Friday, March 14, 2008

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံ အလည်အပတ် ရောက်ရှိနေ

ထိုင်းဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီး မစ္စတာ ဆမာက့် ဆွန်ဒါဗက်သည် တရက်တာ အလည်အပတ် ခရီးစဉ်အတွက် မြန်မာနိုင်ငံသို့ သောကြာနေ့ နံနက်က ရောက်ရှိနေပြီ ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်နှင့်အတူ ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုပေါင် ပါအိုချင်တာ၊ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ် ဆီလီပေါင် ဘွန်းဖတ်နှင့် နိုင်ငံခြားရေးဝန်ကြီး နိုပါဒွန် ပတ်တာမာ တို့ လိုက်ပါလာသည်။


နှစ် ၂ဝ ကြာသော်လည်း လူ့အခွင့်အရေး တိုးတက်မှုမရှိ

မဇ္ဈိမသတင်းဌာန
Thursday, 13 March 2008 20:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့်ကာလက လူ့အခွင့်အရေးအခြေအနေနှင့် ယနေ့ခေတ် လူ့အခွင့်အရေး အခြေအနေတို့ ပြောင်းလဲခြင်းမရှိဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ယနေ့ ဝေဖန်လိုက်သည်။

အရပ်သားနှင့် ကျောင်းသားများ ခိုက်ရန် ဖြစ်ပွားရာ၌ ကျောင်းသားများအပေါ် အငြှိုးတကြီး ရှိခဲ့သည့် ကွန်လွန်သူ ဦးနေဝင်း၏ လက်မရွံ့ တပ်သားများက ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းဝင်းအတွင်း ပစ်ခတ်သဖြင့် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့အဖြစ် ဒီမိုကရေစီရေးလှုပ်ရှားသူ အများအပြားက သတ်မှတ်ထားသည့် ယနေ့တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေက HRDP မှ ဦးဆောင်လှုပ်ရှားသူ ဦးမြင့်အေးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ယနေ့ထက်ထိ မြန်မာပြည်မှာ လူ့အခွင့်အရေးအနှစ်သာရတွေက ပြည်သူတွေထဲမှာ မောင်ဖုန်းမော်ကျဆုံးတဲ့ အချိန်တုန်းကလိုပဲ ဆုံးရှုံးဆဲပဲလို့ ကျနော်ကတော့ သတ်မှတ်ရမှာပဲ” ဟု ဦးမြင့်အေးက ပြောသည်။

နအဖ အနေနှင့် မြန်မာပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့ပါးလာစေရန် လုပ်ဆောင်နေသည်ဟု ကုလသမဂ္ဂတွင် ပြောဆိုခြင်း၊ အာဆီယံချာတာတွင် လူ့အခွင့်အရေးဆိုင်ရာ စာချုပ် လက်မှတ်ထိုးသော်လည်း ပြည်သူလူထုမှာ လူ့အခွင့်အရေးများ ကင်းမဲ့နေပြီး အာဏာပိုင်များ၏ ဗိုလ်ကျစိုးမိုးမှု၊ အဓမ္မပြုကျင့်မှုများကိုသာ ခံစားနေရသည်ဟု HRDP က ဆိုသည်။

“လူ့အခွင့်အရေး ချိုးဖောက်မှုခံရလို့ တိုင်ခဲ့ရင်တောင်မှ အဲဒီလူကို ပြန်တရားစွဲတာကို ကျနော်တို့ ကိုယ်တွေ့အဖြစ် ကြုံတွေ့နေရလို့ ကျနော်တို့ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ဘာအကောင်အထည် ဖော်တာလည်း မရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ဦးမြင့်အေးက ဆိုသည်။

လွန်ခဲ့သည့် ၂ဝဝ၆ ခုနှစ်ကုန်ပိုင်းက ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ညောင်ပင်သာအုပ်စု ပိန္နဲကုန်းကျေးရွာမှ လယ်သူမကြီး ဒေါ်ခင်ဝင်းက ကျေးရွာအာဏာပိုင်များ၏ လာဘ်စားမှုကို မကျေနပ်သဖြင့် ကော့မှူးမြို့နယ် တရားရုံးကို တိုင်တန်းခဲ့ရာ ကျေးရွာအာဏာပိုင်များက အသရေဖျက်မှုဖြင့် ပြန်လည် တရားစွဲဆိုခဲခြင်းကြောင့် ထောင်ဒဏ် ၃ လ ကျခံခဲ့ရခြင်းသည် တရားဥပဒေအရ ညီမျှမှု မရှိခြင်း၏ အကောင်းဆုံးဥပမာဖြစ်သည်ဟု HRDP က ဆိုသည်။

နအဖက မေလတွင် ကျင်းပမည်ဆိုသည့် လူထုဆန္ဒခံယူပွဲနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒများကို ထုတ်ဖော် ပြောဆိုသည့် လူငယ်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး ထောက်ခံအားပေးသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုမူ အထူး အခွင့်အရေးများ ပေးနေခြင်း စသည့် အခွင့်အရေး မညီမျှမှုများ ရှိနေသည်ဟုလည်း ဆက်လက် ပြောဆိုသည်။

“ကျနော် ပြောချင်တာက မြန်မာပြည်မှာ ဥပဒေနဲ့ ပတ်သက်လို့ တဖက်စောင်းနင်း ဖြစ်နေတယ်။ အုပ်ချုပ်ရေး အာဏာကို တဖက်စောင်းနင်း အသုံးချနေတယ်။ တဖက်က ကမ်းပြိုနေတယ်၊ တဖက်ကတော့ သောင်ထွန်းနေတယ်။ အဲဒါက လူ့အခွင့်အရေးစံချိန် စံနှုန်းနဲ့ လုံးဝမကိုက်ညီပါဘူးခင်ဗျာ” ဟု ဦးမြင့်အေး က ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုသည့် အခမ်းအနားတရပ်ကို ယနေ့တွင် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာနိုင်ငံသားများနှင့်အတူ ကျင်းပခဲ့သည်။

အဖွဲ့၏ ဦးဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနေ့ သတ်မှတ်ခဲ့တာ နှစ် ၂ဝ ရှိခဲ့ပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေက တိုးတက်ကောင်းမွန်တာ မရှိဘဲ ဆုတ်ယုတ်လာတာပဲ တွေ့ရတယ်” ဟု ပြောသည်။

အခမ်းအနားတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေး အစီအစဉ်များ၊ သီချင်းနှင့် ပြဇာတ်များ ပါဝင်ပြီး မေလတွင် ကျင်းပမည့် လူထုဆန္ဒခံယူပွဲတွင် မဲထည့်သည့် ပြဇာတ်တခုကိုလည်း ထူးခြားစွာ တင်ဆက်သွားသည်။

ယနေ့ကို ကိုဖုန်းမော် သေဆုံးခဲ့ရသည့် မတ်လ ၁၃ ရက်နေ့ကို တန်ဖိုးမဖြတ်နိုင်သောနေ့အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ရောက် မြန်မာနိုင်ငံသားများကလည်း အခမ်းအနား ကျင်းပခဲ့သည်။

“နိုင်ငံအတွက် ဒီလိုစံပြုထိုက်တဲ့လူငယ်တွေကို အမြဲသတိရ နေစေဖို့အတွက်လည်း ရည်ရွယ် ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ဆရာတော် ဦးထာဝရက မဇ္ဈိမကို မိန့်ကြားသည်။

အခမ်းအနားတွင် လူအင်အား ၄ဝ ကျော်ခန့် တက်ရောက်ခဲ့ပြီး ညနေပိုင်း ၂ နာရီမှ ၃ နာရီခွဲအထိ ကျင်းပခဲ့သည်။



ကုမုဒြာဂျာနယ် တဖြစ်လဲ မော်ဒန် သတင်းဂျာနယ်

နန်းဒေဝီ
Thursday, 13 March 2008 19:00 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တခု ဖြစ်ခဲ့သည့် ‘ကုမုဒြာဂျာနယ်’ အား ‘မော်ဒန်သတင်းဂျာနယ်’ အဖြစ် ယခုနှစ် မတ်လ ၂၁ ရက်နေ့မှ စတင်ကာ အမည်ပြောင်းလဲ ထုတ်ဝေသွားမည် ဖြစ်သည်။

လိုင်စင် သက်တမ်း တိုးမြှင့်ရေးကိစ္စတွင် ဂျာနယ်တိုက်နှင့် ထုတ်ဝေခွင့် လိုင်စင် ပိုင်ရှင်အကြား သဘောထားကွဲလွဲမှု ဖြစ်ရာမှ ကုမုဒြာကို ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းမှ စတင်ကာ ရပ်ဆိုင်းထားခဲ့ပြီးနောက် ယခုအခါ ‘မော်ဒန်သတင်းဂျာနယ်’ အမည်ဖြင့် ပြောင်းလဲ ထုတ်ဝေသွားရန် ဂျာနယ်တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီလ ၂၁ ရက်နေ့ ပြန်ထွက်ပါမယ်။ ဒီဇိုင်းတွေက အစပေါ့နော်။ ဝန်ထမ်းတွေက ကုမုဒြာအတိုင်းပါပဲ။ ဘာမှ ပြောင်းလိုက်တာ မရှိပါဘူး။ ပရိသတ်နဲ့ အဆက်ပြတ်နေတာကြာတော့ ဒီနာမည်နဲ့ပဲ ပုံမှန်ပြန်ထုတ်လိုက်တဲ့ သဘောပါပဲရှင့်။ ကုမုဒြာနေရာမှာ မော်ဒန်ဆိုပြီး ခေါင်းစဉ်ပြောင်းလိုက်တဲ့ သဘောပါပဲရှင့်။ နာမည် ပြောင်းတာပါပဲရှင်။ ကျန်တာတော့ အကုန်လုံး အတူတူပါပဲရှင်” ဟု ဂျာနယ်တိုက်နှင့် နီးစပ်သည့် စာပေအသိုင်းအဝိုင်းက မဇ္ဈိမကို ပြောသည်။

ဂျာနယ်တိုက်နှင့် ထုတ်ဝေခွင့် ရရှိထားသည့် ကဒ်ပိုင်ရှင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဗိုလ်မှူးမြတ်သူရ (အငြိမ်းစား) တို့အကြား လိုင်စင် သက်တမ်းတိုးရန် ငွေကြေးတိုးမြှင့်ခဲ့သည့်အပေါ် ညှိနှိုင်း မရခဲ့သည့်အတွက် ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ကာ ကုမုဒြာဂျာနယ်ကို ခေတ္တ ရပ်ဆိုင်းခဲ့သည်။

၂ဝဝ၁ ခုနှစ်မှ စတင်ကာ အပါတ်စဉ် ထုတ်ဝေခဲ့သော ကုမုဒြာဂျာနယ်သည် တကြိမ်လျှင် စောင်ရေ ၃ သောင်းနှင့် ၄ သောင်းအကြား ဖြန့်ချိခဲ့သည့် လူကြိုက်များသော ဂျာနယ်တခုဖြစ်ပြီး ယခုလို နာမည်ပြောင်း ထုတ်ဝေခြင်းဖြင့် ဂျာနယ်ရောင်းအား မခန့်မှန်းနိုင်သည့်အတွက် စောင်ရေတိုး ထုတ်ဝေရန် မဖြစ်နိုင်သေးကြောင်း သိရသည်။

“မော်ဒန်ဂျာနယ် စောင်ရေထုတ်တဲ့အတိုင်း ၅ဝဝဝ ကျော်လောက်ပဲ အစမ်းထုတ်မယ်။ ကြော်ငြာတယ်၊ သတင်းစာတွေထဲမှာ။ ကုမုဒြာနဲ့ မော်ဒန်ဟာ အတူတူပဲ ဆိုပြီးတော့လေ။ ဂျာနယ်က ပြည်သူကို သတင်းပေးဖို့ ဦးတည်နေတဲ့အတွက် စာဖတ်ပရိသတ်က မော်ဒန်ကို လက်ခံလာမှာပါ။ အချိန်တော့ ယူရမှာပေါ့” ဟု ဂျာနယ်တိုက်နှင့် နီးစပ်သည့် ဝါရင့်စာရေးဆရာတဦးက ပြောသည်။



မျိုးဆက်သစ်လူငယ် ကျော်ကျော်နှင့် အပေါင်းအပါတချို့ အဖမ်းခံရ

မောင်ဒီး
Thursday, 13 March 2008 18:00 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မျိုးဆက်သစ်လူငယ်များအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုကျော်ကျော်နှင့် လူငယ်နှစ်ဦး ယမန်နေ့ ညပိုင်းက အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံလိုက်ရပြီဟု နီးစပ်သူများက ယူဆနေကြသည်။

အခြေခံ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ပိုစတာ ဖြန့်ဝေခြင်း၊ အာဏာပိုင်များ ပိတ်ပင်ထားသည့် ဗီဒီယိုခွေများ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ ကိုကျော်ကျော်နှင့် People Union အဖွဲ့မှ ကိုသီဟ၊ ကိုရန်နိုင်သူတို့ ၃ ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားခဲ့ပြီဟု မိသားစုနှင့် အပေါင်းအသင်းများက ယူဆနေကြသည်။

“ကျနော်ကြားတာတော့ မနေ့ညကတည်းက သူတို့ စုရပ်မှာ အကုန်ဆွဲခံရတာတဲ့။ ရန်နိုင်သူကို မိသားစုက ဖုန်းလှမ်းဆက်တော့ ‘လူကြီးတယောက်က စိတ်မပူပါနဲ့၊ ကျနော်တို့ သူ့ကို ပြန်ဆက်ခိုင်းလိုက်ပါမယ်’ ဆိုပြီး ပြောတယ်တဲ့။ နောက်ထပ် ထပ်ခေါ်တော့ ဖုန်းက ပိတ်သွားတယ်တဲ့” ဟု ကိုရန်နိုင်သူနှင့် နီးစပ်သူတဦးက ပြောသည်။

ကိုသီဟနှင့် ကိုရန်နိုင်သူကို ယမန်နေ့ ညကတည်းက ဖမ်းဆီးသွားသည်ဟု ယူဆနေရပြီး ကျော်ကျော်ကိုမူ ယမန် နေ့လည်ကတည်းက အဆက်အသွယ လုပ်၍ မရတော့သောကြောင့် ဖမ်းဆီးခြင်း ခံနေရပြီဟု မိသားစုနှင့် အပေါင်းအသင်းများက ယူဆနေကြခြင်း ဖြစ်သည်။

“နေရာတကာမှာ သူတို့မျက်လုံးတွေပဲ။ နောက်ပြီး သူတို့ ချိတ်တဲ့ ချိတ်တွေကလည်း အကြီးကြီးတွေပဲ။ သူတို့က သိသိကြီးနဲ့ အလိုက်သင့်လေးနေပြီး စုံစမ်းနေတာ ဆိုတော့ စုရပ်ကို သိသွားတာ နေမှာပေါ့” ဟု သူက ပြောသည်။

သူတို့ကို မည်သူက ဖမ်းဆီးသွားပြီး မည်သည့် စခန်းတွင် ထိန်းသိမ်းထားသည်ကိုမူ အတည်ပြုနိုင်သည့် သီးခြား သတင်းရပ်ကွက်များ မရှိသေးပါ။

လူထု လှုပ်ရှားမှုကြောင့် အဖမ်းအဆီးခံရသူများကို စစ်ဆေးလျှင် ကြမ်းတမ်း ရက်စက်စွာ စစ်မေးလေ့ ရှိတတ်သဖြင့် ကိုကျော်ကျော်နှင့် အပေါင်းအပါများ၏ အခြေအနေအတွက် မိသားစုများက အလွန်စိုးရိမ်နေရသည်။

“အထဲမှာတော့ အသေချတာ။ ဆေးလိပ်မီးနဲ့ ဒူးခေါက်ကွေးတွေ တို့လို့ တို့။ မနက်ပိုင်းကနေ ညနေအထိ ကျောက်စရစ်ပုံပေါ်မှာ ထိုင်ရ၊ နံပါတ်တုတ်တွေနဲ့ ကျောကိုရိုက်၊ ရင်ဘတ်ကိုရိုက်နဲ့ အသေ နှိပ်စက်တာ။ ဒါတောင် ကျနော်က ဘာမှ ဟုတ်တာ မဟုတ်ဘူး။ အခု သူတို့ကျတော့ ဦးဆောင်တဲ့ အနေအထားဆိုတော့ လုံးဝ မချောင်ဘူး” ဟု စစ်ကြောရေးစခန်း ရောက်ဖူးသူ လူငယ်တဦးက ပြောသည်။

ယခု ရက်ပိုင်းအတွင်း မျိုးဆက်သစ် လူငယ်အစည်းအရုံးမှ လူငယ် ၄ ဦးအဖမ်းအဆီးခံရပြီး သူတို့ကို အကြမ်းကိုင် စစ်မေးပြီး ကိုကျော်ကျော်နှင့် လူငယ်နှစ်ဦးကို ဖမ်းဆီးနိုင်ခြင်း ဖြစ်သည်ဟုလည်း အပေါင်းအပါများက ယူဆနေကြသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates