လမ်းမတော်မှာ မီးလောင်

မဇ္ဈိမသတင်းဌာန
Friday, 21 March 2008 23:24 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် လမ်းမတော်လမ်းတွင် ယနေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်၊ သောကြာနေ့ည ၈း၃၀ နာရီက စတင်လောင်ကျွမ်းပြီး မီးသတ်ကား အစီး ၂၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ရာ ၁၀း၀၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မျက်မြင်သက်သေများ အပြောအရ အဲယားကွန်း အဟောင်းတလုံးတွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။



လူထုစိန်ဝင်း စာမူများ ဖော်ပြခွင့်ပြုပြီ

မဇ္ဈိမသတင်းဌာန
Friday, 21 March 2008 15:57 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စာရေးသားခွင့် ပိတ်ပင်ခံရသော ဝါရင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းအား စာပေစိစစ်ရေးက ယခုအခါ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်သည်။

စစ်အစိုးရအား ဝေဖန်ပြောဆိုသည့် အသံဖိုင်တခု ဖြန့်ဝေခဲ့ပြီးနောက် ဆရာကြီး၏ ဆောင်းပါးစာမူများ ဖော်ပြနေသော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တိုက်များအား ထည့်သွင်း ထုတ်ဝေခြင်း မပြုရန် စာပေစိစစ်ရေးက ညွှန်ကြားထားရာမှ ယခုအခါ တနင်္လာနေ့မှ စတင်ကာ ပြန်လည် ဖော်ပြခွင့်ပေးကြောင်း လူထုစိန်ဝင်းက ပြောဆိုထားခြင်း ဖြစ်သည်။

နော်ဝေ အခြေစိုက် မြန်မာအတိုက်အခံ အသံလွှင့်ဌာနတခု ဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ) နှင့် ဆက်သွယ် မေးမြန်းခန်းတခုတွင် လူထုစိန်ဝင်းက ယခင်အပတ်က ပိတ်ပင်ထားခြင်းသည် အထက်မှ တစုံတရာ ညွှန်ကြားခြင်း မရှိသေးသည့်အတွက် စာပေစိစစ်ရေးမှ ခေတ္တ ရပ်ဆိုင်းခြင်း ဖြစ်ကြောင်းနှင့် သို့သော်လည်း ယမန်နေ့က စာပေစိစစ်ရေး တာဝန်ရှိသူကိုယ်တိုင် ပြန်ဖွင့်ပေးခဲ့သည်ဟု ပြောဆိုသွားခဲ့သည်။

ယခုလို ခေတ္တ စာပေရေးသားခွင့် ပိတ်ပင်ခဲ့ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး၊ ၂ဝဝ၆ ခုနှစ်အတွင်းကလည်း နိုင်ငံတကာ သတင်းစာတစောင်ဖြစ်သည့် International Herald Tribune တွင် 'မြန်မာပြည်သူများ ဒီမိုကရေစီကို ထပ်မစောင့်နိုင်တော့ပါ' ခေါင်းစဉ်နှင့် ရေးသားခဲ့သည့်အတွက် တလခန့် ရေးသားခွင့် ပိတ်ပင်ခံခဲ့ရသည်။


တရုတ်အစိုးရကို ထိုင်း-မြန်မာ တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

သန်းထိုက်ဦး
Friday, 21 March 2008 15:54 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တရုတ်အစိုးရက တိဘက်သံဃာတော်များအား အကြမ်းဖက် နှိမ်နင်းမှုအပေါ် ဆန့်ကျင် ဆန္ဒပြပွဲတရပ်ကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် မြန်မာနှင့် ထိုင်းလူမျိုးများက ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

"တိဘက်နဲ့ မြန်မာ လွတ်မြောက်ပါစေ" "နအဖကို မထောက်ခံနဲ့" "အိုလံပစ်ကို သပိတ်မှောက်" "မြန်မာနဲ့ တိဘက်ကို သတ်သူ တရုတ်" အစရှိသည့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့ ပေါင်းစုထားသည့် Action Group For Peace- AGP က ဦးဆောင်၍ ဆန္ဒပြကြခြင်း ဖြစ်သည်။

"အဓိက ရည်ရွယ်ချက်က နှစ်ပိုင်းရှိတယ်။ တပိုင်းက အခုလောလောဆယ် ဖြစ်နေတဲ့ တိဘက်ဘုန်းကြီးတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ ရပ်တန့်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ တိဘက်လူမျိုးတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးအရ ဖြေရှင်းဖို့နဲ့ အကြမ်းဖက်နည်း မသုံးဖို့ တောင်းဆိုတယ်" ဟု AGP မှ ကိုဝင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြသူများသည် ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းဓာတ်ပုံများလည်း ကိုင်ဆောင်ခဲ့ကြသည်။

"သူတို့ဘက်မှာ ရှိတယ်၊ ထောက်ပံ့မယ်ဆိုတဲ့ ရပ်တည်ချက်ကို ပြချင်လို့လေ။ နောက် နိုင်ငံတကာကနေ အာရုံစိုက်မှုတခု ရဖို့ပေါ့နော်။ မြန်မာပြည်ကိစ္စနဲ့ ထိစပ်ပြီး ပြောတယ်ဆိုတာက အခြေအနေက အရမ်းကြီးကို တူနေတယ်။ တိဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို ပြန်ကြည့်ရင် မြန်မာပြည်မှာ စက်တင်ဘာတုန်းက ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ အရမ်းတူတယ်။ ဒါကြောင့် မြန်မာပြည်အကြောင်း အဓိက ပြောရင်းနဲ့ ဒီအကြောင်းကို တွဲဖက်ပြီးတော့ ပြောတာပေါ့လေ" ဟု AGP မှ ရှမ်းအမျိုးသမီးတဦးဖြစ်သူ ယင်တိဇမ် (Ying Tzarm) က ပြောသည်။

AGP တွင် မြန်မာ၊ ထိုင်း အန်ဂျီအိုအဖွဲ့များနှင့် စိတ်ပါဝင်စားသူ တသီးပုဂ္ဂလများက အခါအားလျော်စွာ လိုအပ်သည့် လှုပ်ရှားမှုများ ပူးတွဲ ပြုလုပ်ရန် ပူးပေါင်းထားခြင်း ဖြစ်သည်။

တိဘက်ဒေသ မြို့တော်လာဆာတွင် ယခုရက်ပိုင်းအတွင်း တိဘက် ရဟန်းပြည်သူ ဆူပူအုံကြွမှုများ ဖြစ်ပွားရာ တရုတ်အစိုးရက ပစ်ခတ် နှိမ်နင်းသဖြင့် သံဃာလူထု ၉၉ ဦး သေဆုံးခဲ့သည်ဟု အဝေးရောက် တိဘက်အစိုးရက ကြေညာခဲ့သော်လည်း တရုတ်အစိုးရကမူ ၁၃ ဦးသာ သေဆုံးခဲ့သည်ဟု ဆိုသည်။

"ကျမတို့ နောက်ထပ် လှုပ်ရှားမှုတွေတော့ ရှိနေမှာပဲလေ။ အခုလောလောဆယ်ကတော့ ဒီနေ့ လှုပ်ရှားသွားတဲ့ လှုပ်ရှားမှုတခုပေါ့။ ဒါပေမဲ့ အခြေအနေက ဆိုးရွားနေသရွှေ့၊ ဆက်ပြီးတော့ ပြောင်းလဲမှု မရှိသေးသရွေ့ ကျမတို့ လှုပ်ရှားမှု တခုခုတော့ ဆက်ပြီးတော့ လုပ်ရမှာပဲ" ဟု Ying Tzarm က ပြောသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး