Tuesday, March 25, 2008

ကေအိုင်အိုက ဆန္ဒခံယူပွဲကို သပိတ်မှောက်ဖွယ်ရ

ဆော်လမွန်
Tuesday, 25 March 2008 11:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့တခု ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က မိမိတို့၏ အဖွဲ့ဝင်များအား လာမည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို သပိတ်မှောက်ကြရန် ညွန်ကြားထားသည်ဟု အဖွဲ့၏ သတင်းရပ်ကွက်က ပြောကြားလိုက်သည်။

ကေအိုင်အို အဖွဲ့တွင်းရှိ သတင်းရပ်ကွက်က ပြောကြားရာတွင် အဖွဲ့တွင်း အစည်းအဝေးမှ မေလတွင် ကျင်းပမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲတွင် ပါဝင်ဆင်နွှဲခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးနောက် မိမိတို့အဖွဲ့ဝင်များကို ဆန္ဒခံယူပွဲတွင် မဲမပေးဘဲ နေရန် အကြောင်းကြားထားသည်ဟု ဆိုသည်။ ကေအိုင်အိုသည် မိမိတို့အဖွဲ့ဝင်များ မှတ်ပုံတင်ရန်နှင့် မြန်မာနိုင်ငံသား သက်သေခံကဒ်ပြားများ ထုတ်ယူရန် စစ်အစိုးရ အာဏာပိုင်များနှင့် သဘောတူထားခဲ့ပြီးကာမှ ဤဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မေလတွင် ဆန္ဒခံယူပွဲ ကျင်းပရန်နှင့် ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ စစ်အစိုးရသည် ကေအိုင်အိုနှင့် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပါအဝင် လက်နက်ကိုင် ငြိမ်းချမ်းရေးတပ်ဖွဲ့များအား မှတ်ပုံတင် ကဒ်ပြားများ စတင် ထုတ်ပေးနေပြီဟု သိရသည်။

အဖြူရောင်ကဒ်ဟု လူသိများသော အဆိုပါ သက်သေခံကဒ်ပြား ကိုင်ဆောင်ထားသူများသည် ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲ ၂ ရပ်စလုံးတွင် ပါဝင် မဲထည့်နိုင်သည်ဟု အဆိုပါ သတင်းရပ်ကွက်ကပင် ပြောကြားသည်။

တရုတ် မြန်မာနယ်စပ် လိုင်ဇာတွင် ဌာနချုပ် ပြုလုပ်ထားသော ကေအိုင်အို ခေါင်းဆောင်များကို အဆိုပါ သတင်းနှင့် ပတ်သက်၍ ထင်မြင်ချက် တောင်းခံရန် ဆက်သွယ်ရာ၌ မရရှိပါ။ အဖွဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျိမ်းစ်လွမ်းဒေါင် James Lumdau ကလည်း အဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ တစုံတရာ ထင်မြင်ချက်ပေးရန် ငြင်းဆိုသည်။

“ကျနော့် တဦးချင်း အမြင်အရနဲ့ အတွေ့အကြုံအရတော့ အထဲနဲ့ အပြင်က ဘယ်လောက်ပဲ ကန့်ကွက် ကန့်ကွက် စစ်အစိုးရက မေလ ဆန္ဒခံယူပွဲနဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို သူတို့ အစီအစဉ်အတိုင်း ဆက်လုပ်မှာပဲ” ဟု သူ့အမြင်ကိုမူ မှတ်ချက်ချ ပြောကြားသွားသည်။

ထို့ပြင် သူက ကချင်လူထုကို ဆန္ဒခံယူပွဲတွင် မဲပေးမလား၊ မဲမပေးဘဲ နေမလား ဆိုသည်ကို သေချာစဉ်းစား ရွေးချယ်ကြရန်၊ မိမိတို့ ဆောင်ရွက်ချက်များ၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း သေချာစွာ စဉ်းစား သုံးသပ်ကြရန် တိုက်တွန်း ပြောကြားသည်။

လူထုအနေနှင့် မဲသွားထည့်သင့်ကြောင်း၊ မဲမထည့်ဘဲနေလျှင် မည်သည့်ရလဒ်မှ ရနိုင်မည် မဟုတ်ဘဲ၊ မဲသွားထည့်ခြင်း အားဖြင့်သာလျှင် ရလဒ်တစုံတရာ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်းလည်း Lumdau က မဇ္ဈိမကို ပြောသည်။

သို့သော် သူက လူထုအနေဖြင့် ထောက်ခံမဲ ထည့်သင့်သည်၊ ကန့်ကွက်မဲ ထည့်သင့်သည် ဆိုသည်ကို အကြံပေး ပြောကြားရန်ကိုမူ ငြင်းဆိုသည်။

ဤသို့ Lumdau က ကေအိုင်အို၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ဝေဖန် ပြောကြားခြင်း မပြုလုပ်ခဲ့သော်လည်း ထိုင်း အခြေစိုက် ကချင် သတင်းအုပ်စု (Kachin News Group) ၏ အယ်ဒီတာ နော်ဒင်းကမူ လာမည့် ဆန္ဒခံယူပွဲတွင် ပါဝင်ခြင်း မပြုရန် ကေအိုင်အို အရာရှိများက ဆုံးဖြတ်ထားသည်ဟု သိရှိရကြောင်း ပြောသည်။

“ဟုတ်ကဲ့ ဒီအတိုင်း မှန်ပါတယ်။ ကျနော် ကေအိုင်အိုအဖွဲ့ ဒုဥက္ကဋ္ဌ ဂေါ်ရီ ဇော်ဆိုင်းနဲ့ စကားပြောခဲ့ရပါတယ်။ သူက သူတို့တွေ လာမယ့် ဆန္ဒခံယူပွဲမှာ မပါဝင်ဘဲ နေမယ်လို့ ကျနော့်ကို ပြောပါတယ်” ဟု သူက ပြောပြသည်။

သို့သော် ကေအိုင်အို အဖွဲ့ဝင်များအနေနှင့် အဖွဲ့နှင့် ဆန့်ကျင်ပြီး တဦးချင်းအနေဖြင့် ဆန္ဒခံယူပွဲတွင် ပါဝင်နိုင်ဖွယ် ရှိသည် ဆိုခြင်းကိုမူ နော်ဒင်းက ငြင်းဆိုခြင်း မပြုပါ။

ဤဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ ကေအိုင်အိုအနေနှင့် လူသိရှင်ကြား သတင်းကြေညာချက်များ ထုတ်ပြန်ခြင်း မလုပ်ကြောင်းနှင့် သူ့အဖွဲ့ဝင်များကို မှတ်ပုံတင်များ လုပ်ရန်နှင့် သက်သေခံကဒ်ပြားများ ရယူထားရန်သာ အမိန့်ထုတ်ထားခဲ့သည်ဟု နော်ဒင်းက ဆိုသည်။

လွတ်လပ်ရေးအတွက် နှစ်ပေါင်း ၄ဝ ကျော် တိုက်ပွဲဝင်ခဲ့သည့် လက်နက်ကိုင် တိုင်းရင်းသားအုပ်စု တခုဖြစ်သည့် ကေအိုင်အိုသည် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထဲမှ တခုဖြစ်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ငြိမ်းချမ်းရေးအဖွဲ့ ၁၇ ဖွဲ့ထဲတွင် ပါဝင်ကာ စစ်အစိုးရက ၁၄ နှစ်ကြာ ကျင်းပခဲ့သည့် အမျိုးသားညီလာခံကို တက်ရောက်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

စစ်အစိုးရ၏ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံတွင် အမျိုးသားညီလာခံသည် ပထမအဆင့် ဖြစ်ပြီး ယင်းညီလာခံကို ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများက အတုအယောင် ညီလာခံသာ ဖြစ်သည်ဟု ပြောဆိုထားကြသည်။

အဆိုပါ ညီလာခံတွင် ကေအိုင်အိုက အခြားအုပ်စုများနှင့်အတူ မြန်မာနိုင်ငံ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း စစ်အစိုးရက ဂရုမစိုက်ခဲ့ပေ။

အမျိုးသားညီလာခံ အဆုံးသတ်ရန် တလခွဲအလို ၂ဝဝ၇ ခုနှစ် ဇူလိုင်လတွင် အချက် ၁၉ ချက်ပါ တောင်းဆိုချက်တရပ်ကို ကေအိုင်အိုအဖွဲ့က ထပ်မံ တင်ပြ တောင်းဆိုခဲ့သေးသည်။

ကေအိုင်အို၏ အဆိုပြုချက်တွင် ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှု၌ ဖက်ဒရယ်မူများကို အခြေခံ၍ ခွဲခြား သတ်မှတ်ပါရန် တင်ပြခဲ့သော်လည်း စစ်အစိုးရက မသိကျိုးကျွံ ပြုခဲ့သည်။



မြန်မာရဲများ ရမ်ဘိုကို ပိုက်စိတ်တိုက် ရှာနေ

မဇ္ဈိမသတင်းဌာန
Monday, 24 March 2008 19:23 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ နိုင်ငံတဝှမ်း ဗီဒီယိုခွေ အငှားဆိုင်များကို ရှောင်တခင် စစ်ဆေးပြီး ဟောလိဝုဒ် မင်းသားကြီး ရမ်ဘို ဇာတ်ကားကို လိုက်လံ ရှာဖွေနေရသော မြန်မာရဲများ အလုပ်များနေကြသည်။

မြန်မာစစ်တပ်နှင့် ရမ်ဘို ဦးဆောင်သော လက်နက်ကိုင်တစု တိုက်ခိုက်မှု ပါဝင်သော ရမ်ဘို ၄ ရုပ်ရှင်ကားကို စစ်အစိုးရက ဖြန့်ဝေခွင့်မပြုဘဲ ပိတ်ထားသော်လည်း လူအများ လက်သိပ်ထိုး ငှားရမ်း ကြည့်ရှုနေ၍ နယ်မြို့များအထိ ရဲများ ရှာဖွေမှုများ လုပ်နေရခြင်း ဖြစ်သည်။

"သူတို့က သတင်း ရထားပြီဆိုရင် မထင်ရင် မထင်သလို ပေါက်ချလာပြီး လာရှာဖွေကြတာပဲ။ အဓိကတော့ ရမ်ဘို ၄၊ စက်တင်ဘာဆန္ဒပြပွဲခွေလို နိုင်ငံရေးနဲ့ဆိုင်တဲ့ ခွေတွေ၊ ညစ်ညမ်းခွေတွေပေါ့" ဟု ပဲခူးမြို့မှ VCD ခွေဆိုင် ပိုင်ရှင်တဦးက ပြောသည်။

rambo-4.jpg

ရမ်ဘို ဗီစီဒီ ငှားရမ်းခြင်း မပြုရန် ပြီးခဲ့သည့် ၂ ပတ်ခန့်က ပဲခူးမြို့တွင် ရုပ်ရှင် အစည်းအရုံးအပါအဝင် သက်ဆိုင်ရာကလည်း သတိပေး တားမြစ်မှုသည် အငှားဆိုင်များသို့ ညွှန်ကြားခဲ့သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ အခွေငှားဆိုင်များကိုလည်း ဒေသ အာဏာပိုင်များက မကြာခဏ ရမ်ဘိုခွေရှာမှု ပြုလုပ်လေ့ရှိသည်။

"ဆိုင်တွေကို ရဲတွေလာစစ်တာ ၃ ပတ်လောက်တော့ ရှိသွားပြီတဲ့။ ခဏခဏ လာစစ်တယ်။ အဖမ်းခံရတယ် ဆိုတာတော့ မကြားမိသေးဘူး" ဟု မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

"ဒီမှာက တော်တော်များများ ကြည့်ပြီးသွားကြပြီ။ ခွေကိုတော့ ဆိုင်လေးတွေကနေ ခိုးဝယ်ရတယ်။ ကော်ပီခွေပဲ ဝယ်ပြီး ကြည့်ပြီးတာနဲ့ ပစ်လိုက်ကြရတယ်" ဟု ကျောင်းသူတဦးက ပြောသည်။

မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့တွင် ပြီးခဲ့သည့် ၃ ပတ်က ရှာဖွေစစ်ဆေးမှုများ တင်းကျပ်စွာ လုပ်ဆောင်လာခဲ့သဖြင့် ရမ်ဘိုကား ပြန့်နှံ့မှု နည်းသွားခဲ့သည်။

ရမ်ဘို ၄ ကို ထိုင်း-မြန်မာနယ်စပ်တွင် ရိုက်ကူးထားပြီး မင်းသား ဆယ်လ်ဗဲစ်စတာ စတားလုံးက ဘန်ကောက်တွင် နေထိုင်သော အငြိမ်းစား စစ်ပြန်ကြီးအဖြစ် ပါဝင် သရုပ်ဆောင်ထားပြီး နအဖ စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားသော ခရစ်ယာန်မစ်ရှင်အဖွဲ့ကို လိုက်လံကယ်တင်ပုံ ဇာတ်လမ်း ဖြစ်သည်။ ရုပ်ရှင်ရုံများတွင် ပြသခြင်း မပြုရန်လည်း တားမြစ်ထားပေမယ့် အင်တာနက်မှ ဒေါင်းလုပ်လုပ်ကာ လက်ဆင့်ကမ်း ဖြန့်ဝေကြသည်။

အဆိုပါ မစ်ရှင်အဖွဲ့သည် တိုင်းရင်းသား ကရင်ကျေးရွာသားများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် ကူညီနေစဉ် အဖမ်းခံရ၍ စစ်ပြန်ကြီး ဝင်ရောက် ကယ်တင်ထားသည်။

ရမ်ဘိုအပြင် အခြားသော နိုင်ငံရေးနှင့် သက်ဆိုင်သည်ဟု အာဏာပိုင်သော အခွေများလည်း ပစ်မှတ်ဖြစ်နေသည်။ သို့သော် သီးလေးသီးအငြိမ့်၊ စက်တင်ဘာမှတ်တမ်း အစရှိသည့် အာဏာပိုင်များ မနှစ်သက်သည့် ခွေများကို လက်သိပ်ထိုး ရောင်းနေကြဆဲ ဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင်လည်း ရမ်ဘို ၄ VCD ပျံ့နှံ့မှု အားကောင်းခဲ့ရာ ထိုဇတ်လမ်း ကြည့်ရှူခဲ့သည့် လှိုင်မြို့နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ် ကိုသန့်ဇင်နှင့် ကိုထွန်းထွန်းတို့ကို အာဏာပိုင်များက မတ်လဆန်းက ဖမ်းဆီးခဲ့သည်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့တွင် ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့ကို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ သမီး သန္တာရွှေ၏ မင်္ဂလာဆောင် ဗီဒီယိုခွေများ လက်ဝယ်တွေ့မှုဖြင့် ယမန်နှစ် စက်တင်ဘာလက ဖမ်းဆီးခဲ့သည်။



သန္တာရွှေ မင်္ဂလာဆောင်ခွေအမှု အထူးအယူခံဝင

နန်းဒေဝီ
Monday, 24 March 2008 19:50 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ‘စိန်စီသောည’ လက်ဝယ်ရှိမှုဖြင့် ထောင်ချခံခဲ့ရသူများအတွက် အထူး အယူခံတင်ထားသော်လည်း သက်ဆိုင်ရာက တုံ့ပြန်မှု မလုပ်သေးဟု အကျိုးဆောင်ရှေ့နေ အပြောအရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင်ခွေကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး လက်ရှိအချိန်တွင် ကလေးမြို့ အကျဉ်းထောင်တွင် ရှိနေသူ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်နေ ကိုတင်ဌေးနှင့် ကိုသန်းထွန်းတို့အား ပြစ်မှု ပြင်ဆင်ချက် ၅၉ဝ (ခ) အရ အယူခံ ထပ်ဝင်မှုများကို မတ်လ ၆ ရက်နေ့နှင့် မတ်လ ၁၈ ရက်နေ့များတွင် ပြုလုပ်ခဲ့သည်။

“အခုတင်တာက နောက်ဆုံးအကြိမ်ပေါ့ဗျာ။ ကျနော်တို့လည်း ကြိုးစားနေတယ် ခင်ဗျ။ အခု နောက်ဆုံး တင်ထားတဲ့ အထူးအယူခံက နေပြည်တော် ရုံးးချုပ်ကနေ ဆုံးဖြတ်ပေးမှာပါ။ ပြစ်မှုဆိုင်ရာ အထွေထွေ လျှောက်ထားလွှာနဲ့ တက်တယ်။ ဒီအယူခံကို လက်ခံတယ်ဆိုလို့ ရှိရင် နေပြည်တော် ရုံးချုပ်ကနေပြီး ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။ တရားသူကြီး ၃ ဦးထိုင်မယ့် နေပြည်တော် တရားရုံးချုပ်ကတော့ အမြင့်ဆုံးပေါ့” ဟု ယင်းအမှုအား ဆောင်ရွက်ပေးနေသည့် အကျိုးတော်ဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန်က မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ် မတ်လကုန်တွင် ညောင်တုန်းတရားရုံးမှ ကိုတင်ဌေးအား ပြည်သူလူထုကို အထိတ်တလန့် ဖြစ်စေရန် ပြုလုပ်မှု ပုဒ်မ ၅ဝ၅ (ခ)၊ ကိုသန်းထွန်းအား ပုဒ်မ ၅ဝ၅ (ခ) နှင့် ဗွီဒီယို အက်ဥပဒေ အရ ၃၂ (ခ)၊၃၆ ဖြင့်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် အသီးသီး ချမှတ်ခဲ့သည်။ တရားခံများက မအူပင် တရားရုံး၊ ပုသိမ်တရားရုံး နှင့် ရန်ကုန်တိုင်း တရားရုံးတို့တွင် အယူခံဝင်ခဲ့ရာ ပယ်ချခံခဲ့ရသည်။

လေဖြတ်ရောဂါ ခံစားခဲ့ဖူးသည့် ကိုသန်းထွန်း၏ နေအိမ်အတွင်း ရဲက ရှာဖွေရာ စိန်များ လည်ပင်းညွတ်မတတ် ဝတ်ဆင်ခဲ့သည့် သန္တာရွှေနှင့် ဗိုလ်မှူး ဇော်ဖြိုးဝင်းတို့၏ လက်ဖွဲ့တန်ဖိုးပါဆိုလျှင် အမေရိကန် ဒေါ်လာသန်းပေါင်း ၅ဝ ခန့် တန်ခဲ့သည့် မင်္ဂလာဆောင် မှတ်တမ်းတင်ခွေ သိမ်းဆီးရမိခဲ့ပြီး နှစ်ယောက်လုံး ရှေ့ဆင့် နောက်ဆင့် ဖမ်းဆီးခံခဲ့ရသည်။

“ကိုတင်ဌေးဆီမှာ စိန်စီသောည ဗွီဒီယိုခွေနဲ့ ပတ်သက်ပြီးတော့ သူ့မှာ လုံးဝ သက်သေ မတွေ့ဘူး။ အောက်ရုံးမှာ ကတည်းက ကျနော်တို့ အဓိက ပြောလာခဲ့တာက ကိုသန်းထွန်းရဲ့ ရဲစခန်းမှာ ထွက်ဆိုချက်နဲ့ ကိုတင်ဌေးကို ခေါ်တာဖြစ်တယ်။ အဲလို ခေါ်ပေမယ့် ကိုတင်ဌေးဆီက သက်သေခံပစ္စည်း ဘာမှ မရလိုက်ဘူး။ ဒါကို တလျှောက်လုံး ပြောလာခဲ့တာ ကျနော်တို့။ ဒါတွေကို ကျနော်တို့ ခိုင်ခိုင်မာမာ ပြောနိုင်တယ်” ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC-Burma Lawyer Council) မှ ဦးတင်ဌေး၏ အမှုမှာ သက်သေခံ မရှိသည့်အတွက် ဥပဒေကြောင်းလမ်းအရ အပြစ်မရှိဟု ပြောသည်။

BLC-Burma Lawyer Council မှ ဥပဒေရေးရာ သုံးသပ်ရေးအဖွဲ့၏ တာဝန်ခံဖြစ်သူ ဦးမျိုးက “အခုလိုမျိုး လုပ်တာတွေက မြန်မာနိုင်ငံမှာ အများကြီးပဲဗျ။ အပြစ်မရှိဘဲနဲ့ ပြစ်ဒဏ် ချခံထားရတယ်။ နှစ်ရှည် ထောင်ဒဏ်တွေ ပေးတယ်။ တရားဥပဒေအရ အလုပ်လုပ်တာ မဟုတ်ဘူး ခင်ဗျ။ အဲဒါမျိုးတွေကို ကျနော်တို့ ဆက်ပြီး ဖော်ထုတ်သွားမယ်” ဟု သူက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates