Friday, January 18, 2008

မဲခေါင်ဒေသဖွံ့ဖြိုးရေး ဂျပန်က ယန်းငွေ ၆ ဘီလီယံ ကူညီမည်

ဖနိဒါ
Thursday, 17 January 2008 19:42 - မြန်မာစံတော်ချိန်

သုံးနိုင်ငံ အဝေးပြေးလမ်းမ တည်ဆောက်ရေးအတွက် အပါအဝင် ဂျပန်က မဲခေါင်ဒေသ နိုင်ငံများ ဖွံ့ဖြိုးရေးအတွက် စုစုပေါင်းဂျပန် ယန်းငွေ (၆) ဘီလီယံ အကူအညီပေးရန် သဘောတူလိုက်သည်။

အကူအညီပေးငွေတွင် ဗီယက်နမ်၊ ထိုင်းနှင် မြန်မာနိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အဝေးပြေး လမ်းမကြီး ဖောက်လုပ်ရန်အတွက် ယန်းငွေ ၂ ဒဿမ၂ ဘီလီယံနှင့် နိုင်ငံများအားလုံး၌ ဆင်းရဲမှု တိုက်ဖျက်ရေးအတွက် ၁ ဒဿမ ၇ ဘီလီယံတို့ ပါဝင်သည်။

ထို့အပြင် မဲခေါင်ဒေသ (၅) နိုင်ငံမှ လူ (၂ဝဝဝ) ကို ဂျပန်နိုင်ငံသို့ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် အနေဖြင့် ခေါ်ယူမည်ဖြစ်ရာ လစဉ် တနိုင်ငံချင်းစီမှ လူ (၄ဝ) ခန့် ခေါ်ယူဖွယ် ရှိနေသည်။

ဂျပန်နှင့် မဲခေါင်ဒေသမှ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေး ယနေ့ ပြီးဆုံးသွားပြီ ဖြစ်သည်။

အစည်းအဝေးတွင် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ဂျပန်နိုင်ငံအနေဖြင့် မြန်မာသံယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည့်အပေါ် မြန်မာရေးရာ ရုံးတာဝန်ခံ ဒေါက်တာမင်းညိုက “သူတို့က လက်ရှိ မြန်မာပြည်မှာရှိတဲ့ သဘာဝ ပစ္စည်းတွေကို မြေအောက်၊ ရေအောက်၊ မြေပေါ်ဆိုတဲ့ အကုန်လုံးကို ထုတ်ရောင်းဖို့ပဲ နားလည်တဲ့ စစ်ခေါင်းဆောင်တွေ၊ ဒီဟာတွေနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် တိုင်းပြည်ကို ချမ်းသာအောင် (ဘယ်လိုလုပ်မလဲ) သူတို့ သဘောမပေါက်ဘူး” ဟု ဝေဖန် ပြောဆိုလိုက်သည်။

မဲခေါင်ဒေသတွင်း ဂျပန်၏ ဖွံ့ဖြိုးရေး အစီအစဉ်သည် ဂျပန်နှင့် ဆက်ဆံရေး မပြေလည်သော တရုတ်နှင့် တောင်ကိုးရီးယားတို့၏ ဒေသတွင်း သြဇာလွှမ်းမိုးမှုကို ခြေဖျက်ရန် ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်မှုများ ရှိနေသည်။

သုံးနိုင်ငံ အဝေးပြေး လမ်းမအပြီး ဂျပန်အနေဖြင့် ဟိုတယ်၊ တခြားလုပ်ငန်းမှာတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိလာနိုင်မည်ဟု ခန့်မှန်းထားကြသည်။



တောင်ကုတ်ဆန္ဒပြပွဲ ပျက်ပြား

ထိန်လင်း
Thursday, 17 January 2008 18:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ ပြုလုပ်ရန် စီစဉ်ထားသော ရာချီရှိသည့် ဒေသခံများ၏ ဆန္ဒပြပွဲသည် အာဏာပိုင်များက လက်နက်များ ကိုင်ဆောင်၍ ဖြိုခွင်းရန် အသင့်အနေအထား ပြုခဲ့၍ မြို့တွင်း လှည့်လည်မှုမပြုမီ လူစု ခွဲလိုက်ကြသည်။

သံဃာတော် ၁ဝ ပါးအပါအဝင် လူအင်အား ၂ဝဝ ကျော်သည် မြို့ မဈေးအနီး၌ စုရုံးနေစဉ် မလှမ်းမကမ်းရှိ သမိုင်းဝင် ဖောင်တော်ဦးဘုရား မုခ်ဝတွင် ရဲ၊ လုံထိန်း၊ မယက၊ ရယက အဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် အများအပြားက ဒုတ်များ၊ ဒိုင်းများ၊ လေးခွများ ကိုင်ဆောင်၍ ဖြိုခွင်းရန် လုပ်ဆောင်သဖြင့် လူစုခွဲလိုက်ကြခြင်း ဖြစ်သည်။

“သူတို့က ငြိမ်းချမ်းမှုနဲ့ပဲဖြစ်ဖြစ်၊ စီတန်း လမ်းလျှောက်လို့ပဲဖြစ်ဖြစ် ဆန္ဒပြပွဲဖြစ်ခဲ့ရင် အကြမ်းဖက်မယ့် ပုံစံတွေနဲ့ အသင့် စောင့်နေကြတယ်ဗျ။ နံပါတ်ဒုတ်၊ လေးခွ၊ ဒိုင်းတွေ၊ လွှားတွေ ကိုင်ထားတော့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ချင်လို့ ပြန်ဆုတ်ခဲ့ကြတယ်” ဟု တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် ကိုမိုးနေစိုးက မဇ္ဈိမကို ပြောသည်။

ထို့နောက် မြို့တွင်း၌ စစ်ကားများ လှည့်လည်နေသလို ကင်းပုန်းများလည်း ချထားလိုက်သည်။

စစ်တပ်က ပြည်သူများထံမှ တပ်ရိက္ခာအတွက်ဟု ဆိုကာ လယ်တဧကလျှင် စပါး တတင်းနှင့် တပြည်ကို အတင်းအဓမ္မ မရောင်းမနေရ လိုက်လံ ဝယ်ယူနေခြင်း၊ တောင်ကုတ် ဒေသခံများ စားဝတ်နေရေး ကျပ်တည်းခြင်းနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ဆန္ဒပြသူများက ပြောသည်။

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် သံဃာလူထု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သဖြင့် တောင်ကုတ်မြို့ အန်အယ်ဒီ ခေါင်းဆောင်များဖြစ်သည့် ဦးခင်လှ (အတွင်းရေးမှူး) နှင့် ကိုမင်းအောင် (ဘဏ္ဍာရေးမှူး) တို့အပါအဝင် ဒေသခံ ၁၃ ဦးကို အာဏာပိုင်များက ယနေ့တိုင် ဖမ်းဆီးထားဆဲ ဖြစ်သည်။

ယမန်နေ့ညကလည်း ရခိုင်ပြည်နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးကျော်ခင်နှင့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ ဒုဥက္ကဌ ဦးသန်းဖေတို့ကို အာဏာပိုင်များက ခေတ္တ ခေါ်ယူစစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ကာ ဆက်လက်၍လည်း သူတို့ကို လိုက်လံ စောင့်ကြည့်နေသည်။



မြန်မာ့ဆက်သွယ်ရေးက ဘလော့ဂ်ဆိုဒ် ပိတ်ပင်

မဇ္ဈိမသတင်းဌာန
Thursday, 17 January 2008 17:37 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ယနေ့နံနက်မှစ၍ ဘလော့ဂ် တင်၍ရသော www.blogger.com ကို ၀င်ရောက်ကြည့်ရှု သုံးစွဲမရအောင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားပြီးချိန်မှစ၍ ဘလော့ဂ်များကို မြန်မာနိုင်ငံတွင်း ကြည့်ရှုခွင့်ကို အင်တာနက် ၀န်ဆောင်မှုပေးသော ပုဂံတယ်လီပေါ့ (Bagan Teleport) က တားမြစ်ခဲ့ပြီး ယခုအခါ နောက်ထပ် ကျန်ရှိသည့် အင်တာနက် ၀န်ဆောင်မှုပေးသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ဆသရ) အောက် အင်တာနက် သွယ်ထားသော ကွန်ပြူတာများမှ ကြည့်ရှုခွင့် မရခြင်း ဖြစ်သည်။

အင်တာနက် ၀န်ဆောင်မှု နှစ်ခုလုံးကိုတော့ စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း စီမံခန့်ခွဲမှုဌာန ကွဲပြားခြင်း ဖြစ်သည်။

သို့သော် မဇ္ဈိမသတင်းဌာနက ရန်ကုန်ရှိ မြန်မာ့ဆက်သွယ်ရေးသို့ ဆက်သွယ်မေးမြန်းရာတွင် အရာရှိတဦးက ပိတ်ပင်ခြင်း မဟုတ်ကြောင်းနှင့် မည်သည့်အတွက် ၀ဘ်ဆိုဒ်သို့ သွားရောက် ကြည့်ရှုမရသည်ကို မသိရှိကြောင်း ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ ဆက်သွယ်ရေး ၀န်ထမ်းကလည်း ပိတ်ပင်ရန် တရားဝင် ညွန်ကြားချက် မရှိကြောင်း ပြောသော်လည်း အသေးစိတ် ပြောရန်ကိုမူ ငြင်းဆန်လိုက်သည်။

ဘလော့ဂ်များသည် ယမန်နှစ် စက်တင်ဘာလ ရဟန်းရှင်လူ အုံကြွသည့် အရေးတော်ပုံအတွင်း စစ်အစိုးရ လွန်စွာ ထိန်းချုပ်သည့်ကြားမှ မြန်မာပြည် အခြေအနေကို ပြင်ပကမ္ဘာက သိရှိအောင် စွမ်းဆောင်ရာတွင် ထိပ်တန်းက ပါဝင်ခဲ့သည်။



နာဂပွဲတော်ပြန် ကားမှောက်၊ လူ ၂ဝ ဒဏ်ရာရ

မဇ္ဈိမသတင်းဌာန
Thursday, 17 January 2008 16:54 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။နာဂပွဲတော်မှအပြန် ပြည်ပ ခရီးသွားဧည့်သည်များ တင်ဆောင်လာသည့် ဘတ်စ်ကားတစီး ယမန်နေ့က တိမ်းမှောက်ရာ နိုင်ငံခြားသားများ အပါအဝင် ကားပေါ်ပါ လူ ၂ဝ ခန့် ဒဏ်ရာ ရရှိသွားခဲ့သည်။

Naga Festival
နာဂပွဲတော် (ဓာတ်ပုံ Myanmartravelinformation.com)

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် Diamond Palace ခရီးသွားလုပ်ငန်းတို့ ပူးပေါင်းဦးစီးပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကျင်းပသည့် နာဂပွဲတော်မှ ပြန်လာသော နိုင်ငံခြားသား ၄ဝ ကျော်ပါ ဘီအမ် ဟီးနိုးကားသည် စစ်ကိုင်းတိုင်း လေရှီးမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က တိမ်းမှောက်ခြင်း ဖြစ်သည်။

ဒဏ်ရာရသူများတွင် ပြင်သစ်လူမျိုးတချို့၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ် ခရီးသွားလာရေးမှ တာဝန်ရှိသူများနှင့် သတင်းထောက် တယောက်လည်း ပါဝင်သည်။

ပွဲတော် ကျင်းပရာနေရာသည် ဝေလံခေါင်ဖျား အရပ်ဖြစ်ပြီး ပြည်ပ ခရီးသည်များ အနေဖြင့် မန္တလေးမှ ဟုမ္မလင်းသို့ သွားရပြီး ထိုမှ ချင်းတွင်းမြစ်ကို ဖြတ်ကူးကာ ထမံသီကျေးရွာသို့ ခရီးဆက်ရသည်။ ထို့နောက် လေရှီးသို့ ဆက်ကြရသည်။

ပြည်ပအခြေစိုက် နာဂအဖွဲ့များက နာဂ တိုင်းရင်းသား ရိုးရာအပေါ် စစ်အစိုးရက အမြတ်ထုတ် အသုံးချနေသည်ဟု ဝေဖန်ခံနေရသည့် နာဂနှစ်သစ်ကူး ပွဲတော်ကို ဖြုတ်ထုတ် ခံလိုက်ရသည့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက်တွင် စတင် ပြုလုပ်ခဲ့သည်။



ပဲခူး ဘတ်စ်ကားဗုံး၊ လူတဦး သေဆုံး

နန်းဒေဝီ
Thursday, 17 January 2008 15:26 - မြန်မာစံတော်ချိန်

ပဲခူးမြို့ ပျဉ်ပုံကြီး ကျေးရွာတွင် ခေတ္တ ရပ်နားနေသည့် ရန်ကုန်-ကျောက်ကြီး ခရီးသည်တင် ဘတ်စ်ကားပေါ်တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူတဦး သေဆုံးခဲ့သည်။

ပဲခူး၊ မြောက်ဖက် ၁၆ မိုင်အကွာရှိ ပျဉ်ပုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ကျောက်ကြီးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရွှေခရီးသည် အဝေးပြေး ခရီးသည်တင် မှန်လုံကား တစီးပေါ်တွင် ဗုံးတလုံး ပေါက်ကွဲခဲ့ရာ ကားစပယ်ယာ ပွဲချင်းပြီး သေဆုံးပြီးနောက် ဒေသ အာဏာပိုင်များက ယခုအခါ လုံခြုံရေးကို တင်းကျပ်လိုက်ခြင်း ဖြစ်သည်။

“လုံခြုံရေးက သိတဲ့အတိုင်းပါပဲ။ ဖြစ်ပြီး သိပ်မကြာဘူး ရောက်လာတယ်။ ကားတွေကတော့ ပုံမှန်အတိုင်းတော့ ပြေးဆွဲနေတယ်။ လမ်း နှစ်ဖက်စလုံးမှာ နယ်ထိန်း လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်” ဟု ပဲခူးမြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဗုံးပေါက်ကွဲသံက သိပ်မကျယ်ဘူး။ ကားခေါင်း တခုလုံးတော့ ပျက်စီးသွားတယ်။ စပယ်ယာကတော့ အထဲမှာ ရေထည့်နေတုန်းဆိုတော့ ပွဲချင်းပြီးပဲ” ဟု ပြောသည်။

ပဲခူးမြို့ခံ ဆရာဝန်တဦးကမူ “လူတယောက် ပွဲချင်းပြီး သေတယ်ဆိုတာပဲ ကြားရတယ်။ တခြားခရီးသည်တွေ ဒဏ်ရာရတာ၊ ဆေးရုံ ရောက်လာတာတော့ မကြားမိဘူး။” ဟု ပြောသည်။

ယနေ့ထုတ် စစ်အစိုးရ အာဘော် မြန်မာ့အလင်းစာတွင် ယာဉ်အမှတ် (၅ခ၊၃၆၄၄)၊ ယာဉ်မောင်း ထွန်းဝင်းလတ် မောင်းနှင်လာသော မှန်လုံးကားသည် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် (၆၈) အနီး ပျဉ်ပုံကြီးကျေးရွာ စစ်ကိုင်းလေးမာလာ ထမင်းဆိုင်၌ ခရီးသည်များ နံနက်စာ သုံးဆောင်ရန်အတွက် ရပ်နားထားစဉ် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ယာဉ်ပေါ်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ယာဉ်နောက်လိုက် လွင်စိုး (၃၅ နှစ်) သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ယခုနှစ်ဆန်းပိုင်းအတွင်း မြန်မာပြည်တွင်း၌ ဗုံးပေါက်ကွဲမှု ၄ ကြိမ်မြောက် ဖြစ်ပွားခဲ့ပြီး၊ ယခင် ပေါက်ကွဲမှုများကို ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ပြည်ပရောက် သောင်းကျန်းသူများ လက်ချက်ဟု နအဖ စစ်အစိုးရက စွပ်စွဲ ရေးသားခဲ့သော်လည်း ယခု ပေါက်ကွဲမှုနှင့် စပ်လျဉ်း၍ မည်သည့် အဖွဲ့အစည်းလက်ချက် ဖြစ်သည်ကို ပြောဆိုခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆက်လက် ရေးသားထားသည်။



ညှဉ်းပန်းနှိပ်စက် စစ်ဆေးခံရပြီးနောက် တောင်တွင်းကြီး အန်အယ်ဒီ နှစ်ဦး ပြန်လွတ်လာ

ထိန်လင်း
Thursday, 17 January 2008 14:00 - မြန်မာစံတော်ချိန်

၂ ရက်ကြာ ညှဉ်းပန်းနှိပ်စက်ရင်း စစ်ဆေး မေးမြန်းပြီးနောက် တောင်တွင်းကြီးမြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို မန္တလေးရှိ စစ်ကြောရေးစခန်းမှ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

မကွေးတိုင်း တောင်တွင်းကြီးမြို့နေ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးမောင်စိုးနှင့် ချောင်းနက်ကျေးရွာနေ အန်အယ်ဒီ မြို့နယ်အတွင်းရေးမှူး ဦးပါလေးတို့ကို ယခုလ ၁၄ ရက်နေ့တွင် အာဏာပိုင်များက နေအိမ်များမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ဦးပါလေးကို ယမန်နေ့နံနက် ၇ နာရီနှင့် ဦးမောင်စိုးကို ယနေ့နံနက် ၄ နာရီခွဲတွင် နေအိမ်များသို့ မန္တလေး စစ်ကြောရေးစခန်းမှ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

“နှစ်ရက်စလုံး မတ်တပ်ရပ်နေရတယ်။ လက်ထိပ်လည်း ဖြုတ်မပေးဘူး။ ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခံရပုံ ရတယ်။ ဆဲတာဆိုတာ ရှိတယ်။ လူကို ကိုယ်ထိလက်ရောက် မရိုက်ပေမယ်လို့ တော်တော်တော့ ညှဉ်းဆဲတာပေါ့ဗျာ။ နှစ်ရက်စလုံး လုံးဝကို မထိုင်ရဘူး။ မတ်တပ် ရပ်နေရတယ်။ ခွေကျသွားအောင် လုပ်တာပေါ့ဗျာ။ လက်ထိပ်ခတ်၊ မျက်နှာအဝတ် ပတ်ထားပြီး အဲဒီအတိုင်း စစ်တာပေါ့ဗျာ” ဟု မိသားစုများနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဦးပါလေးကတော့ မနေ့က မနက် ၇ နာရီလောက်မှာ လာပို့တယ်။ အိမ်ရောက်မှ လက်ထိပ်တွေ၊ စီးထားတဲ့ အဝတ်တွေ ဖြုတ်ပေးတယ်။ သွေးတိုးရော လေးဘက်နာရော ရှိတော့ တော်တော် ပင်ပန်းနေတယ်။ ဆီးသွားတာတောင် လုံချည် မ’မေးတယ် ဆိုတာပဲ။ ထမင်းစားချိန်ကျတော့ လက်တဖက် ဖြုတ်ပေးတယ်။ အသက်တွေက ၅ဝ ကျော်တွေဆိုတော့ အတော် ပင်ပန်းသွားတာပေါ့ဗျာ” ဟု ပြောသည်။

သူတို့နှစ်ဦးကို ဖမ်းဆီးပြီးနောက် ညတွင်းချင်းပင် မန္တလေးရှိ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဓာတုအဆိပ် သင့်နေသည် ဟူသည့် စာများ မကြာသေးခင်က တောင်တွင်းကြီးတွင် ပြန့်နှံ့မှုနှင့် ယခုလ ၅ ရက်နေ့တွင် အမေရိကန်သံရုံး ယာယီတာဝန်ခံ တောင်တွင်းကြီးသို့ လာရောက်ခဲ့သည့် အကြောင်းများကို အာဏာပိုင်များက အဓိကထား မေးမြန်းခဲ့ကြသည်။

ပြန်လည်လွှတ်ပေးရာတွင် ဖမ်းဆီး စစ်ဆေးမှုနှင့် ပတ်သက်ပြီး မီဒီယာများသို့ ပြောဆိုခြင်း မပြုရန် ကတိခံဝန်ချက်အဖြစ် လက်မှတ် ရေးထိုးခဲ့ရကြောင်းလည်း သိရသည်။



မြန်မာသို့ ပို့မည့် တရုတ်စစ်ကားများ နယ်စပ်ရောက်

မျိုးကြီး
Thursday, 17 January 2008 15:34 - မြန်မာစံတော်ချိန်

မြန်မာစစ်တပ်သို့ လွဲပြောင်းပေးအပ်မည့် တရုတ်နိုင်ငံလုပ် စစ်ကားအစီး (၁ဝဝ) ခန့် ယမန်နေ့ ညပိုင်းမှ စတင်၍ တရုတ်-မြန်မာ နယ်စပ်မြို့ ဂျယ်ဂေါင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ဒုတိယအသုတ်အဖြစ် လွှဲပြောင်းပေးမည့် FAW တံဆိပ်ပါ စစ်ကားများသည် မြန်မာပိုင် မူဆယ်မြို့၏ တဖက်ကမ်း ဂျယ်ဂေါင်တွင် ခေတ္တ ရပ်နားနေခြင်း ဖြစ်သည်။

၂ဝဝရ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို FAW ယာဉ်အစီး(၁ဝဝဝ)ကျော် ကို အသုတ်များခွဲ၍ လက်ဆောင်အဖြစ် လွဲပြောင်းပေးနေခဲသည်ဟု တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည် ၊၊

စစ်ကားတစီးလျှင် တန်ဘိုး အမေရိကန်ဒေါ်လာ (၉ဝဝဝ) ခန့်နှင့် ညီမျသော တရုတ်ယွမ်ငွေ (၆ဝဝဝဝ) ပါတ်ဝန်းကျင်ခန့် ပေါက်ဈေး ရှိသည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

First Automotive Works ခေါ် ဖေါကုမ္မဏီသည် ဂျပန်နိုင်ငံမှ တိုယိုတာနှင့် ဂျာမဏီနိုင်ငံမှ ဗောက်ဝက်(စ)ဂွန် ကားကုမ္ပဏီများဖြင့်လည်း တရုတ်နိုင်ငံတွင် ကားများဖက်စပ် ထုတ်လုပ်လျှက် ရှိသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates