Tuesday, February 26, 2008

ဒီချုပ် ရွေးကောက်ပွဲ ဝင်သင့်ဟု စစ်အစိုးရ သတင်းစာပြော

နေသွင်
Tuesday, 26 February 2008 16:08 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်တွင်း၌ ထိပ်တိုက်တွေ့ရေး လမ်းစဉ်ကို ဆက်မလုပ်ဘဲ စစ်အစိုးရ ဖွဲ့စည်းပုံကို လက်ခံကာ ရွေးကောက်ပွဲ ဝင်ရောက် အရွေးခံသင့်သည်ဟု စစ်အစိုးရ အာဘော် သတင်းစာတွင် ယနေ့ ဖော်ပြလိုက်သည်။

စစ်အစိုးရ အာဘော်ကို ထင်ဟပ်စေသော မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် မောင်ကာဠု၏ “ဟုတ်ပါ့မလား၊ မောင်ကာဠု” ခေါင်းစဉ်ဖြင့် ရေးသားထားရာတွင် “ပြည်သူကို ယုံရင်၊ ဒီမိုကရေစီ အစစ်အမှန်ကို ယုံရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့က လွဲလို့ အခြား ဆူပူတာ၊ ထိပ်တိုက် ရင်ဆိုင်တာ၊ ပြည်ပနဲ့ ပေါင်းပြီး ပြည်တွင်းမှာ တိုက်ကွက်ဆင်တာမျိုး မလုပ်သင့်တော့ဘူး” ဟု ပါရှိသည်။

အမျိုးသား ညီလာခံကို ကျင်းပခဲ့ခြင်းမှာ ၁၉၄၇၊ ၁၉၇၄ အခြေခံ ဥပဒေ နေရာတွင် “ခိုင်မာကောင်းမြတ် ပြည်ဝစုံလင်သော အခြေခံ ဥပဒေ ရေးဆွဲရေး” အတွက် တရားဝင် ပါတီများ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တိုင်ပင်ဆောင်ရွက်ရန် မူချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းအပြင် ၁၉၉၃၊ အမျိုးသား ညီလာခံသို့ အန်အယ်ဒီမှ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသော ခေါင်းဆောင်များအပြင်၊ အခြား အန်အယ်ဒီ ရွေးချယ်ခံ (၁ဝဝ) နီးပါး တက်ရောက်ခဲ့ပြီး အခြေခံမူ (၁ဝ၄) ချက် ချမှတ်ခြင်း၊ နိုင်ငံတော် သမတဆိုင်ရာ မူများ ရေးဆွဲခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စု သတ်မှတ်ရေး အပိုင်းအထိ ပါဝင် ရေးဆွဲခဲ့သည်ဟု ဆိုထားသည်။

သို့သော် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လတွင် ဒေါ်စု ပြန်လွတ်လာပြီးနောက် အဖွဲ့ချုပ်မှ ကိုယ်စားလှယ် (၈၆) ဦး စလုံး ညီလာခံမှ ထွက်သွားကြောင်း၊ အဖွဲ့ချုပ်၏ သပိတ်မှောက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုစဉ်က အမေရိကန် သံအမတ်ကြီး မယ်ဒလင်း အောဘရိုက်တို့၏ တွေ့ဆုံပြီးမှ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း စသည်ဖြင့် စွပ်စွဲထားသည်။

အန်အယ်ဒီ ခေါင်းဆောင်တဦး ဖြစ်သူ ဦးသိန်းညွန့်က “ဆောင်းပါးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အသေးစိတ် မပြောလိုဘူး။ ဒီနေ့ အစိုးရက တရားဝင် ထုတ်ပြောလာရင် ကျနော်တို့ အသေးစိတ် ပြန်ပြောမယ်။ ဆောင်းပါး တွေနဲ့ ပတ်သက်လို့ ပြောစရာတခု ရှိတာက အဖြစ်မှန်ကို မသိဘဲ ရေးနေတာလို့ပဲ ပြောပါရစေ” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အန်အယ်ဒီက ရွေးကောက်ပွဲ ဝင်မည်၊ မဝင်မည် ကိစ္စနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းက “အဲဒီအဆင့်က ပြောဖို့ စောပါသေးတယ်။ ဘာဖြစ်လိုလဲ ဆိုတော့ ဖွဲ့စည်းပုံက အတည်ဖြစ်လား၊ မဖြစ်လား မသိသေးဘူး။ ရွေးကောက်ပွဲဆိုတာ အဝေးကြီးပါ။ ဒီအချိန်မှာ ဒီဥစ္စာကို ဘာမှ ပြောစရာ မရှိသေးပါဘူး” မဇ္ဈိမသို့ ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယမန်နေ့ ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး ဝန်ကြီး၊ ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးနေချိန်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ ဝင်ခွင့်မပြုဟု ပြောဆိုလိုက်သဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးကို ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။

အန်အယ်လ်ဒီက ၁၉၉၅ ခုနှစ်တွင် ညီလာခံမှ မိမိတို့သဘောဖြင့် ထွက်ခွာလာခြင်း မဟုတ်ဘဲ ညီလာခံသို့ တင်ပြထားသော အချက်များအပေါ် ညီလာခံ ကျင်းပရေးကော်မရှင်က လက်မခံဘဲ အန်အယ်ဒီကို ညီလာခံမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု ပြောသည်။

စစ်အစိုးရသည် ညီလာခံကို ကာကွယ်သည့် ဥပဒေတရပ် ပြဌာန်းခဲ့ပြီး ညီလာခံကို ဝေဖန်လျှင် ထောင်ဒဏ်အနှစ် (၂ဝ) အထိ အပြစ်ပေးနိုင်ကြောင်း အမိန့်ထုတ်ခဲ့သည်။

လေ့လာဆန်းစစ်သူများက ၂ဝဝ၄ ခုနှစ် ညီလာခံသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များ အားလုံးသည် စစ်အစိုးရ စိတ်ကြိုက် ရွေးထားသော ကိုယ်စားလှယ်များသာ ဖြစ်ပြီး ၎င်းတို့ အနက်တွင် ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်၏ ပါဝင်မှု အချိုးအဆမှာ နည်းလွန်းသည်ဟု ထောက်ပြကြသည်။

၁၉၉၃၊ ဇန်နဝါရီတွင် စတင်ခဲ့သော ညီလာခံတွင် ကိုယ်စားလှယ် (၇ဝ၂) ဦး တက်ရောက်ခဲ့သည့်အနက် ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ် (၉၉) ဦးသာ ပါဝင် တက်ရောက်ခဲ့သည်။ ၂ဝဝ၄ ညောင်နှစ်ပင်တွင် ညီလာခံ ကိုယ်စားလှယ် (၁ဝ၈၁) ဦးအနက် ရွေးကောက်ခံ ကိုယ်စားလှယ် (၁၃) ဦးကိုသာ စစ်အစိုးရက ဖိတ်ကြားခဲ့သည်။

အဆိုပါ ညီလာခံသို့ အပစ်အခတ်ရပ် အဖွဲ့များလည်း တက်ရောက်ခဲ့ပြီး မွန်ပြည်သစ် ပါတီသည် ညီလာခံ၏ လုပ်ထုံးလုပ်နည်းများကို လက်မခံနိုင်သဖြင့် ၂ဝဝ၅ ခုနှစ်တွင် ညီလာခံမှ ပြန်ထွက်ခဲ့သည်။ ညီလာခံ ကျင်းပနေစဉ် အတွင်း ငြိမ်းအဖွဲ့ (၁၇) ဖွဲ့အနက်မှ (၁၃) ဖွဲ့ လက်မှတ်ထိုးကာ အဆိုပြုချက်တခု တင်ပြခဲ့သော်လည်း စစ်အစိုးရဘက်က ညီလာခံ ပြီးဆုံးချိန်အထိ တုံ့ပြန်မှု မပြုခဲ့ပေ။



ကြံ့ဖွံ့က မက်လုံးပေး စည်းရုံးရေးဆင်းဟု ဒေသခံများပြော

မျိုးကြီး
Tuesday, 26 February 2008 12:54 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၌ လာမည့်မေလတွင် ကျင်းပမည့် လူထုဆန္ဒ ခံယူပွဲအတွက် ရည်ရွယ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များက ယခုလ ၂၃ ရက်နေ့မှ စ၍ ဒေသခံများအား မက်လုံးများပေးကာ လိုက်လံ စည်းရုံးနေသည်။

ပြည်နယ် ကြံ့ဖွံ့ တာဝန်ခံနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်ချုပ်သိန်းဇော် က မြစ်ကြီးနားမြို့ ဒူကထောင် ရပ်ကွက်အတွင်းရှိ ခရစ်ယာန် ဘာသာရေး သင်းအုပ်ဆရာများအား လွန်ခဲ့သည့် ၃ ရက်ခန့်က ခေါ်ယူတွေ့ဆုံကာ GSM ဖုန်းများနှင့် လုပ်ငန်းသုံး ပါမစ်များ ချပေးမည်ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်း၊ ပရိဘောဂ လုပ်ငန်း၊ လက်မှုလုပ်ငန်း လုပ်ပိုင်ခွင့် ပါမစ်များဖြင့် အပေးအယူ လုပ်ပြီး အသင်း ဝင်စေလိုသော သတင်းများ ထွက်ပေါ်နေသည်။

“ကျနော်တို့ မြစ်ကြီးနားမှာက အခု စည်းရုံးနေတာက အရမ်းကို ဟော့ ဖြစ်နေတယ်။ မုဆိုးမတွေ၊ ဆင်းရဲသားတွေပါ မကျန် ဖုန်းချပေးမယ်၊ ပါမစ် ချပေးမယ်၊ အဲလို လုပ်နေတာဆိုတော့ လောလောဆယ်တော့ ဟော့ဖြစ်နေတယ်ဗျ” ဟု မြစ်ကြီးနားသား တဦးက ပြောသည်။

ဒူကထောင်ရပ်ကွက်နေ ကျောင်းသားတဦးကတော့ သူ့ကို စာမေးပွဲ အောင်ရမည် ဆိုသော မက်လုံးဖြင့် ကြံ့ဖွံ့က စည်းရုံးနေသည်ဟု ဆိုသည်။

ရှမ်းစုတောင်ရပ်ကွက်တွင် နေထိုင်သူတဦးက အသင်းဝင်ဖြစ်စေရန် စည်းရုံးနေမှုများသည် မြစ်ကြီးနား တမြို့ထဲတွင်ပင် တရပ်ကွက်နှင့် တရပ်ကွက် တူညီမှုမရှိဘဲ အချို့ရပ်ကွက်များတွင် အိမ်ထောင်စုစာအုပ် လုပ်ပေးသည့် ပုံစံဖောင်များ ဖြည့်ခိုင်းနေသည်လည်း ရှိသည်ဟု ပြောသည်။

“ကြံ့ဖွံ့က လာပေးသွားတာ။ ကျနော် သိတာတော့ ၃ ရပ်ကွက်ပေါ့။ ၂၃ ရက်နေ့က တအိမ်တရွက်နှုန်း လိုက်ဝေသွားတယ်။ အိမ်ထောင်စု စာရင်း ကောက်သလို၊ သန်းကောင်စာရင်း ကောက်သလိုပေါ့။ ဒါပေမဲ့ ထိပ်မှာ ရေးထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံသူများ စာရင်းလို့ ရေးထားတာ။ နာမည်တွေက ၁၃ ယောက်လောက် ရေးလို့ ရတယ်။ အဲဒီမှာ လက်မှတ်လည်း ထိုးရတယ်။” ဟု သူက ပြောသည်။

အမှန်တကယ်ပင် လုပ်ပိုင်ခွင့်၊ ပါမစ်များ ပေး၊ မပေး မည်သူမျှ အတည်မပြုနိုင်သေးသလို အမှန်တကယ် ရရှိသူလည်း မတွေ့ရသေးပေ။ ဒေသခံ ကြံ့ဖွံ့ကိုလည်း ဆက်သွယ်၍ မရနိုင်ဘဲ ဖြစ်နေသည်။

ကချင်ပြည်နယ်၏ အခြား မြို့ကြီးတမြို့ ဖြစ်သည့် ဗန်းမော်မြို့တွင် ပြည်နယ် ကြံ့ဖွံ့တာဝန်ခံ၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်ချုပ်သိန်းဇော်နှင့် မြောက်ပိုင်းတိုင်းမှူးတို့ ယမန်နေ့က ဗန်းမော်သို့ ရောက်ရှိလာသည်။

“အရင် အပါတ်လောက်ကတော့ ဝန်ထမ်းတွေကို ကြံ့ဖွံ့ထဲ အကုန်ဝင်ခိုင်းတယ်။ ဝင်ပြီးသားလည်း ဝင်၊ နာမည်ထပ်ရင် ထပ်နေပါစေ ဆိုပြီး ဝင်ခိုင်းတယ်။ ရပ်ကွက်တွေထဲတော့ ဘာမှမလုပ်သေးဘူး။ နောက်ရက်တွေတော့ ဝန်ကြီးပြန်သွားရင် စလုပ်တော့မလား မသိသေးဘူး” ဟု ဗန်းမော် ဒေသခံ တဦးက ပြောပြသည်။

ယခုလ ၉ ရက်နေ့တွင် နအဖ စစ်အစိုးရက ၁/၂ဝဝ၈ နှင့် ၂/၂ဝဝ၈ ကြေညာချက်များ ထုတ်ပြန်ပြီး လာမည့် မေလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုမည့် လူထုဆန္ဒ ခံယူပွဲ ကျင်းပသွားမည် ဖြစ်ကာ၊ ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပါရှိသည်။ မည်သို့မည်ပုံ ကျင်းပပြုလုပ်မည် ဆိုသည်ကိုမူ ဝှက်ဖဲတချပ်ပမာ ထားရှိနေချိန်တွင် ကြံ့ဖွံ့အသင်းက ယခုလို မက်လုံးများပေး၍ စည်းရုံးရေး ပြုလုပ်နေခြင်း ဖြစ်သည်။

လူဦးရေ သန်းပေါင်း ၅၅ သန်းရှိသည့် မြန်မာပြည်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နာယက ဖြစ်သည့် ကြံ့ဖွံ့အသင်းတွင် အသင်းဝင်၂၄ သန်း ရှိသည်ဟု ကြေညာထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates