲကြဘူး။ လေက ပြင်းနေသေးတယ် ဆိုပြီး နောက်တရက်လောက်မှ လာကြတာ။ ဟိုမှာ အသက်ရှင်ကျန်နေတဲ့ လူတွေက တရက်ခွဲလောက် ထမင်းမစားဘဲ နေရတာ။ နောက်တော့ သူတို့ကို သွားကယ်လာတယ်။ အလောင်းတွေကိုတော့ မသယ်နိုင်လို့ ဒီအတိုင်း ထားပစ်ခဲ့ရတယ်။

ကယ်ဆယ်ရေး စခန်းက လပွတ္တာ ၅ ရပ်ကွက် ကမ်းနားလမ်းမှာ ဖွင့်ထားတယ်။ ကြက်ခြေနီ အလံတိုင် ထောင်ထားပြီး စားစရာ၊ အဝတ်အစားတွေ၊ ဆေးဝါးတွေ ပေးတယ်။ နေဖို့ကျတော့ လူတွေကို မြို့ထဲက ဘုန်းကြီးကျောင်းတွေ၊ ပညာသင် ကျောင်းဆောင်တွေမှာ ထားရတယ်။ တချို့ အသိရှိတဲ့ လူတွေက အသိအိမ်တွေမှာ သွားနေကြတယ်။

ဖျားနာတဲ့လူတွေကို ဆေးရုံပို့ရင်လည်း ဆေးရုံမှာက ဆေးမရှိ၊ အမိုးကလည်း လန်၊ လူနာတွေလည်း ပြည့်ကျပ်။ လူတွေကလည်း နီးစပ်ရာ ဆေးခန်းတွေကို သွားနေရတယ်။ ဒီအစိုးရက မလုပ်ပေးနိုင်ဘူးဗျာ။

အခု မြို့ပေါ်ကို တက်လာတဲ့လူတွေက ပြန်သွားဖို့ ဆိုတာ မလွယ်တော့ဘူးနော်။ ဟိုမှာ ရေမရှိတော့ဘူး။ သူတို့သောက်တဲ့ ရေတွင်းတွေကို ပင်လယ်ရေငံတွေ လွှမ်းသွားပြီဗျာ။ ပင်လယ် ရေငံကြီးကို ဘယ်လို သောက်ရမှာလဲ။ စားစရာ၊ ဆန်ဆီဆားတွေ အားလုံး မရှိတော့ဘူး။ ပါကုန်ပြီ။ ဘာသွား စားသောက်တော့မှာလဲ။ မြို့ပေါ်မှာမှ ဆန်ပြုတ်လေးတောင် သောက်ရမယ်ဆိုပြီး ပြေးလာကြတာ။ ပိုက်ဆံလည်း မပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာကြတာ။ သူတို့ ဘယ်လို ပြန်ကြတော့မှာလဲ။

မေး။ လပွတ္တာကို ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်လောက်များမယ်လို့ သိရလဲ။

ဖြေ။ ၁ သောင်းလောက် ရှိတယ်။ သူတို့ပြောတာတွေ နားထောင်ရရင်ဗျာ တကယ်ကို စိတ်မကောင်းဘူး။ ၆ ယောက်ရှိတဲ့ မိသားစုမှာ ၂၊ ၃ ယောက်လောက်က ပါသွားတယ် ဆိုပြီး လူတွေက ငိုယိုနေကြတာ။ တကယ့်ကို ဝမ်းနည်းစရာပဲ။

မေး။ လူတွေက အစိုးရ မုန်တိုင်းသတင်း သတိပေးတာတွေ မသိကြလို့လား။

ဖြေ။ မိုးလေဝသတို့က လွှင့်တာတွေ ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ဖော်မြူလာလို ဖြစ်နေတာက ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းပေါ်တယ်။ ပေါ်ပြီးတော့ ပုသိမ်မြို့ရဲ့ အနောက်ဖက် မိုင် ၃၅ဝ ကျော်လောက်မှာ ရှိတယ်။ နောက်တဖြေးဖြေး ရွှေ့လျားတယ်။ သူက အရှေ့ဘက်ကို ရွှေ့လျားတယ်။ ဆိုတော့ ဟိုင်းကြီးဘက် ရောက်သွားမယ်။ ဟိုင်းကြီးကနေ ဂွဘက်ကို ရောက်မယ်။ ဂွကနေ သံတွဲကို တက်မယ်။ သံတွဲကနေ စစ်တွေတက်ပြီး ဘင်္ဂလားဒေ့ရှ်ကို တက်မယ်။ ဒါ ဖော်မြူလာပဲ။ မုန်တိုင်း ဖော်မြူလာ။

ကျနော် နှစ်ပေါင်း ၂ဝ ကျော် ၃ဝ လပွတ္တာမှာ နေလာတာ။ ဒီအတိုင်းပဲ လူတွေကလည်း အေးဆေးနေကြတာ။ အခုကျမှ ဒီမုန်တိုင်းက ဟိုင်းကြီးကနေ ဖြစ်ပြီးတော့ အရှေ့ဘက်ကို မရွှေ့ဘဲနဲ့ ရှေ့တည့်တည့်ကို ဝင်ချလာတာ။ ဝင်ချတော့ ဟိုင်းကြီးတို့၊ လပွတ္တာတို့၊ ဘိုကလေးတို့၊ နောက် အဲဒီကနေ ရန်ကုန်ကို တက်တာ။ တခါမှ ဒီလို မဖြစ်ဖူးတော့ လူတွေက အေးဆေးနေကြတာ။ ညနေကျမှ လေက ပြင်းလာတယ်။ ရေတွေတက်လာမှ ကျနော်တို့ ဂရုစိုက်မိတာ။

မေး။ ။ ဆရာ ရန်ကုန်ကို ထွက်လာတဲ့ လမ်းမှာရော အခက်အခဲတွေ ရှိခဲ့လား။

ကျနော်တို့ လပွတ္တာ အထက်ခြမ်းက တောင်ကြောတွေ ရှိသွားပြီ။ မြောင်းမြထိကို တောင်ကြောကြီး ဖြစ်နေတော့ ကားလမ်းတွေ ပေါက်ပါတယ်။ လမ်းမှာတော့ တဲပြိုတာ၊ သစ်ပင်ပြိုတာတွေတော့ တွေ့ခဲ့ပါတယ်။ ရေကတော့ မတက်နိုင်ဘူး။ ကျနော် လပွတ္တာက ထွက်လာတာ မနေ့က မနက် ၁ဝ နာရီမှာ ထွက်လာတာ ည ၉ နာရီလောက်မှာ ရန်ကုန်ရောက်ပါတယ်။


ရန်ကုန် လေဘေး ဒုက္ခသည် တဦးနှင့် ဆက်သွယ် မေးမြန်းချက်

နန်းဒေဝီ
အင်္ဂါနေ့၊ မေလ 06 2008 19:59 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်းအတွင်း တနာရီ မိုင် ၁၂ဝ ခန့် တိုက်ခတ်ခဲ့သည့် စနေနေ့က လေမုန်တိုင်းကြောင့် နေအိမ် ပျက်စီးသွားသဖြင့် အင်းစိန်မြို့ရှိ Full Gospel ဘုရားကျောင်းတွင် လေဘေး ဒုက္ခသည်အဖြစ် ခိုလှုံနေသူ ချင်းအမျိုးသမီး မနန်းဘွန်ကို မဇ္ဈိမ သတင်းထောက် နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ မိသားစုဝင်ဦးရေ ဘယ်နှစ်ယောက်ရှိလဲရှင့်။

ဖြေ။ မိသားစုက ကလေး ၃ ယောက်၊ ယောက်ျားရယ် ကျမရယ်နဲ့ဆိုရင် ၅ ယောက်။

မေး။ အိမ်က ဘယ်လို ဖြစ်သွားတာလဲ။

ဖြေ။ အိမ်အပေါ်မှာ သစ်ပင်ကျတယ်။ အိမ်က ပြင်လို့ မရတော့ဘူး။ အိမ်တိုင်တွေလည်း လဲသွားပြီ။ အငယ်ဆုံး ကလေးက ၁ဝ လ၊ အမျိုးသားက လေဖြတ်နေတာလေ။ ဘာမှ လုပ်လို့ မရတော့ဘူး။ အရမ်း ခက်ခဲတယ်။ မနက်ဖြန်အတွက် စားဖို့လည်း မရှိဘူး။

မေး။ အခု ဘုရားကျောင်းမှာ လူဘယ်နှစ်ယောက်လောက် ရှိလဲ။

ဖြေ။ လူဦးရေ ၈ဝ လောက် ရှိတယ်။

မေး။ သူတို့ရဲ့ အိမ်တွေကရော ဘယ်လို ဖြစ်သွားလဲရှင့်။

ဖြေ။ မုန်တိုင်းတိုက်လို့ အိမ်တိုင်တွေ လဲသွားတယ်တဲ့။ သစ်ပင်တွေ အိမ်ပေါ်ကျပြီးတော့ အိမ်ပြိုသွားတာပါ။ အခု နေစရာ မရှိဘူး။

မေး။ အဲဒါဆိုရင် အိမ်က မိသားစုတွေ ထိခိုက်တာ ရှိသေးလား။

ဖြေ။ မထိဘူးတဲ့၊ ဘုရား ကာကွယ်တယ်။

မေး။ ဘုရားကျောင်းကနေ စားဖို့သောက်ဖို့၊ နေဖို့ ဘယ်လိုစီစဉ်ပေးလဲရှင့်။

ဖြေ။ ဘယ်သူမှ မစီစဉ်ပေးဘူး။ ကိုယ့်ဟာနဲ့ကိုယ် ရှာစားရတယ်။ ဘယ်သူမှ မကျွေးဘူး။

မေး။ ဒါဆိုရင် အမက အိမ်ကို ဘယ်လိုမျိုး ပြန်ဆောက်မလဲ။

ဖြေ။ ဒါကတော့ ဆရာတွေက ဘာမှ ပြောလို့ မရသေးဘူးတဲ့။ တမံ သလင်းပေါ်မှာပဲ အိပ်ပါတဲ့။

မေး။ အားလုံးက တမံ သလင်းပေါ်မှာပဲ အိပ်ကြရတာလား။

ဖြေ။ တချို့က အိမ်ရှိတယ်၊ တချို့က မရှိဘူး။ တချို့က ပြင်နိုင်တယ်၊ ဆောက်နိုင်တယ်။ ကျနော်တို့က မဆောက်နိုင်ပါဘူး။ ကလေးက သေးသေးလေး ၃ ယောက်၊ ဘာမှ မလုပ်နိုင်ဘူး။ ဘာမှ အားကိုးလို့ မရသေးဘူး။

မေး။ အသက် ဘယ်နှစ်နှစ် ရှိပြီလဲရှင့်။

ဖြေ။ ကျမအသက် ၃၅ နှစ်ရှိပါပြီ။

မေး။ အဲဒါဆိုရင် တခြား အဖွဲ့အစည်းတွေရော၊ ရပ်ကွက်ထဲက အာဏာပိုင် အဖွဲ့တွေကရော ကူညီပေးတာ မရှိဘူးလားရှင့်။

ဖြေ။ မရှိဘူးရှင့်။

မေး။ ရပ်ကွက်ထဲက လူကြီးတွေ လာမကြည့်ဘူးလား။

ဖြေ။ မကြည့်ပါဘူး။ အလကား လာလုပ်ပေးတာ ဘာမှ မရှိပါဘူး။

မေး။ ဒါဆိုရင် မိသားစု စားဝတ်နေရေးအတွက် ဘယ်လို စဉ်းစားထားလဲ။ အိမ်ကိုရော ဘာဆက်လုပ်မလဲရှင့်။

ဖြေ။ ဒီလိုပဲ စားနေတယ်၊ နေတယ်လေ။ အမဆီက ဆန်တဗူး နှစ်ဗူး ယူတယ်။ ဆန်ပြုတ် သောက်တယ်။ မရရင်တော့ ဒီလိုပဲ နေတယ်။

မေး။ ဘုရားကျောင်းမှာရှိတဲ့ တခြားလူတွေရော ဘယ်လိုစားနေလဲရှင့်။

ဖြေ။ အလုပ်ရတဲ့ လူတွေလည်း ရှိတယ်။ အဝေးကြီးမှာ နေတဲ့သူတွေလည်း ရှိတယ်။

မေး။ အမတို့အိမ် ပြန်ဆောက်လို့ရှိရင် ဘယ်လောက် ကုန်ကျမလဲ။

ဖြေ။ အိမ်ပြန်ဆောက်မယ်ဆိုရင် ဓနိတဲတခုမှာ ၇ သောင်းလောက် ကုန်မယ်။

မေး။ အမအိမ်က ဘယ်နေ့တုန်းက ပျက်စီးသွားတာလဲ။ အိမ်ပေါ်မှာ သစ်ပင်လဲတာ ဘယ်အချိန်လဲရှင့်။

ဖြေ။ သောကြာနေ့ ည ၁ဝ နာရီလောက်ကနေ စတယ်။ လေမုန်တိုင်းတိုက်တဲ့အခါ နေစရာမရှိဘူး။ အိမ်ထဲမှာ ထိုင်နေကြတယ်။ ဘုရားကျောင်းလည်း သစ်သားတွေ အားလုံး ကွာကုန်ပြီ။ ခေါင်မိုးတွေအားလုံး ကွာကုန်တယ်။ ဘုရားကျောင်းကို နဲနဲ အဖီချပြီး မိုးကာနဲ့ အိပ်တယ်။

မေး။ ဒါဆိုရင် ဒီကြားထဲမှာ အပြင်ကနေ လာကူညီတာ ရှိလား။

ဖြေ။ မရှိပါဘူး။

မေး။ အမ နာမည်က ဘယ်လိုခေါ်လဲ။

ဖြေ။ ဒေါ်နန်းဘွန်ပါ။

မေး။ ရန်ကုန်ကို ဘယ်ကနေ လာတာလဲ၊ ဘယ်လောက် ကြာပြီလဲ။

ဖြေ။ ကလေးမြို့ကနေ လာတာပါ။ တနှစ်လောက်ရှိပြီ။ တီးတိန်ချင်းပါ။


မုန်တိုင်း ကြိုတင်သတိပေးစနစ် မရှိသဖြင့် ထောင်ချီ သေဆုံးရဟု ကပ်ဘေးအန္တရာယ် ပါရဂူက ပြောဆို

မုံပီး
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 13:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူပေါင်း သောင်းနှင့်ချီ၍ သေဆုံးခဲ့ရသော ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံသို့ ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေကတည်းက မြန်မာအစိုးရ သိရှိခဲ့ပြီး မုန်တိုင်းကြိုတင် သတိပေးစနစ် မရှိသောကြောင့် နာရီပိုင်းအလိုအထိ ကြိုတင် သတိပေးနိုင်ခဲ့ခြင်း မရှိဟု သိရသည်။

အိန္ဒိယ မိုးလေဝသဌာနက မြန်မာအာဏာပိုင်များထံ ဧပြီလ ၂၆ ရက်နေ့ကတည်းက ဆိုင်ကလုံးသတင်း ကနဦး အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဆိုသည်။ ယင်းမှာ ဘင်္ဂလား ပင်လယ်အော်တွင် မုန်တိုင်း ဖြစ်ပေါ်ခြင်း မရှိမီ ၂ ရက်အလို၊ မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးခြင်း မပြုမီ တပတ်နီးပါး အလိုတွင် သတိပေးခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ၃ နာရီခြားတခါ မြန်မာ အာဏာပိုင်တွေကို မုန်တိုင်း နောက်ဆုံးသတင်းတွေ ပို့ပေးနေပါတယ်။ ဧပြီလ ၃ဝ ရက်နေ့ကတော့ ဆိုင်ကလုံး မုန်တိုင်းရဲ့ လမ်းကြောင်း၊ လေတိုက်နှုံး၊ မုန်တိုင်း နောက်ဆုံး ရောက်ရှိနေတဲ့ နေရာ၊ ဘယ်နေရာတွေကို ဝင်ရောက် ဖျက်ဆီးနိုင်တယ် ဆိုတာတွေ အသေးစိတ် ပေးပို့ခဲ့ပါတယ်” ဟု အိန္ဒိယ မိုးလေဝသဌာန ညွှန်ကြားရေးမှူး ဘီပီယာဒပ်ဗ် (B.P. Yadav) က ပြောသည်။

မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒဌာနက မုန်တိုင်းအကြောင်း ယင်းတို့၏ ဝဘ်ဆိုဒ်တွင် ဧပြီလ ၂၇ ရက်နေ့က လွှင့်တင် သတိပေးခဲ့သော်လည်း လူထုအကြား ကျယ်ပြန့်စွာ ဖြန့်ချိနိုင်ခဲ့ခြင်း မရှိပါ။ ဆိုင်ကလုံးမုန်တိုင်း ဘင်္ဂလား ပင်လယ်အော်တွင် စတင် ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသို့ ဦးတည် ရွေ့လျားနေသည်ဟုသာ ဖော်ပြခဲ့သည်။ အစိုးရ မီဒီယာများက မေလ ၂ ရက်နေ့ သောကြာနေ့ မွန်းလွဲပိုင်းအထိ မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ကြေညာခြင်း မလုပ်ခဲ့ပါ။ ဆိုင်ကလုံး မုန်တိုင်းသည် သောကြာနေ့ မွန်းလွဲပိုင်းတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ စတင် ဝင်ရောက်ခဲ့ပြီး စနေနေ့ အစောပိုင်းတွင် ရန်ကုန်သို့ ဝင်ရောက်လာခဲ့သည်။

အစိုးရ တီဗီ၊ ရေဒီယိုများသည် အစိုးရ ဝါဒဖြန့်ချိရေး သတင်းများသာ လွှင့်ထုတ်လေ့ ရှိခြင်းကြောင့် ရန်ကုန်မြို့ခံ အများအပြားက ထိုသတိပေး ကြေညာချက်ကို မကြားလိုက်ဘဲ လွတ်သွားကြသည်ဟု ဆိုသည်။

“ကျနော့် သမီးတွေကတော့ ဒီကြေညာချက်အကြောင်း သိပေမယ့် ကျနော်က ဆိုင်ကလုံးအကြောင်း လုံးလုံး မသိလိုက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျနော်က တီဗီသတင်းလည်း စိတ်မဝင်စားဘူးဗျာ။ ရပ်ကွက်ထဲတော့ လူထုသိအောင် လိုက်ကြေညာတာ မရှိပါဘူး” ဟု သစ်ပင်လဲကျသဖြင့် နေအိမ် ပျက်စီးသွားသော ရန်ကုန်မြို့ခံ တဦးက ပြောသည်။

အချိန်နှင့်တပြေးညီ မုန်တိုင်း သတိပေးချက်များ မထုတ်ပြန်နိုင်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သား အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသ ထိပ်တန်း ပါရဂူတဦးက ပြောဆိုသည်။

မြန်မာအစိုးရ၏ တုံ့ပြန် ဆောင်ရွက်မှုသည် လုံလောက်မှု မရှိကြောင်း ထိုင်းနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးဌာန ဥက္ကဋ္ဌ ဒေါက်တာ စမစ်ဒါမာဆာရိုဂျာ (Dr. Smith Dharmasaroja) က ပြောသည်။

“အစိုးရအနေနဲ့ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန်ရမယ်။ မုန်တိုင်းဒဏ်ခံရမယ့် ဒေသက လူတွေကို ရွှေ့ပြောင်းပေးဖို့ မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ လူတွေ လွှတ်ရမယ်” ဟု ဒေါက်တာစမစ်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၄ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယ သမုဒ္ဒရာမှ ကြောက်မက်ဘွယ် လှိုင်းလုံးကြီးများ ထိုင်းနိုင်ငံ ကမ်းခြေသို့ ဝင်ရောက် ဖျက်ဆီးလိမ့်မည်ဟု အချိန်စောစီးစွာ ကတည်းကပင် ကြိုတင် သတိပေးခဲ့သောကြောင့် ဒေါက်တာစမစ်မှာ ထင်ရှားသူ တဦး ဖြစ်သည်။ သို့သော် သူ့ခန့်မှန်း သတိပေးချက်ကို လျစ်လျူရှုခဲ့ကြသည်။

အစိုးရအနေနှင့် ကြေညာချက် ထုတ်ပြန်ရန် အရေးကြီးသလို အဆိုပါ သတိပေးချက်ကို ကောင်းမွန် ကျယ်ပြန့်စွာ ဖြန့်ချိရန်လည်း အရေးကြီးသည်ဟု ဒေါက်တာစမစ်က ဆိုသည်။ အာဏာပိုင်များ အနေနှင့် မုန်တိုင်း ကျရောက်မည်ဟု ခန့်မှန်းထားသော လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ လူများအား ရေလွတ်မည့် ကုန်းမြင့်ဒေသများသို့ ရွှေ့ပြောင်းပေးခြင်းများ အပါအဝင် ကြိုတင် ကာကွယ်မှု လုပ်ငန်းများ လုပ်ဆောင်ထားရန် လိုအပ်ကြောင်းလည်း သူက ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် အပူပိုင်းဒေသ မုန်တိုင်းများနှင့် ဆိုင်ကလုံးမုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များအတွက် ကြိုတင် သတိပေးစနစ်များ ဖန်တီး တည်ဆောက်ထားကြောင်း၊ ဂြိုဟ်တုမှ ရရှိသော အချက်အလက်များကို စုစည်းတွက်ချက်ပြီး မီဒီယာမျိုးစုံဖြင့် သဘာဝ ဘေးအန္တရာယ် သတင်းများကို ဖြန့်ချိပေးကြောင်း သူက ပြောသည်။ မိုဘိုင်းဖုန်းများသို့ စာတိုပို့ စနစ်ဖြင့် ဆက်သွယ် ပေးပို့ခြင်းများ၊ ကမ်းရိုးတန်း ဒေသများတွင် သတိပေး တာဝါတိုင်များ ထားရှိပြီး ကြိုတင် သတိပေးလုပ်ငန်းများ ပြုလုပ်ကြောင်း သူက ပြောသည်။

သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး လုပ်ငန်းများတွင် ဘေးအန္တရာယ် ကျရောက်သော ဒေသများသို့ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ခြင်း၊ ဒေသခံပြည်သူများကို လုံခြုံ စိတ်ချရသော နေရာများသို့ ရွှေ့ပြောင်းပေးခြင်း၊ ဆိုင်ကလုံး မုန်တိုင်းဒဏ်မှ ကင်းလွတ်စေရန် ခိုအောင်းမည့် နေရာများ တည်ဆောက်ထားခြင်းတို့ ပါဝင်သည်။

“မြန်မာအစိုးရမှာ ဆိုင်ကလုံး ချဉ်းကပ် ဝင်ရောက်လာတာကို သိနိုင်တဲ့ ကမ်းခြေ ရေဒါတွေ ကောင်းကောင်း မရှိဘူးလို့ ကျနော်တော့ ယုံတယ်။ ဒါကြောင့် အချိန်မီ ပြင်ဆင်မှု လုပ်ငန်းတွေ မလုပ်နိုင်တာပေါ့” ဟု ဒေါက်တာစမစ်က ဆက်ပြောသည်။

ဘန်ကောက်ရှိ အာရှ သဘာဝ ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေးဌာန (ADPC) ကလည်း နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်မည်ကို မြန်မာ အာဏာပိုင်များထံ အကြောင်းစာ ပေးပို့ သတိပေးခဲ့သေးသည်ဟု ဆိုသည်။ ADPC သည် ဒေသတွင်းရှိ နိုင်ငံများနှင့် နှစ်ပေါင်း ၂ဝ ကျော် လက်တွဲ အလုပ်လုပ်လာခဲ့ပြီး ဆိုင်ကလုံး ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ရေးအတွက် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အကူအညီ ပေးခဲ့သည်။

ထိုအတောအတွင်း အမေရိကန် သမတကတော် လော်ရာဘုရှ်ကလည်း မုန်တိုင်း ကြိုတင် သတိပေးချက်များ ထုတ်ပြန်ခြင်း မပြုခဲ့သည့်အတွက် မြန်မာ စစ်အစိုးရကို ပြစ်တင် ပြောဆိုလိုက်သည်။

“မုန်တိုင်း ခြိမ်းခြောက်မှု အန္တရာယ်ကို သိပေမယ့် မုန်တိုင်းဝင်ရောက်ရာ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူတွေကို အချိန်မီ သတိပေးချက်တွေ အစိုးရမီဒီယာတွေက ထုတ်ပြန် ကြေညာတာ လုပ်မပေးနိုင်ခဲ့ဘူး” ဟု ဝါရှင်တန်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ဆိုင်ကလုံး မုန်တိုင်း ဖြစ်ပေါ်ရန် အနည်းဆုံး အချိန် ၂ ရက်ခန့် ကြာတတ်ပြီး မုန်တိုင်း ဖြစ်ပေါ်သည်ကို ကြိုတင်သိရှိပြီး ကြိုတင် သတိပေးချက်များ အချိန်မီ ဖြန့်ဝေပေးနိုင်ပါက အသက်ပေါင်းများစွာ ကယ်နိုင်ပြီး ပျက်စီးမှု ပမာဏကိုလည်း လျှော့ချနိုင်ကြောင်းဖြင့် အိန္ဒိယ မိုးလေဝသ အသင်းကြီး၏ အတွင်းရေးမှူးဟောင်း ဒေါက်တာ အာကီလက်ရှ်ဂုပ်တား (Dr. Akilesh Gup) က ပြောသည်။

“နာဂစ် ဆိုင်ကလုံး မုန်တိုင်းက ပထမ တောင်တရုတ် ပင်လယ်မှာ စဖြစ်တာ။ ဘင်္ဂလား ပင်လယ်အော်မှာ စုစည်းဖြစ်ပေါ် မလာခင်ကတည်းက ကျနော်တို့ တွေ့ခဲ့တာ။ မြန်မာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားစာတွေ ပေးပို့ခဲ့ပါတယ်” ဟု မစ္စတာ ဂုပ်တားက ပြောဆိုသည်။


ရန်ကုန်လူထု အနေအစား အတွက် အသဲအသန် လုံးပန်းနေရ




နန်းဒေဝီ
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 13:39 - မြန်မာစံတော်ချိန်

ဆိုင်ကလုံးမုန်တိုင်းအပြီး အဓိကပွဲရုံတွင် ဆန်ပြတ်နေ

နယူးဒေလီ။ ။ ရန်ကုန်နေ ပြည်သူများအဖို့ အင်္ဂါနေ့က ဆန်နှင့် အခြားကုန်စည်များ ပြတ်လပ်နေပြီး ပုံမှန်နှုန်းထက် ၂ ဆကျော် ပေးဝယ်နေရသည်။

“ကျမ ဘုရင့်နောင် ပွဲရုံမှာ ဆန်သွားဝယ်တာ ပုံမှန်နှုန်းထက် ၂ ဆကျော် ပေးဝယ်ခဲ့ရတယ်။ ကုန်ပစ္စည်း အားလုံးလိုလို ဈေးတက်သွားတယ်။ မယုံနိုင်အောင်ပါပဲရှင်” ဟု ရန်ကုန် ဆင်ခြေဖုံးတွင် နေထိုင်သူ ဒေါ်ချင်းက မြို့တော်၏ အဓိက ဆန်ဈေးကွက်ကို ရည်ညွှန်းပြောသည်။

ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်အပြီး ဆိုင်အတော်များများ ပိတ်ထားကြပြီး ဆိုင်အချို့သာ ဆန်ကို အကန့်အသတ်ဖြင့် ရောင်းချနေကြသည်။ “ကျမတို့ ရပ်ကွက်မှာ လုမှာကြောက်လို့ ဆိုင်တွေက ပိတ်ထားကြတော့ ဆန်ဝယ်လို့ မရဘူးလေ” ဟု ဒေါ်ချင်းက ဆက်ပြောသည်။

ယခင်က ကျပ် ၁၃ဝဝဝ တန်ကြေးရှိသည့် ဆန်တအိတ်သည် ဆိုင်ကလုံးမုန်တိုင်း ကျပြီးနောက် ယခုအခါ ကျပ် ၃၁ဝဝဝ ပေးဝယ်နေရသည်။

“ဆန်အညံ့စားပဲ အဲဒီမှာ ဝယ်လို့ရတယ်။ ဆီဝယ်လို့ မရခဲ့ဘူး” ဟု ဒေါ်ချင်းက ဆိုသည်။

သူတို့ ရပ်ကွက်ဈေးတွင် ဟင်းသီးဟင်းရွက်များ ဝယ်ယူ၍ မရကြောင်း သူက ညည်းညူ ပြောဆိုသွားသည်။

မုန်တိုင်းသည် စနေနေ့ နံနက် လင်းအားကြီး ၂ နာရီတွင် စတင်တိုက်ခတ်ပြီး လေပြင်းများ အော်မြည်ပြီး မိုးသီး မိုးပေါက်ကြီးများလည်း ကျခဲ့သည်ဟု ဒေါ်ချင်းက ပြောသည်။ “ကျမတသက်မှာ အရင်က တခါမှ မကြုံဖူးပါဘူးရှင်”။

ဆိုင်ကလုံးမုန်တိုင်းကြောင့် သေဆုံးသူ ၅ သောင်း ကျော်သွားပြီး၊ လူပေါင်း ၄၁ဝဝဝ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ထို့ပြင် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်တွင် လူများ သိန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ကျန်ခဲ့သည်။

ဆိုင်ကလုံးမုန်တိုင်း ဖျက်ဆီးအပြီး ရန်ကုန်မြို့သို့ ထွက်လာခဲ့သည့် လပွတ္တာမြို့မှ တက်ကြွ လှုပ်ရှားသူတဦးက တယ်လီဖုံးဖြင့် မဇ္ဈိမကို ပြောကြားရာတွင် သူတို့ မြို့နယ်တခုထဲတွင်ပင် အနည်းဆုံး လူ တသိန်းခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။ သို့သော် အဆိုပါသတင်းကို သီးခြားအတည်ပြုချက် ပြုလုပ်နိုင်ခြင်း မရှိသေးပါ။

လမ်းများ သစ်ပင်များ၊ ဓါတ်တိုင်များ လဲကျ ပိတ်ဆို့နေဆဲဖြစ်ပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူ အမြောက်အမြား ဘုရားကျောင်းများ၊ ဘုန်ကြီးကျောင်းများတွင် သွားရောက် ခိုလှုံနေကြရသည်။

“ကျမအိမ်က သောကြာနေ့က လေမုန်တိုင်းကြောင့် လုံးလုံး ပျက်သွားတယ်။ အမိုးတွေ လန်သွားတယ်။ အိမ်အဝင် ပင်မ အိမ်တိုင်ကြီးလည်း ကျိုးကျသွားတယ်” ဟု ယခုအခါ အင်းစိန်မြို့နယ် Full Gospel Church တွင် သွားရောက်ခိုလှုံ နေရသူ အသက် ၃၅ နှစ်ရှိ ကလေး ၃ ယောက်မိခင် လမ်ဘွန်း က မဇ္ဈိမကို ပြောသည်။

“ကျမ အိမ်နီးနားချင်းတွေဆီက နေ့တိုင်းတောင်းပြီး ဆန်ပြုတ်ပဲ သောက်နေရတယ်။ ကြမ်းပေါ်မှာ အိပ်နေရတယ်။ ကျမယောက်ျားက လေဖြတ်ထားတော့ ကျမလည်း ဘာမှလုပ်နိုင်ဘူးလေ။ ကလေးတွေကလည်း ငယ်သေးတယ်။ အငယ်ဆုံး ကလေးက အခုမှ ၁ဝ လပဲ ရှိသေးတယ်” ဟု သူက ပြောသည်။

“တမြို့လုံး ပျက်စီးသွားပြီ။ သစ်ပင်တွေအားလုံး လမ်းတွေပေါ် လဲကျနေတယ်။ မီးလဲပြတ်နေတယ်။ ကယ်ဆယ်ရေး အစီအစဉ်တွေလည်း မရှိဘူး။ အဆိုးဆုံးက ရေမရတာဘဲ။ အခြေခံ အဆောက်အဦတွေ ပြန်တည်ဆောက်ဖို့က လပေါင်း အတော်ကြာဦးမယ်” ဟု ရန်ကုန်မြို့ခံတဦးက အီးမေးလ်ပို့ကာ ပြောပြသည်။

အဓိက လမ်းမကြီးများကို ရှင်းလင်းပြီး ဖြစ်ကြောင်းနှင့် ဘတ်စ်ကားများ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း မြို့ခံများနှင့် မျက်မြင်သက်သေ အချို့က ဆိုသည်။ သို့သော် ဘတ်စ်ကားခများမှာမူ ၂ ဆကျော် မြင့်တက်ခဲ့သည်။

“၄ မိုင်ပဲဝေးတဲ့ အင်းစိန်က ၈ မိုင်လမ်းဆုံကို ကျပ် ၅ဝဝ ပေးခဲ့ရတယ်။ အရင်တုန်းက ပုံမှန် ၂ဝဝ ပဲ ပေးရတာ။ တက္ကဆီခတွေလည်း ကျပ် ၃ဝဝဝ လောက်ပေးရတဲ့ လမ်းကို အခု ၈ဝဝဝ အထိ ပေးနေရတယ်” ဟု ခရီးသွားတဦးက မဇ္ဈိမကို ပြောသည်။

မြူနီစီပယ် ရေးပေဝေမှုစနစ် ကောင်းမွန်စွာ လည်ပတ်ပြီး ရေပေးဝေနိုင်သည်ဟု မြို့ခံများက ပြောသည်။ သို့သော် အဓိက မြို့နယ်များတွင် ယခုထိ လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိသည်။

ရန်ကုန်အခြေစိုက် ပေါ်ပြူလာ ဂျာနယ်ကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ထုတ်ဝေမည်ဟု ဂျာနယ် ဝန်ထမ်းတဦးက ပြောသည်။ ဂျာနယ်လုပ်ငန်းများ ပြီးသလောက် ဖြစ်နေပြီး ဓာတ်အားပေးစက် အသုံးပြုနေသည်။ သို့သော် ဂျာနယ်တိုက် အတွင်းတွင်မူ လူမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

“အခုတော့ အယ်ဒီတာတွေလည်း မရှိဘူး။ သတင်းထောက်တွေလည်း မရှိဘူး။ သူတို့အားလုံး ဆိုင်ကလုံးကြောင့် ပေါ်လာတဲ့ သူတို့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ပဲ အလုပ်ရှုပ်နေကြတယ်” ဟု အဆိုပါ အမျိုးသားဝန်ထမ်းက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates