Friday, April 11, 2008

အလုပ်သမားဝန်ကြီးဌာနက အောင်လံတောင်သူများကို စစ်ဆေး

ဖနိဒါ
Thursday, 10 April 2008 20:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စီမံကိန်းဝင် သီးနှံ မစိုက်ပျိုးလို၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်သို့ တိုင်တန်းမှု ပြုလုပ်ခဲ့သော တောင်သူများကို အလုပ်သမားဝန်ကြီးဌာနက အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အလုပ်သမား ဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်အောင်ဝင်း ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီသည် မကွေးတိုင်း အောင်လံမြို့နယ်သို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိလာပြီး ဦးဆောင် တိုင်ကြားခဲ့သူများကို လူတွေမေးမြန်းခဲ့သည်။

"ကြံစိုက်ဖို့ အဓမ္မ ခိုင်းစေတာကို တောင်သူတွေက မလုပ်နိုင်ဘူး။ ဒီဒေသမှာ အကျိုးမဖြစ်ထွန်းစေဘူး။ ဒါကြောင့် ဆင်းရဲမွဲတေ၊ စီးပွား ပျက်စီးနေတာကို၊ မကျေနပ်မှုတွေကို ILO ကို တိုင်ကြားတဲ့အတွက် ILO က လာပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး နအဖ ကို အကြောင်းကြား တယ်။ အခု နအဖ ကနေပြီးတော့ လာစစ်ဆေးတာ" ဟု ILO သို့ တိုင်ကြားခဲ့သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

၅ ဦးပါ ကော်မတီတွင် ဗိုလ်မှူးကြီး တင်အောင်ဝင်းက ဥက္ကဋ္ဌ ၊ အောင်လံမြို့အပိုင် သရက်ခရိုင် ခယက ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ခရိုင်တရားသူကြီး ဒေါ်ခင်ခင်ချို၊ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေနှင့် မြို့နယ်တရားသူကြီး ဦးလှမိုး တို့ပါဝင်သည်။

တောင်သူ ၁၂၇ ယောက် ကိုယ်စား တိုင်ကြားခဲ့သူ ကိုသန်းစိုး၊ ကိုစိုးမြင့်၊ မအေးအေးဝင်းတို့အား ၅ ရက်နေ့တွင် ကော်မတီက စာဖြင့် ဆင့်ခေါ်၍ စစ်ဆေးခဲ့သည်။

"အမှုမှန် ပေါ်ပေါက်ဖို့အတွက် စစ်ဆေးရေးအဖွဲ့ ဆင်းလာတယ်လို့ မြင်ပေမယ့် ခယက ဥက္ကဋ္ဌရဲ့ စစ်ဆေးမေးမြန်းချက်တွေ၊ ကျနော်တို့အပေါ် ဆက်ဆံပုံတွေဟာ ဗိုလ်မှူး ရဲနိုင်ရဲ့ အကျိုးဆောင် ရှေ့နေလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဒီကော်မတီလူကြီးတွေ လုပ်ဆောင်ပုံကလည်း သိပ်အားမရဘူး၊ ကျေနပ်မှု မရှိဘူး" ဟု ဒေသခံတဦးက ပြောသည်။

အောင်လံမြို့နယ်အပိုင် စမ်းတောင်ကွင်း၊ စားကျက်တော၊ ရွာထောင်၊ ဆာပါ၊ စမ်းကလေး၊ ကျောင်းစု၊ ရွာမစု၊ ရေတွင်းစု ကျေးရွာများမှ တောင်သူ ၇ဝ နှင့် မြို့လှရွာသား ၅၇ ဦးက အောင်လံမြို့ရှိ အမှတ် ၅ သကြားစက်ရုံမှူးက ကြံကို မစိုက်မနေရ စိုက်ခိုင်းနေ၍ ဆုံးရှုံးမှုများ ဖြစ်ရသည် ဆိုကာ ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကိုယ်စားလှယ်ရုံးသို့ တိုင်တန်းမှု ပြုလုပ်ခဲ့သည်။

အခင်းဖြစ်ပွားရာ လယ်များတွင် အစဉ်အလာအားဖြင့်  ဝါ၊ နှမ်း၊ ပဲတီစိမ်းနှင့် နွားစာအဖြစ် ပြောင်းကို အဓိက စိုက်ပျိုးခဲ့ကြသည်။

တောင်သူများ အပြောအရ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက ကြံများကို စတင်စိုက်ပျိုးရာတွင် လုံးဝ အောင်မြင်မှု မရှိဟု ဆိုသည်။

"အဲဒီ မြေတွေကဗျာ။ အခုတော့ ဘာအပင်မှ မပေါက်ဘဲ ကွင်းပြင်ကြီးပဲပေါ့ဗျာ။ အပြောင်ရှင်း မြေကွက်ကြီးတွေနဲ့၊ အဝေးကြည့်အနေနဲ့ ပေါ်ပေါက်နေတာပေါ့ဗျာ၊ ဘာမှ မရှိဘူး။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်တောင်းထားပါတယ်" ဟု ဒေသခံတဦးက ပြောသည်။

သူက ဆက်ပြီး "ကျနော်တို့ နွားတွေလည်း အစားရေစာ ငတ်ပြီးတော့ အတိဒုက္ခ ရောက်နေပါပြီ။ နွားတွေ ရောင်းပစ်ရတဲ့ လူတွေလည်း ရောင်းလိုက်ကြပါပြီ။ ဝမ်းစာလည်း လှောင်ဖို့ မရှိပါဘူး။ ဒီလို ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတဲ့အတွက် ကျနော်တို့ နွားစားကျက်တောနဲ့ လယ်တွေကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်" ဟု ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်း (MEC) မှ ဖွင့်ထားသည့် သကြားစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူး ရဲနိုင်သည် စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်း ဖြည့်ဆည်းနိုင်ရန် ဒေသတွင်း လယ်ယာမြေများတွင် သကြား မစိုက်မနေရ စိုက်ရမည်ဟု ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂ဝဝ၇ မေလ ၁၅ ရက်တွင် စက်ရုံဌာနမှူး ဦးတင်အုန်းနှင့် ဦးကျော်ကျော်စိုး အဖွဲ့က အောင်လံ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ စမ်းတောင်ကွင်းနှင့် မြို့လှကျေးရွာ တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင် အလံနှင့် တိုင်များ စိုက်ထူကာ ကြံစိုက်ကွင်းများအဖြစ် သတ်မှတ်ခဲ့သည်။



ဆန္ဒခံယူပွဲတွင် နိုင်ငံတကာ လေ့လာသူများ ရှိသင့်ဟု NLD ပြော

မောင်ဒီး
Thursday, 10 April 2008 23:29 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နအဖ လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိနိုင်မည် မဟုတ်သောကြောင့် ကုလသမဂ္ဂ ဦးစီးသော နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အဖွဲ့ကို လာရောက်ခွင့် ပြုရန် နအဖ စစ်အစိုးရကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့တွင် တောင်းဆိုလိုက်သည်။

နအဖ က ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းဆိုင်ရာ ဝါဒဖြန့်မှု အမျိုးမျိုး ပြုလုပ်နေသော်လည်း အတိုက်အခံများ၊ တသီးပုဂ္ဂလနှင့် စာနယ်ဇင်းသမားများကိုမူ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားဖော်ပြခွင့် မပြုခြင်းတို့ကြောင့် မေလ လူထုဆန္ဒ ခံယူပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်သဖြင့် ကုလသမဂ္ဂ ကြီးကြပ်သည့် လေ့လာ စောင့်ကြည့်သူများအဖွဲ့ လိုအပ်နေပြီဟု တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့တွေက တီဗီ၊ သတင်းစာတွေကနေ ဝါဒ ဖြန့်ချိတာတွေ၊ သူတို့လူတွေကို လက်ကမ်းစာစောင်တွေ ဖြန့်ခွင့်တွေ ပေးနေတယ်ဗျာ။ ကျနော်တို့ကိုတော့ လုပ်ခွင့် မပေးဘူး။ ကျနော်တို့ လူတွေကိုလည်း ချောင်းရိုက်တာတွေ၊ ပြည်သူတွေ ကြောက်လန့်အောင် အမျိုးမျိုး ခြိမ်းခြောက်တာတွေ လုပ်နေတယ်ဆိုတော့ ဒီဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ လူထုဆန္ဒ ခံယူပွဲ မဖြစ်လာနိုင်တာမို့ စောင့်ကြည့်သူတွေ လိုပြီလို့ ပြောရတာပါ” ဟု အဖွဲ့ချုပ် ပြောခွင့်ရ ဦးဟန်သာမြင့်က ပြောသည်။

ယနေ့ ထုတ်ပြန်သော NLD ၏ ကြေညာချက်တွင် နအဖ အာဏာပိုင်များအနေနှင့် ၎င်းတို့ ကျောထောက် နောက်ခံပြုထားသည့် အဖွဲ့အစည်းများကို လွတ်လပ်စွာ စည်းရုံး လှုံ့ဆော်ခွင့်များ ပေးနေသော်လည်း တရားဝင် နိုင်ငံရေးပါတီ ဖြစ်သော NLD ကိုမူ စည်းရုံး လှုံ့ဆော်ခွင့် မပေးဘဲ ပိတ်ပင်ထားသည်ဟု ဆိုထားသည်။

ထို့အပြင် NLD အဖွဲ့ဝင်များကို ချောင်းမြောင်း ရိုက်နှက်ခြင်း၊ ခေါ်ယူစစ်ဆေး မေးမြန်းပြီး ဖမ်းဆီးခြင်းများ စသည့် လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြင့် ပြည်သူလူထုအပေါ် ကြောက်လန့်စိတ်များ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းနေခြင်းတို့ကြောင့် လာမည့် လူထုဆန္ဒ ခံယူပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိ၊ မရှိမှာ ယခုကတည်းက ပေါ်လွင်နေပြီဟု ဆိုသည်။

“တိုင်းရင်းသား လူမျိုးစုများနှင့် ပြည်သူတို့က စိုးရိမ်ကြောက်လန့်မှု ကင်းစွာဖြင့် မဲဆန္ဒ ပေးနိုင်ရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ယုံကြည်လေးစားမှု ရရှိရေးတို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ လေ့လာ စောင့်ကြည့်သူ အဖွဲ့များကို ခွင့်ပြုရန် အထူးလိုအပ်သည်” ဟု NLD က နအဖ စစ်အစိုးရကို ကြေညာချက်ထဲတွင် တောင်းဆိုထားသည်။



ကြံ့ဖွံ့အတွင်းရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

မျိုးကြီး
Thursday, 10 April 2008 18:04 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် မဲဆွယ် စည်းရုံးနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းခေါင်းဆောင် တဦးကို သေနတ်သမားများက လုပ်ကြံ သတ်ဖြတ်မှု ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည်။

ဗုဒ္ဒဟူးနေ့ည ၁ဝ နာရီကျော်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် ကြံ့ဖွံ အတွင်းရေးမှူးလည်း ဖြစ်သည့် ရပ်ကွက် ( ၃) ဥက္ကဌ ဦးဝင်းမောင် (အသက် ၅ဝ) ကို အနည်းဆုံး လူ ၃ ဦး ပါဝင်သည့် သေနတ်သမားများက နေအိမ်တခါးဝအနီး သေနတ်ဖြင့် အနီးကပ် တေ့ပစ်သွားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားသည်။ ထို့အပြင် အိမ်တွင်းမှ ပြေးထွက်လာသော ဦးဝင်းမောင်၏ သားတယောက်လည်း နောက်ထပ် ပစ်သွင်းလိုက်သည့် လက်ပစ်ဗုံးကြောင့် ဒဏ်ရာ ရရှိသွားသဖြင့် မူဆယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရသည်။

“သူ (ဦးဝင်းမောင်)က အရင်က ကြူကုတ်-ပန်ဆိုင်းမှာ ရှိတဲ့ ကိုးကန့်အိမ်တွေ အများကြီး သိမ်းခဲ့ဖူးတယ်။ သူက စစ်တပ်က ထွက်တဲ့သူ၊ ဒီမှာ လူကြီးလုပ်ရတော့ ရွာသားတွေကို အရမ်း ရက်စက်တယ် အဲလိုဖြစ်တော့ ဘယ်သူ လုပ်သလဲဆိုတာ မပြောတတ်ဘူး” လို့ ပန်ဆိုင်းဒေသခံ စိုင်းမောဝ်က ပြောပြသည်။

လာမည့် မေလ (၁ဝ) ရက်နေ့တွင်ကျင်းပမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတွက် ထောက်ခံမဲပေးကြရန် စည်းရုံးရေးဆင်းခြင်း အပါအဝင် မဲပေးရေး ကိစ္စများနှင့် အလုပ် များနေချိန်အတွင်း သေနတ်သမားများက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း ပြည်နယ်ရဲမှူးကြီးနှင့် မူဆယ်မြို့ လုံခြုံရေး တာဝန်ကျ ခြေလျင်တပ်ရင်း (၂၉ဝ)မှ တပ်ရင်းမှူးများက မူဆယ်ဆေးရုံသို့ သွားရောက်ပြီး လူနာကို ကြည့်ရှုခဲ့ကြသည်။



မွန်းကြပ် သေဆုံးခဲ့သော မြန်မာအလောင်းများကို မြေမြုပ် သဂြိုလ်ပြီးဖြစ်

ဖနိဒါ
Thursday, 10 April 2008 15:38 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ သားငါးတင် ကွန်တိန်နာ ကားတစီးဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းသို့ ခိုးဝင်ရန် ကြိုးစားစဉ် အသက်ရှု မွန်းကြပ်ကာ သေဆုံးသွားကြသော မြန်မာလူမျိုး (၅၄) ဦးတို့၏ အလောင်းများအား ထိုင်းအာဏာပိုင်များက ယနေ့ မြေမြုပ် သဂြိုလ်လိုက်သည်၊

အမျိုးသမီးအများစု ပါသော အလောင်းများကို ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့ရှိ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ရနောင်းခရိုင် ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့က မြေမြုပ် သဂြိုလ်လိုက်ကြသည်။

"ကျန်တဲ့ လူတွေကိုတော့ အချုပ်ထဲ ထည့်ထားတယ်၊ သေတဲ့လူတွေကိုတော့ ဘုန်းကြီးကျောင်းမှာ ယာယီ မြုပ်ထားတာပေါ့နော်၊ ဗုဒ္ဓဘာသာ ထုံးတမ်းဆင်လာအရ ပေါ့။ အလောင်းပိုင်ရှင်တွေ လာရင် ပြန်ထုတ်မှာပေါ့နော်၊ အခုလက်ဗွေ။ သူတို့ရဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတာပေါ့နော်" ဟု ရနောင်းမြို့ခံတဦးက မဇျိမကို ပြောသည်။

မြန်မာနိုင်ငံသား ၁၂၁ ယောက်သည် တင်္နသာရီတိုင်း ကော့သောင်းမြို့မှ ကွန်တိန်နာ (၁၀) ဘီး ထရပ်ကားတစီး၏ အအေးခန်း အပျက်ထဲတွင် လိုက်ပါပြီး ခိုးဝင်လာစဉ် အစုလိုက် အပြုံလိုက် သေဆုံးနေမှုကို ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့တွင် ဒေသခံများက ဗုဒ္ဓဟူးနေ့ ည၌ တွေ့ရှိခဲ့သည်။

ရနောင်းနှင့် ဖူးကက်မြို့ကြား ကီလိုမိတာ ၁၅၀ အကွာရှိ ရနောင်းခရိုင် စွတ်ဆမ်ရန်မြို့ရရှိ နာခါရွာမှ ဒေသခံများက လမ်းဘေးတွင် ရပ်ထားသော မင်္သကာဖွယ်ရာ ကားကို တွေ့ရှိကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြရာမှ ကျား (၁၇) ဦး နှင့် မ (၃၇) ဦး သေဆုံးနေသည်ကို သိရှိရခြင်း ဖြစ်သည်။

အသက်ရှင် ကျန်နေသူများအနက် (၂၁) ဦးမှာ သတိမေ့မျောနေသဖြင့် မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ခံယူနေရသည်။

ခိုးဝင်လားသူများအနက် အများစုသည် မွန်ပြည်နယ် ကျိုက်ထို၊ သထုံ၊ မောင်လမြိုင်၊ ချောင်းဆုံမြို့များမှ လာရောက်ကြသူများ ဖြစ်သည်။ ကားမှာ ရနောင်းမြို့မှ ဖြစ်ပြီး၊ ကားမောင်သူနှင့် လူပွဲစားမှာမူ ကားကိုပစ်ကာ ထွက်ပြေး တိမ်းရှောင်နေကြသည်။

သေဆုံးသွားကြသူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဆွေမျိုးများမှ သဂြိုလ်ခွင့် တောင်းခံပါက အလောင်းများကို ပြန်လည် တူးဖော် သဂြိုလ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုထားသည်။

အသက်ရှင်လျက် ကျန်ရှိနေသူများကို မြန်မာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ပြန်ပို့ရန် ထိုင်းဘက်က စီစဉ်လျှက် ရှိသည်။

တရားမ၀င် ၀င်ရောက်လာသူများကို ဖမ်းဆီးမိပါက (၁၅) ရက်မှ (၂၀)ရက်အထိ အချုပ်ချထားပြီး ငွေဒဏ်ဘတ် ၂၀၀၀ ပေးဆောင်စေကာ မူရင်းနိုင်ငံ ပြန်ပို့လေ့ ရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates