Thursday, May 8, 2008

အမေရိကန်လေယာဉ်ကို ဝင်ခွင့်ပေးလိုက်ပြီ
ရုရှားမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ မြန်မာနိုင်ငံ စေလွှတ်

မုန်တိုင်းကြောင့် ဒေါ်စုအိမ် ပျက်စီးမှုရှိခဲ့

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 08 2008 14:03 - မြန်မာစံတော်ချိန်
ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် တက္ကသိုလ် ရိပ်သာလမ်းရှိ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခေါင်မိုး အစိတ်အပိုင်းတချို့ ပျက်စီးသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခေါင်မိုး တချို့ ပျက်စီးသွားခဲ့ရပြီး အမြစ်မှ ကျွတ်သွားသော သစ်ပင်တပင်ကလည်း ခြံဝင်းတံခါးကို ပိတ်၍ ကျနေသည် ဟု တက္ကသိုလ် ရိပ်သာလမ်းနေ မျက်မြင်တစ်ဦးက မဇ္ဈိမသို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

"အိမ်ခေါင်မိုးတွေ ပျက်စီးသွားတာရယ် သစ်ပင် တပင်က အမြစ်ကနေ ကျွတ်ပြီး ခြံတံခါးပေါ် ပိတ်လဲကျနေတာ တွေ့တယ်။ စစ်တပ်က သစ်ပင်ကို လာရှင်းသွားပြီ " ဟု အမည်မဖော်လိုသူ တဦးက ပြောသည်။

"အစိုးရက သူ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့အိမ်ကို ပြန်ပြင်ပေးမယ်လို့ ကြားတယ်" ဟု သူက ထပ်ပြောသည်။


ကွမ်းခြံကုန်းတွင် ထောင်ပေါင်းများစွာ သေဆုံးနိုင်

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 08 2008 10:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်တိုင်း အနောက်ပိုင်းရှိ ကွမ်းခြံကုန်း မြို့နယ်တွင် လူသေအလောင်းများ၊ တရိစ္ဆာန် အသေကောင်ပုပ်များ ပြန့်ကြဲနေပြီး ယခုထိ ရှင်းလင်းနိုင်ခြင်း မရှိသေးသဖြင့် မခံမရပ်နိုင်အောင် အနံ့ဆိုးများ ပုပ်ဟောင်နံစော်လျက် ရှိသည်ဟု ထိုဒေသသို့ ရောက်ခဲ့သူ မျက်မြင်သက်သေ တဦးက ပြောသည်။

လူသေအလောင်းများ၊ ကျွဲနွား တရိစ္ဆာန် အသေကောင်များ နေရာအနှံ့တွင် တွေ့နေရသည်ဟု ကွမ်းခြံကုန်းသို့ ယနေ့ ရောက်ရှိခဲ့သူ ဒေသခံတဦးက ပြောသည်။

“ဒီနေရာ တခုလုံး ပုပ်ဟောင်နေတာပဲ။ အလောင်းတွေကလည်း အများကြီး။ နေရာတကာပဲ။ ရေတွက်ဖို့တော့ ခက်တယ်။ ကျနော်ထင်တာ ရာပေါင်းများစွာ ရှိမှာပဲ” ဟု အဆိုပါ ဒေသခံက ပြောသည်။

ကွမ်းခြံကုန်းသည် ရန်ကုန်မြို့ အနောက်တောင်ဘက် မိုင် ၄ဝ အကွာတွင် တည်ရှိပြီး၊ ဧရာဝတီတိုင်းနှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

စွမ်းအင်ဝန်ကြီး လွန်းသီ ခေါင်းဆောင်သော အစိုးရ ကယ်ဆယ်ရေး အဖွဲ့တခု ကွမ်းခြံကုန်းသို့ ရောက်ရှိနေပြီး ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေပြီဟု သူက ပြောသည်။

“မြို့ပေါ်မှတော့ အလောင်းတွေက သိပ်မများဘူးဗျ။ မြို့ပေါ်ကနေ ရွာတွေဘက်သွားတဲ့ လမ်းတလျှောက်မှာ အများကြီး” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ရွာအများအပြား ရေမြုပ်နေဆဲဖြစ်ပြီး လူအများမှာ ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်မည်ကို မသိလိုက်ဟု ဆိုသည်။ ကွမ်းခြံကုန်း မြို့နယ်ထဲတွင် ရေမှာ အိမ်များထဲ၌ ၄ ပေခန့်အထိ တက်ဆဲ ဖြစ်သည်ဟုလည်း သူက ပြောသည်။

“အခုတော့ လူတွေက မုန်တိုင်းတင် မဟုတ်တော့ဘူး၊ တစ္ဆေပါ ကြောက်နေကြတာ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပင် ဆက်ပြောသည်။

ဒေသခံ ကျေးရွာသားများ၏ ခန့်မှန်းချက်အရ သေဆုံးသူ ၁ဝဝဝဝ (တသောင်း) ခန့်အထိ ရှိနိုင်သည်ဟု ဆိုသည်။

အစိုးရ ကယ်ဆယ်ရေး အဖွဲ့များက မြို့လူထုကို ဆန်များ၊ သောက်ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ ဝေငှပေးလျက် ရှိသည်ဟု ဒေသခံ တဦးက ပြောသည်။ သို့သော် ကျေးရွာများသို့မူ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ ယခုတိုင် ရောက်ရှိခြင်း မရှိသေးဟု ဆိုသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ကွမ်းခြံကုန်းသို့ လာနေသည်ကို တွေ့ခဲ့ရသည်။ သို့သော် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်ကိုမူ မတွေ့ရသေးဟုလည်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ဤအတောအတွင်း ရန်ကုန် လှိုင်မြစ်ထဲမှ ကလေး၊ ယောက်ျား၊ မိန်းမ အလောင်း ၁ဝ လောင်း ဆယ်ယူ ရရှိသည်ဟု ရန်ကုန်မြို့မှ ဒေသခံ တဦးက ဆိုသည်။

“ကျနော်ထင်တာ အလောင်းတွေက ကွမ်းခြံကုန်းဘက်က မျောလာတာ ဖြစ်မယ်” ဟု အဆိုပါ မျက်မြင်သက်သေက မဇ္ဈိမကို ပြောသည်။


ရန်ကုန်မှာ ရေပေးဝေသော်လည်း လိုအပ်နေဆဲ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 18:01 - မြန်မာစံတော်ချိန်

ရန်ကုန်တိုင်း မြို့နယ်အချို့တွင် မီးသတ်ကားများဖြင့် သောက်သုံးရေများ လိုက်လံ ပေးဝေနေသော်လည်း ရေပြဿနာမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

မီးသတ်ကား၊ ရေကားများဖြင့် ရေပေးဝေခြင်းကို နေ့စဉ် နံနက် ၈ နာရီခန့်မှ နေ့လယ် ၁၂ နာရီနှင့် နေ့လယ် ၂ နာရီမှ ညနေ ၄ နာရီအထိ အချိန်ခွဲ ပေးဝေနေသဖြင့် ရေအခက်အခဲ အနည်းငယ် လျော့ကျသွားသော်လည်း လုံလောက်မှု မရှိသေးကြောင်း ဒေသခံများ ပြောဆိုကြခြင်း ဖြစ်သည်။

"အမတို့က နေရာက တိုက်ခန်းတွေ များတယ်လေ။ အထပ်မြင့်မှာ နေတဲ့သူတွေဆို ရေသယ်ရတာ တော်တော် ဒုက္ခရောက်တယ်။ ရေက အခုလို ရတယ်ဆိုပေမယ့် လိုသလောက် မရဘူးလေ။ မီးကလည်း မလာသေးဘူး။ အဆင်မပြေပါဘူး" ဟု ရန်ကုန်မြို့ခံက ပြောသည်။

အခြား ဒေသခံ တဦးကလည်း မုန်တိုင်း ၀င်ရောက်ပြီး နောက်ပိုင်း ရန်ကုန်မြို့တွင်း အပျက်အစီးအချို့ ရှင်းလင်းပြီးသည့်တိုင် သောက်သုံးရေများ မရရှိသေးသလို၊ လျှပ်စစ်မီးလည်း မရသေးကြောင်း ပြောသည်။

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 05 2008 20:58 - မြန်မာစံတော်ချိန်


၂၂၀၀၀ ကျော်သေ၊ ၄၁၀၀၀ ပျောက်ဆုံးဟု အစိုးရထုတ်ပြန်

၂၂၀၀၀ ကျော်သေ၊ ၄၁၀၀၀ ပျောက်ဆုံးဟု အစိုးရထုတ်ပြန်

လွှင့်တင်ချိန်။ ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၉း၁၀ - မြန်မာစံတော်ချိန်
ဆိုင်းကလုံးကြောင့် သေဆုံသူ နှစ်သောင်းနှစ်ထောင်ကျော် ရှိသည်ဟု စစ်အစိုးရ ရေဒီယို၏ နောက်ဆုံးသတင်း ကြေညာသွားသည်။

သေဆုံးသူ ၂၂၄၆၄ ဦးသေဆုံးပြီး ၄၁၀၀၀ ပျောက်ဆုံးနေသည်ကို အတည်ပြုနိုင်ပြီဟု ပါရှိသည်။

သေဆုံးပျက်စီးမှု အရေအတွက်မှာ ထပ်ခါ ထပ်ခါ တက်လာနေဆဲ ဖြစ်သည်။

မဇ္ဈိမအနေဖြင့် ယနေ့ နံနက်က အတည်ပြုနိုင်သော အရေအတွက်မှာ သေဆုံးသူ ၅၀၀၀၀ ကျော် ဖြစ်သည်။

၄၇ မြို့နယ်တွင် ဆန္ဒခံယူပွဲ မေ ၂၄ သို့ ရက်ရွှေ့ဆိုင်း

နေသွင်
လွှင့်တင်ချိန်။ ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၅း၁၅ - မြန်မာစံတော်ချိန်

မုန်တိုင်းဒဏ်ခံ မြို့နယ် ၄၇ မြို့နယ်တွင် အခြေခံဥပဒေမူကြမ်းအပေါ် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ အမိန့် ကြေညာချက် (၅၊ ၂၀၀၈) နှင့် အတူ ဆက်တိုက် ထွက်လာသော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မတီ၏ ကြေညာချက်ကို MRTV-4 မှ ကြေညာရာတွင် သဘာဝ အန္တရာယ် ကျရောက်ရာ ဇုံများအဖြစ် ဆက်ရှိနေမည့် မြို့နယ်များတွင် ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအတွင်းရှိ ကျန်မြို့နယ်များကို သဘာဝအန္တရာယ် ကျရောက်ရာ ဇုံအဖြစ် ကြေညာထားရမှ ပြန်လည် ရုပ်သိမ်းကြောင်း စစ်အစိုးရ အတွင်းရေးမှူး (၁) သီဟသူရ တင်အောင်မြင့်ဦး လက်မှတ်ထိုး ထုတ်ပြန်သည်။

သဘာဝအန္တရာယ် ကျရောက်ဒေသများအဖြစ် ဆက်လက် သတ်မှတ်ထားသော ဒေသများမှ လွဲ၍ တနိုင်ငံလုံးရှိ ကျန်ဒေသများတွင် ဆန္ဒခံယူပွဲကို ယခင် သတ်မှတ်ထားသည့် အတိုင်း လာမည့် စနေနေ့ မေလ (၁၀)ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ် ဆက်လက် သတ်မှတ်ပြီး ဆန္ဒခံယူပွဲ ရွှေ့ဆိုင်းသော မြို့နယ်များမှာ ဧရာဝတီတိုင်း အတွင်းရှိ ငပုတော၊ လပတ္တာ၊ မော်လမြိုင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် စသော (၇) မြို့နယ် ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း တာမွေ၊ တောင်ဥက္ကလာပ၊ ဒဂုံ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံအရှေ့ပိုင်း၊ ဒေါပုံ၊ ပုစွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ကမာရွတ်၊ ကြည့်မြင့်တိုင်၊ ကျောက်တံတား၊ စမ်းချောင်း၊ ဆိပ်ကမ်း၊ ဒဂုံ၊ ပန်းပဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံ၊ သံလျှင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတွေး၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် တို့ ဖြစ်သည်။

မြို့နယ်အချို့တွင် ဆန္ဒခံယူပွဲ မေ ၂၄ သို့ ပြောင်းလဲသတ်မှတ်

လွှင့်တင်ချိန်။ ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၄း၀၀ - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရက ဧရာဝတီတိုင်းမှ ၇ မြို့နယ်နှင့် ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၀ တို့တွင် အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲကို မေ ၂၄ ရက်နေ့သို့ ပြောင်းလဲ သတ်မှတ်လိုက်သည်။

မြန်မာ့ ရုပ်မြင်က လွန်ခဲ့သည့် ငါးမိနစ်အတွင်းက ကြားဖြတ်သတင်း ကြေညာသွားရာတွင် နာဂစ်မုန်တိုင်းကြောင့် လူသောင်းပေါင်းများစွာ သေကြေပျက်စီးမှု ဖြစ်ခဲ့ပြီးနောက် မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသော မြို့နယ်များတွင် ဆန္ဒခံယူပွဲကို ရက်သတ္တပတ် နှစ်ပတ် ရွှေ့ဆိုင်းလိုက်သည်ဟု ပါရှိသည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၅၀၀၀၀ ကျော်သွားပြီ

လွှင့်တင်ချိန်။ ။ မေလ ၆ ရက် ၂၀၀၈ ခုနှစ်၊ ၁၃း၀၀ - မြန်မာစံတော်ချိန်
မဇ္ဈိမမှ နောက်ဆုံးရရှိသော ဧရာဝတီတိုင်းမှ နောက်ဆုံး သတင်းများအရ သေဆုံးသူ ဦးရေ ၅၀၀၀၀ ကျော်သွားပြီ ဖြစ်သည်။

လူ ၄၀၀၀ နီးပါး သေဆုံးဟု အစိုးရ သတင်းထုတ်ပြန်

လွှင့်တင်ချိန်။ ။ မေလ ၅ ရက် ၂၀၀၈ ခုနှစ်၊ ၂၀း၀၀ - မြန်မာစံတော်ချိန်
မုန်တိုင်းကြောင့် သေဆုံးသူများသည် ၄၀၀၀ နီးပါးရှိသည်ဟု စစ်အစိုးရ၏ နောက်ဆုံး ထုတ်ပြန်ချက်က ပြောသည်။ လူပေါင်း ၃၉၃၄ ဦးသေဆုံးပြီး ၄၁ ယောက် ဒဏ်ရာရကာ လူ ၂၈၇၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု နိုင်ငံပိုင် ရေဒီယိုက ကြေညာသွားသည်။

ဧရာဝတီတိုင်းတွင် ဟင်္သတ၊ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ငွေဆောင်၊ ချောင်းသာ၊ ဂွ၊ ငသိုင်းချောင်းတို့တွင် ပျက်ဆီးမှုများ ရှိခဲ့ပြီး ရန်ကုန်တိုင်းတွင် ရန်ကုန်နှင့် ကျောက်တန်း၊ ခရမ်း၊ သုံးခွတို့တွင် ပျက်စီးမှုရှိခဲ့သည်ဟု ရေဒီယိုသတင်းက ဖော်ပြသည်။

ပဲခူးတိုင်းတွင် ဝေါ၊ ဒိုက်ဦး၊ ပဲခူး၊ ညောင်လေးပင်၊ ဥက္ကံ၊ သုံးဆယ်၊ မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်း၊ မော်လမြိုင် တို့တွင် ပျက်ဆီးဆုံးရှုံးမှု ရှိခဲ့သည်ဟုလည်း ပြောသည်။

မဇ္ဈိမ ရရှိသော သတင်းများအရ အစိုးရ ကြေညာသော သေဆုံးသူမှာ ၁၀၀၀၀ ထက် ပိုနိုင်သေးသည်ဟု သိရသည်။

တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့မှ အစားအသောက်၊ ဆေးဝါး အပါအ၀င် အကူအညီများ စစ်အစိုးရက တောင်းခံလျှက်ရှိပြီး အပျက်အစီးများ ဖယ်ရှားရန်အတွက် စင်္ကာပူမှ စက်ပစ္စည်းများ ၀ယ်ယူလျှက် ရှိသည်။

မုန်တိုင်းဒဏ် သင့်ခံရသော ဒေသများ




သန်း ၄၀ နီးပါး လှူလိုသူများ အဆင်သင့်ဖြစ်၊ စစ်အစိုးရ လက်မခံသေး

နေသွင်
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 17:30 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ သန်း (၄၀) နီးပါး ထောက်ပံ့ရန် နိုင်ငံပေါင်း (၂၀) ကျော်က အဆင့်သင့် ရှိနေကြသော်လည်း အများစုမှာ စစ်အစိုးရထံမှ တုံ့ပြန်ချက်ကို စောင့်နေကြသည်။

အခြား နိုင်ငံများဖြစ်သော အမေရိကန်၊ အီးယူ၊ သြစသြေလျ၊ ဆွီဒင်၊ ကနေဒါ၊ နော်ဝေး၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ကလည်း အမေရိကန်ဒေါ်လာ သန်းချီ ထောက်ပံ့ရန် အဆင်သင့် ရှိနေသည်။

ယခုအချိန်အထိ အကူအညီပေးရန် ကြေညာထားသော နိုင်ငံများအနက် ဗြိတိန်နိုင်ငံမှ အကူအညီသည် အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀) သန်း ထောက်ပံ့သွားမည် ဖြစ်သည်။

အမေရိကန်နှင့် အီးယူ နိုင်ငံများသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာပြည်ကို နှစ်အတန်ကြာ ကတည်းက ဆက်ဆံရေး ဖြတ်တောက်ထားသော နိုင်ငံများ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၃ သန်း ထောက်ပံ့ရန် ရည်ရွယ်ထားပြီး အကူအညီကို လက်ခံရန်နှင့် အမေရိကန် ရေတပ်ကို ကယ်ဆယ်ရေး လုပ်ငန်းများတွင် ၀င်ရောက် လုပ်ဆောင်ခွင့် ပေးရန် အမေရိကန် သမတ ကိုယ်တိုင် စစ်အစိုးရ ခေါင်းဆောင်များထံ ယမန်နေ့က တောင်းဆိုထားသည်။

ပြင်သစ်အစိုးရကလည်း အမေရိကန်ဒေါ်လာ (၃)သိန်း ထောက်ပံ့ရန် ရည်ရွယ်ထားသော်လည်း စစ်အစိုးရက မှန်မှန်ကန်ကန် အသုံးမပြုမည်ကို စိုးရိမ်နေသည်။

ဂျာမဏီ။ စပိန်။ ဆွစ်ဇာလန်။ ထိုင်း။ ပြင်သစ်။ နယ်သာလန်။ ဂျပန်။ စင်ကာပူ။ ဂရိ။ ချက်ပြည်ထောင်စု။ ဒိန်းမတ်။ တောင်ကိုးရီးယား စသော နိုင်ငံများကလည်း လူသားချင်းစာနာသည့် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာ ထောက်ပံ့သွားမည်ဟု ကတိပြုကြသည်။

မဇ္ဈိမက စာရင်းပြုစုထားသော လောလောဆယ် ကိန်းဂဏန်းများအရ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ အကူအညီပေးရန် ရည်ရွယ်ထားသော ပမာဏမှာ အမေရိကန်ဒေါ်လာ (၃၇) သန်း ကျော်သည်။

၎င်းပမာဏတွင် ငွေသားအပြင်။ အရေးပေါ် အစားအသောက်။ သောက်သုံးရေ။ ယာယီ အမိုးအကာများ။ ဆေးဝါး အထောက်အပံ့များ ပါဝင်သည်၊

အထီးကျန်ဆန်သော မြန်မာနိုင်ငံသို့ အစောဆုံး ရောက်ရှိသွားသော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး အမေရိကန်ငွေ တသိန်းအပြင် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ညီမျှသော အစားအစာ။ သောက်သုံးရေနှင့် ဆေးဝါးများကို အင်္ဂါနေ့က စစ်လေယာဉ်ဖြင့် ပေးပို့နိုင်ခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံမှုများသော အိန္ဒိယကလည်း အစားအစာ။ ခြုံစောင်။ အ၀တ်အစားနှင့် ယာယီအိမ်များကို ရေတပ်လမ်းကြောင်းမှ တဆင့် ပေးပို့ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံကလည်း အရေးပေါ် အကူအညီ ဒေါ်လာ (၁)သန်း။ ဒေါ်လာ ၅ သန်းနှင့် ညီမျှသော ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ထားသည်၊

ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်၏ ရန်ကုန်ရုံးတွင် အရန် ထားရှိသော ရိက္ခာ မက်ထရစ်တန် ၈၀၀ ရှိသည့် အနက်မှာ အချို့ကို ဧရာဝတီတိုင်းရှိ လပွတ္တာသို့ ယနေ့နှောင်းပိုင်းတွင် အရေးပေါ် ပေးပို့သွားမည် ဖြစ်သည်။

ယခုအခါ မြန်မာပြည်သို့ နိုင်ငံတကာ အကူအညီများ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သဘာဝ ကပ်ဆိုး ဆိုးဆိုးရွားရွား ကျရောက်သော ဇုံအဖြစ် ကုလလူသားချင်း စာနာမှု အကူအညီပေးရေးဌာနမှ ယနေ့ ကြေညာထားသည်။

ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှလည်း ပလက်စတစ် ယာယီတဲများကို မြန်မာပြည်မှ လူ ၁ သောင်းစာအတွက် အချိန်မီ အမြန်ပေးပို့ရန် ကြိုးပမ်းနေသည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)။ နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ချုပ်တို့မှ ကယ်ဆယ်ရေး ၀န်ထမ်းများသည် မြန်မာပြည်သို့ ပြည်ဝင်ခွင့် ဗီဇာရရန် စောင့်မျှော်နေကြသည်။

ပြင်ပမှ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး ၀င်ရောက်ခွင့်ရသော Save the Children အဖွဲ့မှ Andrew Kirkwood က မြစ်ဝကျွန်းပေါ် ဒေသတွင် လူသေအလောင်းကောင်များ ရေပေါ်တွင် ပေါလောမျောနေဆဲ ဖြစ်သည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ကယ်ဆယ်ရေး ၀န်ထမ်းများကို ကိုးကား၍ ပြောသည်။

၎င်းက "အကူအညီတွေ မရောက်သေးဘူး၊ သူတို့ သေကြတော့မယ်" ဟုပြောသည်၊ အစိုးရက ပျောက်ဆုံးစာရင်းတွင် ထည့်ထားသော လူ (၄၁၀၀၀) သည်လည်း အခြား အတည်ပြုပြီးသော သေဆုံးသူ (၂၂၀၀၀) နှင့်အတူ သေဆုံးကုန်ပြီဟု သူက ယူဆနေသည်။

"သန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်၊ ဘယ်နှစ်သန်းမှန်းတော့ ကျနော်တို့ မသိနိုင်ဘူး" ဟု သူက ဆိုသည်။

ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက နာဂစ် မုန်တိုင်းဒဏ်ခံရသော ဒေသ (၅) ခုသည် မြန်မာပြည်၏ အဓိက ရိက္ခာ ထုတ်လုပ်သော ဒေသများ ဖြစ်သဖြင့် အစားအစာ ရှားပါးမှုသည် တနှစ်မှ နှစ်နှစ်အတွင် နလံထနိုင်ဦးမည် မဟုတ်ဟု သတိပေးသည်။

အဆိုပါ ဒေသများသည် တပြည်လုံး၏ ဆန်စပါး (၆၅) ရာခိုင်နှုန်း ထုတ်လုပ်ရာ။ ရေထွက်ပစ္စည်း (၈၀) ရာခိုင်နှုန်းနှင့် သားငါး ၅၀ ရာခိုင်နှုန်း ထွက်ရှိရာ ဒေသများ ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရပိုင် MRTV 4 တွင် ရန်ကုန်မြို့တွင် ရှင်းလင်းရေး လုပ်ငန်းများ။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို မပြတ် ထုတ်လွှင့်ပြသလျက် ရှိသည်။


ရန်ကုန် လှိုင်မြစ်ပေါ်တွင် ရုပ်အလောင်းများ မြင်တွေ့ရ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 17:21 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သည်ဟု ယူဆရသော အနည်းဆုံး ရုပ်အလောင်း ၁ဝ လောင်းကို ရန်ကုန်မြို့ လှိုင်မြစ်ကမ်းဘေးတွင် မြင်တွေ့ခဲ့ကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိကို ပြောသည်။

ကလေး ၃ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၃ ဦး၏ ရုပ်ကလပ်များသည် ယနေ့တွင် လှိုင်မြစ်၌ ပေါလော ပေါ်နေသည်ဟု သူက ပြောသည်။

“ကျနော့်အထင် ပြောရရင် ဒီအလောင်းတွေဟာ ကွမ်းခြံကုန်းဘက်က မျောလာတာဗျ” ဟု သူက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates