Wednesday, January 9, 2008

ငြိမ်းအဖွဲ့ချင်း ဝါးမျိုရန် ဦးအောင်ခန်းထီ ကြိုးစားနေ

နေသွင်
Wednesday, 09 January 2008 13:57 - မြန်မာစံတော်ချိန်

ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အချင်းချင်း လက်အောက်ခံအဖွဲ့အဖြစ် ဖန်တီးနေမှု ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည်။

ဦးအောင်ခမ်းထီ ဦးဆောင်သော ပအို့ဝ်အမျိုးသားအဖွဲ့က ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ဒေသတွင် အခြေစိုက်သော ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၏ အဖွဲ့ကွဲတခုကို လက်အောက်ခံ အဖွဲ့အဖြစ် သွတ်သွင်းနေခြင်း ဖြစ်သည်ဟု ရှမ်းနိုင်ငံရေး လှုပ်ရှားသူများ အပြောအရ သိရသည်။

ဒီဇင်ဘာ (၂၆) ရက်နေ့က ပအို့ဝ်အမျိုးသားအဖွဲ့၏ နောင်ကားဌာနချုပ်မှတဆင့် ပေးပို့သောစာတွင် စောတာကလဲ ဦးစီးသော လက်ရှိ ရလလဖအဖွဲ့ကို ဦးအောင်ခမ်းထီ၏ တပ်မဟာ (၅) အနေနှင့် အသွင်ပြောင်းရန် ပါရှိသည်။

ပအို့ဝ်အမျိုးသားအဖွဲ့သည် ၁၉၉၂- ခုနှစ်တွင် နအဖနှင့် ငြိမ်းချမ်းရေး ယူခဲ့သော်လည်း ၂ဝဝဝ မှ စ၍ ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်ခံ အထူးရဲပုံစံ အသွင်ပြောင်းလဲထားပြီး ယခုအခါ စီးပွားရေး အင်အား တောင့်တင်းနေသော အဖွဲ့ဖြစ်သည်။

“အကြောင်းမပြန်ရင် နအဖတပ်ရင်းတရင်း၊ အောင်ခမ်းထီတပ်ရင်း (၂) ရင်းနှင့် ဖိအားပေးမယ်လို့ သတင်း လွှင့်နေတယ်။ တရားဝင် အကြောင်းကြားတာ မဟုတ်လို့ ရလလဖဘက်က တရားဝင် တုံပြန်တာမရှိပေမယ့် ဒေါသ ထွက်နေကြတယ်” ဟု ရှမ်းပြည် နိုင်ငံရေးလှုပ်ရှားသူ စိုင်းမင်းလွင်က ပြောသည်။

ရလလဖအဖွဲ့သည် ၁၉၉၄ အောက်တိုဘာတွင် နအဖနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ဖြစ်ပြီး ယခင်က တပ်ဖွဲ့ဝင်အင်အား (၃၇ဝဝ) လောက်ရှိခဲ့သော်လည်း ၂ဝဝ၃ တွင် စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူသော ခွန်ချစ်မောင်က တပ်တွင်းမှ အစဉ်အလာ ရှိသူများကို ဖယ်ရှားခဲ့သည့် နောက်ပိုင်းတွင် အုပ်စုငယ်(၃) စုအဖြစ် ကွဲထွက်သွားခဲ့သည်။

နောင်ထော်တွင်အခြေစိုက်သော စောတာကလဲ ဦးဆောင်သောအဖွဲ့၊ ပြီးခဲ့သည့်နှစ်ကမှ ပြန်လည် တောခိုခဲ့သော ခွန်သူရိန်အဖွဲ့နှင့် နအဖထံ လုံးဝလက်နက်ချသွားသော ခွန်ချစ်မောင်ဦး ဆောင်သောအဖွဲ့ဟူ၍ ကွဲနေသည်။

စောတာကလဲအဖွဲ့ကို ဖိအားပေးသည့်ကိစ္စသည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီမှ တဆင့်ထုတ်ပြန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၊ ကြေညာချက်ကို ရလလဖက ဆန့်ကျင်ကြောင်း လက်မှတ်မထိုးသည့် ကိစ္စနှင့်လည်း ဆက်စပ်နေသည်ဟု စိုင်းမင်းလွင်က ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ကို မထောက်ခံတဲ့ ကိစ္စမှာ ရလလဖက လက်မှတ်မထိုးဘူး။ ရပခ (အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်) တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး ကလည်း အတင်း ထိုးခိုင်းတယ်လေ၊ စောတာကလဲ ကလည်း မထိုးဘူး။ အဲဒီအခါမှာ ဌာနချုပ်ကို မကြည်တော့ဘူး” ဟု စိုင်းမင်းလွင်က သုံးသပ်ပြသည်။

ပအို့ဝ်ဒေသကို အခြေခံသည့် စောတာကလဲ ဦးဆောင်သောအဖွဲ့တွင် ရှမ်းပြည်မှ တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်ပြီး လက်ရှိ ခေါင်းဆောင်များသည် ဒေသခံလူထု၏ ထောက်ခံမှုများသဖြင့် အလွယ်တကူ ဖိအားပေး၍ ရမည်မဟုတ် ဟုလည်း စိုင်းမင်းလွင်က ပြောသည်။



အဓမ္မ လုပ်အားပေးကိစ္စ အိုင်အယ်အိုသို့ တိုင်ကြားရန် လှုပ်ရှားမှုများ ပြုလုပ်

မဇ္ဈိမသတင်းဌာန
Tuesday, 08 January 2008 20:50 - မြန်မာစံတော်ချိန်

အဓမ္မလုပ်အားပေးကိစ္စကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်အို) သို့ လွတ်လပ်စွာ တိုင်ကြားရေးနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကို ပြည်သူအများ ပိုမို သိရှိစေရန်အတွက် မြန်မာပြည်တွင်းရှိ ‘အိုင်အယ်အိုနှင့် ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက်’ အဖွဲ့ဝင်များက ယခုလ ၄ ရက်နေ့မှ စတင်ကာ လုပ်ဆောင်နေပြီ ဖြစ်သည်။

မကြာသေးခင်က တိုင်းနှင့် ပြည်နယ်အချို့တွင် စတင် ဖွဲ့စည်းခဲ့သော အိုင်အယ်အိုနှင့် ဆက်သွယ် ဆောင်ရွက်သူများ ကွန်ယက်မှ အဖွဲ့ဝင်များသည် နှစ် ၆ဝ ပြည့် မြန်မာ့ လွတ်လပ်ရေးနေ့က ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တွင် အိုင်အယ်အိုနှင့် မြန်မာအစိုးရ၏ ၂ဝဝ၆ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ချုပ်ဆိုခဲ့သော သဘောတူညီချက် စာရွက်များကို ဖြန့်ဝေခြင်း၊ ဒေသခံ ပြည်သူများနှင့် ဆွေးနွေးခြင်းများ စတင် ပြုလုပ်ခဲ့ကြသည်။

၎ ရက်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းတွင် အဖွဲ့ဝင် လူငယ် ၁ဝ ဦးခန့်သည် ဒဂုံတောင်ပိုင်းမှ တာမွေအထိ အဆိုပါ သဘောတူညီချက်များကို ဖြန့်ဝေခဲ့သလို၊ လှိုင်သာယာမြို့ ၁၈ ရပ်ကွက်တွင် ညနေ ၄ နာရီခန့်က ကွန်ယက်အဖွဲ့ဝင် ဒေသခံလူငယ် ၁၅ ဦးကလည်း အဓမ္မ လုပ်အားပေးစေခိုင်းမှု သဘောတူညီချက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ဝင်များက လာရောက် သတင်းယူခဲ့သော်လည်း ဖမ်းဆီးခြင်းမရှိဟု ရခိုင်ပြည်နယ်ရှိ ဦးဆောင်သူ တဦးက ပြောသည်။

အလားတူပင် ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်များတွင်လည်း လွတ်လပ်ရေးနေ့မှာပင် အိုင်အယ်အိုနှင့် မြန်မာအစိုးရ သဘောတူညီချက် စာရွက်များကို ဖြန့်ဝေခဲ့ရာ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဝင်းအောင်နီနှင့် ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်က အတင်းအကျပ် ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့သလို၊ ရမ်းဗြဲတွင်လည်း နံနက် ၈ နာရီခန့်က စိုးမဂျီ လမ်းတလျှောက်နှင့် မြို့အနောက်ဘက် ရမ္မာဝတီ ဈေးတဝိုက်တွင် စောင်ရေ ၃ဝဝ ခန့်ကို ဒေသခံလူငယ်များက ဖြန့်ဝေခဲ့သေးသည်။

အဖွဲ့ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ဦးဆောင်သူက “အဓိကအားဖြင့်တော့ အဓမ္မလုပ်အားပေး၊ ကလေးစစ်သား စတဲ့ အိုင်အယ်အိုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို မိမိတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြတာ ဖြစ်တယ်။ လောလောဆယ် ဆောင်ရွက်နေတာက အဓမ္မ လုပ်အားပေး စေခိုင်းမှု ပပျောက်ရေး ဖြစ်တယ်။ အဓမ္မ လုပ်အားပေး ပပျောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ပညာပေး ဆွေးနွေးတာတို့၊ အိုင်အယ်အိုကို တိုင်တန်းတဲ့နေရာမှာ ကူညီတာတို့ အဲဒီကိစ္စတွေကို တိုင်းနဲ့ ပြည်နယ်အလိုက် ညှိနှိုင်း ဆောင်ရွက်နေကြတာ ဖြစ်တယ်” ဟု ပြောသည်။

အိုင်အယ်အိုနှင့် နအဖ သဘောတူညီချက်တွင် အဓမ္မ လုပ်အားပေး ခိုင်းစေမှုကို အိုင်အယ်အိုသို့ လွတ်လပ်စွာ တိုင်ကြားရေးနှင့် ကာယကံရှင်ကို အကာအကွယ်ပေးရန် ပါရှိပြီး တိုင်ကြားချက်ကို ဆက်သွယ်ရေးအရာရှိ (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ) ထံ လိပ်မူပေးပို့ရမည်ဖြစ်ကာ တိုင်ချက်တွင် ခိုင်မာသည့် သက်သေအထောက်အထား လက်မှတ်၊ စာရွက်စာတမ်း၊ အမှန်တကယ် ဖြစ်ပျက်သည့်ကိစ္စကို အကျဉ်းချုံးဖော်ပြမှု၊ တိုင်တန်းသူ၏ ဆန္ဒကို ဖော်ပြရမည်ဖြစ်သည်။

သူက “တတိယအချက်က အရေးကြီးဆုံးပဲတဲ့။ တိုင်တန်းသူရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီးတော့ အချက် ၃ ချက် ဖော်ပြတယ်။ အကြောင်းအရာ ၃ ချက်က အဓမ္မလုပ်အားပေးမှုဆိုတာ ဒီဧရိယာ၊ ဒီဒေသမှာ၊ နောက်တခါ ဘယ်တော့မှ မဖြစ်စေချင်တော့ဘူး ဆိုတဲ့ ဆန္ဒ၊ ဒါမှမဟုတ် လုပ်အားပေးခဲ့ရတဲ့ လုပ်အားခငွေကြေး ရယူလိုမှု၊ အဓမ္မလုပ်အားပေး ခိုင်းစေခဲ့တဲ့လူတွေကို အပြစ်ပေး အရေးယူပေးစေလိုတဲ့ ဆန္ဒ၊ အဲဒီအချက် ၃ ချက်ထဲက အနည်းဆုံးတချက် တိုင်စာမှာ ပါဖို့ လိုတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ အတိအကျ၊ လက်မှတ် အတိအကျ ရေးထိုးရမယ်” ဟု ပြောသည်။

အိုင်အယ်အိုသည် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရုံးချုပ်သို့ တိုင်ကြားချက်ကို လှမ်းပို့ပြီး မြန်မာအစိုးရထံ အမှုကို လွှဲပြောင်းပေးခဲ့သည့် ဖြစ်ရပ်တခုတွင် နအဖ အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စေလွှတ်သောအခါ မိမိတို့ သဘောထားကို မှန်ကန်စွာ ထွက်ဆိုခြင်း မရှိခဲ့ပုံကို သူက ပြောပြသည်။

သူက “အဓမ္မလုပ်အားပေး စေခိုင်းမှုတွေကို စေခိုင်းသူတွေဟာ အာဏာပိုင်တွေ ဖြစ်နေတဲ့အတွက် စစ်ဆေးရေး အဖွဲ့လာတဲ့အခါ အစိုးရဝန်ထမ်း အချင်းချင်း အကာအကွယ်ပေးတာ၊ အမှု ပျက်ပြယ်စေအောင် လုပ်တာ၊ တိုင်ကြားသူကို ဖိအားပေးတာတွေကြောင့် တိုင်ကြားတဲ့သူဟာ အာဏာပိုင်တွေနဲ့ ထိပ်တိုက် တွေ့တဲ့အခါ တွန့်ဆုတ်သွားတာ၊ အမှန်ကို မပြောရဲတာတွေ ရှိတတ်လို့ တိုင်ကြားချက်ဟာ အရာမရောက်ဘဲ ရှိခဲ့တယ်။ ဒါကြောင့် စစ်ဆေးရေးအဖွဲ့ကို မှန်ကန်စွာ ထွက်ဆိုဖို့ လိုအပ်တယ်” ဟု ပြောသည်။

ယခုလို အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ပြီးနောက် တောင်ကုတ်မြို့တွင် မီးကင်းအဓမ္မ စောင့်ခိုင်းရာ၌ ကင်းမစောင့်သူများထံ အာဏာပိုင်များက ကျပ်ငွေ ၃ ထောင်မှ တသောင်းအထိ တောင်းခံသည့်ကိစ္စနှင့် ခြိမ်းခြောက်မှုအချို့ ရှိခဲ့သည်ကို အိုင်အယ်အိုရုံးသို့ တိုင်ကြားရန်အတွက် ယမန်နေ့မှ စတင်ကာ လက်မှတ် ရေးထိုးနေကြရာတွင် လက်မှတ်ပေါင်း ၃ဝ ခန့်က ရရှိနေပြီ ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ကွန်ယက်ခေါင်းဆောင်က “မီးကင်းကိစ္စ ဆိုပြီးတော့ အဓမ္မ စောင့်ခိုင်းတာပေါ့ဗျာ။ တချို့ ပိုက်ဆံပေးရတယ်။ တချို့တွေကလည်း အလုပ်ပင်ပန်းလာပေမယ့် ကြောက်လို့ လုပ်ပေးရတာ ရှိတယ်။ ဒါကလည်း အဓမ္မ လုပ်အားပေးပေါ့ဗျာ။ အဲဒါကို တိုင်တန်းမယ် ဆိုပြီးတော့ သူတို့က ဆောင်ရွက်တာ ဖြစ်တယ်” ဟု ပြောဆိုသည်။



လူ့အခွင့်အရေး လှုပ်ရှားသူများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

မောင်ဒီး
Tuesday, 08 January 2008 20:35 - မြန်မာစံတော်ချိန်

ရွှေဝါရောင် လှုပ်ရှားမှုအတွင်း မီဒီယာနှင့် ဆက်သွယ် သတင်းပေးသဖြင့် ပြည်မြို့မှ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ HRDP အဖွဲ့ဝင် ၃ ဦးကို အာဏာပိုင်များက ထောင်ဒဏ် ချမှတ်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်ဟု HRDP က ဝေဖန်ပြောဆိုလိုက်သည်။

ဆန္ဒပြပွဲ အဖြစ်အပျက်များကို မီဒီယာများထံ ပြောဆိုခဲ့ပြီး၊ သံဃာတော်များ စီတန်း လမ်းလျှောက်စဉ် ဝိုင်းရံ ကာကွယ်ရေးအတွက် လူထုကို လှုံ့ဆော်ခြင်းကြောင့် ဟုဆိုကာ HRDP အဖွဲ့ဝင်များဖြစ်သည့် ပြည်မြို့မှ ကိုသက်ဦး၊ ကိုဇော်ထွန်း၊ သံဃာတော် ဦးပဏ္ဍိတ ခေါ် ဦးမြင့်အေးတို့ကို ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြည်မြို့နယ် တရားရုံးက နိုဝင်ဘာလ ၇ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့ခြင်းအပေါ် HRDP ခေါင်းဆောင် ဦးမြင့်အေးက ယခုလို ဝေဖန်လိုက်ခြင်း ဖြစ်သည်။

“သူတို့ မီဒီယာနဲ့ စကားပြောတဲ့အခါမှာ ဘာမှားလဲ၊ မှားတဲ့အချက် ဘာပါလဲ။ အစိုးရ အကြည်ညိုပျက်အောင် မှားပြီး လုပ်ကြံပြောတာ ဘာပါလို့လဲ။ အရှိကို အရှိအတိုင်း ပြောကြမှာပေါ့။ ကျနော်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုချက်ကို ကန့်သတ်လာတယ်၊ ချုပ်ချယ်လာတယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒါ ကျနော်တို့တွေ ကိုယ်တိုင်က အဲလို အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်ဗျာ” ဟု သူက ပြောသည်။

ထောင်ဒဏ် အပြစ်ပေးခံရသည့် ၂ လမြောက်နေ့ ဖြစ်သည့် ယမန်နေ့က ဦးမြင့်အေးနှင့် တရားခံများ၏ အမှုကို ကူညီဆောင်ရွက်ပေးမည့် ရှေ့နေ ဦးခင်မောင်ရှိန်တို့က တရားခံများ၏ အမှုအပေါ် အယူခံဝင်ရန် ပြည်မြို့နယ် ခရိုင်တရားရုံးသို့ သွားရောက်ကာ အယူခံစာ တင်ခဲ့သော်လည်း ချက်ချင်း ပယ်ချခဲ့သည်။

ယခုအမှုအတွက် ထောင်ဒဏ် ၂ နှစ်ပေးခဲ့ခြင်းသည် အလွန်ကြီးလေးသည့် ပြစ်ဒဏ်ဖြစ်နေသဖြင့် လျှော့ပေါ့ပေးရန် အတွက် ခရိုင်တရားရုံးကို အယူခံတင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသဖြင့် တိုင်းတရားရုံး ဖြစ်သည့် ပဲခူးတိုင်း တိုင်းတရားရုံးသို့ ယခုရက်ပိုင်းအတွင်း အယူခံစာ ပေးပို့ရန်အတွက် ကြိုးပမ်းနေသည်ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အမှုကို တရားရုံးတွင် စစ်ဆေးခဲ့စဉ် အချိန်က တရားခံ ၃ ဦးအတွက် အကျိုးဆောင်ပေးမည့် ရှေ့နေ မရှိခဲ့ဘဲ၊ သက်သေ ထွက်ဆိုချက်မှာလည်း ဥပဒေလမ်းကြောင်းနှင့် ကိုက်ညီခြင်း မရှိဟု သူက ပြောသည်။

“ကျနော်တို့ ဖောက်ထွက်တဲ့ လမ်းကြောင်းက သူတို့က စီရင်ချက်မှာ ဝန်ခံထားတယ်ပေါ့ဗျာ။ ဝန်ခံတယ် ဆိုတာကလည်း လွတ်လပ်စွာ တရားခွင်မှာ ဝန်ခံတာလည်း မဟုတ်ဘူး။ ရဲအချုပ်မှာ စစ်ဆေးတဲ့အခါ ဝန်ခံထားတာ ဖြစ်နေလို့ ဒါကို ကျနော်တို့က ကန့်ကွက်တယ်ပေါ့ဗျာ။ ဒါက ရှေ့နေရဲ့ သဘောထားပါ” ဟု ဦးမြင့်အေးက ပြောသည်။

မြန်မာလူထုအကြား လူ့အခွင့်အရေး အသိပညာ နိုးကြားလာရေးအတွက် ဖြန့်ဝေ ပညာပေးနေသည့် HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့ဝင် ၁ဝ ဦးထက်မနဲသည် ၎င်းတို့ သွားရောက်ပညာပေးရာ ဒေသများမှ အာဏာပိုင်များ၏ အုပ်စုလိုက် အကြမ်းဖက်ခြင်း၊ မီဒီယာနှင့် ဆက်သွယ်သောကြောင့် ဟုဆိုကာ မတရားသဖြင့် ဖမ်းဆီး ထောင်ချခြင်းများ ခံနေရသည်။

“ကျနော်တို့လူတွေ ဘာမှားလဲ။ ကျနော်တို့ ဥပဒေကို ဘာတွေ ကျော်နင်းလိုက်သလဲ။ ကျနော်တို့ လူ့အခွင့်အရေးကို ဘာတွေ ချိုးဖောက်လို့လဲ။ ကျနော်တို့ကတော့ ဥပဒေနဲ့ လူ့အခွင့်အရေး ထိပ်တိုက်တွေ့ရင် လူ့အခွင့်အရေးဘက်ကပဲ ရပ်တည်မှာပဲ။ ဒါမှ ကျနော်တို့ HRDP အဖြစ် ပြည်တွင်းမှာ ရပ်တည်လို့ ရနိုင်မှာဖြစ်တယ်။ အခုလို ဖမ်းဆီးတရားစွဲခြင်း၊ ထောင်ချခြင်းဟာ ကျနော်တို့အတွက် လက်ခံနိုင်ဖွယ် မရှိတဲ့ ကိစ္စဖြစ်တယ်လို့ ပြောချင်တယ်” ဟု ဦးမြင့်အေးက ပြောသည်။



လက်ရှိစစ်အုပ်စု၏ ဖိနှိပ်သတ်ဖြတ်မှုသည် ကရင့်သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်

နေသွင်
Tuesday, 08 January 2008 19:22 - မြန်မာစံတော်ချိန်

လက်ရှိ စစ်အုပ်စု ကြီးစိုးချိန်အတွင်း ဖိနှိပ်သတ်ဖြတ်မှုများသည် ကရင့်သမိုင်းတွင် အပြင်းထန်ဆုံး ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်သော ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ကရင်နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကရင် အမျိုးသားများ အချင်းချင်း စည်းလုံးညီညွတ်ရေးကို အသားပေး ဖော်ပြထားသော သဝဏ်လွှာတွင် ၂ဝဝ၇ ခုနှစ်အတွင်း နအဖစစ်အုပ်စုသည် KNU နှင့် ကရင်ပြည်သူများကို အပြင်းအထန် စစ်ဆင်ခဲ့ကာ ယခုအခါ KNU အနေဖြင့် တပ်ရင်း ၁၈၇ ရင်းဖြင့် ဆက်လက် စစ်ဆင်နေဆဲ ဖြစ်ကြောင်းနှင့် ၂ဝဝ၇ ခုနှစ်တွင် ကရင် အမျိုးသားများသည် ရောက်ရာအရပ်မှ ကရင့် တော်လှန်ရေးကို အဖက်ဖက်မှ ထောက်ခံအားပေး ကူညီခဲ့သည့်အတွက် ကရင့်တော်လှန်ရေးကို များစွာ အထောက်အကူဖြစ်ကြောင်း ဖော်ပြထားသည်။

KNU ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ ၂ဝဝ၇ ခုနှစ်အတွင်း KNU က တဖက်၊ ဒီကေဘီအေတပ်နှင့် နအဖ စစ်သားတပ်များကတဖက် ထိပ်တိုက်တွေ့မှုပေါင်း ၁၃၉၁ ကြိမ်ရှိခဲ့ပြီး စစ်ဆင်လာသည့် ရန်သူများဘက်မှ ၆၁၃ ဦး သေဆုံးကာ ၁၃၈၈ ဦး ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။ KNU ဘက်ကလည်း ၁၆ ဦးသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆက်ပြောထားသည်။

ယနေ့သည် ကရင်အမျိုးသား ပြက္ခဒိန်တွင် ၂၇၄၆ ခုနှစ်ကုန်ပြီး ၂၇၄၇ ခုနှစ်သို့ ကူးပြောင်းသော နှစ်သစ် ဖြစ်သဖြင့် KNU တပ်ရင်းအသီးသီးတွင် နှစ်သစ်ကူး အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေကြသည်ဟု KNU ပြန်ကြားရေးဌာနမှ ဗိုလ်မှူးလှငွေက မဇ္ဈိမကို ပြောသည်။

အဆိုပါ အခမ်းအနားများသို့ ပေးပို့သော KNU ဥက္ကဌ စောဘသင်စိန်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ကရင်အမျိုးသားများ လက်ရှိ ရင်ဆိုင် ဖြတ်သန်းနေရသော လက်တွေ့ ဖြစ်ရပ်များသည် အတိတ်က ကြားဖူးနားဝ အတိတ်ပုံရိပ်များ မဟုတ်ကြောင်းနှင့် ယခုဘဝမျိုးဖြင့် ဆက်သွားလျှင် ‘ကရင်တမျိုးလုံး အရှင်လတ်လတ် ပျောက်ကွယ်နိုင်ကြောင်း’ သတိပေးပြောဆိုထားသည်။

ပဒိုစောဘသင်စိန်က “ကိုယ့်လူမျိုးကို ဖြိုခွဲတဲ့ လုပ်ရပ်မှန်သမျှ မလုပ်မိအောင် ရှောင်ကြဉ်ကြပါ။ ကျွန်ုပ်တို့ကို လွတ်မြောက်ရာ အရပ်သို့ ပို့ဆောင်ပေးနိုင်တာဟာ အမျိုးသား စည်းလုံးညီညွတ်ရေးပဲ ဖြစ်တယ်” ဟု သူ့မိန့်ခွန်းတွင် ပြောဆိုသည်။

သည့်အပြင် ကရင်အမျိုးသားများကြားတွင် မတူကွဲပြားသော သက်ဝင် ယုံကြည်မှုများ ရှိသော်လည်း ဘာသာကြီးငယ်မရွေး တန်းတူရည်တူ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရှိမည်ဖြစ်ပြီး ဘာသာယုံကြည်မှုအပေါ် အခြေခံပြီး အချင်းချင်း မသင့်မတင့်၊ မညီမညွတ် ဖြစ်မှုများသည် တဖက်နှင့်တဖက်ကြား တံတိုင်းပမာ ဟန့်တားပိုင်းခြားမှုများ လုံးဝ မရှိသင့်ဟု သူက ဆက်ပြောထားသည်။

နယ်စပ်ရောက် ကရင်အသိုင်းအဝိုင်း အနေဖြင့် ထိုင်းဘုရင်မင်းမြတ်၏ အမဖြစ်သူ ကွယ်လွန်သဖြင့် ထိုင်းတနိုင်လုံး ဝမ်းနည်းပူဆွေးနေချိန်နှင့် တိုက်ဆိုင်နေသဖြင့် ယခုနှစ် ကရင် နှစ်သစ်ကူး ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခွင့်မရဘဲ ရှိနေသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ကရင့်ကံကြမ္မာကို ကရင်ဖန်တီးနိုင်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စတင် တည်ထောင်ခဲ့ကာ ယခုထိ နှစ်ပေါင်း ၆ဝ နီးပါး လက်နက်ကိုင် တိုက်ပွဲဝင်နေသော အဖွဲ့အစည်းကြီး ဖြစ်သည်။



နှစ် ၆ဝ ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော် ကျင်းပ

မျိုးကြီး
Tuesday, 08 January 2008 19:04 - မြန်မာစံတော်ချိန်

နှစ် ၆ဝ ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို မြို့တော် မြစ်ကြီးနားတွင် ကချင်ရိုးရာ ယဉ်ကျေးမှု ကော်မတီမှ ဦးစီး၍ ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီလ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပနေသည်။

ပွဲတော်တွင် နအဖ စက်မှုဝန်ကြီးဌာန အပါအဝင် ကုမ္ပဏီ လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်း ဈေးရောင်းပွဲတော်များ ကျင်းပရေးနှင့် ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်သည့်အနေဖြင့် ယခုလ ၁ဝ ရက်နေ့တွင် ကျရောက်မည့် နှစ် ၆ဝ ပြည့် ကချင်ပြည်နယ်နေ့ မနောပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ကချင်ရိုးရာ ယဉ်ကျေးမှုအဖွဲ့နှင့် နီးစပ်သူတဦးက “လုပ်သင့်လုပ်ထိုက်လို့ ပျော်ပွဲရွှင်ပွဲ လုပ်တယ်ဆိုရင် ဝမ်းသာပါတယ်။ အခုဟာက မနောပွဲကွင်းကြီးကိုလည်း သိမ်းဖို့ မျက်စောင်းထိုးနေတာ ကြာပြီ။ မနောပွဲကျင်းပရေး ကော်မတီကလည်း အသိမ်းခံရမှာ စိုးလို့ လုပ်တဲ့သဘော၊ အာဏာပိုင်တွေဘက်ကလည်း ဈေးပွဲတော် ကျင်းပဖို့ လုပ်တာ။ အဲဒါမျိုး ဖြစ်တာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကော်မတီ၏ လက်အောက်တွင်ရှိသည့် မနောပွဲကျင်းပရေး ကော်မတီက ပွဲဖြစ်မြောက်ရေးအတွက် မယက၊ ရဲနှင့် မီးသတ်တပ်ဖွဲ့ကို ပိုက်ဆံပေးရသည်။

“အရင်က ပွဲလုပ်တယ်ဆိုရင် ကိုယ့်ဟာကိုယ် လူငယ်တွေက လုံခြုံရေး ယူရတယ်။ အခုက သူတို့ကို မခေါ်ရင် တခုခုဖြစ်သွားရင် ခင်ဗျားတို့ အာမခံမလားဆိုတော့ ရဲတို့၊ အရံမီးသတ်တို့ကစ ပိုက်ဆံပေးခေါ်ရတယ်။ ပွဲကြည့်မယ်ဆိုရင်လည်း သူတို့လူကြီး ကားဓာတ်ဆီကအစ ဖြည့်ပေးရတယ်။ နောက်ဆုံး လူကြီးတပည့်ကိုလည်း လက်ဆောင်ပေးရတယ်။ ဆိုင်ခန်းတွေဆိုရင်လည်း သူတို့နာမည်နဲ့ လုပ်ရတော့ သူတို့ကို ပိုက်ဆံရှာပေးရသလို ဖြစ်နေတာပေါ့” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ပွဲတော်တွင် ၆ ကောင်ဂျင်၊ ဖိုက်ကြိုးဝိုင်း၊ မြားပစ်၊ ဘောလုံးပစ်အပါအဝင် လောင်းကစားဝိုင်းမျိုးစုံကို ဖွင့်လှစ်ထားပြီး အာဏာပိုင်များကို ကျပ်ငွေ ၃ သိန်းအထိ လာဘ်ထိုးရသေးသည်။

ယခုကျင်းပသည့် ပွဲတော်ကို လုပ်သင့်၍ လုပ်ခြင်းမျိုး မဟုတ်ဘဲ၊ အာဏာပိုင်များအဖို့ ပိုက်ဆံရရှိစေရန် ကချင်များက အဖြည့်ခံ ပွဲလုပ်ပေးရသလို ဖြစ်နေသည်ဟုလည်း အခြားဒေသခံတဦးက ပြောသည်။

စားသောက်ဆိုင်များအတွက် ဆိုင်ခန်းခသည် တခန်းလျှင် ကျပ် ၅ သောင်းနှင့် ဈေးကောက်ခမှာ တရက်လျှင် ကျပ် ၁ဝဝဝ ပေးရဆောင်ရပြီး နေရာကောင်းသည့် ဘီယာဆိုင်ခန်းတခန်းအတွက် ဆိုပါက ကျပ်ငွေ တသိန်းမှ တသိန်းခွဲအထိ ပေးရသည်။

မနောပွဲအတွက် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး မနောအကများကို ယနေ့နံနက်ပိုင်းမှ စတင် ကပြနေပြီဖြစ်ကြောင်း အခြားဒေသခံတဦးက ယခုလို ပြောသည်။

“ဖွင့်ပွဲကို ဖဲကြိုးဖြတ်ပြီး စဖွင့်တာပေါ့နော်။ နေ့လယ် ၂ နာရီလောက်ကျတော့ မနောပင်တိုင်အကအဖွဲ့က လေ့ကျင့်တဲ့အနေနဲ့ ကကြတယ်။ တကယ် ကတာက ဒီနေ့မနက်ပိုင်းမှာ စဖွင့်ပြီး ကကြတာပေါ့။ မနက်ဖြန်မှာ ကေအိုင်အေတို့၊ အန်ဒီအေကေတို့ လာကကြမယ်။ ၁ဝ ရက်နေ့ကျတော့ ကေအိုင်အေ ခေါင်းဆောင်တွေ၊ တိုင်းမှူးတို့၊ အဲဒါတွေ အကုန်လုံး ကကြမယ်။ သူတို့ ကပြီးမှ လူထုက ကြိုက်တဲ့သူ ဝင်ကလို့ရပြီ” ဟု သူက ပြောသည်။

မြစ်ကြီးနားတွင် ယခုကျင်းပနေသည့် မနောအကကို လာမည့် ၁ဝ ရက်နေ့ ညနေ ၄ နာရီတွင် ရပ်ဆိုင်းမည်ဖြစ်ကာ ၁၁ ရက်နေ့တွင် တေးဂီတ အစီအစဉ်များသာ ကျန်ရှိမည်ပြီး ညပိုင်းတွင် ပွဲတော်ကို အပြီးသတ်မည် ဖြစ်သည်။



သီရိလင်္ကာရောက် မြန်မာသံဃာတော်များ၏ ချီတက်ပွဲ ပြီးဆုံး

ဖနိဒါ
Tuesday, 08 January 2008 18:04 - မြန်မာစံတော်ချိန်

မြန်မာ့လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ၅ ရက်ကြာ လမ်းလျှောက်ကြွချီခဲ့သည့် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ၏ ခရီးစဉ်သည် ယနေ့တွင် မြို့တော် ကိုလံဘိုတွင် အောင်မြင်စွာ အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

မြန်မာသံဃာတော် အပါး ၅ဝ ကျော်သည် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ဖြစ်သော ယခုလ ၄ ရက်နေ့တွင် သီရီလင်္ကာတောင်ပိုင်း ပင်လယ်ဆိပ်ကမ်းမြို့ ဂေါလ်မြို့မှ ၁၁၇ ကီလိုမီတာ (၇၅ မိုင်) အကွာတွင် တည်ရှိသည့် မြို့တော် ကိုလံဘိုသို့ ကြွချီခဲ့ကြခြင်းဖြစ်ကာ ယနေ့ညနေ ၃ နာရီခန့်တွင် ကုလသမဂ္ဂရုံးရှေ့၌ အခမ်းအနားတရပ် ကျင်းပ၍ ခရီးစဉ်ကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

“ပါလီမန်အမတ်ဟောင်း ဒေသခံ ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်သမိထက မြန်မာနိုင်ငံမှာ စက်တင်ဘာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ရဟန်းသံဃာတွေကို သတ်ဖြတ်ခဲ့တာတွေဟာ မြန်မာနိုင်ငံက ရဟန်းသံဃာတွေကို သာမကဘဲ ဗုဒ္ဓဘာသာသာနာ တခုလုံးကို စော်ကားလိုက်တာပဲဆိုတာတွေ၊ နောက်တခု ပြင်းပြင်းထန်ထန် ပြောသွားတာက မြန်မာစစ်အစိုးရ ပြုတ်ကျပါစေဆိုတဲ့ စကားလုံးကို ပြောသွားတယ်။ ဦးဇင်းတို့လုပ်ရပ်တွေကို ထောက်ခံတဲ့အကြောင်း၊ ပြီးတော့ စစ်အစိုးရကို သူက အပြင်းအထန် ရှုတ်ချသွားခဲ့တယ်” ဟု အဖွဲ့မှ ပြောရေးဆိုခွင့်ရှိ အရှင် ဥက္ကဋ္ဌက မိန့်ကြားသည်။

သံဃာတော်များသည် မြန်မာနိုင်ငံသားများ လွတ်မြောက်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ မေတ္တာသုတ်ရွတ်ခြင်းများ ပြုလုပ်ကြကြောင်းနှင့် အခမ်းအနားသို့ သီရိလင်္ကာရှိ လူ့အခွင့်အရေး အဖွဲ့များမှ ကိုယ်စားလှယ် ၂ဝ ခန့်နှင့် သံဃာအပါး ၁ဝဝ ခန့်အပါအဝင် ဧည့်ပရိသတ် ၁၅ဝ နီးပါး တက်ရောက်ခဲ့သည်။

လမ်းခရီးတစ်လျှောက်တွင် မည်သည့်အခက်အခဲမှ မတွေ့ကြုံရဘဲ ဆွမ်းကိစ္စ၊ ခေတ္တသီတင်းသုံး နေထိုင်ရာများသည် ဒေသခံများ၏ ကြိုတင်စီစဉ်မှုများကြောင့် အဆင်ပြေခဲ့သလို၊ လမ်းခရီးတလျှောက်တွင် သီရိလင်္ကာ ပြည်သူများနှင့် နိုင်ငံခြားသားများက အိမ်များ၊ ရုံးများထဲမှ ပြေးထွက်လာကာ လက်ခုတ်သြဘာပေးခြင်း၊ သံဃာတော်များကို ပစ္စည်းသုံးပါး ကပ်လှူအားပေးခြင်းများ ရှိခဲ့သည်။

မြန်မာသံဃာတော်များသည် နိုင်ငံတောင်ပိုင်းရှိ ဂေါလ်မြို့မှ ဟစ်ဂဓူးဝ၊ အာလုဂမ၊ ကလုတရ၊ မောရတုဝ အစရှိသည့် မြို့များကို ဖြတ်သန်းခဲ့ခြင်း ဖြစ်သည်။

အရှင် ဥက္ကဋ္ဌက “အဓိက အကျိုးရလဒ်က ဦးဇင်းတို့ ရည်ရွယ်ချက်ပေါ်မှာ မူတည်တယ်။ ရည်မှန်းချက်က စစ်အာဏာရှင်ဘဝကနေ မြန်မာပြည် လွတ်မြောက်ရေး၊ ပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိရေးရယ်၊ နောက်တခုက ကမ္ဘာ့ငြိမ်းချမ်းဖို့ပေါ့နော်။ ဒါဟာ ဦးဇင်းတို့ရဲ့ ပစ်မှတ်ပဲ။ ဒါပေမဲ့လည်း လက်ရှိမှာ တကယ်တော့ အပြည့်အဝ အောင်မြင်သွားပြီလို့တော့ ပြောလို့မရပေမဲ့ ဦးဇင်းတို့ လုပ်နိုင်တဲ့ အတိုင်းအတာ တခုထိတော့ အောင်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့ လုပ်ဆောင်တဲ့လုပ်ငန်းမှာ ဒေသခံပြည်သူတွေက ဘာအတွက် လုပ်တယ်ဆိုတာ သိတယ်၊ ကူညီတယ်။ မီဒီယာတွေ၊ ဒီသီရိလင်္ကာက မီဒီယာ အပါအဝင်ပေါ့လေ၊ အကုန်လုံးက ကမ္ဘာကို ကြေညာနေတာ ဖြစ်တဲ့အတွက် ဦးဇင်းတို့ လုပ်ဆောင်ချက်တွေဟာ အောင်မြင်တယ်လို့ ယူဆတယ်” ဟု ဆက်လက် မိန့်ဆိုသည်။

သီရိလင်္ကာနိုင်ငံတွင် မြန်မာသံဃာတော်များသည် အပါး ၁ဝဝ ကျော်ရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates