Tuesday, January 8, 2008

အကြမ်းဖက်လုပ်ငန်းကို မလုပ်လိုသဖြင့် နအဖ တပ်ကြပ်ကြီး နှစ်ဦး ထိုင်းနယ်စပ်ရောက်ရှိ

သန်းထိုက်ဦး
Monday, 07 January 2008 21:12 - မြန်မာစံတော်ချိန်

လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာပါက အကြမ်းဖက် နှိမ်နင်းရန်အတွက် ပြုလုပ်သည့် သင်တန်းကို မတက်ရောက်လိုသဖြင့် ရန်ကုန်ရှိ မင်္ဂလာဒုံ ကျန်းမာရေးတပ်မှ တပ်ကြပ်ကြီး နှစ်ဦးသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းသို့ ခိုလှုံ ရောက်ရှိလာကြသည်။

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်တွင်ရှိသော နအဖ ကျန်းမာရေးနှင့် ရောဂါ နှိမ်နင်းရေးတပ်မှ တပ်ကြပ်ကြီး နှစ်ဦးဖြစ်သည့် ကိုမျိုးချစ် (ကိုယ်ပိုင်နံပါတ် ၇၁၈၇၉၄၊ ချင်းအမျိုးသား) နှင့် ကိုစမျိုးဝင်း (ကိုယ်ပိုင်နံပါတ် ၇၇၃၇၁၇၊ ကရင်အမျိုးသား) တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံ တပ်ခ်ခရိုင်အတွင်းရှိ မယ်လ ဒုက္ခသည်စခန်းသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“သူတို့ (နအဖ) အခု အထူးနှိမ်နင်းရေးမှာ ကျနော်တို့ လူမျိုးခြား နာမည်တွေ အဓိက ပါတယ်ဗျာ။ ကျနော်တို့ ကိုယ်တိုင်က သင်တန်းတက်ရမှာ ဖြစ်တယ်။ ဒီသင်တန်းက အဓိကကတော့ နောက် ဖြစ်လာမယ့် အရေးခင်းအတွက် ပေါ့နော်။ ကြိုတင်ပြင်ဆင်ထားတဲ့ သင်တန်းဖြစ်တယ်ဆိုတော့ ကျနော်တို့ အဲဒီ သင်တန်းထဲမှာ ပါပြီးသွားလို့ရှိရင် ကျနော်တို့ အမာခံလို ဖြစ်သွားပြီ။ အဲဒီသင်တန်းကို လုံးဝ မတက်ချင်ဘူး” ဟု ထွက်ပြေး တိမ်းရှောင်လာသည့် တပ်ကြပ်ကြီး ကိုမျိုးချစ်က မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် ရန်ကုန်မှ ကရင်ပြည်နယ် မြဝတီနယ်စပ်မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ရောက်ရှိလာကြကာ မယ်လ ဒုက္ခသည်စခန်းကို စုံစမ်းမေးမြန်းပြီး ရောက်ရှိခဲ့သည်။

ကိုစမျိုးဝင်းက “လက်နက်နဲ့ ပတ်သက်ပြီးတော့ ကျနော်လည်း မလုပ်ချင်တော့ပါဘူး။ ကျနော်က အစောကြီးက ဆုံးဖြတ်ထားတယ်။ ဆယ်စုနှစ် မတိုင်ခင်က ဘုရားအလုပ်ပဲ လုပ်တော့မယ်၊ အေးအေးဆေးဆေးပဲ နေချင်တယ်လေ။ ကျနော်တို့ ကျန်တဲ့ အသက်တာလေးမှာတော့ ဘုရားအတွက် ပြန်ပြီးတော့ အလုပ်လုပ်ချင်တယ်။ ပြန်ပြီးတော့ ပေးဆပ်ချင်တာပေါ့နော်။ ဒီဟာကြီးတွေ ကျနော်တို့ စိတ်လည်း ကုန်နေပြီ။ မလုပ်ချင်တော့ဘူး” ဟု ပြောသည်။

ဒုက္ခသည်စခန်းအတွင်း သူတို့ နှစ်ဦး အမှန်တကယ် နေထိုင်လျက်ရှိကြောင်း အမည်အဖော်လိုသူ မယ်လ ဒုက္ခသည်စခန်း တာဝန်ခံက အတည်ပြု ပြောဆိုသည်။




ဂြိုဟ်တုစလောင်းအခွန် ကျပ် ၅ သောင်းသို့ ပြန်လည်လျော့ကျ

ဖနိဒါ
Monday, 07 January 2008 20:34 - မြန်မာစံတော်ချိန်

ဂြိုဟ်တုစလောင်း တပ်ဆင်ခကို ယခုနှစ်ဆန်းပိုင်းတွင် နအဖ စစ်အစိုးရက ကျပ် ၁ဝ သိန်း တိုးမြှင့်ခဲ့ရာမှ ယခုအခါ ကျပ် ၅ သောင်းသို့ ပြန်လည်လျှော့ချမည် ဟူသော သတင်းများ ရန်ကုန်မြို့ခံများအကြား ပျံနှံ့နေသည်။

ယမန်နှစ်က ဂြိုဟ်တုစလောင်း အသုံးပြုသူများ အနေဖြင့် စစ်အစိုးရသို့ တနှစ်လျှင် ၆ ထောင်ကျပ်သာ အခွန် ပေးဆောင်ခဲ့ရသော်လည်း ယခုနှစ်ဆန်းပိုင်းတွင် အဆပေါင်း ၁၆၆ မြင့်တက်လာကာ ကျပ် ၁ဝ သိန်းသို့ တိုးမြှင့်လိုက်သဖြင့် အခွန်ငွေ ပေးသွင်းနိုင်သူ မရှိသလောက်ဖြစ်ရာမှ ပြီးခဲ့သည့် ၄ ရက်နေ့က ကျပ် ၅ သောင်းသို့ ပြန်လည် လျှော့ချလိုက်သည့် သတင်းများ ရန်ကုန်မြို့နယ် အချို့တွင် ထွက်ပေါ်နေခြင်း ဖြစ်သည်။

“နှစ်မျိုးဖြစ်နေတယ်။ အရင်က တနှစ်ကို ၆ ထောင်၊ အခု အဲဒီ ၆ ထောင်ဟာကို ၅ သောင်းလို့ ပြောနေကြတယ်။ အတိအကျ ဘယ်သူ့ကိုမှ မေးလို့မရဘူး ဖြစ်နေတယ်။ ဆက်သွယ်ရေးရုံးကလည်း ညွှန်ကြားချက် မရသေးဘူး ဆိုပြီးတော့ သွင်းဖို့ လက်မခံသေးဘူး” ဟု မရမ်းကုန်း ဆက်သွယ်ရေး ရုံးသို့ သွားရောက်ခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ဗဟန်းမြို့နယ်မှ ဂြိုဟ်တုစလောင်း အသုံးပြုနေသူ နောက်တဦးကလည်း “ဒီနေ့လူတွေ အားလုံး ပြောနေကြတယ်။ ၅ သောင်းဖြစ်မယ်တဲ့” ဟု ပြောသည်။

မဇ္ဈိမက ရန်ကင်း ဆက်သွယ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းတဦးက အထက်မှညွှန်ကြားစာ မရောက်သေးကြောင်းသာ ပြန်လည်ဖြေကြားပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဂြိုဟ်တုစလောင်းအခွန် လျှော့ချလိုက်သည့် သတင်းကို သူ၏ ဘလော့တွင် သတင်းအဖြစ် ရေးသားထားသော ဒေါက်တာလွဏ်းဆွေက အထက်ပါ သတင်းသည် ခိုင်လုံကြောင်း အတည်ပြုပြီး ရန်ကုန်တွင် ပြီးခဲ့သည့် ရက်ပိုင်းက စလောင်း ဖြုတ်ထားသူများပင် ယခုအခါ ပြန်လည် တပ်ဆင်နေကြသည်ဟု ဆိုသည်။

အထက်ပါသတင်းကို အသေးစိတ် ပိုမိုသိရှိနိုင်ရန် မဇ္ဈိမက ထပ်မံစုံစမ်းဆဲ ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates