Tuesday, April 8, 2008

အမေမာအတွက် ဒေါ်စု ပေးပို့သည်ဆိုသော ပန်းခြင်းတခြင်း ရောက်ရှိ

နန်းဒေဝီ
Tuesday, 08 April 2008 15:48 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လူထုဒေါ်အမာ၏ ဈာပနသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမည်နှင့် လွမ်းသူ့ပန်းခြင်းတခု ယမန်နေ့ညက ပို့ဆောင်ခဲ့သည်။

အနီရောင် နှင်းဆီဖူး ၁ဝဝ ကျော် ထည့်ထားသည့် ပန်းခြင်းအား ယမန်နေ့ည ၁၁ နာရီခွဲတွင် လူအချို့က ၃၈ လမ်းရှိ လူထုဒေါ်အမာ ရုပ်ကလပ် ထားရှိရာ နေအိမ်တွင် လာရောက် ပို့ဆောင်သွားခြင်း ဖြစ်သည်။

"ဒေါ်စု ပန်းခြင်းပို့တယ် ဆိုတာ ဟုတ်ပါတယ်။ နှင်းဆီဖူး အနီရောင်တွေ ချည်းပါပဲ။ မန္တလေးက လုပ်ဖော် ကိုင်ဖက်တွေကနေ စီစဉ်တာ ဖြစ်ပါလိမ့်မယ်။ ဘယ်သူတွေ ယူလာတယ် ဆိုတာတော့ မတွေ့လိုက်ရဘူး ခင်ဗျ။ စာတမ်းက 'ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခွေ' ဆိုပြီးတော့ စာတမ်း ထိုးထားပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက မဇ္ဈိမကို ပြောသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်တွင် မည်ကဲ့သို့ ပန်းခြင်း ပေးပို့ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လာရောက် ပို့ဆောင်သူများကို ဈာပနတွင် ရှိနေသူများ မသိကြဟု ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက "အဖွဲ့ချုပ်ကနေ ပြီးတော့ ပန်းခြင်း၊ ပန်းခွေ ၂ ခု ပို့ပါတယ်။ တခုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်နဲ့ ဖြစ်ပြီးတော့ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ မနေ့က ပို့ပါတယ်။ ရပြီးပြီ လို့လည်း ကြားပါတယ်။ မန္တလေးအဖွဲ့ချုပ်နဲ့ ပေါင်းပြီး ကျနော်တို့ စီစဉ်တာပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ သင်္ကန်း ၅ စုံ လှူတယ်လို့ ပြောပါတယ်။ အဲဒါတော့ ဘယ်သူတွေ စီစဉ်လည်းဆိုတာ ကျနော်မသိပါဘူး" ဟု ပြောသည်။

မန္တလေး ၃၈ လမ်းနေအိမ်တွင် ရုပ်ကလပ်အား ထားရှိရာ ယနေ့နံနက်မှ နေ့လည် ထမင်းစားချိန်အထိ ဂါရဝပြုသူ ဧည့်ပရိသတ် ၁ဝဝဝ ကျော်ရှိပြီး၊ စာပေအသိုင်းအဝိုင်းမှ ဆရာမောင်မိုးသူ၊ ဆရာဦးကြည်အောင်၊ ဆရာမောင်သာနိုး၊ ဆရာမ သန်းမြင့်အောင်၊ ဒေါ်ကလျာနှင့် သားဂျာနယ်ကျော် တို့လည်း လာရောက်ခဲ့သည်။

နေအိမ်အပြင်ဘက်တွင်မူ အရပ်ဝတ်နှင့် စောင့်ကြည့်နေသည့် လူ ၅ ဦးခန့် ရှိပြီး၊ ပန်းခွေ၊ ပန်းခြင်း လာရောက်ပို့ဆောင်သူများကို ဓာတ်ပုံရိုက်ယူ ကြသော်လည်း အခြားနည်းနှင့် နှောင့်ယှက်ခြင်း မရှိကြောင်း သိရသည်။

ရန်ကုန်ရှိ နိုင်ငံရေးအသိုင်းအဝိုင်းကလည်း ဈာပနပွဲအမီ မန္တလေးသို့ ကားများနှင့် လာရောက်နေသည်။

လူထုဒေါ်အမာ ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ် ရှိပြီး၊ ကျန်ရစ်သည့် ရုပ်ကလပ်အား မနက်ဖြန် နံနက် ၁ဝ နာရီတွင် နေအိမ်မှ ကြာနီကန် သုဿန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည် ဖြစ်သည်။



ချန်တောင်းနှင့် မဥမ္မာ နိုင်ငံတကာဆု ရရှိ

နေသွင်
Tuesday, 08 April 2008 14:26 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကမ္ဘာတလွှားမှ ထူးချွန် ထက်မြက်သော အမျိုးသမီးများကို ရွေးချယ်ပြီး နှစ်စဉ် ဂုဏ်ပြုလေ့ရှိသော "ကမ္ဘာ့ခေါင်းဆောင်မှုဆု" ရရှိသူများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် မြန်မာအမျိုးသမီး (၂) ဦးလည်း ပါဝင်သည်။

အစိုးရမဟုတ်သော အဖွဲ့ (Vital Voices Global Partnership) ၏ အင်တာနက်စာမျက်နှာတွင် ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆု (2008 Global Leadership Awards) ဆု ရရှိသူများစာရင်းကို ကြေညာထားရာ မြန်မာတိုင်းရင်းသူ အမျိုးသမီးများ ဖြစ်သော လူ့အခွင့်အရေး လှုပ်ရှားသူ နန်းချမ်တောင်းနှင့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူ ဒေါ်ခင်ဥမ္မာတို့လည်း ကမ္ဘာတလွှားမှ အခြားအမျိုးသမီး (၄) ဦးနှင့်အတူ ရွေးချယ်ခံရသည်။

ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆု
ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုဆု
ကမ္ဘာ့အနှံ့မှ အစိုးရ အကြီးတန်းအရာရှိများ၊ အစိုးရမဟုတ်သော အဖွဲ့များမှ အမျိုးသမီးများ ပါဝင်သော အဆိုပါ အဖွဲ့တွင် အဖွဲ့ဝင် (၁ဝဝဝ) ကျော် ရှိပြီး ၁၉၉၇ ခုနှစ်က စတင်ကာ ကမ္ဘာ့နိုင်ငံပေါင်း (၁၅ဝ) မှ အမျိုးသမီး (၅ဝဝဝ) ကျော်ကို ခေါင်းဆောင်မှုပညာများ လေကျင့်ပေးခဲ့သည်ဟု သိရသည်။

ယခုနှစ် ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ဂျွန်အက်ဖ်ကနေဒီ စင်တာတွင် ယခုလ (၇) ရက်နေ့ ညနေပိုင်း၌ ပြုလုပ်မည် ဖြစ်ပြီး အမေရိကန်သမ္မတကတော် လော်ရာဘုရှ်လည်း တက်ရောက် ဆုချီးမြှင့်မည် ဖြစ်သည်။

မြန်မာအမျိုးသမီး (၂) ဦးနှင့် အတူ Wall Street ဂျာနယ်၏ ပြင်သစ်အမျိုးသမီး၊ အကြီးတန်း သတင်းထောက် Mariane Pearl၊ အာရပ်စော်ဘွားများ နိုင်ငံမှ နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီး Shiekha Lubna al Qasimi၊ အာဂျင်တီးနားမှ လာဘ်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်သူ Laura Alonso၊ ကင်ညာနိုင်ငံတွင် အမျိုးသမီးငယ်များ၏ အရည်အချင်း မြှင့်တင်ရေး လုပ်ဆောင်နေသော Kakenya Ntaiya တို့လည်း ယခုနှစ် ဆုရသူများ စာရင်းတွင် ပါဝင်သည်။

ကမ္ဘာတလွှားမှ အမျိုးသမီးများကို ရွေးချယ် ပေးအပ်လေ့ရှိသော ဆုကို ရဲစွမ်းသတ္တိရှိသူ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို အောက်ခြေအဆင့်တွင် ပျံ့နှံ့အောင်လုပ်ဆောင်သူများ၊ တကိုယ်တော် ထူးချွန် ထက်မြက်မှုသာမက လူ့အဖွဲ့အစည်းအတွက်ကို အကျိုးပြုသူ အမျိုးသမီးများအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

၂ဝဝ၂ ခုနှစ်မှ ယခုအချိန်အထိ "ကမ္ဘာ့ခေါင်းဆောင်မှု" ဆုရရှိသူ အမျိုးသမီးပေါင်း (၃၂) ဦး ရှိသွားပြီ ဖြစ်သည်။



လူထုဒေါ်အမာ ကွယ်လွန်

နေသွင်
Monday, 07 April 2008 11:39 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ (၉၂) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

စာနယ်ဇင်းလောကတွင် အမေမာအဖြစ် လေးစား ချစ်ခင်ခြင်းခံရသော သတင်းစာဆရာမကြီးသည် ပြီးခဲ့သော တနင်္ဂနွေတကည်းက ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ တနင်္ဂနွေက တင်ရပါတယ်။ ကနေ့မနက် (၈) နာရီ (၃၇) မှာ အနိစ္စ ရောက်ပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက တယ်လီဖုန်းမှ တဆင့် မဇ္ဈိမသို့ ပြောသည်။

သတင်းစာဆရာမကြီး လူထုဒေါ်အမာ
သတင်းစာဆရာမကြီး လူထုဒေါ်အမာ
ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပန အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက် (၁ဝ) နာရီတွင် ကြာနီကန် သုဿာန်တွင် ပြုလုပ်မည် ဖြစ်သည်။

လူထုဒေါ်အမာ ကွယ်လွန်သည့်သတင်းကြောင့် အံသြစိတ်မကောင်း ဖြစ်နေသော စာရေးဆရာကြီး ဒဂုန်ုတာရာက "ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူး ပေါ့ဗျာ။ တိုင်းပြည်တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူ ဆောင်ရွက်ခဲ့တာ။ ကျနော် သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။

လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။

၁၉၁၅ နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့တွင် အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားပြီး ၁၉၃ဝ တဝိုက်တွင် တက္ကသိုလ်ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက် ကျောင်းသူအမာ ဖြစ်လာသည်။

၁၉၃၉ တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ပြီး ၁၉၄၅ တွင် လူထုဂျာနယ် ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ လူထုသတင်းစာကို ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၉ တွင် လူထုသတင်းစာနှင့် ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသည်။

၁၉၅ဝ အလွန်ကာလများတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ လူထုဦးလှ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် လူထုသတင်းစာ ခေါင်းကြီးများကို တာဝန်ခံ ရေးသားခဲ့သည်။

၁၉၅၉ မှ ၁၉၆ဝ အတွင်းလူထု သတင်းစာတိုက် အပိတ်ခံခဲ့ရသလို ၁၉၇၈ တွင် လူထုဦးလှ၊ သား ကိုငြိမ်းချမ်း (ညီပုလေး) တို့နှင့်အတူ တနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်အမာသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊လူထုစိန်ဝင်း အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်တို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည်။

ပြီးခဲ့သည် မတ်လတွင် ကျရောက်သော ဦးဝင်းတင်၏မွေးနေ့တွင် ဒေါ်အမာက သားသဖွယ် ချစ်ခင်သော ဦးဝင်းတင်ကို သူမသေခင် မြင်သွားရမည်ဟု မျှော်လင့်သည်ဟု မဇ္ဈိမသို့ ပြောကြားခဲ့သေးသည်။

နှစ်စဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော ဒေါ်အမာ၏ မွေးနေ့ပွဲကို မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး တနိုင်ငံလုံးမှ ဝါရင့်စာနယ်ဇင်းသမားများ တက်ရောက်လေ့ ရှိသည်။

အဆိုပါ မွေးနေ့အခမ်းအနားသည် ဝါရင့်သတင်းစာဆရာများအပြင် ဒီမိုကရေစီ ဘက်တော်သားများ အစုံအညီ တက်ရောက်လေ့ ရှိသဖြင့် အာဏာပိုင်များက တားမြစ်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။



တရုတ်နယ်စပ် သွင်းကုန်ခွန်များ တိုးမြှင့်မှု လိပ်ခဲတင်းတင်းဖြစ်

မျိုးကြီး
Monday, 07 April 2008 16:24 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်ထားသော လိုင်ဇာမြို့တွင် ယနေ့နံနက်မှစ၍ သွင်းကုန်များအပေါ် အကောက်အခွန် တိုးမြှင့်ကောက်ခံမှု ပြုလုပ်ခဲ့သည်။

တရုတ်နယ်စပ်မြို့ ဖြစ်သော ကချင်ပြည်နယ် လိုင်ဇာတွင် တရုတ်ဘက်မှ တင်သွင်းသော ပစ္စည်များအပေါ် ကောက်ခံသော အခွန်ငွေကို သုံးဆနီးပါး အထိ မြှင့်တင်လိုက်ခြင်း ဖြစ်ပြီး ကုန်သည်များက မကျေနပ်သဖြင့် ကုန်ပစ္စည်းမသယ်ယူဘဲ ယာဉ်အလွတ် လှည့်ပြန်ခဲ့ကြသည်။

အထည်အလိပ်နှင့် စားသောက်ကုန်များ အပါအဝင် အခြားပစ္စည်း (၄) မျိုးအပေါ် အခွန်တိုးမြှင့် ကောက်ခံလိုက်ရာ ယခင်ကျပ် ၄ဝဝဝ ကောက်သည့် ကုန်ပစ္စည်းများကို ယခုအခါ ကျပ် ၁ဝဝဝဝ ကျော်အထိ ကောက်ခံလိုက်သည်။

စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကချင်ဒေသ၏ အကြီးမားဆုံး အဖွဲ့အစည်း ကေအိုင်အိုအဖွဲ့မှ အကောက်အခွန် ကောက်ခံရန် ကန်ထရိုက်ပေးထားသည့် ဝဏ်းရော့တ် (Wung Raut) ကုမ္ပဏီမှ မန်နေဂျာ ဦးဇော်တန်နှင့် ကုန်သည်များ ယာဉ်မောင်းများကြား အခွန်တိုးမြင့် ကောက်ခံလိုက်သည့်အပေါ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ကြသည်။

သို့သော် ကေအိုင်အိုကတော့ အကောက်အခွန်ဆိုင်ရာ အငြင်းပွားမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ယတိပြတ် ငြင်းဆိုလိုက်သည်။

"ကေအိုင်အေနဲ့ဘာမှ မပါတ်သက်ပါဘူး ခင်ဗျ။ အခွန်ကောက်တဲ့ ဝဏ်းရော့တ် ကုမ္ပဏီက အခွန်တိုးကောက်လို့ အဲဒီမန်နေဂျာနဲ့ ကုန်သည်တွေ ကားသမားတွေ အဆင်မပြေလို့ ခါလီပြန်ကုန်ကြတာပါ ဆန္ဒပြတဲ့အဆင့်တော့ မဟုတ်ပါဘူး အခုလေးတင်ပဲ ကား(၆)စီး ဘာမှမတင်ပဲ ပြန်သွားကြတယ် ဦးဇော်တန်ကလည်း အရပ်သားပါပဲ ကေအိုင်အေက မဟုတ်ဘူး" လို့ ကေအိုင်အို အရာထမ်းတဦးက ပြောသည်။

ယခင်က တရုတ်နယ်စပ် လိုင်ဇာမှ မြစ်ကြီးနား ဗန်းမော်မြို့များသို့ ကုန်ပစ္စည်း သယ်ယူနေသည့် ကုန်သည်များနှင့် ယာဉ်မောင်းများကို ကေအိုင်အေ အကောက်အခွန်ဌာနမှ တိုက်ရိုက် အခွန်ကောက်ခံသော်လည်း လုပ်ငန်းပိုင်ဆိုင်ရာ ခြစားမှုများ ဖြစ်ထွန်းခဲ့၍ ကန်ထရိုက်စနစ် အစားထိုးခဲ့သည်။

ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ အကောက်အခွန် ကန်ထရိုက်များကို ချထားပေးရာ လိုင်ဇာမြို့၌ အကောက်အခွန် ကောက်သည့် ကန်ထရိုက်ပေါင်း(၂ဝ) ခန့် ရှိကြောင်းလည်း သိရသည်။

ကေအိုင်အို ထိန်းချုပ်ရာ လိုင်ဇာမြို့၌ ကုန်သယ်များအပေါ် နအဖအာဏာပိုင်များမှ တိုက်ရိုက်ခန့်အပ်သည့် နယ်စပ်ကုန်သွယ်ရေးဌာနနှင့် အကောက်အခွန် ဌာနများမှလည်း အခွန်ကောက်ခံလျက် ရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates