Tuesday, May 6, 2008

မြို့နယ်အချို့တွင် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ပြောင်းလဲသတ်မှတ်

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၅၀၀၀၀ ကျော်သွားပြီ
သေဆုံးသူစာရင်း ထပ်ပိုလာနိုင်

မုန်တိုင်းကြောင့် လူ ၁၅၀၀၀ ကျော်သေပြီးဟု စစ်အစိုးရထုတ်ပြန်

နေသွင်
အင်္ဂါနေ့၊ မေလ 06 2008 12:04 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိပြီး ပျောက်ဆုံးသူ (၃၀၀၀) ကျော်သည်ဟု စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့တမြို့တည်းတွင်ပင် ၁ သောင်းကျော် သေဆုံးခဲ့ပြီး ဧရာဝတီတိုင်း အတွင်းရှိ အခြားမြို့နယ် (၆) ခုတွင် (၅၀၀၀) ထောင်ကျော် သေဆုံးခဲ့သည်၊

ရန်ကုန်တိုင်းတွင် (၅၉) ဦးသေဆုံးပြီး (၅၀၀) ကျော် ပျောက်ဆုံးနေသည်၊

အစိုးရ ထုတ်ပြန်သော သေဆုံးသူ အရေအတွက်မှာ ရာဂဏန်းမှသည် သောင်းဂဏန်းအထိ ထပ်မံ တိုးမြင့်လာခြင်း ဖြစ်သည်။

ဒဏ်ရာရသူ၊ အိုးမဲအိမ်မဲ့ဖြစ်သူ အရေအတွက်ကို သူက ထည့်သွင်း ပြောကြားသွားခြင်း မရှိသလို အရေးပေါ် အခြေအနေ ကြေညာထားသော မွန်ပြည်နယ်။ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းမှ အပျက်အစီး အသေအပျောက် စာရင်းကိုလည်း ထည့်သွင်း ပြောကြားသွားခြင်း မရှိပါ။

မိုးလေ၀သဌာန၏ ယနေ့ သတင်းအရ ကုန်းတွင်းပိုင်းတွင် ဆက်ရှိနေသော မုန်တိုင်းသည် ယခုအခါ လုံးဝ ပျက်ပြယ်သွားပြီဟု ဆိုသည်၊

စစ်အစိုးရသည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် နိုင်ငံတကာ အကူအညီများကို တောင်းခံထားပြီး မည်သည့်နိုင်ငံမှ အကူအညီများကိုမဆို လက်ခံသွားမည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။ ကုလသမဂ္ဂမှ ပေးမည့် အကူအညီကို လက်ခံပါမည်ဟု စစ်အစိုးရက ပြောပြီး ဖြစ်သည်။

ထိုင်းနိုင်ငံမှ အကူအညီ ပေးအဖွဲ့ တဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်မည်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနှင့် အီးယူကလည်း အရေးပေါ် အကူအညီ ပေးမည်ဟု ကြေညာထားသည်၊

အီးယူက ဒေါ်လာ (၃) သန်းပေးရန် ကြေညာထားပြီး အမေရိကန် ပြည်ထောင်စုကလည်း ဒေါ်လာ (၂၅၀၀၀၀) ကို မြန်မာပြည်သံရုံးမှ တဆင့်ပေးပို့ရန်က ကမ်းလှမ်းထားသည်။


မေ ၁၀ အတွက် လုံခြုံရေး အထူးအဆင့် တပ်လှန့်ထား

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 06 2008 11:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဆန္ဒခံယူပွဲ ကျင်းပမည့် မေ ၁၀ ရက်ကျော်သည်အထိ နိုင်ငံတကာ အဖွဲ့အစည်းများ လှုပ်ရှားခြင်း မပြုနိုင်ရန် လုံခြုံရေး တပ်ဖွဲ့များအားလုံး အထူးအဆင့် အနေဖြင့် စောင့်ကြည့် ကြပ်မတ်သွားရမည် ဖြစ်ကြောင်း လျို့ဝှက် ဖြန့်ဝေထားသည့် အစိုးရစာတခု အရသိရသည်။

နာဂစ်မုန်တိုင်းကြောင့် ခောတ်သစ် မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည့် အနည်းဆုံး လူ တသောင်းကျော် သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရသော်လည်း စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲကို ဆိုင်းငံ့ခြင်းမပြုဘဲ မေ ၁၀ တွင်ပင် ဆက်လုပ်မည်ဟု ကြေညာထားသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၊ ဒီမိုကရေစီ လိုလားသူ အတိုက်အခံများက ဆန္ဒခံယူပွဲတွင် တရားမျှတမှု၊ လွတ်လပ်မှုရှိရေးနှင့် မဲလိမ်မှု ရှိ မရှိ စောင့်ကြည့်လေ့လာမှာ ဖြစ်သည့်အတွက် တားဆီးရန် ကြိုးစားနေခဲ့သည်။

ယခုအချိန်အထိ နောက်ဆုံးရ ရန်ကုန် သတင်းများတွင်တော့ စက်သုံးဆီ ထည့်လိုသည့် ယာဉ်တန်းများ ဆီဆိုင်များရှေ့တွင် ရောက်ရှိ စောင့်ဆိုင်းနေရာ အချို့ဆိုင်များတွင် ယာဉ်တန်းသည် ၃ မိုင်ခန့်ပင် ရှည်လျားနေသည်။ စက်သုံးဆီဆိုင်များက နေ့လည် ၁၂ နာရီမှသာ စတင် ရောင်းချ ပေးသွားနိုင်မည်ဟု ပြောသည်။

အောင်ဆန်းကွင်းရှေ့ ဓာတ်ဆီဆိုင်တွင် ကားများ သုံးထပ်တန်းစီနေပြီး ဆူးလေဘုရားရှေ့ အထိပင် ရောက်နေသည်။

ယမန်နေ့က စက်သုံးဆီ အရောင်းဆိုင်များက ကားတစီးလျှင် ခွဲတမ်း ၂ ရက်စာအထိသာ ရောင်းချပေးခဲ့သည်။ လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် ရန်ကုန်တွင် စက်သုံးဆီသုံးစွဲမှု လေးဆ တိုးမြှင့် လာလိမ့်မည်ဟု စွမ်းအင် ၀န်ကြီးဌာန အရာထမ်းတဦးက ပြောသည်။

ဒီဇယ်ဆီ ပြင်ပပေါက်ဈေးမှာ တပီပါလျှင် ၅ သိန်းကျပ် ဖြစ်လာရာ အဝေးပြေးကားများ ပြေးဆွဲမှု ရပ်ဆိုင်းသွားဖွယ်ရာ ဖြစ်သည်။

အစိုးရပိုင် စက်ရုံ၊ ဂိုဒေါင်များတွင် စစ်သားများ စောင့်ကြပ်နေပြီး ရန်ကုန်တွင် တပ်မ (၁၁) ၊ (၂၂) နှင် (၆၆) တို့ ရောက်ရှိနေသည်။ ရေနှင့် အစားအသောက် ကြပ်တည်းလာနေရာမှ ယမန်နေ့က နေရာအချို့တွင် အုပ်စုလိုက် လုယက်မှုများ ရှိခဲ့သည်ဆိုသော သတင်းများ ပေါ်ထွက်ခဲ့သည်။

ယမန်နေ့ညမှစ၍ ဂျိုးဖြူပိုက်မှ ရေပေးဝေမှု စတင်နေပြီ ဖြစ်သည်။

နေရာအနှံ့အပြား ကိုယ်ထူကိုယ်ထပင် လက်သမားသုံး ကိရိယာငယ်များဖြင့် အပျက်အစီးများကို ကြိုးစား ဖယ်ရှားနေသည်ကို မြင်တွေ့နေရဆဲ ဖြစ်သည်။ မြန်မာ့ရုပ်မြင်က ပြကွက်များတွင်တော့ စက်ယန္တရားကြီးများဖြင့် ပြိုလဲနေသည့် သစ်ပင်များကို ဖြတ်တောက် ဖယ်ရှားနေသည့် ပြကွက်များပင် ဖြစ်နေရာ မုန်တိုင်းဒဏ်ခံ လူထုကို ဒေါသထွက်စေသည်။

ဒကာ ဒကာမများ၏ အခက်အခဲကြောင့် ရဟန်းသံဃာတော်များ ယနေ့အထိ ဆွမ်းခံမကြွကြပေ။ အမှိုက်သိမ်းစနစ် ပြန်လည် လုပ်ဆောင်ခြင်း မရှိသေးသောကြောင့် အနံ့အသက်များ စတင်ထွက်လာနေသည်။


အင်းစိန်ထောင် မီးလောင် ၃၆ ဦးသေ၊ ၇၀ ဒါဏ်ရာရ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 05 2008 17:16 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန် အကျဉ်းထောင်တွင် စနေနေ့က မီးလောင်မှု ဖြစ်ပွားပြီး အဓိကရုဏ်း ဖြစ်ပွားရာ လူ ၃၆ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရသွားခဲ့သည်။

အကျဉ်းထောင် အတွင်းရှိ နှစ်ထပ်ဆောင် အဆောင် ၁ တွင် စနေနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားရာ အပေါ်ထပ် ပြိုကျပြီးနောက် ထောင်လုံခြုံရေး တပ်ဖွဲ့များက ပစ်ခတ်မှု ဖြစ်ခဲ့သည်။ အကျဉ်းထောင်ထဲရှိ အဆောင်တခုလျှင် အနည်းဆုံး အကျဉ်းသား ၁၅၀၀ ရှိသည်။

"လေတိုက်ပြီးတော့ မိုးတွေ ရွာနေတဲ့အခါမှာ အကျဉ်းသားတွေ မနက်အစောကြီး မီးလှုံတဲ့ အခါမှာ လေတိုက်ပြီးတော့ အိပ်ဆောင် မီးကူးတယ်၊ မီးကူးတဲ့ အခါမှာ ထောင်အာဏာပိုင်တွေ ရောက်လာတယ်။ ၀န်ထမ်းတွေ ရောက်လာတယ်အခါ ထောင်သားတွေက ထွက်ပြေးတယ်။ ထွက်ပြေးတော့ ထောင်အာဏာပိုင်တွေက မီးကို မငြိမ်းသတ်ဘဲနဲ့ အကျဉ်းသားတွေကို ပစ်ခတ်တာ" ဟု ထိုင်းနိုင်ငံ အခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) မှ ကိုတိတ်နိုင်က ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်သည့် စနေနေ့တွင် ထောင်မီးလောင်သည့် သတင်း ထွက်ပေါ်ခဲ့သော်လည်း ယနေ့မှသာ ထောင်ဝင်စာ တွေ့ခွင့်ရ၍ သတင်း ခိုင်ခိုင်လုံလုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထောင်အာဏာပိုင်များ၏ ဆူပူမှုကို ကိုင်တွယ်ပုံကို ကိုတိတ်နိုင်က ဝေဖန်လိုက်သည်။

"ပုံမှန်အားဖြင့်တော့ အာဏာပိုင်တွေဟာ မီးလောင်ရင်တော့ မီးသတ်ပေးဖို့ တာဝန်ရှိတယ်လေ။ ထောင်သားတွေ ဆူပူလာရင်လည်း စနစ်စကျ ပြန်သွင်းပေးရမှာ။ အခုတော့ သူကိုက ပြန်ပစ်ခတ်ရင်တဲ့ သေတာက များနေတယ်။" ဟု သူက ပြောသည်။

အင်းစိန် အကျဉ်းထောင်အနီး နေထိုင်သူများမှာ မီးခိုးလုံးများ ထွက်ပေါ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး သေနတ်သံများ ကျယ်ကျယ်လောင်လောင် ကြားခဲ့ကြသည်။

အကျဉ်းသားများ ထွက်ပြေး လွတ်မြောက်ဖွယ် မရှိဟု ထောင်အနီး နေသူ တဦးက ပြောသည်။

ထောင်အဓိကရုဏ်းကြောင့် ထောင်ကျခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ မိသားစုဝင်များ စိုးရိမ်တကြီးဖြင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေခဲ့ကြသည်။

သို့သော် သေဆုံး၊ ဒဏ်ရာရသူများတွင် နိုင်ငံရေး အကျဉ်းသားများ ပါဝင်ခြင်းမရှိဟု အေအေပီပီက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates