ကြားဖြတ်သတင်း ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၀၈ ခုနှစ

မဇ္ဈိမသတင်းဌာန
Monday, 25 February 2008 10:00 - မြန်မာစံတော်ချိန်

ရတနာပုံ မီးလောင်ပြန်

လွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၀၈ ခုနှစ်။ ၁၄:၀၀ - မြန်မာစံတော်ချိန်



မန္တလေး ရတနာပုံဈေးကြီးတွင် ယနေ့ မွန်းလွဲ ၁ နာရီတွင် မီးလောင်မှု ထပ်မံ ဖြစ်ပွားခဲ့ပြန်သည်။
မီးခိုးလုံးများ မြင်တွေ့ရာက လူအများက အထိတ်တလန့် ဖြစ်ကုန်သည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

စစ်သား အတော်များများလည်း မီးလောင်ရာ နေရာအနီး စောင့်ကြပ် ချထားသည်။

မည်သည့် အကြောင်းကြောင့် ထပ်မံလောင်ကျွမ်းရသည်ကို မသိရပေ။ အနီးအနားရှိ မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ တယ်လီဖုန်းနှင့် ပြောဆိုရာတွင် နာရီဝက်ကျော်ကြာ ကြာမြင့်ပြီး ဂတ်စ်အိုးပေါက်ကွဲမှုက ဖြစ်ပွားသည်ဟု ပြောသည်။

ဒေသခံများ အဆိုအရ ယမန်နေ့ည ၁၁ နာရီက မီးသတ်ဦးစီးဌာနက မီးကျွမ်းထားသော အဆောက်အဦများကို ရေပက်ဖြန်းနေခဲ့သည်ဟု ပြောသည်။

မရမ်းကုန်းကျောင်း မီးလောင်

ရန်ကုန်မြို့ မရမ်းကုန်း အထက ၁ ကျောင်းတွင်လည်း ယမန်နေ့ ညက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၈ နာရီမှ ၁၁ နာရီခန့်အထိ လောင်ကျွမ်းမှုတွင် နှစ်ထပ်ကျောင်း အဆောင်တခု၏ အပေါ်ထပ် ပျက်စီးသွားခဲ့သည်။

ကျောင်းတွင် မူလတန်းနှင့် အလယ်တန်းများ စာမေးပွဲများ ကျင်းပနေပြီး မီးလောင်မှုကြောင့် ရပ်နားသွားခြင်း မရှိဟု သိရသည်။

ဝါယာရှော့ဖြစ်ကာ စတင် လောင်ကျွမ်းခြင်း ဖြစ်ပြီး ညစောင့်သူ တဦးက တယောက်တည်း ကြိတ်၍ မီးသတ်ရာမှ မီးကြီးသွားခြင်း ဖြစ်သည်ဟု ကျောင်းအနီး နေထိုင်သူတဦးက ပြောသည်။ ထို့နောက် မီးသတ်ကားများ ရောက်လာပြီး ငြိမ်းသတ်ခဲ့ရာ ၃ နာရီခန့်အကြာတွင် မီးငြိမ်းသွားခဲ့သည်။

------------------------------------

လှိုင်သာယာမီးလောင် လူ ၃ ထောင် အိုးအိမ်မဲ့သွား

မန္တလေး ရတနာပုံဈေး မီးလောင်

မန္တလေး ရတနာပုံဈေးတွင် လောင်ကျွမ်းသော မီးမှာ လွန်ခဲ့သည့် နာရီဝက်ခန့် (မြန်မာစံတော်ချိန် ၁၈း၀၀ နာရီ) က လုံးဝ ငြိမ်းသွားပြီ ဖြစ်သည်။

ပြင်ဦးလွင်၊ ကျောက်ဆည်၊ စစ်ကိုင်းတို့မှလည်း မီးသတ်ကားများ ရောက်ရှိ ငြိမ်းသတ်ခဲ့ရသည်။

မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနသို့ မီးလောင်ဒဏ်ရာ ရရှိသူများ ရောက်ရှိလာခဲ့ကြသည်။ အသေအပျောက် ဆုံးရှုံးမှု အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။

မန္တလေးမီးလောင်ရာတွင် လုယက်မှုများ ရှိခဲ့

“ကူညီ မယောင်မယောင်နဲ့ သယ်ပြေးတာတွေတော့ ရှိတယ်။ အထည်တွေပျောက် ကျတယ် ပြောတယ်။” ဟု မန္တလေး ရတနာပုံဈေး မီးလောင်ရာတွင် သွားရောက် ကြည့်ခဲ့သူတဦးက ပြောသည်။

“ဆိုင်ခန်းတွေက ပြွတ်သိပ်ခင်းတာရော ဆောက်တာ စနစ်မကျတာရောကြောင့် မလောင်သင့်ဘဲ လောင်ကုန်တာ၊ အထည်တွေက လောင်စာလို ဖြစ်နေတော့ ဖြည်းဖြည်းချင်း ငြိမ်းနေကျတယ် လုံခြုံရေးတွေ ချထားတော့ နည်းနည်းသက်သာပါတယ်။ ညဆိုရင်တော့ မလွယ်ဘူး။” ဟု သူက ထပ်ပြောသည်။

လွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၀:၃၀ - မြန်မာစံတော်ချိန်

မန္တလေး ရတနာပုံ ဈေးကြီးတွင် ယနေ့ နံနက် ၈းဝဝ နာရီမှစ၍ မီးလောင်မှု ဖြစ်ပွားရာ သတင်းပေးပို့ချိန် နံနက် ၉းဝဝ နာရီအထိ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်သည်။ မန္တလေးမြို့တွင် တပတ်အတွင်း နှစ်ကြိမ်မြောက် မီးအကြီးအကျယ် လောင်ကျွမ်းမှု ဖြစ်သည်။

မီးဆက်လက် လောင်ကျွမ်းဆဲဖြစ်ပြီး နာမည်ကျော် အမ်ကေ ဖက်ရှင် အဝတ်အစား ဆိုင်ဘက်သို့ မီးကူးစက် လာနေသည်။ “နောက် တနာရီလောက် ကြာရင် အကုန်ကုန်မှာပဲ” ဟု မီးလောင်ရာနေရာတွင် ရောက်ရှိနေသူ တဦးက ပြောသည်။

ရတနာပုံ တယ်လီပေါ့တ်သည်လည်း မီးသင့်နေသည်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ၈၄ လမ်းမပေါ်ရှိ ၂၅-၂၆ လမ်းတွင် မီးလောင်ရာ လူအသေအပျောက်ပင် ရှိခဲ့သည်။

ဈေးဖွင့်ကာစမှာပင် မီးစတင်လောင်ကျွမ်းမှု ဖြစ်သည်။ လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်ဟု ကနဦး သတင်းများက ပြောသည်။

မီးခိုးလုံးများ ထူထပ်နေသောကြောင့် မီးသတ်သမားများမှာ အထဲဝင်၍ မရနိုင်ဘဲ ဖြစ်သည်။

“ဆိုင်ရှင်တွေကော လူတွေကော စိတ်ပျက်လက်ပျက်နဲ့ ရပ်ကို ကြည့်နေကြရတာ” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ရတနာပုံဈေးသည် ၃၂ လမ်းနှင့် ၇၈ လမ်းထောင့်တွင် တည်ရှိပြီး နာမည်ကျော် မန္တလေး MICT park ကွန်ပြူတာဈေး၊ှုSkywalk အရောင်းဆိုင်များ၊ Orange ဆူပါမားကက်၊ စနူကာဆိုင်များ၊ စားသောက်ဆိုင်များနှင့် ရာပေါင်းများစွာသော ဆိုင်ခန်းများ ပါဝင်သည်။ ဈေးချိုဈေးအကြီးအပြီး ဒုတိယအကြီးဆုံးသော ရတနာပုံဈေးကို ၂ဝဝ၃ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။

မြန်မာစံတော်ချိန် ၁၁ နာရီခန့်တွင် မီးလောင်စရာ မကျန်တော့၍ မီးညွှန့် ကျိုးသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့သည်။

စားသောက်ဆိုင်များမှ ဓာတ်ငွေ့အိုးများ ပေါက်ကွဲသည်ကို အတိုင်းသား ကြားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

yadanarpon-fireyadanarpon-fire
yadanarpon-fire
မန္တလေးမြို့ ရတနာပုံဈေးတွင် တင်္နလာနေ့ ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၀၈ ခုနှစ်က မီးလောင်ရာ မီးခိုးလုံးများ ထိုးတက်နေစဉ်။ ဓာတ်ပုံ- နေးတစ်မြန်မာဖိုရမ်။

နောက်ဆုံးလွှင့်တင်ချိန်။ ။ ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၀၈ ခုနှစ်။ ၁၈:၁၀ - မြန်မာစံတော်ချိန်

လဝက များ နံနက် ၇ နာရီ ရုံးရောက်

မှတ်ပုံတင် မလုပ်ရသေးသူများကို အပြီးသတ် မှတ်ပုံတင် လုပ်ပေးနိုင်ရန် ဟုဆိုကာ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများသည် ယနေ့မှစ၍ နံနက် ၇းဝဝ နာရီမှစ အလုပ်ဆင်းရမည်ဟု စစ်အစိုးရက ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး