Monday, April 14, 2008

မန္တလေးတိုင်း ကျေးရွာတချို့ ဆန္ဒခံယူပွဲအတွက် ငွေကောက်ခံနေရ

မောင်ဒီး
Friday, 11 April 2008 18:06 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ဒေသ အာဏာပိုင်များက လူထုဆန္ဒ ခံယူပွဲအတွက် ဆိုကာ ဒေသခံများထံမှ ငွေကြေး ကောက်ခံမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ၃ ပတ်ခန့်ကတည်းက မန္တလေးတိုင်း သာစည်နှင့် မိတ္ထီလာ မြို့နယ်များရှိ ကျေးရွာများကို ဒေသ အာဏာပိုင်များက မဲရုံဆောက်ရန်နှင့် လူထုဆန္ဒ ခံယူပွဲအတွက်ဟု ဆိုကာ ငွေကောက်ခံနေခြင်း ဖြစ်သည်။

သာစည်မြို့နယ်ရှိ လှိုင်းတက်၊ ယင်းမာပင်၊ ဟန်ဇားကျေးရွာ အပါအဝင် ရွာငယ်အချို့တွင် တအိမ်ထောင်လျှင် ငွေကျပ် ၃ဝဝ နှုန်း ကောက်ခံနေပြီး ထည့်ဝင်ခြင်း မရှိသည့် အိမ်ထောင်စုများကို ၅ဝဝ ကျပ် ပေးရမည်ဟုဆိုကာ အတင်းအကျပ် ကောက်ခံနေသည်ဟု သာစည်မြို့ခံ တဦးက ပြောသည်။

သူက “မဲရုံဆောက်ဖို့၊ မဲရုံအတွက် စာရွက်စာတမ်းကြေး ဆိုပြီး ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက လာကောက်နေတာ။ အစိုးရဆီကပဲ တောင်းရမှာပေါ့။ အခုတော့ ဘာမှမသိတဲ့ ရွာသားတွေကို လိမ်ပြီး ကောက်နေတာ” ဟု ပြောသည်။

မိတ္ထီလာမြို့နယ်ရှိ အလယ်ရွာတိုက်နယ် မြောက်လည်အုပ်စု အတွင်းရှိ ရွာများတွင် ဒေသ အာဏာပိုင်များကလည်း တအိမ်ထောင် ငွေ ၃ဝဝ ကျပ် ကောက်ခံနေပြီး မြို့ပေါ်ရှိ အိမ်ထောင်စုများကို ကျပ် ၅ဝဝ အထိ သတ်မှတ်ပြီး တောင်းခံနေသည်။

ဆန္ဒခံယူပွဲအတွက် ငွေကြေးကောက်ခံရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းအတွက်ပါ ကျပ်ငွေ ၁ဝဝ ကျပ် မဖြစ်မနေ ပေးနေရသည်ဟု မိတ္ထီလာ မြို့ခံတဦးက ပြောသည်။

“သူတို့က မဲစာရင်းကောက်တယ် ဆိုပြီး အိမ်ပေါ်တက်လာတယ်။ စာရင်းကောက်ရင်းနဲ့ တခါထဲ မဲရုံတွေ ဆောက်ဖို့၊ မဲစာရင်း စာရွက်စာတမ်းအတွက် ဆိုပြီး ပိုက်ဆံ ကောက်သွားတာပဲ။ လူတွေကလည်း ဘာမှန်းတောင် မသိရဘဲ ပေးလိုက်ရတာ” ဟု မိတ္ထီလာမြို့ခံက ပြောသည်။



ဟာဝိုင်ဇာ အမြောက်ဆွဲ စစ်ယာဉ်များ နယ်စပ်သို့ရောက်ရှိ

မျိုးကြီး
Friday, 11 April 2008 18:03 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ တရုတ်နိုင်ငံမှ နအဖ စစ်တပ်သို့ လွှဲပြောင်းပေးမည့် ဟာဝိုင်ဇာအမြောက်ဆွဲ ယာဉ်အစီး ၅ဝ ကျော်ကို ယနေ့ နံနက်ပိုင်းက တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့သို့ ရောက်ရှိနေသည်။

tong_feng.jpg

တရုတ်နိုင်ငံလုပ် ဟာဝိုင်ဇာ အမြောက်ဆွဲ ယာဉ်များကို ယနေ့နံနက်ပိုင်းက ရွှေလီမြို့ရှိ ကားရေဆေးခုံများတွင် ရေဆေးနေသည်ကို တွေ့ခဲ့ရသည့် ဒေသခံများက အဆိုပါ ယာဉ်များမှ မြန်မာစစ်တပ်သို့ တရုတ်နိုင်ငံမှ လွှဲပြောင်းပေးမည့် ယာဉ်များ ဖြစ်သည်။

“ဒီမနက်ပဲ ရောက်တာ။ အားလုံး ၅ဝ ကျော်လောက် ရှိတယ်။ မြို့ထဲက ရေဆေးခုံတွေမှာ ပိုများတယ်” ဟု ရွှေလီမြို့ခံ ကားဆရာတဦးက ပြောသည်။

အဆိုပါ စစ်ယာဉ်များသည် မြန်မာ ဘာသာစကားဖြင့် ‘အရှေ့လေ’ အမည်ရသည့် Tong Feng မော်တော်ကား ကုမ္ပဏီမှ ထုတ်လုပ်သည့် ၆ ဘီးတပ် သရီးကရောင်း အမျိုးအစား စစ်ယာဉ်များ ဖြစ်သည်။

“လူစီးကားတော့ မဟုတ်ဘူး။ ဟာဝိုင်ဇာ အမြောက်ကြီးတွေကို နောက်ကနေ ဆွဲတဲ့ ကားတွေပဲ။ လိုအပ်ရင် ကျည်ဆံတို့၊ ရိက္ခာတို့ တင်ပြီး သွားနိုင်တဲ့ ကားတွေဖြစ်တယ်” ဟု တရုတ်နယ်စပ်ရှိ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

ယခု လွှဲပြောင်းပေမည့် ယာဉ်များမှာ ယခင်က လွှဲပြောင်းပေးသည့် FAW နှင့် Tong Fang ယာဉ်များထက် အရွယ်အစား ပိုမို ကြီးမားသည့်အပြင် ကြံ့ခိုင်မှု အရေအသွေးလည်း ပိုမို ကောင်းမွန်သည့် ဝန်တင် အမြောက်ယာဉ်ဆွဲ ကားများ ဖြစ်သည်။ ကားများမှာ ၁ဝ၅ (မမ) အမြောက်ကြီးများ အပါအဝင် ၁၅၅ (မမ) ဟာဝိုင်ဇာ အမြောက်ကြီးများကို ရွှေ့ပြောင်း သယ်ဆောင်ရာတွင် ယာဉ်နောက်ပိုင်းရှိ ချိပ်တွင် ချိပ်ဆွဲ၍ သွားနိုင်သော ယာဉ်များ ဖြစ်သည်။

ကားများကို မူဆယ်နှင့် ကပ်လျက်ရှိသည့် ကြယ်ခေါင် ကားကြီးဝန်း မျက်စောင်းထိုးဘက်၌ ရှိသော ဝန်းကြီးတခုတွင် ထားရှိကြောင်း ကြယ်ခေါင် ဒေသခံတဦးက ပြောသည်။

ယခုနှစ်အတွင်း တရုတ်နယ်စပ် ကြယ်ခေါင် - မူဆယ် လမ်းကြောင်းအတိုင်း တရုတ်က နအဖစစ်တပ်ကို လွှဲပြောင်းပေးခဲ့သည့် စစ်ကားအစီးရေ ၁ ထောင်ခန့် ရှိပြီ ဖြစ်သည်။

တရုတ်မှ နအဖ စစ်တပ်သို့ လွှဲပြောင်းပေးခဲ့သည့် စစ်ကားများထဲမှ အချို့ကို လုံထိန်း ရဲတပ်ဖွဲ့အတွက် မကြာသေးခင်က လွဲပြောင်း ပေးအပ်အပ်ခဲ့ပြီး လူထုအုံကြွမှုများကို နှိမ်နှင်းရန် ရဲတပ်ဖွဲ့သုံး ဆေးရောင်နှင့် တံဆိပ်များ တပ်ဆင်ကာ ကြပ်ပြေး (နေပြည်တော်) အပါအဝင် ရန်ကုန်၊ မန္တလေး မြို့ကြီးများသို့ လွန်ခဲ့သည့် လကုန်ပိုင်းက ပို့ဆောင်ခဲ့သေးသည်။



အလုပ်သမားဝန်ကြီးဌာနက အောင်လံတောင်သူများကို စစ်ဆေး

ဖနိဒါ
Thursday, 10 April 2008 20:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စီမံကိန်းဝင် သီးနှံ မစိုက်ပျိုးလို၍ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်သို့ တိုင်တန်းမှု ပြုလုပ်ခဲ့သော တောင်သူများကို အလုပ်သမားဝန်ကြီးဌာနက အထူး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

အလုပ်သမား ဝန်ကြီးဌာနမှ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး တင်အောင်ဝင်း ဦးဆောင်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မတီသည် မကွေးတိုင်း အောင်လံမြို့နယ်သို့ ဧပြီလ ၅ ရက်နေ့တွင် ရောက်ရှိလာပြီး ဦးဆောင် တိုင်ကြားခဲ့သူများကို လူတွေမေးမြန်းခဲ့သည်။

"ကြံစိုက်ဖို့ အဓမ္မ ခိုင်းစေတာကို တောင်သူတွေက မလုပ်နိုင်ဘူး။ ဒီဒေသမှာ အကျိုးမဖြစ်ထွန်းစေဘူး။ ဒါကြောင့် ဆင်းရဲမွဲတေ၊ စီးပွား ပျက်စီးနေတာကို၊ မကျေနပ်မှုတွေကို ILO ကို တိုင်ကြားတဲ့အတွက် ILO က လာပြီး စစ်ဆေးတယ်။ စစ်ဆေးပြီး နအဖ ကို အကြောင်းကြား တယ်။ အခု နအဖ ကနေပြီးတော့ လာစစ်ဆေးတာ" ဟု ILO သို့ တိုင်ကြားခဲ့သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

၅ ဦးပါ ကော်မတီတွင် ဗိုလ်မှူးကြီး တင်အောင်ဝင်းက ဥက္ကဋ္ဌ ၊ အောင်လံမြို့အပိုင် သရက်ခရိုင် ခယက ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ ခရိုင်တရားသူကြီး ဒေါ်ခင်ခင်ချို၊ ဒုတိယ ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေနှင့် မြို့နယ်တရားသူကြီး ဦးလှမိုး တို့ပါဝင်သည်။

တောင်သူ ၁၂၇ ယောက် ကိုယ်စား တိုင်ကြားခဲ့သူ ကိုသန်းစိုး၊ ကိုစိုးမြင့်၊ မအေးအေးဝင်းတို့အား ၅ ရက်နေ့တွင် ကော်မတီက စာဖြင့် ဆင့်ခေါ်၍ စစ်ဆေးခဲ့သည်။

"အမှုမှန် ပေါ်ပေါက်ဖို့အတွက် စစ်ဆေးရေးအဖွဲ့ ဆင်းလာတယ်လို့ မြင်ပေမယ့် ခယက ဥက္ကဋ္ဌရဲ့ စစ်ဆေးမေးမြန်းချက်တွေ၊ ကျနော်တို့အပေါ် ဆက်ဆံပုံတွေဟာ ဗိုလ်မှူး ရဲနိုင်ရဲ့ အကျိုးဆောင် ရှေ့နေလိုမျိုး ဖြစ်နေတဲ့အခါကျတော့ ဒီကော်မတီလူကြီးတွေ လုပ်ဆောင်ပုံကလည်း သိပ်အားမရဘူး၊ ကျေနပ်မှု မရှိဘူး" ဟု ဒေသခံတဦးက ပြောသည်။

အောင်လံမြို့နယ်အပိုင် စမ်းတောင်ကွင်း၊ စားကျက်တော၊ ရွာထောင်၊ ဆာပါ၊ စမ်းကလေး၊ ကျောင်းစု၊ ရွာမစု၊ ရေတွင်းစု ကျေးရွာများမှ တောင်သူ ၇ဝ နှင့် မြို့လှရွာသား ၅၇ ဦးက အောင်လံမြို့ရှိ အမှတ် ၅ သကြားစက်ရုံမှူးက ကြံကို မစိုက်မနေရ စိုက်ခိုင်းနေ၍ ဆုံးရှုံးမှုများ ဖြစ်ရသည် ဆိုကာ ရန်ကုန်အခြေစိုက် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) ကိုယ်စားလှယ်ရုံးသို့ တိုင်တန်းမှု ပြုလုပ်ခဲ့သည်။

အခင်းဖြစ်ပွားရာ လယ်များတွင် အစဉ်အလာအားဖြင့်  ဝါ၊ နှမ်း၊ ပဲတီစိမ်းနှင့် နွားစာအဖြစ် ပြောင်းကို အဓိက စိုက်ပျိုးခဲ့ကြသည်။

တောင်သူများ အပြောအရ ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်းက ကြံများကို စတင်စိုက်ပျိုးရာတွင် လုံးဝ အောင်မြင်မှု မရှိဟု ဆိုသည်။

"အဲဒီ မြေတွေကဗျာ။ အခုတော့ ဘာအပင်မှ မပေါက်ဘဲ ကွင်းပြင်ကြီးပဲပေါ့ဗျာ။ အပြောင်ရှင်း မြေကွက်ကြီးတွေနဲ့၊ အဝေးကြည့်အနေနဲ့ ပေါ်ပေါက်နေတာပေါ့ဗျာ၊ ဘာမှ မရှိဘူး။ ကျနော်တို့ကတော့ ကျနော်တို့ မြေတွေကို ပြန်တောင်းထားပါတယ်" ဟု ဒေသခံတဦးက ပြောသည်။

သူက ဆက်ပြီး "ကျနော်တို့ နွားတွေလည်း အစားရေစာ ငတ်ပြီးတော့ အတိဒုက္ခ ရောက်နေပါပြီ။ နွားတွေ ရောင်းပစ်ရတဲ့ လူတွေလည်း ရောင်းလိုက်ကြပါပြီ။ ဝမ်းစာလည်း လှောင်ဖို့ မရှိပါဘူး။ ဒီလို ဒုက္ခအမျိုးမျိုး ကြုံတွေ့ရတဲ့အတွက် ကျနော်တို့ နွားစားကျက်တောနဲ့ လယ်တွေကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်" ဟု ပြောသည်။

ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ မြန်မာ့စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်း (MEC) မှ ဖွင့်ထားသည့် သကြားစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူး ရဲနိုင်သည် စက်ရုံအတွက် လိုအပ်သော ကုန်ကြမ်း ဖြည့်ဆည်းနိုင်ရန် ဒေသတွင်း လယ်ယာမြေများတွင် သကြား မစိုက်မနေရ စိုက်ရမည်ဟု ညွှန်ကြားချက် အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂ဝဝ၇ မေလ ၁၅ ရက်တွင် စက်ရုံဌာနမှူး ဦးတင်အုန်းနှင့် ဦးကျော်ကျော်စိုး အဖွဲ့က အောင်လံ အရှေ့ဘက် ၂ မိုင်ခန့် အကွာရှိ စမ်းတောင်ကွင်းနှင့် မြို့လှကျေးရွာ တောင်သူလယ်သမားများ၏ လယ်ယာမြေများတွင် အလံနှင့် တိုင်များ စိုက်ထူကာ ကြံစိုက်ကွင်းများအဖြစ် သတ်မှတ်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates