Thursday, February 28, 2008

မန္တလေးမှာ မီး ထပ်လောင်ပြန်

သန်းထိုက်ဦး
Thursday, 28 February 2008 13:51 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေး ချမ်းအေးသာစံ မြို့နယ်၌ ရှိသော ကျောင်းသားကျောင်းသူ ဘော်ဒါဆောင် တခုတွင် ယနေ့ နံနက်ပိုင်းက နာရီဝက်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ် ပြည်ကြီးရှင်ရပ်ကွက် ၃၂ - ၃၅ လမ်းနှင့် ၆၄-၆၅ လမ်းကြားတွင် တည်ရှိသော ဒေါ်နှင်းနှင်းမော်၏ ကျောင်းသား ဘော်ဒါဆောင်၌ ယနေ့ နံနက် ၁ဝ ခွဲခန့်တွင် အမျိုးသမီး အဆောင်၏ အပေါ်ဆုံး အထပ်မှ စတင်ကာ မီးစွဲလောင်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မျက်မြင်သက်သေ တဦးက ပြောသည်။

“အဓိကတော့ ကျောင်းသူလေးတွေ အဆောင်ဗျ။ အပေါ်ဆုံးအထပ်မှာ ဝါယာကြိုး ရှော့ဖြစ်ပြီးတော့ လောင်တာပဲလို့ ပြောနေကြတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “အဆောင်ထဲမှာလည်း ရေကန်တွေ ဘာတွေ ရှိတယ်။ နောက်ပြီးတော့ အဲဒီနားလေးမှာလည်း ရေမြောင်းကြီးနဲ့ နီးတယ်ဗျ။ အဲဒီမြောင်းထဲကနေ ဝိုင်းပြီး၊ မီးသတ်ပိုက်တွေနဲ့ ဝိုင်းစုပ်ပြီးတော့ ပက်လိုက်တော့ ငြိမ်းသွားတယ်။ ကျနော်ရောက်တဲ့ အချိန်ဆိုရင် မီးသတ်ကား ၁၅ စီးလောက် ရှိမယ်” ဟု ပြောသည်။

ဒေါ်နှင်းနှင်းမော် ဘော်ဒါဆောင်ကြီး၏ ခြံဝန်းထဲ၌ ၉ တန်း၊ ၁ဝ တန်း ကျောင်းသားကျောင်းသူ ၁ဝဝဝ ခန့် ရှိပြီး၊ ယောက်ျားလေး အဆောင် ၅ ထပ်တိုက် တလုံးနှင့် မိန်းကလေးအဆောင် ၂ ထပ်တိုက် ၂ လုံးရှိရာမှ မိန်းကလေးအဆောင်၏ အပေါ်ဆုံးအထပ် မီးလောင်သွားခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများ မရှိပါ။

ယခု မီးလောင်မှုသည် ယခုတပတ်အတွင်း မန္တလေး၌ ၃ ကြိမ်မြောက် ဖြစ်သည်။ တနင်္ဂနွေနေ့က ဈေးချိုအနီး ပန်းသီးဖိနပ် ဂိုဒေါင်တလုံး မီးလောင်ကျွမ်းခဲ့သလို၊ နောက်တရက်တွင် မန္တလေးတိုင်းအတွင်း ဈေးချိုပြီးလျှင် ဒုတိယ အကြီးဆုံး ဖြစ်သည့် ရတနာပုံ ဈေးကြီးတွင်လည်း အကြီးအကျယ် မီးလောင်ခဲ့သေးသည်။



ဆန္ဒခံယူပွဲကို နှောက်ယှက်လျှင် ထောင်ချမည့် ဥပဒေ စစ်အစိုးရထုတ်ပြန်

နေသွင်
Wednesday, 27 February 2008 17:49 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရက ကမကထလုပ်မည့် ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော် လုပ်ဆောင်သူများကို ထောင်ဒဏ် ချမှတ်မည့် ဥပဒေသစ်တရပ် ယမန်နေ့က ပြဌာန်းလိုက်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး၍ ထုတ်ပြန်သော ဥပဒေအမှတ် ၁/၂ဝဝ၈၊ ဥပဒေတွင် အခန်း (၁၂) ခန်း ပါဝင်ပြီး၊ အခန်း (၁ဝ)၊ ပုဒ်မ (၂၄-ဇ) တွင် ထောင်ဒဏ် ၃ နှစ်အထိ အပြစ်ပေးမည်ဟု ပါရှိသည်။

“ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ပျက်ပြားစေရန် မဲရုံအတွင်း၌ ဖြစ်စေ၊ မဲရုံပြင်ပ၌ ဖြစ်စေ အများ ပြည်သူတို့နှင့် သက်ဆိုင်သော နေရာ၌ဖြစ်စေ၊ ပုဂ္ဂလိက ပိုင်နေရာ၌ ဖြစ်စေ၊ ဟောပြောခြင်း၊ စာရွက်စာတမ်း ကမ်းလှမ်းခြင်း၊ ပိုစတာများ အသုံးပြုခြင်း သို့မဟုတ် မဲဆန္ဒပေးခြင်းကို အခြားတနည်းဖြင့် နှောက်ယှက်” လျှင် ထောင်ဒဏ် (၃) နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တသိန်းထက် မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်မည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

တကြိမ်ထက် မဲပေးခြင်း၊ ဆန္ဒမဲ လက်မှတ်အတုကို လက်ဝယ် ထားရှိခြင်း၊ ဆန္ဒမဲ လက်မှတ်ကို ဖျက်ဆီးခြင်း၊ ဆန္ဒမဲ လက်မှတ်ကို မဲရုံပြင်ပသို့ ယူဆောင်ခြင်း၊ မဲပုံးကို အခွင့်အရေး မရှိဘဲဖွင့်ခြင်း၊ ဖျက်ဆီးခြင်း၊ မဲရုံကို ဖျက်ဆီးခြင်း၊ ကော်မရှင်အဖွဲ့က ထုတ်ပြန်သော စာရွက်စာတမ်းများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်ပါက ပုဒ်မ (၂၄) ကို ချိုးဖောက်မှု ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရသည် ယမန်နေ့က ကြေညာချက်အမှတ် (၃၊၂ဝဝ၈) ကိုလည်း ထုတ်ပြန်ခဲ့ပြီး အဖွဲ့ဝင် (၄၅) ဦး ပါဝင်သော ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ ကော်မရှင် အဖွဲ့ဝင် အများစုတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီဝင်ဟောင်းများ၊ စစ်အာဏာပိုင်များနှင့် နီးစပ်သူများ ပါဝင်လာသည်ကို တွေ့ရပြီး ယခင်က လူအများ မသိကြသူများလည်း ဖြစ်သည်။

ဥပဒေအမှတ် ၁/၂ဝဝ၈ အရ အသက် (၁၈) နှစ် ပြည့်သူတိုင်းသည် လာမည့် ဆန္ဒခံယူပွဲတွင် သက်ဆိုင်ရာ နယ်မြေအလိုက် လျှို့ဝှက်မဲပေး စနစ်ဖြင့် မဲပေးခွင့်ရှိပြီး ဆန္ဒခံယူပွဲ ကျင်းပမည့် နေ့ရက်ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်က အနည်းဆုံး (၂၁) ရက်စောပြီး ကျေညာမည်ဟု ဆိုထားသည်၊

ယခုလ (၉) ရက်နေ့တွင် ကြေညာထားသော အမိန့် ကြေညာချက်များအရ စစ်အစိုးရသည် မေလတွင် လူထုဆန္ဒ ခံယူပွဲများကို ကျင်းပမည် ဖြစ်ပြီး လာမည့် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ပြုလုပ်မည် ဖြစ်သည်။

မေလ လူထုဆန္ဒ ခံယူပွဲတွင် ဖွဲ့စည်းပုံ အတည်ဖြစ်လာပါက ယခု ဖွဲ့စည်းပုံသည် မြန်မာပြည်၏ တတိယမြောက် ဖွဲ့စည်းပုံ ဖြစ်လာတော့မည် ဖြစ်သည်။ မြန်မာပြည်တွင် ယခင်က ၁၉၄၇ ဖွဲ့စည်းပုံနှင့် ၁၉၇၄ ဖွဲ့စည်းပုံဟူ၍ ရှိခဲ့ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းပုံ မရှိသောနိုင်ငံ ဖြစ်နေသည်။

မကြာဖြင့် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုမည့် ဖွဲ့စည်းပုံသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ လဆန်းပိုင်းက အဆုံးသတ်သွားသော ညောင်နှစ်ပင် ညီလာခံ၏ ရလဒ်ဖြစ်ပြီး အဆိုပါ ညီလာခံသို့ ၁၉၉ဝ ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒုတိယ အများစု အနိုင်ရထားသော ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ခြင်း မရှိပါ။

အမျိုးသား ညီလာခံ၏ အခြေခံမူ (၆) ချက်တွင် တပ်မတော်၏ နိုင်ငံရေး ဦးဆောင်မှုကို အနာဂတ်တွင်လည်း လက်ခံရမည်ဟု ပြဌာန်းချက်နှင့် ညီလာခံဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် ဥပဒေနှင့် ကိုက်ညီမှု မရှိဟု ဆိုကြသည်။

စစ်အစိုးရသည် ညီလာခံကို ၂ဝဝ၃ ခုနှစ်တွင် ကြေညာထားသော လမ်းပြမြေပုံ၏ အဆင့် (၁) အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ညီလာခံအပြီးတွင် လူထုဆန္ဒ ခံယူပွဲ၊ ရွေးကောက်ပွဲနှင့် အရပ်သား အစိုးရသို့ အာဏာလွှဲပေးရေးတို့ကို အဆင့်ဆင့် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်၊

စစ်အစိုးရသည် အမျိုးသား ညီလာခံကို ပထမကျော့ အမျိုးသားညီလာခံကို ကျင်းပနေစဉ် ၁၉၉၆ ဇွန်လကလည်း အမျိုးသား ညီလာခံကို ကာကွယ်သည့် ဥပဒေ (၅/၉၆) ကို ပြဌာန်းခဲ့ပြီး ညီလာခံကို ဝေဖန်ပါက ထောင်ဒဏ်နှစ် (၂ဝ) အထိ ကျခံနိုင်ကြောင်း အမိန့်ထုတ်ခဲ့သည်။



မြန်မာနေးရှင်း အယ်ဒီတာချုပ်ကို ပုဒ်မတပ် အရေးယူပြီ

မဇ္ဈိမသတင်းဌာန
Wednesday, 27 February 2008 16:56 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာအာဏာပိုင်များ သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းတွင် ထိမ်းသိမ်းထားသော မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ်နှင့် ရုံးအုပ်ချုပ်ရေးမှူးတို့အား ယခုလ ၂၅ ရက်နေ့က တရားမဝင် ပုံနှိပ်မှုဖြင့် တရားစွဲဆိုလိုက်ပြီ ဖြစ်သည်။

သင်္ကန်းကျွန်းမြို့နယ် ရဲစခန်းတွင် ၁၅ ရက်ကြာ ထိမ်းသိမ်းထားသော သူတို့နှစ်ဦးအား စစ်ဆေး မေးမြန်းပြီးနောက် ပုံနှိပ် အက်ဥပဒေ ချိုးဖောက်မှု ပုဒ်မ ၁၇၊၂ဝ တပ်၍ တရားစွဲဆိုကာ ၂၅ ရက်နေ့ ညနေပိုင်းတွင် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်သည်။

“သင်္ကန်းကျွန်းမှာတော့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ကစစ်ဆေးတယ်၊ နောက်တော့ ပုံနှိပ် အက်ဥပဒေနဲ့ တရားစွဲထားတာဘဲ သိတယ်၊ သူတို့ တွေ့ထားတာက မစ္စတာ ပီညဲရိုး အစီရင်ခံစာ၊ ဦးရွှေအုံးရေးတဲ့ မပြိုကွဲနိုင်သော ပြည်ထောင်စု ဆိုတဲ့ စာအုပ်ရယ်၊ သံဃာတော်များ ဆန္ဒပြ စီဒီအချပ် တွေကြောင့်လို့ ပြောတယ်” ဟု ဦးသက်ဇင် ၏ ဇနီး ဒေါ်ခင်ဆွေမြင့်က မဇ္ဈိမကို ယမန်နေ့က ပြောသည်။

သူက ဆက်ပြီး “သင်္ကန်းကျွန်း ရဲစခန်းမှာ ရမန်တပတ် ယူလိုက်တာ ၁၄ ရက်ပေါ့လေ။ ရမန်ရက်တော့ မပြည့်သေးဘူး။ လာမယ့် ၂၉ ရက်နေ့မှာ ပြည့်မယ်။ မနေ့ (တနင်္လာနေ့) ကတော့ လူကို အင်းစိန်ထောင် ရွှေ့ထားလိုက်တယ်။ ထောင်ရွှေ့တဲ့နေ့က အဝတ်တထည် ကိုယ်တခု ဆိုတော့ ဒီနေ့ (အင်္ဂါနေ့) ကျမ ပါဆယ် သွားပို့တယ်။ ကိုသက်ဇင်က ကျန်းမာရေးလည်း ကောင်းတယ်၊ စိတ်ဓာတ်ရေးရာလည်း ကောင်းပါတယ်လို့ ကျမကို ပြောပါတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာနေးရှင်း ဂျာနယ် ထုတ်လုပ်ခြင်းကိုပါ ရပ်ဆိုင်းခိုင်းသည့်အတွက် ဂျာနယ်တိုက်မှ ဝန်ထမ်းပေါင်း ၃ဝ ကျော်မှာ အလုပ်လက်မဲ့ ဖြစ်သွားသည့်အပြင် မိသားစုများ၏ စားဝတ်နေရေး ပြဿနာများ ရင်ဆိုင်လာရသည်။

ဒေါ်ခင်ဆွေမြင့်က “သတင်းထောက်တွေကိုတော့ သတင်း ဆက်လိုက်ခိုင်းတယ်။ တခြားဂျာနယ်တွေမှာ ထည့်နိုင်အောင်၊ ကြိုးစား လုပ်ပေးမယ်ပေါ့။ ဒါလည်း မလွယ်ပါဘူး။ ကျမ စိတ်မကောင်းတာက ဝန်ထမ်းတွေ အလုပ်မရှိတော့ သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေ ဒုက္ခ ရောက်ရတာပဲ။ ဒီမှာက စားဝတ်နေရေးက တော်တော်ကျပ်တဲ့ အချိန်ဖြစ်တယ်” ဟု ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates