Thursday, January 24, 2008

မတ္တရာအမတ် ထောင်အတွင်း မျက်လုံးကွယ်

သန်းထိုက်ဦး
Thursday, 24 January 2008 12:45 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်သည် အကျဉ်းထောင် အတွင်း၌ မျက်လုံးတဖက် ကွယ်သွားကြောင်း ဇနီးဖြစ်သူ၏ အပြောအရ သိရသည်။

ယမန့်နေ့ မွန်းလွဲပိုင်း ၂ နာရီခန့်က အန်အယ်ဒီ အဖွဲ့ဝင်များအား ဖမ်းဆီး ထိန်းသိမ်းထားသည့် မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင်အတွင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဇနီးသည် ဒေါ်ခင်သီ က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

“မျက်လုံး ကိုက်တာတွေ ဘာတွေတော့ သက်သာသွားပြီ။ မျက်ကြောတို့၊ နဖူးတို့၊ နားထင်တို့တော့ တင်းကိုက်နေတာပေါ့လေ။ မျက်စိတဖက်ကတော့ လုံးဝ မမြင်ဘူးလို့ ပြောတယ်။ သံလက်သီးနဲ့ အထိုးခံရပြီးတဲ့နောက်ကို ဆေးကုသနေတုန်း ဖမ်းသွားတာလေ။ ထောင်ထဲ သွင်းထားတာ ဆိုတော့၊ ဆေးကုသမှု မရတော့ ပိုဆိုးသွားတာပေါ့” ဟု သူက ပြောသည်။

ဦးသန်းလွင်သည် ၂ဝဝ၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲမှအပြန် လမ်းတွင် အမည်မသိ လူတဦးက သံလက်သီးနှင့် အလစ်ဝင်ထိုးသဖြင့် နှာခေါင်းရိုးကျိုးကာ မျက်လုံးတဖက်တွင်လည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

သူနှင့်အတူ မန္တလေးတိုင်း အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဝင်းမြမြ၊ ကိုဇော်ဝင်းလေး၊ ဦးကံထွန်း အပါအဝင် ပါတီဝင် ၈ ဦးကို အာဏာပိုင်များက ဖမ်းဆီးထားရာတွင် မိသားစုဝင်များနှင့် ထောင်ဝင်စာ တွေ့ခွင့်ပေးခဲ့သည်မှာ ၃ ကြိမ်မြောက် ရှိပြီဖြစ်သည်။

ခင်ပွန်းသည် အနေနှင့် ယခုလို မျက်လုံးတဖက် ကွယ်ခဲ့သည်ကို အရေးပေါ် ကုသမှု မခံယူလျှင် ကျန်တဖက်ပါ ကူးစက်သွားမည် စိုးရိမ်သဖြင့် ခွဲစိတ်ကုသရန် ထောင်အာဏာပိုင်များထံ တောင်းဆိုရာတွင် ‘အထက်ကို တင်ပြပေးပါမယ်’ ဟု ပြောဆိုခဲ့ကြောင်း ဒေါ်ခင်သီက ပြန်ပြောပြသည်။



ခွဲခြားမှုတိုက်ဖျက်ရေး လိင်တူချစ်သူများ လမ်းလျှောက်မည်

မောင်ဒီး
Wednesday, 23 January 2008 19:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ လိင်တူချစ်သူများ လူမှုအသိုက်အဝန်းမှ ခွဲခြား ဆက်ဆံနေမှုကို ဆန့်ကျင်ပြီး အလေးထား ဆက်ဆံလာစေရန် နိုင်ငံတကာမှ လိင်တူချစ်သူများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် လာမည့် ၂၆ ရက်နေ့တွင် စီတန်း လမ်းလျှောက်ပွဲ တခုကို ဆင်နွှဲသွားကြမည် ဖြစ်သည်။

လမ်းလျှောက်ပွဲကို နိုင်ငံတကာမှ လိင်တူချစ်သူများ အစည်းအရုံး၏ တတိယအကြိမ်မြောက် ညီလာခံတက်လာသည့် ကိုယ်စားလှယ်များက ကျင်းပခြင်းဖြစ်ပြီး လမ်းလျှောက်ပွဲကို ၂၄ ရက်နေ့မှ ၂၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။

“လိင်တူချစ်သူတွေက နေရာတိုင်းမှာ ရှိနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဒီလူတွေကို အသိအမှတ်ပြုတာ နည်းနေတယ်။ ခွဲခြားဖိနှိပ်မှုတွေ ရှိနေတယ်။ အဲဒီတော့ အဲဒီ အရာတွေ ရပ်တန့်ဖို့ရယ်၊ လိင်တူ ချစ်သူတွေရဲ့ အစွမ်းအစကို တန်ဖိုးထားဖို့၊ ဂုဏ်ပြုဖို့အတွက် အထိမ်းအမှတ် အနေနဲ့ စီတန်းလမ်းလျှောက်ပွဲ လုပ်မယ်” ဟု မြန်မာနိုင်ငံ လိင်တူချစ်သူများ အခွင့်အရေး ကော်မတီ၏ ဒါရိုက်တာဖြစ်သူ ဦးအောင်မျိုးမင်းက ပြောသည်။

မြန်မာနိုင်ငံသား ၁ဝ ဦး အပါအဝင် ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ အာမေးနီးယား၊ ကာဂျက်စတန်၊ လက်ဗနွန်၊ မွန်ဂိုးလီးယား၊ သြတြေးလျား၊ နယူးဇီလန်၊ အမေရိကား၊ ကနေဒါနှင့် ထိုင်း စသည့် နိုင်ငံများမှ လိင်တူချစ်သူ စုစုပေါင်း ၂ဝဝ ခန့် ပါဝင်မည် ဖြစ်သည်။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့ လက်အောက်ခံ နိုင်ငံများ ဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် အစရှိသည့် အာရှနိုင်ငံများတွင် လိင်တူချစ်သူများ လိင်ဆက်ဆံပါက ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့် ပုဒ်မ ၃၇၇ ကို ယနေ့ထိတိုင် ကျင့်သုံးနေဆဲ ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“ဗြိတိန်နိုင်ငံက သူ့ရဲ့ ဥပဒေကို ပြောင်းပြီးတော့ ဒီဟာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့တဲ့ အချိန်မှာ သူတို့ရဲ့ ကိုလိုနီ ဖြစ်ခဲ့တဲ့ နိုင်ငံတွေမှာ ဒါကြီးက ကျန်နေတုန်းပဲ။ အဲဒါ ပြောင်းဖို့အတွက် ကြိုးစားနေတဲ့ လှုပ်ရှားပေးနေတဲ့ လှုပ်ရှားမှုက ကျနော်တို့ အခုချိန်ထိ လုပ်နေရတုန်းပဲ” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် အမျိုးသား လိင်တူ ချစ်သူများမှာ စားဝတ်နေရေးအတွက် ဆံသ အလှပြင်ဆရာများ၊ နတ်ကတော်များ၊ ဒီဇိုင်နာများ၊ ပွဲစားများအဖြစ် အသက်မွေးနေရပြီး အနုပညာလောက အထိလည်း ကျယ်ပြန့်စွာ ခြေဆန့်နိုင်သူများလည်း ရှိနေသည်။

အာရှနိုင်ငံများတွင် လိင်တူချင်း ချစ်သူများကို ဥပဒေအရ တားမြစ်ထားခြင်းများ ရှိသည့်အပြင် ဘာသာရေးနှင့် ယဉ်ကျေးမှုအရလည်း ယခင်ဘဝက မကောင်းမှုပြုခဲ့သဖြင့် ယခုဘဝ၌ ထူးဆန်းသည့် စိတ်သဘော ပိုင်ဆိုင်လာသည် ဟူသည့် အယူများဖြင့် ခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်ဟု ဦးအောင်မျိုးမင်းက ဆက်ပြောသည်။

“လူတယောက် လမ်းလျှောက်သွားရင် လမ်းပေါ်မှာ ဒီလောက်ကြီး အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်ခံရတာ မရှိပေမယ့် လိင်တူချင်း ချစ်သူတွေ လမ်းလျှောက်ပြီဆိုရင် စတာ၊ နောက်တာ ပြောင်တာ၊ နောက်ပြီး အရည်အချင်း ရှိပေမယ့် အသိအမှတ် မပြုခံရတာတွေ ကျနော်တို့ မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံ အချို့မှာ အခုထိ ရှိနေတုန်းပဲ” ဟု သူက ပြောသည်။

သူက ဆက်ပြီး “အဲလို အစွဲတွေ ရှိခြင်းအားဖြင့် အဲဒီလူတွေကို လူသာမန်အနေနဲ့ မမြင်ဘဲနဲ့ မှားနေတဲ့ လူတွေ၊ သဘာဝမကျတဲ့ လူတွေလို့ မြင်ပြီးတော့ ပတ်ဝန်းကျင်က အသိအမှတ် မပြုတာ ပထမဆုံးအစပဲ။ အသိအမှတ် မပြုတာက စပြီးတော့ မုန်းတီးမှုတွေ ဖြစ်လာပြီးတော့ ခွဲခြားမှုတွေ ဖြစ်လာတဲ့ အဆင့်အထိ နေရာတိုင်းမှာ ကြုံတွေ့နေရတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး ကင်းမဲ့နေသည့် မြန်မာပြည်၌ လိင်တူချစ်သူများ၏ အခွင့်အရေးများကို အလေးမထားမှုများ ရှိနေသော်လည်း ပြည်ပရောက် မြန်မာ့အဖွဲ့အစည်းများ၊ မြန်မာများအကြား လွန်ခဲ့သည့် နှစ် ၂ဝ ကထက် ပိုမို၍ နားလည်မှု ပေးလာသည်အထိ ပြောင်းလဲလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် လိင်တူချင်း ချစ်သူများကို ရာဇဝတ်မှုအဖြစ် ယခင်က သတ်မှတ်ခဲ့သည့် ဥပဒေ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်မှ စတင်ကာ ဥပဒေကို ပယ်ဖျက်ခြင်း၊ မြန်မာ့အမျိုးသမီး သမဂ္ဂကလည်း လိင်တူချစ်သူများကို အဖွဲ့ဝင်ဖြစ်ခွင့် ပေးခြင်း၊ မြန်မာနိုင်ငံ အနာဂတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်လည်း “လိင်စိတ် ကွဲပြားသူများကို ခွဲခြားမှု မရှိစေရ” ဟူသည့် ပြဌာန်းချက် တရပ်ကို ထည့်သွင်း ပြဌာန်းပေးသည်အထိ အပြောင်းအလဲများ ရှိလာခဲ့ပြီ ဖြစ်သည်။



အဖွဲ့ချုပ်ဝင် ၅ ဦးကို ရဲ ၈ဝ က လူစုခွဲ

ထိန်လင်း
Wednesday, 23 January 2008 18:07 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၅ ဦးသည် မြို့နယ် ပါတီ ဒုဥက္ကဋ္ဌ ၏ နေအိမ်သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ရာတွင် လက်နက် ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင် ၈ဝ ခန့်က ပိတ်ဆို့ တားမြစ်ခဲ့သည်။

ကိုသန်းလွင်နှင့် ကိုမိုးနေစိုး အပါအဝင် အန်အယ်ဒီ လူငယ် ၅ ဦးသည် ရပ်ကွက်အတွင်းရှိ လ္ဘက်ရည်ဆိုင်တခုမှ ချောင်းကောက် ရပ်ကွက်ရှိ ပါတီ ဒုဥက္ကဋ္ဌ ဦးသန်းဖေ၏ နေအိမ်သို့ သွားရောက်ရာတွင် ဦးဥတ္တမလမ်း၌ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်သား ၈ဝ ခန့်က တုတ်၊ သေနတ်နှင့် ဒိုင်းများ ကိုင်ဆောင်ကာ လူစုခွဲခိုင်းခြင်း ဖြစ်သည်။

“ကျနော်တို့ ၅ ယောက် မနက်ကဗျာ၊ လ္ဘက်ရည်ဆိုင်က ထွက်ပြီး ဦးသန်းဖေ အိမ်ဘက်သွားတာကို ဦးဥတ္တမ လမ်းပေါ်မှာ ရဲအုပ် ဝင်းအောင်နီ ကိုယ်တိုင် ဦးဆောင်ပြီးတော့ ရဲ ၈ဝ လောက်က အကြမ်းဖက်မယ့် ပုံစံတွေနဲ့ ကျနော်တို့ကို အတင်း လူစုခွဲခိုင်းတယ်ဗျ” ဟု ကိုမိုးနေစိုးက ပြောသည်။

မြို့တွင်းရှိ လူစည်ကားရာ နေရာများတွင် လုံခြုံရေးများကို ထူထပ်စွာ ချထားပြီး ဆန္ဒပြပွဲများ ဖြစ်ပွားလာပါက ဖြိုခွင်းရန်အတွက် အသင့်အနေအထား ပြင်ဆင်ထားသည်။

မြို့ခံလူထုအနေဖြင့် လုံခြုံရေး တင်းကျပ်မှုနှင့် စားဝတ်နေရေး ပြေလည်မှု မရှိသည့်အတွက် နောက်ထပ် ဆန္ဒပြပွဲများ ဖြစ်ပွားလာနိုင်ကြောင်း သူက ယခုလို ဆက်ပြောသည်။

“သူတို့ (အစိုးရ) က ပြည်သူတွေရဲ့ ဆန္ဒကို မဖြေရှင်းပေးသ၍ ဘယ်လို လက်နက်တွေနဲ့ ခြိမ်းခြောက်ခြိမ်းခြောက်၊ ဘယ်လို ဖိနှိပ်ဖိနှိပ် ပြည်သူတွေရဲ့ဆန္ဒ ဖော်ထုတ်သံကတော့ ညံနေအုံးမှာပဲ” ဟု ကိုမိုးနေစိုးက ပြောသည်။

ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင် လှုပ်ရှားခဲ့သူများထဲက အန်အယ်ဒီ ပါတီဝင် ၁၃ ဦးကို ဆက်လက် ဖမ်းဆီးထားရာတွင် ရန်အောင်မြေ ရပ်ကွက် ရယက အဖွဲ့ဝင် ကိုဝင်းမောင်အား ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဒေသ အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ယခုအခါ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခဲ့သော်လည်း ယနေ့ထိတိုင် မာန်အောင် ရဲစခန်းတွင် ချုပ်နှောင်ထားဆဲ ဖြစ်သည်။

ဇနီးသည်ဖြစ်သူက “ကိုဝင်းမောင်က တပတ်မှာ ရေ ၂ ရက်ပဲ ချိုးရတယ်။ ခါးနာရောဂါ ပြန်ခံစားနေရတယ်။ ကျမကတော့ ကိုဝင်းမောင်ကို ကျောက်ဖြူထောင် ဘာလို့မပို့မှန်း မသိဘူး။ သူ့မှာ ခါးနာဝေဒနာ ရှိတယ်။ ခါးနာပေါ်ရင် လေ့ကျင့်ခန်း လုပ်ပြီး ရေချိုးရတယ်။ မာန်အောင် အချုပ်ခန်းထဲမှာက မကောင်းဘူး” ဟု မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက ကိုဝင်းမောင်အား လူထု လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းနေစဉ် လူထုရှေ့ထွက်ကာ အစိုးရဆန့်ကျင်ရေး တရားဟောပြောခဲ့သဖြင့် ဖမ်းဆီး၍ ပုဒ်မ ၁၄၃၊ ၅ဝ၅ (ခ) များဖြင့် ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယမန်နေ့က တောင်ကုတ်မြို့အတွင်း စက်ဘီးစီးပြီး လမ်းတလျှောက် ဆန္ဒပြ ကြွေးကြော်ခဲ့သော ကိုကုလားရှည် (ခေါ်) သန်းဌေးနှင့် ကိုဇော်နိုင်တို့ကိုလည်း မြို့နယ်ရဲစခန်းတွင် ဆက်လက် ဖမ်းဆီးထားသည်။



“အာဏာရူးကြီး သန်းရွှေ” ရေးလို့ ကဗျာဆရာစောဝေ အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
Wednesday, 23 January 2008 14:16 - မြန်မာစံတော်ချိန်
ကဗျာဆရာ စောဝေ က အချစ်ဂျာနယ်တွင် ရေးဖွဲ့ထားသော ကဗျာ။ စာကြောင်း ထိပ်ဆုံး စကားလုံးများ ပေါင်းစပ်လိုက်လျှင် အာနာ(ဏာ)ရူးကြီး မှူးကြီး သန်းရွှေ ဖြစ်လာသည်။ ဤကဗျာကြောင့် ကဗျာဆရာကို အင်္ဂါနေ့ ဇန်နဝါရီ ၂၂ ရက်နေ့က နေအိမ်မှ လာရောက် ဖမ်းဆီးသွားခဲ့သည်။
ပုံကြီးကြည့်ရန် နှိပ်ပါ

ချင်းမိုင်။ ။ အချစ်ဂျာနယ်တွင် ဖော်ပြထားသော ကဗျာတပုဒ်နှင့် ပက်သက်၍ ကဗျာရေးသူကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ အာဏာပိုင်များက ဖမ်းဆီးထားကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်း အပြောအရ သိရသည်။

အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သော ကဗျာဆရာ စောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာတွင် “အာဏာရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ထွက်သော စကားလုံးများ ပါရှိ၍ စစ်ဆေးခံနေရခြင်း ဖြစ်သည်။

ကဗျာဆရာစောဝေ
ကဗျာဆရာစောဝေ

ကဗျာကို မဇ္ဈိမ ဓာတ်ပုံ ကဏ္ဍတွင် ဖြစ်စေ၊ “ဖေဖေါ်ဝါရီဆယ့်လေး” ကဗျာ လင့်ခ်ကိုနှိပ်၍ဖြစ်စေ ဖတ်ရှုနိုင်ပါသည်။ ကဗျာတွင် ပါသော စာကြောင်းများ၏ ထိပ်ဆုံး စကားလုံးများကို ပေါင်းစပ်လိုက်လျှင် “အာနာ(ဏာ) ရူးကြီး မှူးကြီးသန်းရွှေ” ဟု အဓိပ္ပါယ်ရသည်။

အချစ်ဂျာနယ်၏ အယ်ဒီတာ ဦးမြတ်ခိုင်ကို ဆက်သွယ် မေးမြန်းသောအခါ “ကျနော်ကတော့ ဒါအချစ်ကဗျာလို့ပဲ ယူဆပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်လည်း မနေ့က အယူခံလွှာ တင်ခဲ့ကြောင်း မဇ္ဈိမသို့ ပြောသည်။ အသေးစိတ် အချက်အလက်များကို မပြောလိုသေးကြောင်း သူကဆိုသည်။

နောက်နောင် အလားတူအဖြစ်မျိုး ပေါ်ပေါက်ခြင်း မရှိစေရန် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု စာပေစီစစ်ရေးဌာန အကြီးအကဲများက ကြိမ်းဝါးလျှက် ရှိကြောင်းလည်း စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် နှစ်ကလည်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် “Killer Than Shwe” (လူသတ်သမားသန်းရွှေ) ဟု အဓိပ္ပါယ်ထွက်သော ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံတူ တခုကို စာပေစိစစ်ရေးက မျက်စိလျှံကာ ဖော်ပြခွင့် ပေးခဲ့ဖူးသည်။ နောက်ပိုင်းတွင် ကြော်ငြာကို ထည့်သွင်းခဲ့သော အဖွဲ့က စစ်အစိုးရကို လှောင်ပြောင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ တီထွင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သဖြင့် မြန်မာတိုင်းမ်ဂျာနယ်များ ဈေးကွက်တွင် ဝယ်မရအောင် ဖြစ်သွားခဲ့သည်။

ဤအတောအတွင်း ဆရာစောဝေ၏ “ဖေဖော်ဝါရီဆယ့်လေး” နှင့် ပုံစံတူ၊ ခေါင်းလျှော်ဆေး ကြော်ငြာပုံစံ စာသားတခုလည်း အင်တာနက်သုံးစွဲသူ အချင်းချင်းကြားတွင် ပျံ့နှံလျက်ရှိပြီး ဗိုလ်ချုပ်သန်းရွှေကို ဆဲရေး တိုင်းထွာထားသော ထိုကြော်ငြာစာသားသည် ဖတ်မိသူ အချင်းချင်းကြားတွင် ရယ်မောစရာတခု ဖြစ်နေသည်။



ဧည့်သည်ကြီးကို အောက်မေ့ ဂုဏ်ပြုကြ

ဖနိဒါ
Wednesday, 23 January 2008 17:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဖန်မီးအိမ်ကဗျာရှင် ဆရာကြီး ဦးတင်မိုး ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ် အောက်မေ့ဂုဏ်ပြု အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ နံနက်ပိုင်းက စာပေချစ်သူများက ကျင်းပခဲ့ကြသည်။

စာပေချစ်သူများ၊ နိုင်ငံရေး အဖွဲ့အစည်းများမှ တက်ရောက်လာသူများက သံဃာတော်များကို ဒေါင်းရင်ပြင်တွင် ဆွမ်းကပ်လှူကာ ဆရာတင်မိုးအကြောင်း ကဗျာများ၊ ဂုဏ်ပြုစကားများ ရွတ်ဆို ပြောကြားခဲ့ပြီး ဆရာကြီး၏ ဈာပနတွင် ရိုက်ကူးထားသည့် ဗီဒီယိုကို ပြသခဲ့သည်။

“သူ့ရဲ့ ဂုဏ်ကျေးဇူးတွေကို စဉ်ဆက်မပြတ် နှောင်းလူတွေကပါ ဒါကို သယ်ဆောင်နိုင်အောင်လို့ ဆိုပြီးတော့ ဆရာကြီးကို အောက်မေ့ဖွယ် ဟောပြောပွဲတွေ၊ ကောင်းမှုပြုတာတွေ ကျနော်တို့ ကျင်းပတာပါ” ဟု အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီဝင် ကဗျာဆရာ လွမ်းဏီက ပြောသည်။

“ဆရာကြီးက ဒီရာသီ၊ ဒီအချိန်ကာလဆိုရင် အမြဲတမ်း နယ်စပ်ဒေသကို လာတတ်တယ်။ မဲဆောက်ကတော့ သူ့ရဲ့ မွေးရပ်မြေလို သဘောထားပြီးတော့ နေတာ။ သူ့ရဲ့ ဇာတိရဲဘော်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းက ရဲဘော်တွေနဲ့ လာပြီး အမြင်တွေဖလှယ်၊ သူ့ရဲ့ အတွေ့အကြုံတွေကို သွန်သင်လမ်းပြပေါ့။ ဆရာကြီးက နှစ်စဉ်လာနေကျပေါ့နော်။ မနှစ်ကတော့ သူ မလာနိုင်တော့ဘူးပေါ့နော်” ဟု သူက ဆက်ပြောသည်။

အလားတူပင် ယနေ့နံနက်က ချင်းမိုင်မြို့ရှိ မြန်မာစာပေ အသိုင်းအဝိုင်းကလည်း ဆရာဂျမ်း၏ စာ၊ ကဗျာများကို ဆက်လက် ထိန်းသိမ်းသွားရေး အတွက် ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြသည်။

“တိုင်းပြည်က ကျောင်းပညာရေးမှာပါ တန်ဖိုးထားရတဲ့ ကဗျာဆရာကြီးပေါ့နော်။ တော်လှန်ရေး အတွက်လည်း တန်းဖိုးထားရတယ်၊ မြန်မာစာအတွက်လည်း တန်ဖိုးထားရတယ်။ အဲဒီလို တန်ဖိုးထားရတဲ့ ဆရာတယောက်က သူ့မြေမှာ မသေရဘဲနဲ့ ရေခြား၊ မြေခြားမှာ ဆုံးပါးသွားရတယ်။ အခု တနှစ်ပြည့်ဆိုတာကို ဆရာမတို့က မေ့မေ့ပျောက်ပျောက် ဖြစ်မသွားစေချင်ဘူး။ ဒီနေ့ တနှစ်ပြည့်တဲ့ နေ့မှာ ဒို့တတွေ ဆုံပြီး ပြောကြစို့၊ သူ့ကိုလည်း အလွမ်းပြေဆိုတဲ့ သဘောနဲ့ သူကြိုက်တဲ့ဆိုင်မှာ ကွယ်လွန်သွားတဲ့ သူရဲကောင်း ကဗျာဆရာကို အထိမ်းအမှတ်လုပ်တဲ့ သဘောပါ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စာရေးဆရာမ ဒေါ်မေငြိမ်းက ပြောသည်။

ကဗျာဆရာကြီး ဦးတင်မိုး (အမည်ရင်း ဦးဘဂျမ်း၊ ၇၄ နှစ်) သည် မြင်းခြံခရိုင် တောင်သာမြို့နယ် ကန်မြဲကျေးရွာ ဇာတိဖြစ်ပြီး၊ ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တင်မိုး ကလောင်အမည်ဖြင့် ကဗျာများ ရေးသားခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်တွင် စာပေဗိမာန်ဆု ရသော “ဖန်မီးအိမ်ကဗျာများ” သည် မြန်မာပြည် စာဖတ် ပရိသတ်များအတွင်း ထင်ရှားသည်။

၁၉၈၈ ခုနှစ်၊ ၈ လေးလုံးအရေးတော်ပုံ ကာလတလျှောက်တွင် ဆန္ဒပြကျောင်းသားလူငယ်များနှင့်အတူ လက်တွဲခဲ့သော ကဗျာဆရာကြီးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းခဲ့စဉ်ကပင် ဦးဆောင်ခဲ့သူတဦး ဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရသည်။

၁၉၉၉ ခုနှစ်တွင် ပြည်ပသို့ စတင် ထွက်ခွာခဲ့ပြီးနောက် ပြည်ပ သတင်းဌာနများတွင် ဟောပြောချက်များ၊ စစ်အစိုးရကို တော်လှန်သော ကဗျာများ၊ ဆောင်းပါးများ ကွယ်လွန်ချိန်အထိ ကလောင်ဖြင့် ရေးသား တိုက်ပွဲဝင်ခဲ့သူတဦး ဖြစ်သည်။



မူဆယ်တွင် တရုတ်ကားများ ညအိပ်ရပ်နားခွင့် မပြု

မျိုးကြီး
Wednesday, 23 January 2008 16:45 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ နယ်စပ်မြို့ မူဆယ်တွင် တရုတ်ဘက်မှ ဝင်ရောက်လာသည့် မော်တော်ကားများအား ညအိပ်နားခွင့် မပြုရန် မူဆယ် မယက မှ ယခုလ ၁၅ ရက်နေ့တွင် အမိန့် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံဘက်မှ ဝင်ရောက် မောင်းနှင်လာသည့် ကားများအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ မြန်မာဘက်ခြမ်းရှိ မူဆယ်မြို့တွင် လည်ပတ်ခွင့် ပေးထားသော်လည်း ညအိပ် နားနေခွင့်ကိုမူ ယခုလို ပိတ်ပင်ထားခြင်း ဖြစ်သည်။

“လည်ချင်တဲ့ နေရာလည်ပေါ့။ ၁ဝ၅ မိုင်တို့ဘာတို့ လည်ပြီး ပြန်ထွက်ပေါ့။ အခု ပြဿနာက ဘာလို့လဲဆိုတော့ မူဆယ်က ဗမာတွေက တရုတ်ကား ဝယ်စီးကြတဲ့ ပြဿနာ။ အဲဒါကြောင့် အခုလိုဖြစ်တာ” ဟု မူဆယ်အာဏာပိုင် အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးက မဇ္ဈိမကို ပြောသည်။

မူဆယ်မြို့ပေါ်ရှိ စီးပွားရေး လုပ်ငန်းရှင် မြန်မာ အများအပြားသည် နှစ်နိုင်ငံစလုံးတွင် နေအိမ်ရှိသူများ ဖြစ်ကြပြီး တရုတ်နိုင်ငံ နံပါတ်ပြားနှင့် ကားများ အသုံးပြုကာ ညပိုင်းတွင် တရုတ်ဘက်ကမ်းရှိ နေအိမ်များတွင် ညပြန်အိပ်ကြ၍ နေ့ပိုင်းတွင် မြန်မာဘက်ကမ်း ကူးကာ စီးပွားရေး လုပ်ကိုင်ကြသူများ ဖြစ်သည်။

“လွန်ခဲ့တဲ့ တပတ်လောက်က အစည်းအဝေး ခေါ်တာပေါ့နော်။ တရုတ်ကားရှိတဲ့ မြန်မာတွေကို ခေါ်ပြောတာပေါ့။ ပြောထားပြီးတော့ ကားတွေကို ညပိုင်းဆို အိမ်ထဲမှာပဲ ထားကြတယ်။ ဆိုတော့ ပြဿနာ မရှိတော့ဘူးပေါ့။ လမ်းပေါ်မှာ မထားကြတော့ဘူးပေါ့” ဟု သူက ပြောသည်။

ယခု လလယ်ပိုင်းတွင် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် သည် မူဆယ်မြို့သို့ ရောက်ရှိလာပြီး အရပ်ဝတ်နှင့် မြို့တွင်း၌ လျှောက်လည်ရာတွင် တရုတ် နံပါတ်ကားများကို တွေ့ရှိသဖြင့် မေးမြန်းသည့်အခါ ကားသမားတဦးက မချေမငံ ပြောဆိုသောကြောင့် မူဆယ် မယက မှ ယခုလို အမိန့်ထုတ်ခြင်း ဖြစ်သည်ဟု အခြား ဒေသခံ တဦးက ပြောသည်။

“နမ့်ခမ်းဘက်မှာ လောင်းကစားဝိုင်း ပြဿနာတွေ ဖြစ်တော့ တိုင်းမှူးက မူဆယ်ကို ရောက်လာတယ်။ ညပိုင်း အရပ်ဝတ်နဲ့ လည်ရင်း တရုတ်နံပါတ် ကားတွေ တွေ့တော့ ညအထိ ရှိတာပဲလားလို့ မေးတယ်။ ကားသမားကလည်း တိုင်းမှူးမှန်း ဘယ်သိမလဲ။ ဟုတ်တယ် အခွန်ပေးပြီး ဝင်တာလို့ ပြန်ပြောတော့ မကျေနပ်လို့ အခုလို အမိန့်ထုတ်တာ” ဟု အဆိုပါ မူဆယ်မြို့ခံက ပြောသည်။

တရုတ်ကားများသည် မူဆယ်-ကြယ်ခေါင် ဂိတ်များမှ မူဆယ်ဘက်သို့ ဝင်လျှင် မြန်မာဘက်က ကျပ်ငွေ ၂၄ဝဝ (သို့မဟုတ်) တရုတ် ယွမ် ၂ဝ ကောက်ခံနေပြီး တရုတ်ဘက်ကလည်း တရုတ်ကားများကို ၅ ယွမ်နှင့် မြန်မာကားများကို ၂ ယွမ်သာ ကောက်ခံသည်။

အလားတူပင် မူဆယ်သို့ ရမခ တိုင်းမှူး ရောက်ရှိပြီးနောက်ပိုင်း တရုတ်နှင့် မြန်မာဘက်ကမ်း ကူးသည့် ကူးတို့ စက်လှေများလည်း နံနက် ၆ နာရီမှ ည ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာခွင့် ပြုသည့် အမိန့် ထုတ်ပြန်ထားကြောင်းလည်း စက်လှေသမားများက ပြောသည်။



ရိုဟင်ဂျာ ၄၁၅ ဦး ဖန်ငခရိုင်မှာ အဖမ်းခံရ

ဖနိဒါ
Tuesday, 22 January 2008 20:06 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ထိုင်းတောင်ပိုင်း ဖန်ငခရိုင် တကောပါမြို့နယ်တွင် မြန်မာပြည်မှ ရိုဟင်ဂျာ ၂ဝ ဦးကို ထိုင်းအာဏာပိုင်များမှ ယမန်နေ့က ထပ်မံ ဖမ်းဆီးရမိလိုက်သဖြင့် ယခုနှစ်အတွင်း ဖန်ငခရိုင်အတွင်း အဖမ်းခံရသော ရိုဟင်ဂျာပေါင်း ၄၁၅ ဦး ရှိသွားပြီဟု GHRE က ပြောသည်။

အသက် ၁၂ နှစ်နှင့် ၅ဝ နှစ်အတွင်းရှိသော အမျိုးသား အများစုပါဝင်သော ရိုဟင်ဂျာ ၂ဝ ဦးကို ယမန်နေ့က ဖန်ငခရိုင် တကောပါ မြို့နယ်ရှိ ခေါင်လတ် ကမ်းခြေတွင် ဖမ်းဆီး ရမိလိုက်ခြင်းဖြင့် အဆိုပါ ခရိုင်အတွင်း ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ စုစုပေါင်းသည် ယခုနှစ်အတွင်း ၄၁၅ ဦးရှိသွားပြီဟု အခြေခံ လူထု အခွင့်အရေးပညာပေး ကော်မတီ Grassroots Human Rights Education - GHRE က ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သူတို့ပြောတာက မြန်မာပြည်မှာ အခြေချမရလို့။ စစ်တပ်က နယ်မြေသိမ်းတာတို့၊ စစ်အစိုးရဲ့ နှိပ်ကွပ်မှုအောက်မှာ တော်တော်လည်း ခံရတယ်။ နိုင်ငံသားချင်း လက်မခံဘဲနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်မောင်းထုတ်တာတို့ လုပ်လို့ပါ။ သူတို့ထဲမှာလည်း ဗမာစကား တတ်တာက အနည်းအကျဉ်းပဲ ပါတယ်။ စားဝတ်နေရေး လုံးဝ အခက်အခဲ ဖြစ်တယ်။ သူတို့ ဘဝရပ်တည်မှုအတွက် လုံခြုံမှု မရှိဘူးလို့ ပြောတယ်” ဟု ရိုဟင်ဂျာများကို သွားရောက် ကူညီခဲ့သော GHRE မှ ကိုမောင်ကိုက ပြောသည်။

သူတို့ အများစုသည် ရခိုင်ပြည်နယ်က စစ်တွေ၊ မောင်းတော၊ ဗူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်ဘက်မှ ဖြစ်ပြီး ထိုင်းနှင့် မလေးရှားနိုင်ငံသို့ အလုပ်လုပ်ရန် လာရောက်ကြသူများ ဖြစ်ကြောင်းနှင့် ယခုအချိန်ထိ ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ယမန်နေ့က ရနောင်းကမ်းခြေ အနီးတွင်လည်း အသက် ၂ဝ နှင့် ၅ဝ အတွင်းရှိသော ရိုဟင်ဂျာ ၄၃ ဦး ပါရှိသည့် အဖွဲ့တဖွဲ့ကို ဖမ်းဆီးလိုက်ကြောင်း ရနောင်း လူဝင်မှုကြီးကြပ်ရေး ရုံးက မဇ္ဈိမကို ပြောသည်။

ယခုလ ၁၂ ရက်နေ့က ၅၉ ဦးနှင့် ၁၄ ရက်နေ့တွင် ၂၇၃ ဦးကို ဖန်ငခရိုင်အတွင်း၌ပင် ဖမ်းဆီးရမိပြီး အားလုံးကို မြန်မာပြည်သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီ ဖြစ်သည်ဟု ရွှေ့ပြောင်း အလုပ်သမား ကျောင်းဆရာတဦးဖြစ်သူ ကိုဇော်က ပြောပြသည်။

သူက “သူတို့ကို ခူရပူရီစခန်းက ထိုင်းရဲတွေက သတင်းရတော့ ဖမ်းဆီးလိုက်တယ်လေ။ သူတို့ကို ဘယ်ကို ပို့မယ်ဆိုတာတော့ ကျနော်လည်း မသိသေးဘူးလေ။ နောက်တရက် အကျော်မှာလည်း အများကြီး ပြန်ထပ်ရောက်လာတယ်လေ။ သူတို့က မလေးရှားနိုင်ငံကို သွားမယ်လို့ ပြောတယ်” ဟု ပြောသည်။

ဖန်ငခရိုင်အတွင်းရှိ ခူရပူရီနှင့် တကောပါ မြို့နယ်များသည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာများကို အများဆုံး ဖမ်းဆီးမိသည့် ဒေသများဖြစ်ပြီး ယမန်နှစ်ကလည်း ရိုဟင်ဂျာပေါင်း ၁၄၁၇ ဦး ဖမ်းဆီးရမိသည့် ဒေသများ ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates