Wednesday, February 27, 2008

သက်ဆင် ထိုင်းနိုင်ငံကို ပြန်လာတော့မည်

မဇ္ဈိမသတင်းဌာန
Wednesday, 27 February 2008 15:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်သည် မနက်ဖြန် နံနက် (၉း၎ဝ) နာရီတွင် ဟောင်ကောင်မှတဆင့် ထိုင်းလေကြောင်းလိုင်းဖြင့် ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာတော့မည်ဟု လေဆိပ် လူဝင်မှုကြီးကြပ်ရေး အရာရှိများကို ကိုးကား၍ သတင်းများက ဆိုသည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Noppadon Pattama ကလည်း သက်ဆင်သည် မနက်ဖြန် နံနက်တွင် ပုဂ္ဂလိက လေကြောင်းလိုင်းဖြင့် သုဝဏ္ဏဘူမိသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း အင်္ဂလိပ် ဘာသာဖြင့် ထိုင်းနိုင်ငံတွင် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာသို့ အတည်ပြု ပြောကြားသည်။

၂ဝဝ၆ ခုနှစ်၊ စက်တင်ဘာလကတည်းက ပြည်ပတွင် တိမ်းရှောင်နေရသော ဝန်ကြီးချုပ်ဟောင်းသည် ဘန်ကောက်သို့ ခြေချလျှင်ချချင်း ရဲလက်သို့ အဖမ်းခံမည် ဖြစ်ပြီး သူအပေါ် စွပ်စွဲခံထားရသော လာဘ်စားမှု ကိစ္စအတွက် ဗဟိုတရားရုံးချုပ်သို့ သွားရောက်မည်ဟု သက်ဆင်၏ ကိုယ်ရေးအရာရှိနှင့် ဥပဒေအကြံပေးတို့က သတင်းထောက်များအား ပြောသည်။

ဝန်ကြီးချုပ်ဟောင်းသည် သူအာဏာရှိစဉ် ၂ဝဝ၃ ခုနှစ်က ဘန်ကောက်ရှိ နိုင်ငံတော်ပိုင် မြေကို ကာလပေါက်ဈေး၏ (၃) ပုံတပုံဈေး လျှော့ဝယ်ခဲ့သော ကိစ္စနှင့်၊ ၎င်းပိုင်ဆိုင်သော ငွေသန်းပေါင်းများစွာကို စာရင်း ထိန်ချန်မှုဖြင့် ဝရမ်း ထုတ်ခံထားရသည်။

ယင်းအမှု နှစ်ရပ်စလုံးကို အာဏာသိမ်းအစိုးရက ဖွဲ့စည်းထားသော အထူးကော်မတီ တရပ် (Assets Examination Committee) က ကိုင်တွယ်မည် ဖြစ်ပြီး သက်ဆင်က ကော်မတီသည် ဘက်လိုက်မှုရှိသည်ဟု အစောပိုင်းက စွပ်စွဲထားသည်။

သက်ဆင်၏ မဟာမိတ်များဖြင့် ဖွဲ့စည်းထားသော ပီပီပီ ခေါ် (People Power Party) ပါတီက ၎င်းတို့အနေဖြင့် အစိုးရတရပ် ပေါ်ပေါက်လာလျှင် အာဏာသိမ်းအဖွဲ့က ဖွဲ့စည်းထားသော အထူး ကော်မတီကို ဖျက်သိမ်းရန် စဉ်းစားမည်ဟု အစောပိုင်းက ဆိုခဲ့သည်။

၂ဝဝ၆ စက်တင်ဘာက စစ်တပ်က အာဏာသိမ်းမှု အပြီး ဒီဇင်ဘာ (၂၃) ရက်နေ့က ပထမဆုံး ပြုလုပ်သော ရွေးကောက်ပွဲတွင် ရာထူးမှ ဖြုတ်ချခံလိုက်ရသော သက်ဆင်၏ မဟာမိတ်များ အများစု အမတ်နေရာ ရခဲ့ပြီး အခြားပါတီငယ် (၅) ခုနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့သည်။

သက်ဆင်သည် သူ၏ ပြည်တော်ပြန် အစီအစဉ်ကို သူ၏ မဟာမိတ်များက အနိုင်ရပြီးကတည်းက ကြေညာထားပြီး သူ၏ ကိုယ်ပိုင် ဝဘ်ဆိုဒ်ဖြစ်သော www.hi-thaksin.org တွင် “ချစ်သော သက်ဆင်၏ အိမ်အပြန်ခရီးကို ကြိုဆိုကြပါ” ဟု မနေ့က စတင် ရေးသားလိုက်သည်။

သက်ဆင်၏ ဇနီးဖြစ်သူ Pojamarn Shinawatra သည် ဇန်နဝါရီလ (၈) ရက်နေ့က ဟောင်ကောင်မှအပြန် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်တွင် အလားတူ အဖမ်းခံခဲ့သည်။ သူမသည် သက်ဆင်ကို စွပ်စွဲထားသော ပထမအမှု အတွက် နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် စွဲချက် တင်ခံထားရပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ်အနှစ် (၂ဝ) ကျခံရဖွယ် ရှိသည်။

သက်ဆင်ကို ထောက်ခံသူများက တနှစ်ခွဲနီးပါးကြာ ကွဲကွာနေသော ဝန်ကြီးချုပ်ဟောင်းနှင့် လေဆိပ်တွင် တွေ့ခွင့်ရရေးအတွက် လက်ရှိ အာဏာရပါတီ အဖွဲ့ဝင်တဦးမှတဆင့် လေဆိပ်မှ တာဝန်ရှိသူများထံ မေတ္တာ ရပ်ခံထားပြီး၊ လေဆိပ်တွင် သက်ဆင် ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား အချင်း ဖြစ်ပွားနိုင်သဖြင့် အာဏာပိုင်များကလည် လေဆိပ်လုံခြုံရေးကို ပုံမှန်ထက် တင်းကြပ်ထားသည်ဟု သတင်းများက ဆိုသည်။

သက်ဆင်သည် ဖျက်သိမ်းခံထားရသော ထိုင်းရတ်ထိုင်း ပါတီ၏ ခေါင်းဆောင်ဖြစ်ပြီး၊ ၎င်းပါတီသည် ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပသော ရွေးကောက်ပွဲတွင် အမတ်နေရာ (၅ဝဝ) အနက် (၃၇၇) နေရာဖြင့် အပြတ် အသတ် နိုင်ခဲ့သည်။ သို့သော် စက်တင်ဘာ အာဏာသိမ်းမှု အပြီးတွင် ထိုင်းရတ်ထိုင်း ပါတီမှ အမတ် (၁၁၁) ဦးကို အရွေးခံခွင့် ပိတ်ပင်ခံခဲ့ရပြီး သက်ဆင်ကိုလည်း နိုင်ငံရေးမှ (၅) နှစ် ကင်းကင်းရှင်းရှင်းနေရန် တားမြစ်ထားသည်။

ဖျက်သိမ်းခံ ထိုင်းရတ်ထိုင်းပါတီ (Thai Rak Thai) မှ အဖွဲ့ဝင် (၂၅ဝ) ဖြင့် ပါဝင် ဖွဲ့ထားသော အာဏာရ ပီပီပီ (People Power Party) ပါတီခေါင်းဆောင်၊ လက်ရှိ ဝန်ကြီးချုပ် မစ္စတာ စမတ် (Smak) က သူ၏ အစိုးရအဖွဲ့သည် သက်ဆင်၏ အကြံဥာဏ်ကို ရယူသွားမည် ဖြစ်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းသည် တိုင်းပြည်အတွက် မှားယွင်းသော လုပ်ရပ်ဟု သူ့အနေဖြင့် မယူဆကြောင်း တရားဝင် ထုတ်ပြောထားသည်။



အမေရိကန်က ဘိန်းဖြူခေါင်းကိုင် ဖခင်ကြီးကို ပိတ်ဆို့အရေးယူ

မဇ္ဈိမသတင်းဌာန
Tuesday, 26 February 2008 23:15 - မြန်မာစံတော်ချိန်

မြန်မာစစ်အစိုးရ၏ စီးပွါးရေး အကျိုးခံစားခွင့်များကို ရည်ရွယ် ပြုလုပ်နေသော ပိတ်ဆို့ အရေးယူမှုများထဲမှ ယခု နောက်ဆုံး ပြုလုပ်လိုက်သော ပိတ်ဆို့မှုမှာ ယခင် မူးယစ်ဆေးဝါး ရာဇာကြီးတဦး ဖြစ်သော လော်စစ်ဟန်နှင့် သူ့မိသားစု၏ စီးပွါးရေး လုပ်ငန်းများအပေါ် အမေရိကန်က ချိန်ရွယ်ပြုလုပ်လိုက်သော ပိတ်ဆို့မှု ဖြစ်သည်။

ယခုအခါ သူ၏သားက ဦးစီး လုပ်ကိုင်နေသော “လော်” ၏ ကော်ပိုရေးရှင်း ဖြစ်သော အေးရှားဝေါလ်ဒ် ကုမ္ပဏီ လီမိတက်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် အဝေးပြေး လမ်းမကြီးများ၊ ဆိပ်ကမ်းများနှင့် အခြား အစိုးရ၏ အထောက်အကူပြု အဆောက်အအုံများ တည်ဆောက် ပေးနေသည့် ကုမ္ပဏီ ဖြစ်ပြီး သမတဘုရှ်က “စစ်အစိုးရ၏ စားဖော်စားဖက်” ဟု ကင်ပွန်း တပ်ထားသော ကုမ္ပဏီလည်း ဖြစ်သည်။

“ကျွန်ုပ်တို့ မူဝါဒ၏ အစိတ်အပိုင်း တရပ်မှာ စစ်မှန်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးကို အားပေး မြှင့်တင်ရန် ဖြစ်သည်။ အမေရိကန် အစိုးရသည် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရာ၌ စစ်အစိုးရ အဖွဲ့ဝင်များနှင့် သူတို့၏ စားဖော်စားဖက် ကုမ္ပဏီများ၏ ရပိုင်ခွင့်များကိုသာ အာရုံစူးစိုက်၍ ချိန်ရွယ် ပြုလုပ်သည့် မူကို ဆက်လက် ထိန်းသိမ်းထားသည်။ ယင်း ကုမ္ပဏီများသည် စစ်အစိုးရ၏ ညံ့ဖျင်းသော အုပ်ချုပ်ရေးကြောင့် တတိုင်းပြည်လုံး မွဲပြာကျနေချိန်၌ ကောင်းစား နေကြသည်” ဟု ယမန်နေ့က ထုတ်ပြန်လိုက်သော အိမ်ဖြူတော် ကြေညာချက်တွင် ဖေါ်ပြထားသည်။

တဘက်က မိမိ၏ လုံခြုံရေးကို အထောက်အကူ ပြုရန်နှင့် အခြားတဘက်တွင်လည်း မူးယစ်ဆေးဝါး လုပ်ငန်းကို မိမိတို့ တိုက်ဖျက် နေပါသည်ဟု အများက ထင်မြင်ယူဆလာအောင် ၁၉၉ဝ စုနှစ်များအတွင်း လော်၏ မူးယစ်ဆေးဝါး အင်ပါယာဟောင်းကို အောင်မြင်နေသော စီးပွါးရေး ကော်ပိုရေးရှင်းကြီးအဖြစ် ပြောင်းလဲသွားစေရန် စစ်အစိုးရက ကူညီ ထောက်ပံ့ခဲ့သည်ဟု မြန်မာပြည်သား အများစုက ထင်မြင် ယူဆကြသည်။

အမေရိကန် ဘဏ္ဍာရေးဌာန၏ နောက်ဆုံး ပိတ်ဆို့ အရေးယူမှု ပြုလုပ်လိုက်သော စာရင်းတွင် လော်စစ်ဟန်၏ဇနီး စင်္ကာပူနိုင်ငံသူ စီစီလီယာနတ် Cecilia Ng နှင့် အခြား စင်္ကာပူ အခြေစိုက် ကုမ္ပဏီ ၁ဝ ခု ပါဝင်သည်။ ဤဌာနသည် ပိတ်ဆို့ အရေးယူမှုများ လုပ်ရန် တာဝန်ယူရသည့် အစိုးရ ဌာနတခု ဖြစ်သည်။ ပိတ်ဆို့ အရေးယူခံရသည့် ကုမ္ပဏီများ၏ ရရန်ပိုင်ခွင့်များကို အသွင်းအထုတ် မလုပ်နိုင်ရန် ပိတ်ပင်ထားခြင်းနှင့် ဤစာရင်းပါ ကုမ္ပဏီများနှင့် အမေရိကန် ကုမ္ပဏီများ စီးပွါးရေး ဆက်သွယ် ဆောင်ရွက်လုပ်ကိုင်မှုများ မရှိနိုင်အောင် တားမြစ် ပိတ်ပင်ခြင်းများကို ပြုလုပ်ပေးရသည်။

စစ်အစိုးရ၏ စီးပွါးရေး အကျိုးစီးပွါးများကို ဖိအားပေး အရေးယူသည့် ယခု နောက်ဆုံး ပြုလုပ်လိုက်သည့် ပိတ်ဆို့မှုတွင် ဘုရှ်အစိုးရ၏ ယခင် ပိတ်ဆို့အရေးယူမှုများကို ခံထားရပြီး ဖြစ်သည့် မြန်မာ စီးပွါးရေး လုပ်ငန်းရှင်ကြီး ဦးတေဇလည်း ပါဝင်သည်။ ယခု ပိတ်ဆို့လိုက်သော အရေးယူမှု အသစ်တွင် ၎င်းပိုင် Aureum Palace Hotels နှင့် Myanmar Treasure Resorts တို့ ပါဝင်သည်။

ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီက မြန်မာ့အရေးနှင့် စပ်လျဉ်း၍ အာဆီယံ၏ အခန်းကဏ္ဍသည် အလွန်ကြီးမားသည်ဟု ပြောဆိုခဲ့ပြီး နောက်တရက်တွင်ပင် အမေရိကန်သမတ ဘုရှ်ကလည်း တနင်္လာနေ့က အလားတူ ပြောဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် လိုအပ်ကြောင်းနှင့် တိုင်းရင်းသားများ အပေါ် စစ်ဆင် တိုက်ခိုက်နေမှုများကိုလည်း ရပ်ဆိုင်းရန်၊ ဒီမိုကရေစီ စနစ်သို့ အမှန်တကယ် ကူးပြောင်းသည့် ဖြစ်စဉ်ကို စတင်ရန် စသည့် မြန်မာပြည်သူ တရပ်လုံးက ပြသခဲ့ပြီး ဖြစ်သည့် ဆန္ဒများကို တုံ့ပြန် ဆောင်ရွက်ပေးရေးအတွက် မြန်မာ စစ်အစိုးရအပေါ် တိုက်တွန်း နားချပေးပါရန် မြန်မာ့ အိမ်နီးချင်း နိုင်ငံများနှင့် အရှေ့တောင်အာရှ ကာယကံရှင် နိုင်ငံများ အားလုံးကို ကျနော်တို့ တိုက်တွန်း အားပေးပါသည်” ဟု သမတဘုရှ် က သူ့မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

မည်သို့ပင်ဖြစ်စေ အစိုးရသည် နားလည်ရန် ခက်နေဆဲ ဖြစ်ပြီး မြန်မာပြည်တွင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ရန် ပိတ်ဆို့ အရေးယူမှုကို လက်နက်တခုအဖြစ် အသုံးချရေး အပေါ် သဘောထားများ ကွဲပြားစေခဲ့သည်။

ဖိလိပိုင်၊ အင်ဒိုနီးရှား နှင့် စင်္ကာပူတို့ကဲ့သို့ အချို့ အာဆီယံ နိုင်ငံများ အနေဖြင့် မြန်မာပြည်၏ ပြုပြင် ပြောင်းလဲရေး ခြေလှမ်းများ နှေးကွေးနေခြင်းအပေါ် အားမလိုအားမရ ဖြစ်ကြသော်လည်း အဖွဲ့ဝင် နိုင်ငံများ၏ အစိုးရများ အနေဖြင့် မိမိတို့၏ ပြည်တွင်းရေး ကိစ္စရပ်များ အပေါ် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိခြင်းကို လေးစားသည့် မူကို လိုက်နာလိုသည့် ခြားနားသော အမြင် ကိုင်စွဲထားသည့် နိုင်ငံများလည်း ရှိကြသည်။ ထိုနိုင်ငံများသည် ပိတ်ဆို့ အရေးယူမှုကို အပြည့်အဝ ထောက်ခံရန်လည်း ဝန်လေးကြသည်။

ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ယင်း၏ ဗိုလ်ချုပ်များအပေါ် ပိတ်ဆို့ အရေးယူမှုများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။ စင်္ကာပူနိုင်ငံ ဆိုလျှင် ၂ဝဝ၆-၂ဝဝ၇ ဘဏ္ဍာရေးနှစ်တွင် တရုတ်နှင့် ထိုင်းနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံ ဖြစ်သည်။ စင်္ကာပူနိုင်ငံသည် ပိတ်ဆို့ အရေးယူမှုအပေါ်သာ အားကိုးအားထား ပြုနေခြင်း၏ ထိရောက်မှု ရှိမရှိကိုလည်း မေးခွန်းထုတ်နေသူ ဖြစ်သည်။

မြန်မာ စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုသည် ထိရောက်မှု မရှိရုံသာမက မြန်မာ့ လူ့အဖွဲ့အစည်းကိုလည်း ကွဲပြားစေပြီး ဆန့်ကျင်ဘက် ရလဒ်ကိုသာ ရစေလိမ့်မည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ဂျော့ယိုး George Yeo က ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် ပြောကြားလိုက်ပြီး ပိတ်ဆို့ အရေးယူမှုကို မထောက်ခံကြောင်းလည်း ပြောကြားသွားသည်။

ထိုအတောအတွင်း ထိုင်းနိုင်ငံ အနေဖြင့်လည်း တွေ့ဆုံ ဆွေးနွေးရေးကို ထောက်ခံ အားပေးနေရာမှ ပိတ်ဆို့ အရေးယူမှု ကို ပြောင်းလဲထောက်ခံရန် ဝန်လေးနေသည်။ ထိုင်းနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဓါတ်ငွေ့လုပ်ငန်းများ၊ ရေအား လျှပ်စစ် စီမံကိန်းများမှ အကျိုးအမြတ် ရရှိနေသည်လည်း ဖြစ်သည်။

မြန်မာ စစ်အစိုးရနှင့် ပတ်သက်နေသည့် အတွက် ဗီဇာ ပိတ်ပင်ခံရသူများ စာရင်းတွင် လူပေါင်း ၉ဝဝ ခန့် ရှိကြောင်း အိမ်ဖြူတော်က ပြောကြားသည်။ ထိုပိတ်ပင်မှု အများစုကို ရွှေဝါရောင် တော်လှန်ရေးကို မြန်မာစစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီး နောက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုနှိမ်နင်းမှုတွင် အနည်းဆုံး ဆန္ဒပြသူ လူတဒါဇင်ခန့် သေဆုံးခဲ့ပြီး လူပေါင်းထောင်ချီ၍ အရမ်းကာရော ဖမ်းဆီးရာတွင် ပါသွားခဲ့သည်။



ရတနာပုံမီး ဖုန်းလိုင်းများပါ ပြတ်တောက်

သန်းထိုက်ဦး
Tuesday, 26 February 2008 17:42 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ ရတနာပုံဈေးကြီး ယမန်နေ့က မီးလောင်ခဲ့ရာတွင် ဈေးကြီးနှင့် အနီး ပတ်ဝန်းကျင်ရှိ တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်ကုန်သည်။

ယမန်နေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် ဈေးနှင့် ၃၃-၃၄ လမ်း၊ ၇၇-၇၈ လမ်းကြား အနီးတဝိုက်ရှိ နေအိမ်များမှ တယ်လီဖုန်းလိုင်းများပါ ပြတ်တောက်ကုန်ခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ အဆိုပါ မြို့ခံက “ရတနာပုံ ဈေးကြီးမှာရှိတဲ့ ဆိုင်ခန်းတွေရယ်၊ နောက် ဈေးပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကို ပေးထားတဲ့လိုင်းတွေ အလုံးပေါင်း တထောင်လောက် ရှိတယ်။ သူတို့ယူထားတာက တလုံးကို ၁ဝ သိန်းနဲ့ ဝယ်ထားရတယ်လို့ ပြောတယ်။ အခု အဲဒီဖုန်းလိုင်းတွေ အကုန် ပျက်သွားတယ်။” ဟု မဇ္ဈိမကို ပြောသည်။

အခြား ဒေသခံ တဦးကလည်း ပျက်စီးသွားသော ဖုန်းအလုံးပေါင်း ၁ဝဝဝ ခန့် ရှိနိုင်ကြောင်းနှင့် ဆုံးရှုံးမှုနှင့် ပတ်သက်၍ အာဏာပိုင်များဘက်က မည်ကဲ့သို့ ပြန်လည် ဆောင်ရွက်ပေးမည်ကို မသိရှိကြသေးဘဲ ဖြစ်နေကြောင်း ပြောပြသည်။

သူက “အခုပျက်သွားတဲ့ ဖုန်းလိုင်းနဲ့ ပတ်သက်ပြီးတော့ အခုအချိန်ထိ အာဏာပိုင်ဘက်က ဘာမှ မပြောသေးဘူး။ ဖုန်း တင်ထားတာကတော့ ဟို ၂ဝဝ၃ ခုနှစ်က တင်ထားတာ၊ ဒီ ၂ဝဝ၆ ခုနှစ်အတွင်းမှာ ရတနာပုံ ဈေးကြီး ဖွင့်တော့မှ စပြီးတော့ ရတာ။ အခု ပျက်စီးသွားတဲ့ ဖုန်းနံပါတ်တွေက ၆ နဲ့ စတဲ့ ဖုန်းတွေ” ဟု ပြောသည်။

သူက ဆက်ပြီး “ပြန်ရမယ် ကြာမယ်။ ဘယ်တော့မှန်း မပြောနိုင်သေးဘူး။ ဒီလိုမျိုး ကြီးကြီးမားမား တခါမှ မကြုံဖူးဘူး။ သေးသေးတွေတုန်းကတော့ ရတယ်” ဟု ပြောသည်။

ဤကိစ္စနှင့် ပတ်သက်၍ အချက်အလက် အသေးစိတ် သိရှိနိုင်ရန်အတွက် မန္တလေးတိုင်း တယ်လီဖုန်း ဆက်သွယ်ရေး ဌာနသို့ ဆက်သွယ်ရာတွင် ဖုန်းကိုင်မည့်သူ မရှိပါ။

မီးသတ်ကားများသည် မီးစလောင်ပြီး တနာရီကျော်ကြာမှ ရောက်လာပြီး မီးငြိမ်းသတ်ခဲ့သော်လည်း မီးသည် မီးညွန့်မကျိုးဘဲ နာရီပေါင်းများစွာ ဆက်တိုက် လောင်ကျွမ်းခဲ့သည်။

ယနေ့ မွန်းလွဲကလည်း မီးပြန်လည် တောက်လောင်မှု ဖြစ်ခဲ့သည်။ အသေးစိတ်ကို http://www.mizzimaburmese.com/content/view/645/ ဖတ်ရှု နိုင်ပါသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates