Monday, January 21, 2008

တောင်ကုတ်မှာ အခြေအနေ တင်းမာ၊ ဆန္ဒပြဖွယ်ရှိ

သန်းထိုက်ဦး
Friday, 18 January 2008 18:12 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယမန်နေ့က ဆန္ဒပြပွဲ အစီအစဉ် ပျက်ပြားသွားပြီးနောက် အာဏာပိုင်များအပေါ် ဒေသခံများမှ မကျေနပ်ဘဲ ဆက်လက်၍ တင်းမာနေသည်ဟု အဖွဲ့ချုပ်ဝင်များက ပြောသည်။

ယမန်နေ့က သံဃာများ အပါအဝင် လူထုအင်အား ၂ဝဝ ခန့်က မြို့မဈေး အနီးတဝိုက်တွင် ဆန္ဒပြရန် လူစုနေစဉ် ရဲ၊ မီးသတ်၊ မယက ရယက များ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက လက်နက်များ ကိုင်ဆောင်၍ ဖြိုခွင်းရန် အသင့်ပြင်လာသဖြင့် ဆန္ဒပြမည့် အစီအစဉ် ပျက်ပြားခဲ့ရပြီးနောက် တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

“မြို့ခံတွေကြားမှာ ကျနော်တို့ လူစုခွဲလိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လုံးဝ မကျေနပ်နေကြတာဗျာ။ အဲဒီတော့ ဘယ်အချိန်မှာ ပေါက်ကွဲလာမယ် ဆိုတာ ကျနော်တို့ အတိအကျ ပြောလို့ မရသေးဘူး ခင်ဗျာ။ မြို့ခံတွေကတော့ တအားကို မကျေနပ်နေတာ” ဟု တောင်ကုတ်မြို့ အန်အယ်ဒီနှင့် နီးစပ်သူ ကိုဗလက မဇ္ဈိမကို ပြောသည်။

ဒေသခံ အမျိုးသမီး တဦးကလည်း “တင်းမာမှုတွေက ရှိတယ်လေ။ လူတွေက အခဲမကျေကြဘူးပေါ့နော်။ ဒီတကြိမ်က မလုပ်လိုက်ရဘူးပေါ့နော်။ နောင်တကြိမ်မှာ ဖြစ်အောင်လုပ်မယ် ဆိုတဲ့ ဟာမျိုးကတော့ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

စီစဉ်ခဲ့သည့် ဆန္ဒပြပွဲသည် ဒေသခံများအကြား ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်းကို အဓိကထား ဖော်ထုတ်ချင်သောကြောင့် ဖြစ်သည်။

ယခုအခါ အာဏာပိုင်များက တောင်ကုတ်ရှိ ဖော်တော်ဦးစေတီ အနီးနှင့် အချို့ လမ်းထောင့်များတွင် လုံခြုံရေးများ ချထားပြီး မြို့ထဲတွင်လည်း ကားများဖြင့် လှည့်လည် စောင့်ကြည့်နေသည်။

ဆန္ဒပြမည့် ကိစ္စနှင့်စပ်လျဉ်း၍ အာဏာပိုင်များက ဖမ်းဆီးမှုများ မပြုလုပ်သေးသော်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် တောင်ကုတ်မြို့နယ် အန်အယ်ဒီ အတွင်းရေးမှူး ဦးခင်လှ နှင့် ဘဏ္ဍရေးမှူး ကိုမင်းအောင် အပါအဝင် ဒေသခံ ၁၃ ဦး ကို ယနေ့တိုင် ဖမ်းဆီးထားဆဲ ဖြစ်သည်။



လုံခြုံရေးကောင်စီက ဂမ်ဘာရီ မြန်မာသို့ စောစောသွားရန် တိုက်တွန်း

မုံပီး
Friday, 18 January 2008 17:16 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နှောင့်နှေး ကြန့်ကြာနေခြင်းအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် စိတ်မကောင်း ဖြစ်မိကြောင်း ကြာသပတေးနေ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန် မြှင့်တင်နိုင်ရန်အတွက် ယင်း၏ အထူးသံတမန် မစ္စတာ ဂမ်ဘာရီကို မြန်မာနိုင်ငံတွင်းသို့ စောလျင်စွာ ပြန်သွားရန်လည်း တောင်းဆိုလိုက်ပါသည်။

ကြာသပတေးနေ့က ထုတ်ပြန်သော ကြေညာချက်တွင် “နောက်ထပ် တိုးတက်မှုများ၏ အရေးကြီးမှုကို သတိမူမိသည့် အားလျော်စွာ မစ္စတာ ဂမ်ဘာရီ၏ မြန်မာပြည် ခရီးစဉ် စောလျင်စွာ စတင်နိုင်လျှင် ဤဖြစ်စဉ်ကို ချောမွေ့ လွယ်ကူစေလိမ့်မည် ဖြစ်ကြောင်း မှတ်သားမိသည်” ဟု ဖေါ်ပြထားသည်။

စက်တင်ဘာ အရေးအခင်းတွင် ဆန္ဒပြသူများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ၂ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။ ကြာသပတေးနေ့ အစည်းအဝေးအပြီး မစ္စတာ ဂမ်ဘာရီက သူ့ကို ယခုလ အတွင်း မြန်မာနိုင်ငံသို့ နောက်တကြိမ် သွားရောက်ရန် ပြောဆိုခဲ့ကြောင်း၊ သို့သော် မြန်မာ စစ်အစိုးရက မိမိကို ဧပြီလ လယ်မှသာ လာရောက်စေလိုကြောင်း သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

မစ္စတာဂမ်ဘာရီ၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ် ဆောင်ရွက်ရန်အတွက် စစ်အစိုးရက ဆက်ဆံရေး ဝန်ကြီးတဦးကို ခန့်အပ် တာဝန်ပေးခဲ့သည်။ အဆိုပါ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုအချိန်အထိ ၄ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကမူ ယခု ဆွေးနွေးပွဲများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို စတင်နိုင်ရန်အတွက် နိုင်ငံရေး ဆွေးနွေးပွဲများအဖြစ် ဘာမှ မယ်မယ်ရရ တိုးတက်မှု မရှိသေးကြောင်းပြောဆိုသွားပါသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေဟာ မစ္စတာ ဂမ်ဘာရီရဲ့ ခရီးစဉ်က ပေါ်ထွက်လာတာမို့ သူ့အနေနဲ့ မြန်မာနိုင်ငံကို နောက်တခေါက် စောစောပြန်လာပြီး နောက်ထပ် တွန်းအားတွေ ပေးသင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောကြားသွားပါသည်။

တွေ့ဆုံ ဆွေးနွေးရေးဖြစ်စဉ် ရပ်တန့်နေသည့်အတွက် “ဒီဖြစ်စဉ်က ကြာလေ၊ တိုင်းပြည်က ပိုနာလေဖြစ်မှာဘဲ” ဟု ဦးဥာဏ်ဝင်းက စိတ်ပျက်လက်ပျက် ပြောကြားသွားသည်။

မစ္စတာ ဂမ်ဘာရီကလည်း ဒေသတွင်း နိုင်ငံများ အနေဖြင့် မြန်မာ့အရေးနှင့် စပ်လျဉ်း၍ ပိုမို တက်တက်ကြွကြွ ဆောင်ရွက်သင့်ကြောင်း၊ မိမိအနေဖြင့်လည်း ယခုလနှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ သွားရောက် လည်ပတ်ရန် ရည်ရွယ်ထားကြောင်း လုံခြုံရေး ကောင်စီနှင့် တွေ့ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားသွားသည်။

မည်သို့ပင်ဆိုစေ မြန်မာအစိုးရ အနေဖြင့် ဖွဲ့စည်းပုံ ရေးဆွဲရေး ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ပြည်သူလူထု မကျေနပ်ချက်များ၏ အဓိက အကြောင်းရင်းကို ဖြေရှင်းပေးရေး စသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌ၏ အောက်တိုဘာ ၂၇ ရက် ထုတ်ပြန် ကြေညာချက်တွင် အလေးပေး ဖေါ်ပြထားသော ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး မယ်မယ်ရရ တိုးတက်မှုများ ပြနိုင်ရန် ဦးတည် ဆောင်ရွက်သင့်ကြောင်း ကိုလည်း မစ္စတာ ဂမ်ဘာရီက ပြောကြားသွားသည်။



တောင်တွင်းကြီး ဆိုင်ခန်းများ သမဦးစီး ဖယ်ရှား

ထိန်လင်း
Friday, 18 January 2008 16:53 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မကွေးတိုင်း တောင်တွင်းကြီးမြို့ရှိ သမဝါယမရုံး မြေနေရာတွင် ဆောက်လုပ် ရောင်းချနေသော ပုဂ္ဂလိက ဆိုင်ခန်းများကို သမဝါယမဦးစီးဌာနမှ ယခုလ ၂၂ ရက် နောက်ဆုံးထား၍ ထွက်ပေးရန် အမိန့်စာ ထုတ်ပြန်ကာ သတိပေးလိုက်သည်။

သက္ကရာဇ် ၂ဝဝဝ ခုနှစ်မှစတင်ကာ အဆိုပါ သမဝါယမရုံးပိုင် မြေနေရာတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဆိုင်ခန်းများ ဆောက်လုပ် ရောင်းချခွင့်ကို ၂ဝ၁ဝ ခုနှစ်အထိ ပေးအပ်ထားခဲ့သော်လည်း စာချုပ်သက်တမ်း မကုန်မီ ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

“အရင် အစကထဲက ၂ဝ၁ဝ မှာမှ အဆောက်အဦးကို ရုံးပိုင်အဖြစ် လွှဲပေးရမယ်လို့ စာချုပ်မှာ လက်မှတ် ထိုးထားတာပါ။ အခု ၂ဝ၁ဝ တောင် မရောက်သေးဘဲ ဒီလ ၂၂ ရက် ထွက်ပေးရမယ်လို့ ဝန်ကြီးဌာနအမိန့် ဆိုပြီး ရုံးတံဆိပ်တုံးနဲ့ပဲ မြို့နယ်ဦးစီးက စာထွက်တယ်ဗျာ” ဟု ဆိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။

သမဝါယမ ရုံးပိုင် မြေနေရာတွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားသူများက ဆိုင်ခန်းခများကို သက္ကရာဇ် ၂ဝဝဝ မှ စတင်ကာ တလလျှင် ၁၅ဝဝ ကျပ် ပုံမှန် ပေးဆောင်လာခဲ့ကြပြီး ၂ဝဝ၇ ခုနှစ်တွင် ၅ဝဝဝ ကျပ်အထိ ပေးဆောင်ခဲ့သည်။

“ကျနော်တို့ ထွက်သွားလို့ ဆိုင်ခန်း ဖျက်သွားမယ် ဆိုရင်လည်း တရားစွဲမယ်တဲ့။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ၂ဝ၁ဝ အထိ ဆက်ရောင်းမယ်။ မရရင် ဆိုင်ခန်းကို ဖျက်ယူမယ်။ ဒါမှ တရားစွဲရင်လည်း ကျနော်တို့ဘက်က ပြန်တရားစွဲမယ်။” ဟု သူက ပြောသည်။

သမဝါယမရုံးပိုင် မြေနေရာတွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများတွင် ကလေးကစားစရာ အရုပ်ဆိုင်များ၊ ပရိဘောဂ ဆိုင်များနှင့် ဆိုင်ကယ် အပိုပစ္စည်းဆိုင်များ ပါဝင်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း မကွေးတိုင်း ပခုက္ကူမြို့ရှိ သမဝါယမ ဦးစီးဌာနကလည်း အလားတူ မောင်းထုတ်မှု ပြုခဲ့သည်။



ခရီးသည်များကို မန္တလေးဘူတာမှာ ဆင်းသက် ညအိပ်ခွင့် မပြု

မျိုးကြီး
Friday, 18 January 2008 16:51 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ နေပြည်တော်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အာဏာပိုင်များက မီးရထားစီး ခရီးသည်များကို မန္တလေးဘူတာတွင် ဆင်းသက်ခွင့် မပြုဘဲ ရထားရပ်သည့် နေရာကိုပါ ပြောင်းလဲ သတ်မှတ်လိုက်သည်။

နအဖ စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်အရပ်နှင့် ၇ မိုင်ခန့်သာ ကွာဝေးသည့် ပျဉ်းမနား ဘူတာတွင် ယခုလ ၁၁ ရက်နေ့က လူတဦး သေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှုအပြီး ရန်ကုန်မှ စီးနင်း လိုက်ပါလာသော ခရီးသည်များကို မန္တလေး ဘူတာကြီးတွင် ဆင်းသက်ခွင့် မပြုဘဲ ရထား ရပ်နားရာအဖြစ် ဘူတာကြီးမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ ဘုရားကြီးတောင်ဘက် မြို့ဟောင်းဘူတာတွင်သာ ဆင်းသက်ခွင့် ပေးခြင်း ဖြစ်သည်။

ခရီးသည်များ ဆင်းပြီးမှ ရထားအလွတ်ကို မန္တလေး ဘူတာရှိရာသို့ ပြန်လည် ခုတ်မောင်း၍ ညအိပ် ရပ်နားသည်။ ထို့အပြင် ခရီးသွားများကို မန္တလေးဘူတာအတွင်း ညအိပ်ခွင့် မပြုတော့ပေ။

“ရန်ကုန်-မန္တလေး အစောဆုံးရထားက ည ၈ နာရီလောက်ကိုမှ ဝင်တာ။ ညပိုင်းဆို ဘူတာကြီးထဲမှာ ခရီးသည်တွေကို မအိပ်ခိုင်းတော့ အခက်အခဲက ဖြစ်တာပေါ့။ အရင် ၁၄၄ ထုတ်တဲ့ အချိန်တုန်းကတောင် ဧည့်စာရင်းတိုင်ပြီး အိပ်လို့ရတယ်။ အခုက မရတော့ဘူး။” ဟု မန္တလေး ဒေသခံက မဇ္ဈိမကို ပြောသည်။

ဘူတာကြီးတွင် ရဲ၊ စွမ်းအားအင်၊ စစ်တပ် အစရှိသည့် လုံခြုံရေး အစောင့်အရှောက်များ တင်းကျပ်စွာ ချထားကာ လူအဝင်အထွက်များကို အစစ်အဆေး လုပ်နေသည်၊၊

ရန်ကုန်-မန္တလေး ရထားခရီးစဉ်အဖြစ် တညလျှင် ၅ စီးခန့် အဝင်ရှိပြီး၊ နံနက် ၅ နာရီခန့်တွင် မန္တလေးမှ ရန်ကုန်သို့ ရထားများ ပြန်လည် ထွက်ခွါနေကြသည်။



မြန်မာ့စီးပွါးရေး ပြုပြင်ပြောင်းလဲရန် နိုင်ငံရေး အပြောင်းအလဲလို ဟု ကျွမ်းကျင်သူပြော

မဇ္ဈိမသတင်းဌာန
Thursday, 17 January 2008 21:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။မြန်မ့ာစီးပွါးရေးသည် စစ်အာဏာရှင်များ၏ လက်တွင် ပြုတ်တူဖြင့် ညှပ်သလို ထိန်းချုပ်ခံထားရခြင်းကြောင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ လုပ်လိုသည်ဆိုလျှင် နိုင်ငံရေးစနစ်ကို ပြောင်းမှရမည်ဟု မြန်မာစီးပွါးရေး ပါရဂူတဦးက ပြောကြားလိုက်သည်။

ဝေါစထရိဂျာနယ်နှင့် Heritage Foundation တို့၏ လေ့လာချက်အရ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်များ၏ စိုးမိုးမှုအောက်သို့ ရောက်ရှိနေခဲ့သော မြန်မာနိုင်ငံသည် စီးပွါးရေး လွတ်လပ်မှုတွင် အောက်ဆုံးအဆင့်နား ကပ်၍ ရှိနေသည်ဟု ဆိုသည်။

စီးပွါးရေးနယ်ပယ် ၁ဝ ခုကို အခြေခံ တွက်ချက်သော ၂ဝဝ၈ ခုနှစ် စီးပွါးရေး လွတ်လပ်မှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် စီးပွါးရေး လွတ်လပ်မှု ၃၉.၅ % သာရှိပြီး အဆင့် ၁၅၃ တွင် ရောက်နေသည်။

မြန်မာ့စီးပွါးရေးကို စစ်အာဏာရှင်များက အလွန်အမင်း ချုပ်ကိုင်ထားခြင်းကြောင့် ဤသို့ မတည်ငြိမ်မှုများ၊ စီးပွါးရေး ကျဆင်းခြင်းများ ဖြစ်နေရသည်ဟု စင်္ကာပူ အခြေစိုက် အငြိမ်းစား မြန်မာစီးပွါးရေး ကျွမ်းကျင်သူ ဒေါက်တာခင် မောင်ကြည်က ပြောကြားလိုက်ပါသည်။

“နိုင်ငံရေးစနစ်ကို ပြောင်းလဲဘို့က လွဲရင် မြန်မာ့စီးပွါးရေးကို တိုးတက်အောင် လုပ်ဘို့ဆိုတာ တခြားနည်းလမ်း မရှိဘူး။ ဒါကိုမလုပ်နိုင်ရင် ရှေ့မှာလဲ စီးပွါးရေး မတည်မငြိမ်ဖြစ်ပြီး မခန့်မှန်း မတွက်ဆနိုင်တဲ့ ပြဿနာတွေနဲ့ ပိုကြုံရဦးမှာဘဲ” ဟု သူကပြောကြားသွားပါသည်။

အဆိုပါအညွှန်းကိန်း အစီရင်ခံစာအရ မြန်မာ့စီးပွါးရေးသည် စီးပွါးရေး လွတ်လပ်မှု အလွန်အမင်း ဆိုးဝါးနေပြီး အဆိုပါ နယ်ပယ် ၁ဝ ရပ်အနက် ၅ ခုတွင် ကမ္ဘာ့ပျှမ်းမျှစံချိန်၏ အောက် ၃၅ မှတ် နိမ့်ကျလျက် ရှိသည်ဟု ဆိုသည်။

“စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများကို လေးလေးနက်နက် မလုပ်ဘဲနှင့် မြန်မာ့စီးပွါးရေး ထိထိရောက်ရောက် ဖွံ့ဖြိုးမလာနိုင်” ဟု အဆိုပါ အစီရင်ခံစာက ဖေါ်ပြထားပါသည်။

မြန်မာ့စီးပွါးရေး ယခုကဲ့သို့ ထိခိုက် နစ်နာနေရသည့် အခြားအကြောင်းတရပ်မှာ ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ခွင့်၊ ဘဏ္ဍာရေး လွတ်လပ်ခွင့်၊ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု အခွင့်အရေးများ တို့ကို အာမခံနိုင်သည့် တရားဥပဒေ စိုးမိုးမှုမရှိခြင်း နှင့် ခြစားမှုမှ လွတ်လပ်ခြင်း မရှိခြင်းတို့ပင် ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာက ဆက်လက် ဆိုထားပါသည်။

“တရားစီရင်ရေး စနစ်က လုံးလုံးနီးပါးကို ချို့တဲ့နေသောကြောင့် ပြည်တွင်းကုမ္ပဏီရော၊ ပြည်ပကုမ္ပဏီပါ တခုခုဖြစ်လျှင် အငြင်းပွါးမှုများကို ဖြေရှင်းရန် အစိုးရနဲ့ တိုက်ရိုက် ညှိနှိုင်းခြင်း လုပ်နေရသည်။ ရင်းနှီးမြှုပ်နှံသူ များအတွက် လမ်းညွှန်မူ မူဝါဒ တိတိကျကျ ရှင်းရှင်းလင်းလင်း မရှိသောကြောင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ကိစ္စ တခုချင်းအလိုက် ဖြေရှင်းနေရသလို ဖြစ်နေသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ဆိုထားသည်။

မည်သို့ပင်ဆိုစေ မြန်မာ စစ်အစိုးရ အနေဖြင့် သူတို့အာဏာ လက်လွတ်သွားမည်ကို စိုးရိမ်သောကြောင့် မည်သည့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှု ပုံစံကိုမဆို လုပ်ရန် ဝန်လေးနေမည်သာ ဖြစ်ကြောင်း ဦးခင်မောင်ကြည်က ပြောဆို သွားပါသည်။

“ဒီစစ်အစိုးရ ဘယ်လို စီးပွါးရေး ပြုပြင်ပြောင်းလဲမှုမျိုးမှ လုပ်မှာ မဟုတ်ဘူးဆိုတာ အားလုံး သိနေတာဘဲဗျာ။ ဖိအားကြောင့်လဲ လုပ်မှာမဟုတ်ဘူး၊ စေ့စပ် ဆွေးနွေးပြီးတော့လဲ လုပ်မှာ မဟုတ်ဘူး၊ သူတို့က အာဏာကို လက်မလွှတ်ချင်တာ” ဟု ဦးခင်မောင်ကြည်က ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates