Tuesday, March 18, 2008

မေဆွိ သေဆုံးသည် ဆိုသော သတင်းမှားကြောင်း မိသားစုဝင်တဦးပြော

အဆိုတော် မေဆွိ၏ မိသားစုများက မေဆွိနှင့် ပတ်သက်သော ကောလာဟလသတင်းကို မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်သည်။

မေဆွိနှင့် ယနေ့နံနက်က တယ်လီဖုံးမှတဆင့် စကားပြောဖြစ်ကြောင်းနှင့် သူမ ကျန်းမာရေးကောင်းမွန်ပါသည်ဟု မိသားစုဝင်တဦးက ရန်ကုန်မှ မဇ္ဈိမသို့ ပြောပြသည်။

နိုင်ငံကျော် အဆိုတော်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကားတိုက်မှု ဖြစ်၍ ကွယ်လွန်သွားခဲ့သည် ဆိုသော အင်တာနက် စာမျက်နှာတခုသည် ပြည်တွင်း ပြည်ပ အင်တာနက်သုံး မြန်မာများအကြား ပျံ့သွားခဲ့သည်။


တိဘက်တွင် အကြမ်းဖက်မှု ရပ်ရန် မြန်မာသံဃာတော်များ တောင်းဆို

ဖနိဒါ
Monday, 17 March 2008 19:33 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ တရုတ်အာဏာပိုင်များအနေဖြင့် ဆန္ဒပြ တိဘက် ရဟန်းတော်များနှင့် ပြည်သူများကို အကြမ်းဖက် နှိမ်နင်းခြင်းကို ရပ်တန့်ပြီး ညှိနှိုင်း ဆွေးနွေး အဖြေရှာရန် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်က ယမန်နေ့က တောင်းဆိုလိုက်သည်။

တိဘက်ဒေသတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် ဖမ်းဆီးထားသော ရဟန်းတော်များအား လွတ်ပေးရေး တောင်းဆို ဆန္ဒပြခဲ့သည့် တိဘက် ရဟန်းတော်များနှင့် ဆန္ဒပြ ပြည်သူများကို တရုတ်အစိုးရအာဏာပိုင်များက မတ်လ ၁၄ ရက်နေ့က စတင်ပြီး အင်အားသုံး ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သဖြင့် ရပ်တန့်ရန် မြန်မာရဟန်းတော်များက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာ ရဟန်းတော်များအနေဖြင့် ညီအကိုတော် တိဘက် ရဟန်းများ၏ လုံခြုံရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့်တို့အတွက် အထူး ရင်လေးမိသည်ဟု အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်တွင် ဆိုထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံဃာအဖွဲ့ ဒုဥက္ကဌ အရှင်ပညာသာမိက "တရုတ်အစိုးရရဲ့ ညှဉ်းပမ်း နှိပ်စက်မှုတွေဟာ ဗုဒ္ဓဘာသာကို စော်ကားလိုက် တာပဲ။ ဒါတွေ မလုပ်ဖို့ တရုတ်အစိုးရကို တောင်းဆိုတယ်။ တိဘက်က ဆရာတော် သံဃာတွေကို ရိုက်တယ်။ ထောင်ချတယ်။ ဦးဇင်းတို့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ မြန်မာသံဃာ ပဲဖြစ်ဖြစ်၊ တိဗက်သံဃာပဲ ဖြစ်ဖြစ် ဘယ်သံဃာမဆို အကြမ်းဖက်ခြင်းကို မလိုလားဘူး။ ဒီလို ရက်ရက်စက်စက် လုပ်တာကို သသနာ့ဥသျှောင် အနေနဲ့ လုံးဝကန့်ကွက်တယ်" ဟု မဇ္ဈိမကို ပြောသည်။

တရုတ်အာဏာပိုင်များက ဘုန်းတော်ကြီးကျောင်းများကို စီးနှင်းဝင်ရောက်ပြီး ချိတ်ပိတ်ခြင်းများကို လုပ်ဆောင်နေခြင်းများမှာ မြန်မာစစ်အစိုးရ၏ လုပ်ရပ်နှင့် တူညီနေသည်ဟုလည်း အရှင် ပညာသာမိက မှတ်ချက်ချသည်။

သာသနာ့ ဥသျောင်အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး အရှင် ဦးဥတ္တရကလည်း "ဘာသာရေး စစ်ပွဲကို တရုတ်နဲ့ မြန်မာစစ်အစိုးရ ကတော့ ဆင်နွဲနေပြီ။ အဲဒါကြောင့် ဘာသာရေးစစ်ပွဲ ရပ်တန်းက ရပ်သွားအောင် အားပေးကူညီကြပါလို့ ကမ္ဘာအရပ်ရပ်မှာရှိနေတဲ့ အစိုးရ အဖွဲ့တွေနဲ့ ကမ္ဘာ့မိသားစုများ အားလုံးကို ပန်ကြားလိုပါတယ်" ဟု ပြောသည်။

တိဘက်ဘုန်းတော်ကြီးများ၏ ခံစားချက်များနှင့် ထပ်တူဖြစ်သည်ကို ပြသလိုသောအားဖြင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများက လန်ဒန်ရှိ ရဟန်းတော်များ၊ တိဗက် ကမ်ပိန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ ယနေ့ညနေ ၄ နာရီမှ ၇ နာရီအထိ လန်ဒန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြမည်ဟု သိရသည်။



KNU ဗိုလ်ချုပ်ကြီးမြ၏ သားကြီး စောနေကော်မြ ကွယ်လွန်

သန်းထိုက်ဦး
Monday, 17 March 2008 16:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ကရင့်အမျိုးသား အစည်းအရုံး (KNU) ၏ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားကြီး ဖြစ်သူ စောနေကော်မြသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆေးရုံတခုတွင် ယမန်နေ့ ညနေ ၆ နာရီခန့်က ဆီးချို၊ ကျောက်ကပ်ရောဂါနှင့် ကွယ်လွန်သွားခဲ့သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၊ တပ်ရင်း ၂ဝ၂ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောနေကော်မြ (၄၄ နှစ်) သည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ လန်းနား ပုဂ္ဂလိက ဆေးရုံတွင် လွန်ခဲ့သည့် ၂ ရက်ခန့်မှ စတင်ကာ ဆီးချိုနှင့် ကျောက်ကပ်ရောဂါ တက်ရောက် ကုသနေခဲ့ရာ ယမန်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

"ကျနော်ကြားတာက သူ့မှာက ဆီးချိုရှိတယ် ခင်ဗျာ။ နောက်ပြီးတော့ သူ့ ကျောက်ကပ်နဲ့ အသည်းက သိပ်အလုပ်မလုပ်ဘူးလို့ ပြောတယ်။ ဒီ ဇင်းမယ် (ချင်းမိုင်) လာတဲ့အချိန်မှာ သူ သတိမရတော့ဘူးလေ။ ဆေးရုံရောက်ပြီး နှစ်ရက်လောက် ကြာတယ်၊ ဆုံးသွားပါတယ်" ဟု ကေအန်ယူ (ဗဟို) ပြောရေးဆိုခွင့်ရှိသူ စောဒေးဗစ်ထော်က မဇ္ဈိမကို ပြောသည်။

ယနေ့နံနက် ၁၁ နာရီခန့်က သူ့ရုပ်ကလပ်ကို လန်းနားဆေးရုံမှ ၂ဝ၂ တပ်စခန်း တည်ရှိရာသို့ ကားနှင့် သယ်ယူသွားပြီး ဈာပန အခမ်းအနားကို တပ်ရင်းဒေသ၌ပင် လာမည့် ၁၉ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်သည်။

သူသည် KNLA တပ်ရင်းမှူးအဖြစ် ၂ဝဝ၂ ခုနှစ်တွင် စတင် တာဝန်ယူခဲ့သည်။

ကွယ်လွန်ချိန်၌ ဇနီးသည် နော်ပလေးနှင့်အတူ သား တဦး၊ သမီး တဦး ကျန်ရစ်သည်။

စောနေကော်မြ သည် ကွယ်လွန်သူ KNU ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ဆရာမ နော်လားဖိုး၏ သားသမီး ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။



ဗိုလ်ချုပ်မှူးကြီး၏သမီး သန္တာရွှေ ပရိဘောဂပြပွဲမှာ အလှူခံထွက်

မဇ္ဈိမသတင်းဌာန
Monday, 17 March 2008 14:09 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏သမီး ခင်သန္တာရွှေသည် မြန်မာပရိဘောဂပြပွဲ လာရောက်ပြီး ဒေါ်လာ တသောင်းဖိုးခန့်ရှိသော ပရိဘောဂများ အလှူခံသွားခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်၊

မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ (အင်ဗွိုင်းခန်းမ)ရှိ မြန်မာ့ပရိဘောဂပြပွဲ- ၂ဝဝ၈ သို့ ရောက်ရှိလာပြီး ကင်တာအမျိုးအစား ကုန်တင်ထရပ်ကားတစီးစာ အလှအပတန်ဆာဆင် သစ်ထည်များနှင့် ပရိဘောဂများ ရယူသွားခြင်းဖြစ်သည်။ Golden Pollen Myanmar ကုမ္ပဏီက ပစ္စည်းအများဆုံး ပါသွားသည်။

"သူလိုချင်တာတွေကို ငွေချေတာ မလုပ်ဘဲနဲ့ ယူတယ်။ ကုမ္ပဏီတွေကလည်း ငွေမတောင်းရဲဘူးလေ၊ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ့သစ်လုပ်ငန်းနဲ့ လုပ်ပြီး ထုတ်ကုန် သွင်းကုန် လိုင်စင်တွေ ယူထားရတာကိုး" ဟု သစ်ကုမ္ပဏီ သတင်းရပ်ကွက်တခုက ပြောသည်။

အခြားသော ကုမ္ပဏီတခုက ဝန်ထမ်းတယောက်ကမူ သူ၏ ကုမ္ပဏီက အခမဲ့ ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

၂ နှစ်တကြိမ် ကျင်းပသည့် ပရိဘောဂပြပွဲကို ယခုနှစ်တွင် မေလ ၃ ရက်မှ ၇ ရက်အထိ ကျင်းပရန် သတ်မှတ်ခဲ့သော်လည်း နောက်ထပ် ၂ ရပ် ထပ်မံ တိုးပြသခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့၏ သမီးတဦးဖြစ်သော သန္တာရွှေသည် ဇူလိုင် ၂ဝဝ၆ ခုနှစ်က မင်္ဂလာခွေကြောင့် လူသိများခဲ့သည်။ ထိုမင်္ဂလာဆောင်ခွေထဲတွင် သတို့သမီးဖြစ်သော သူမသည် စိန်အလုံးပေါင်း မြောက်များစွာ ဝတ်ဆင်ခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်သော မြန်မာနိုင်ငံတွင် လက်ဖွဲ့များ အပါအဝင် ဒေါ်လာသန်း ၅ဝ အထိပင် ကုန်ကျမှု ရှိခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သော မင်္ဂလာဆောင်ပွဲ အခွေကို မြန်မာနိုင်ငံတွင် တင်းကြပ်စွာ ပိတ်ပင် တားမြစ်ကာ လက်ဝယ်ရှိသူများ ထောင်ချခဲ့မှုများပင် ရှိခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates