Saturday, April 5, 2008

NLD အဖွဲ့ဝင်တဦး အရိုက်ခံရပြန်

မောင်ဒီး
Friday, 04 April 2008 14:57 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ လှိုင်သာယာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးကို အမည်မသိလူ နှစ်ဦးက ယနေ့ နံနက်ပိုင်းက အလစ်အငိုက် ရိုက်နှက်ခဲ့ရပြန်ရာ ၁ဝ ရက်အတွင်း စစ်အစိုးရဆန့်ကျင်သူ သုံးဦးမြောက် တိုက်ခိုက်ခံရမှု ဖြစ်လာသည်။

လှိုင်သာယာမြို့နယ် ၈ ရပ်ကွက်ရှိ ပဒေသာလမ်း (၂) တွင် နေထိုင်သူ မြို့နယ် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးတင်ယုကို ဆိုင်ကယ်စီးသူ နှစ်ဦးက ယနေ့နံနက် ၂ နာရီခန့်က သစ်သားဒုတ်နှင့် ရိုက်နှက်သွားသဖြင့် ဦးတင်ယု၏ ညာဖက်မျက်လုံးမှာ ပျက်စီးလုသည်အထိ ဖြစ်သွားခဲ့သည်။

"သူ့ညာဘက် မျက်နှာမှာ အတွင်းရော၊ အပြင်ရော ၂၁ ချက် ချုပ်လိုက်ရတယ်။ ၂ ချက် ဆင့်လိုက်ရတာပေါ့နော်။ မျက်လုံးကတော့ လုံးဝကို မမြင်ရဘူး။ လုံးဝပိတ်နေတယ်" ဟု လှိုင်သာယာ NLD အဖွဲ့ဝင်တဦးက ပြောသည်။

ရိုက်နှက်သွားသူများများမှာ စကားပြောစက် ကိုင်ဆောင်ထားသည်ကို ဦးတင်ယု မြင်တွေ့ခဲ့သည်ဟု သူက ပြန်ပြောပြသည်။

"အခု သူတို့က စီမံချက်သဘောမျိုးနဲ့ အကွက်ကျကျပေါ့နော်။ တက်တက်ကြွကြွ လုပ်ကိုင်နေတဲ့ ပါတီအဖွဲ့ဝင်တွေကို နောက်ထပ်လူတွေ ထပ်မတိုးနိုင်အောင် ခြောက်လှန့်တဲ့သဘောနဲ့ လုပ်နေတယ်လို့ ကျနော် ယူဆတယ်။ သူတို့ နိုင်ငံရေး လုပ်နေတာကို အားလုံးက သိနေကြတာပဲ။ ဆိုတော့ သူတို့ကို နှိပ်ကွပ်လိုက်ရင် ကျန်တဲ့လူတွေ မထွက်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးမြင်ပြီး လုပ်တာလို့ပဲ ယူဆတယ်" ဟု အခြား အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောသည်။

ဦးတင်ယုသည် သမီးနှင့်အတူ နံနက် ၂ နာရီခန့်က ငါးဒိုင်သို့သွားမည့် ကားကို စောင့်နေစဉ် ရိုက်နှက်ခံလိုက်ရခြင်း ဖြစ်သည်။ မိသားစုဝင်များက လှိုင်သာယာရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း လှိုင်သာယာ NLD ဥက္ကဋ္ဌ ဦးမြင့်လှိုင်ကို လူတဦးက ချောင်းမြောင်း ရိုက်နှက်ခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူ ဦးမြင့်အေးမှာလည်း မတ်လ ၂၇ ရက်နေ့က အမည်မသိ လူတဦး၏ ရိုက်နှက်ခံရသဖြင့် ဦးခေါင်းရှိ ဒဏ်ရာကို ၅ ချက် ချုပ်လိုက်ရသည်။

ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲ ကျင်းပပြီး ပြန်လာသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်အမတ် ဦးသန်းလွင်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးက ကျားကန်ပေးထားဟန်ရှိသော လူတဦးက သံလက်သီးဖြင့် ထိုးနှက်ခဲ့သဖြင့် ဦးသန်းလွင်၏ မျက်လုံးတဖက် ကွယ်ခဲ့ရသလို ကျန်မျက်လုံးတလုံးမှာလည်း ကွယ်လုနီးသည်အထိ ဖြစ်ခဲ့ရသည်။



မဲ့တန်းမှာ မြန်မာရွှေ့ပြောင်း လုပ်သား ၅ဝ ကျော် အဖမ်းခံရ

သန်းထိုက်ဦး
Friday, 04 April 2008 18:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းနိုင်ငံမြောက်ပိုင်း မဲ့တန်းမြို့တွင် ကျေးရွာတရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်စီးပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅၄ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ချင်းမိုင် ခေါ် ဇင်းမယ်ခရိုင်အတွင်း၌ ရှိသော မဲ့တန်းမြို့ နောင်ဖိန်မိုင် ကျေးရွာအုပ်တွင် နေထိုင်သူများ ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်မှုဖြင့် ရဲ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် စစ်တပ်တို့ ပါဝင်သောအဖွဲ့ကြီးက ကြာသပတေးနေ့ နံနက် ၅ နာရီခန့်လောက်က လာရောက် ဖမ်းဆီးသွားခဲ့သည်။

"ရဲက ဒီမှာ အလုပ်သမား လက်မှတ် မရှိတဲ့လူတွေ ရှိတယ်ဆိုပြီးတော့ သတင်းကြားတယ်။ အဲဒါ လာစစ်ဆေးတယ် ။ နောက် လက်မှတ် မရှိတဲ့လူတွေရယ် နောက် ထောက်ခံစာ မရှိဘဲနဲ့ နယ်ကျော်ပြီးတော့ အလုပ် လုပ်ကိုင်နေတဲ့ လူတွေကိုပါ ဖမ်းသွားတာပဲ" ဟု ရွှေ့ပြောင်းလုပ်သားများအကျိုး ဆောင်ရွက်ပေးနေသည့် Map Foundation အဖွဲ့မှ ပရာဒီထာ ပရီယာ ကယော့ဖ က မဇ္ဈိမကို ပြောသည်။

"ဒီရွာလေးမှာ ခြုံအလုပ်၊ တောင်ယာအလုပ်၊ ပန်းရံ အလုပ်တို့နဲ့ လုပ်လာတာ ၃ နှစ်လောက် ရှိပြီ ဒီလိုဝင်ဖမ်းတာ တခါမှမရှိဘူး။ အခု ဒီလိုဖမ်းတာဟာ ပထမဦးဆုံးဖြစ်တယ်" ဟု သူမ က ဆက်ပြောသည်။

အဖမ်းခံရသူများအနက် ၂၇ ဦးအား လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် ထိန်းသိမ်းထားပြီး ထိုင်းတောင်ပေါ်သား လက်မှတ်ရှိသူ ၂၇ ဦးကိုတော့ အာမခံပေးမည်ဟု စုံစမ်း သိရှိရသည်။

နောင်ဖိုန်မိုင် ကျေးရွာအုပ်စုတွင် အိမ်ခြေ စုစုပေါင်း ၁ဝဝ ခန့် ရှိ၍ လူဦးရေ ၄ဝဝ ကျော် နေထိုင်လျက် ရှိသည်။



ဝံသာနုက ထောက်ခံမဲပေးရန် စည်းရုံးနေ

မဇ္ဈိမသတင်းဌာန
Friday, 04 April 2008 16:42 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးတိုင်းရှိ ဝံသာနု ဆိုသည့် အဖွဲ့က လူထုဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးရန် ယခုလဆန်းပိုင်းတွင် မန္တလေး၌ စည်းရုံးလှုပ်ရှားမှုများ လုပ်ဆောင်လာသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်ရသူ၊ ခွဲထွက်သူ အနည်းငယ်နှင့် ဖွဲ့စည်းထားသည့် ဝံသာနု NLD ဆိုသည့် အဖွဲ့ငယ်တခုက မေလတွင် နအဖ က ကျင်းပမည့် ဖွဲ့စည်းပုံ ဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်များအနေနှင့် ထောက်ခံမဲပေးရန်အတွက် ယခုလဆန်းပိုင်းမှ စတင်ကာ မန္တလေးတိုင်း အနောက်တောင်ဘက်ရှိ ချမ်းအေးသာစံမြို့နယ်အတွင်းက ဥယျာဉ်တန်းနှင့် မဟာအောင်မြေရပ်ကွက်များတွင် စတင်၍ လှည့်လည် စည်းရုံးနေခြင်း ဖြစ်သည်။

"ထောက်ခံမဲပေးဖို့ ရပ်ကွက်တွေမှာ လှည့်ပြီးတော့၊ ရပ်ကွက်အတွင်းမှာရှိတဲ့ ရပ်မိရပ်ဖတွေကို ခေါ်ပြီးတော့ အစည်းအဝေးတွေ လုပ်တယ်။ ဝံသာနု NLD အသင်းတင် မကဘူး။ ၈၈ မျိုးဆက်သစ် ကျောင်းသားလူငယ်များ (အေးလွင်) တို့အဖွဲ့၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေပါတယ်လို့ ယူဆကြတယ်။ ဝံသာနု NLD ကတော့ သေချာတယ်။ မဲပုံး ပုံပေါ်မှာ ထောက်ခံမဲ ပေးကြစို့ ဆိုတဲ့ စာနဲ့တီရှပ်အဖြူတွေကို တရပ်ကွက်မှာ ၅ ထည်လောက် လိုက်လံဝေနေတယ်" ဟု ဒေသခံတဦးက ပြောသည်။

အခြား ဒေသခံတဦးကလည်း ဝံသာနု ဆိုသူများက ထောက်ခံပွဲကိစ္စ ဆွေးနွေးသူများကို လူတဦးလျှင် တသောင်းကျပ်ပေး၍ စီစဉ်ပေးနေသည်ဟု ပြောသည်။

သူတို့က နအဖ စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်လျှင် လူထုအကျိုး ပိုမိုဖြစ်ထွန်းနိုင်သည်ဟု ပြောဆိုနေသူ ဒေါက်တာ စိုးလင်းနှင့် မြို့နယ်စည်းဟောင်းများ ဖြစ်သည့် ဦးတင်မောင်ဝင်း၊ ဦးလှမြင့်နှင့် ကိုရဲကို တို့က ဦးဆောင်ပြီး ၂ဝဝ၃ ခုနှစ်အတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဒေသခံတဦးကတော့ "သူက (ဒေါက်တာစိုးလင်း) ဘာမှကို မဆိုင်ဘူး။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ အမျိုးသားညီလာခံတက်တဲ့ ကိုယ်စားလှယ်လည်း မဟုတ်ဘူး။ သူက ဒီအတိုင်းပဲ ဖောက်ပြန်ချင်တဲ့ အဖွဲ့ဝင်တွေ၊ အချောင်သမားတွေ၊ သီးခြား NLD နာမည်ယူပြီးတော့ ပြပြီးတော့ လုပ်စားနေတဲ့ အဖွဲ့တွေ။ ဝံသာနုလည်း သုံးထားတယ်၊ NLD လည်း ပါတယ်ဆိုတော့ ပြည်သူတွေက သို့လော သို့လော ဖြစ်နေတာ" ဟု ပြောသည်။

အဖွဲ့ဝင်အင်အား မည်၍မည်မျှ ရှိသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသည့် ဝံသာနု NLD သည် NLD မှ နှုတ်ထွက်ခဲ့သူ အဖွဲ့ဝင်ဟောင်း ၁၅ ဦးခန့်၏ အမည်များကိုပါ အဖွဲ့ဝင်အဖြစ် ထည့်သွင်း ပြောဆိုလေ့ရှိကြောင်း သူက ဆက်ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates