Monday, January 28, 2008

မလေးရှားတွင် မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်

မဇ္ဈိမသတင်းဌာန
Friday, 25 January 2008 21:42 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မလေးရှား အစိုးရက ကျောထောက်နောက်ခံ ပြုထားသည့် စေတနာ့ဝန်ထမ်း အဖွဲ့တခု ဖြစ်သော RELA က ပူထရာဂျာရာတွင် ရှိသော မြန်မာဒုက္ခသည်တို့၏ ယာယီ နေအိမ်များကို ဝင်ရောက်စီးနင်းကာ မီးတင်ရှို့ခဲ့သည့်အတွက် မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်း လူအခွင့်အရေး အုပ်စုတခုက ပြောကြားလိုက်သည်။

RELA က သူတို့စခန်းကို ဇန်နဝါရီ ၂ဝ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အတွက် ဇိုမီး ချင်းမျိုးနွယ်စုများ ဖြစ်သော မြန်မာဒုက္ခသည် ၇၅ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ကာ တောထဲတွင် ခြေဦးတည့်ရာ သွားလာနေရကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့က ယနေ့ ပြောကြားလိုက်ပါသည်။

“သူတို့မှာ ဘာမှကို မကျန်တော့ဘူးဗျ။ လူတွေကလဲ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ဘယ်နေရာ သွားနေရမယ်၊ ဒီအခြေအနေက လွတ်အောင် ဘာလုပ်ရမယ် ဆိုတာတွေ ဘာမှကို မသိတော့ဘူး၊ သူတို့မှာ ဘာမှကို မကျန်တော့ဘူးဗျ” ဟု မီးရှို့ခံထားရသော ဒုက္ခသည်စခန်းကို မကြာသေးမီက သွားရောက် ကြည့်ရှုခဲ့သည့် ဇိုမီး ချင်းခေါင်းဆောင်တဦးကို ကိုးကားပြီး ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောကြားသွားခြင်း ဖြစ်ပါသည်။

ယခု ဖြစ်ရပ်သည် မလေးရှားရှိ ဒုက္ခသည် အသိုင်းအဝိုင်းအပေါ် အာဏာပိုင်များ ကျူးလွန်ခဲ့သော မတရားပြုကျင့်မှုများကို စနစ်တကျ မှတ်တမ်း ပြုစုထားသည့်အနက် နောက်ဆုံး ဖြစ်ရပ်တခု ဖြစ်သည်။

“သူတို့ (RELA) က ဘာကြောင့် ဒီလောက် ဒေါသ ထွက်နေရတာလဲ၊ သူတို့ ဘာလိုချင်တာလဲ ဆိုတာ ကျနော်တို့တော့ လုံးလုံးကို မသိတော့ပါဘူးဗျာ။ ဒါပေမဲ့ သူတို့ လုပ်တာကတော့ အတော့်ကို မတရားဘူး၊ ဒုက္ခသည် အသိုင်းအဝိုင်း အတွက်လဲ အတော် အန္တရာယ် ကြီးပါတယ်။ ပြီးတော့ ဒါက ပထမအကြိမ်လဲ မဟုတ်ဘူး” ဟု CHRO ၏ ကင်ပိန်း အရာရှိနှင့် ဒေသခံ စည်းရုံးလှုံ့ဆော်သူ တဦးဖြစ်သော Amy Alexander က ပြောကြားသွားပါသည်။

CHRO ၏ စာရင်းဇယားများအရ စုစုပေါင်း မြန်မာဒုက္ခသည် ၅ သိန်း ရှိသည့်အနက် ချင်းဒုက္ခသည် ဦးရေမှာ ၂၃ဝဝဝ ရှိပြီး သူတို့သည် အဖမ်းခံရမည့်အရေး၊ ညှဉ်းပန်း နှိပ်စက်ခံရမည့် အရေး၊ ဗမာပြည် ပြန်ပို့ခံရမည့် အရေးတို့ကို အစဉ် ကြောင့်ကြစိုးရိမ်ကာ နေထိုင်နေကြရသည်။ အစိုးရ၏ ညှဉ်းပမ်း နှိပ်စက်ခံရမည့် အရေးမှ စိုးရိမ်ကြောက်ရွံ့သောကြောင့် ဗမာပြည်မှ ထွက်ပြေးလာခဲ့ရပြီး ယခုတဖန် ဗမာပြည်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ် ပူပန်နေကြရခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီတခု ဖြစ်သော UNHCR က ဒုက္ခသည်များကို အကာအကွယ်ပေးရေး ဆောင်ရွက်ပေးလျက် ရှိသော်လည်း UNHCR ၏ အသိအမှတ် ပြုခံရပြီး ဖြစ်သော ဒုက္ခသည်များပင်လျှင် တုတ်တရမ်းရမ်းဖြင့် သောင်းကျန်းနေလေ့ ရှိသော RELA ၏ ချမ်းသာပေးခြင်း မခံရဟု CHRO က ပြောကြားသွားပါသည်။

UNHCR အသိအမှတ်ပြုလက်မှတ် မရှိတဲ့ ဒုက္ခသည်တွေမှ မဟုတ်ဘူး၊ လက်မှတ်ရှိတဲ့ ဒုက္ခသည်တွေလဲ ဒီလို ပြဿနာမျိုး ကြုံရတာဘဲ။ ဒါပေမဲ့ ဒုက္ခသည်လက်မှတ် ရှိရင်တော့ အနည်းဆုံး ထိန်းသိမ်းရေးစခန်းက ပြန်လွတ်လာနိုင်တာပေါ့။ ဒါကြောင့် ဒုက္ခသည်တွေ အနေနဲ့ UNHCR ရဲ့ အကူအညီကို လိုတာပေါ့” ဟု Alexander က ပြောကြားလိုက်ပါသည်။

မလေးရှား ချင်းဒုက္ခသည် ကော်မတီ၏ အဆိုအရ ပူထရာဂျာရာရှိ တောထဲတွင် အနည်းဆုံး ယာယီ ဒုက္ခသည်စခန်း ၉ ခုရှိပြီး ရာပေါင်းများစွာသော ချင်းဒုက္ခသည်များသည် အာဏာပိုင်များ ရှာမတွေ့ရန် ပုန်းအောင်း နေထိုင်နေကြရသည် ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ ဒုက္ခသည်စခန်းများ၏ လုံခြုံရေးကို RELA က တာဝန်ယူသွားမည် ဖြစ်သည့်အတွက် “အရင်ထက်စာရင် ဒုက္ခသည်တွေရဲ့ အခြေအနေက ပိုဆိုးသွားတော့မှာဘဲ” ဟု CRC ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခိုင်စန်းက ပြောကြားသွားသည်။

ဒုက္ခသည်များအတွက် တခုတည်းသော မျှော်လင့်ချက်မှာ UNHCR ၏ အသိအမှတ်ပြုခံရပြီး တတိယနိုင်ငံ တနိုင်ငံတွင် အမြန်ဆုံး အခြချနေထိုင်ခွင့် ရရေးသာ ဖြစ်သည်ဟု Alexander က ပြောကြားသွားသည်။

“ဒီလူတွေကို ကူညီဘို့ တလမ်းဘဲ ရှိပါတယ်။ UNHCR က အထွေထွေ မှတ်ပုံတင်စခန်းကို အမြန် ပြန်ဖွင့်ပေးပြီး လူတိုင်း UNHCR ရဲ့ အကာအကွယ်ရဘို့နဲ့ တတိယနိုင်ငံ အခြေချခွင့် မြန်နိုင်သမျှ မြန်မြန် ရသင့်ပါတယ်။ ဒုက္ခသည်တွေရဲ့ အခြေအနေ အမြန်ဆုံး တိုးတက်လာလိမ့်မယ်လို့လဲ ကျနော်တို့ မျှော်လင့်ပါတယ်”



နိုင်ငံရေးအကျဉ်းသားများ ကြွက်ဒဏ်ခံနေရ

ထိန်လင်း
Friday, 25 January 2008 20:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးတိုင်း အိုးဘိုထောင်အတွင်း ချုပ်နှောင်ခံနေရသော အန်အယ်ဒီ တိုင်းစည်းရုံးရေး အဖွဲ့ဝင်များမှာ လေထုညစ်ညမ်းသည့် အခန်းငယ်များတွင် နေထိုင်ကြရပြီး အခန်းအောင်း ကြွက်များ၏ ဒုက္ခပေးမှုကိုလည်း ခါးစည်း ခံနေကြရသည်။

အိုးဘိုထောင်တွင်း သန့်ရှင်းမှု နည်းပါးခြင်းကြောင့် အခန်းအောင်း ကြွက်များက နေ့ခင်းအချိန်တွင် လည်းကောင်း၊ ညအချိန်၌လည်းကောင်း အနှောက်အယှက် ပေးနေကြောင်း အထိန်းသိမ်းခံ ဒေါ်ဝင်းမြမြ၏ ပြောပြချက်ကို မိသားစုဝင်များမှတဆင့် သိရသည်။

“ကြွက်တွေက အိပ်နေရင်းလည်း ဗိုက်ပေါ် တက်ပြေးတာတွေ၊ နေ့ခင်း ထမင်းစားချိန်မှာလည်း မြင်နေရတယ်တဲ့။ ကြွက်တွေနဲ့အတူ နေနေရတာပေါ့ဗျာ။ အဓိကတော့ ထောင်က မသန့်ရှင်းလို့ပေါ့” ဟု ဒေါ်ဝင်းမြမြ၏ မိသားစုဝင် တဦးက ပြောသည်။

ယခုလို ကြွက်ပေါများသည့် အခန်းတွင် ထည့်သွင်း ထိန်းသိမ်းခံနေရသည့် ဒေါ်ဝင်းမြမြမှာ ဝမ်းကိုက်ရောဂါကို ခံစားနေရသဖြင့် မိသားစုဝင်များက အခန်းပြောင်းရွှေ့ပေးရန် ထောင်အာဏာပိုင်များထံ တင်ပြခဲ့ရသေးသည်။

“ဝမ်းကိုက်ရောဂါက မပျောက်သေးဘူး။ ၁၈ ရက်နေ့က တခါပြန်ဖြစ်တယ်။ အရင်က ၁၇၂ ပေါင်ရှိတာ၊ အခု ၁၁ဝ လောက်ထိ ကျသွားတယ်။ ဆေးကတော့ အတွင်းဆရာဝန်ရဲ့ ဆေးလက်မှတ်ပါမှ ပို့လို့ရတယ်” ဟု ယခုလ ၂၃ ရက်နေ့က ထောင်ဝင်စာ သွားတွေ့သူ ဒေါ်ဝင်းမြမြ၏ အကို ဦးဘစိုးက ပြောသည်။

မန္တလေးတိုင်း တိုင်းစည်းဒုဥက္ကဌ ဦးကံထွန်း (၆၆ နှစ်) မှာလည်း သွေးတိုး၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အသည်းအဆီဖုံး ရောဂါတို့ကို ခံစားနေရပြီး မတ္တရာအမတ် ဦးသန်းလွင်မှာလည်း ထောင်တွင်း၌ မျက်လုံးတဖက်သည် ကွယ်သွားသည်။

အိုးဘိုထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းသည့်အပြင် သွေးတိုးရောဂါ ပြန်လည် ခံစားနေရသည့် ဦးကံထွန်းအတွက် မိသားစုဝင်များက ဆေးဝယ်ကာ ထောင်ဝန်ထမ်းများမှတဆင့် ပေးပို့ခဲ့သော်လည်း ၁၅ ရက်ကျော်သည်အထိ ကာယကံရှင်ထံ မရောက်ရှိဘဲ ဖြစ်နေသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က သူ့အတွက် ၄ သောင်းကျော်ဖိုး ဆေးဝယ်ပြီး ပေးလိုက်တာ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျနော်နဲ့ တွေ့တဲ့အထိ မရသေးဘူး ပြောတယ်။ ထောင်ဝန်ထမ်းတွေကို မေးတော့လည်း ပို့ပေးထားတယ် ပြောတယ်။ သူ့ကျတော့ မရသေးဘူးတဲ့” ဟု ဦးကံထွန်း၏ မိသားစုဝင် တဦးက ပြောသည်။

အိုးဘိုထောင်တွင် အကျဉ်းချခံရဖူးသူ တိုင်းစည်း အဖွဲ့ဝင် တဦးကလည်း “ထောင်ထဲမှာ ဆရာဝန်တို့ကို အရေးပေါ် လိုအပ်ပြီဆိုရင် ခက်ခက်ခဲခဲကို ခေါ်ရတာ။ တခုခုဖြစ်ပြီဆိုရင် အချိန်မီအခါမီ ဆေးကုသပေးတယ် ဆိုတာ မရှိသလောက်ပဲ။ ဒါ့ကြောင့် ကျနော်တို့တွေ အနေနဲ့ ထောင်ထဲမှာဆို တခုခု မဖြစ်အောင်ကို ကြိုးစားနေရတာ” ဟု ပြောသည်။

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း အိုးဘိုထောင်အတွင်း ချုပ်နှောင်ခံရသူများတွင် အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ ၉ ဦးကို ယနေ့ထိတိုင် တရားစွဲဆိုခြင်း မရှိဘဲ ချုပ်နှောင်ထားသည်။



တရုတ်က မြန်မာနှင့် ပတ်သက်သည့် သူ့ရပ်တည်ချက်ကို ကာကွယ်မှုလုပ်

မုံပီး
Friday, 25 January 2008 20:46 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကုလသမဂ္ဂ၏ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံသို့ စောစီးစွာ ပြန်လာခွင့်ပြုရန် တရုတ်ပြည်၏ မကြာသေးမီက တိုက်တွန်းချက်သည် မြန်မာပြည်ရေးရာ တရုတ်ပြည်၏မူဝါဒ သိသိသာသာ ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း အဓိက အတိုက်အခံ ပါတီဖြစ်သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်သည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာ၏ တောင်းဆိုချက်ကို စစ်အစိုးရ၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်သော တရုတ်ပြည်က နောက်ဆုံးတွင် လက်ခံ သဘောတူလိုက်ပုံ ရကြောင်း ဒီချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြား လိုက်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် မစ္စတာ ဂမ်ဘာရီ၏ ကြိုးပမ်းချက်များကို ထောက်ခံကြောင်းနှင့် မြန်မာအစိုးရနှင့် မစ္စတာ ဂမ်ဘာရီတို့သည် မြန်မာပြည်သို့ ပြန်လည် လာရောက်နိုင်မည့်ရက်ကို ညှိနှိုင်း သတ်မှတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့က ပီကင်းတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကျန်းယွီက ပြောကြားသွားပါသည်။

“ကမ္ဘာ့ထွန်းသစ်စ စီးပွါးရေး အင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်က နိုင်ငံတကာရဲ့ တောင်းဆိုတာတွေကို ရှေ့လျှောက် ပွင့်ပွင့်လင်းလင်း အာခံလိုစိတ် ရှိတော့မှာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်” ဟု ဦးဥာဏ်ဝင်းက ပြောကြား သွားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်၏ အခြေအနေကို အနီးကပ် လေ့လာနေပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လည်း တိုက်တွန်းလိုကြောင်း တနင်္လာနေ့က မြန်မာ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်နှင့် တွေ့ဆုံရာတွင် တရုတ်နိုင်ငံ တော်ကောင်စီဝင် ထန်ကျားရွှင်က ပြောကြားသွားခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်သော တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် “မစ္စတာထန်သည် မြန်မာ့နိုင်ငံရေး အခြေအနေကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း အလေးထား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု၊ စီးပွါးရေး ဖွံ့ဖြိုးမှုတို့ရှိပြီး မြန်မာပြည်သူပြည်သားများ အနေဖြင့် ကျေနပ် နှစ်သက်အားရစွာ နေထိုင် လုပ်ကိုင်နိုင်ကြလိမ့်မည်ဟုလည်း တရုတ်ပြည်က ရိုးသားစွာ မျှော်လင့်ပါသည်” ဟု ဖေါ်ပြထားသည်။

“ပြည်တွင်း နိုင်ငံရေးဖြစ်စဉ်ကို ဆွေးနွေး ညှိနှိုင်းသည့်နည်း ဖြင့် ရှေ့သို့ တဆင့် တိုးတက်စေကာ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်မှုကို စောလျင်နိုင်သမျှ စောလျင်စွာ ရရှိစေကြောင်း တရုတ်နိုင်ငံက မြန်မာအစိုးရနှင့် ပြည်သူများကို တိုက်တွန်းပါသည်” ဟု အဆိုပါ ကြေညာချက်တွင် ဆက်လက် ဖေါ်ပြထားသည်။

ရပ်တည်ချက် အပြောင်းအလဲအတွက် ဖြစ်နိုင်ဘွယ်ရှိသော အကြောင်းများ

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး မြန်မာအစိုးရ ဗိုလ်ချုပ်ကြီးများအပေါ် သြဇာရှိသည့် နိုင်ငံအနည်းငယ် အနက်မှ တနိုင်ငံ ဖြစ်သည်။ ကုလ အထူးသံတမန်၏ မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ထောက်ခံကြောင်း ထုတ်ဖေါ် ပြောကြားသော်လည်း ဖိအားပေးရေးကိုမူ ရှောင်ရှားလေ့ ရှိသည်။

တရုတ်နိုင်ငံ၏ မကြာသေးမီက တောင်းဆိုချက်များသည် မြန်မာနိုင်ငံနှင့် ပတ်သက်သော တရုတ်၏ မူဝါဒတွင် ထင်ရှားသော အပြောင်းအလဲတရပ် ဖြစ်ပြီး တည်ငြိမ်သော နိုင်ငံအဖြစ် ပေါ်ထွန်းလာရေးအတွက် စစ်မှန်သော တွန်းအားပေးမှုများ သို့တည်းမဟုတ် နိုင်ငံတကာ ဖိအား၏ ရလဒ်လည်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဦးဝင်းမင်းက ပြောကြားလိုက်သည်။

“သူနဲ့ နယ်စပ်ချင်း ရှည်လျားစွာ ဆက်စပ်နေတဲ့ နိုင်ငံတနိုင်ငံဖြစ်တော့ မြန်မာပြည်ကို တည်ငြိမ်တဲ့ နိုင်ငံတနိုင်ငံ တရုတ်က အမြဲတမ်း ဖြစ်စေချင်တာပါဘဲ။ ဒါ့အပြင် စစ်အစိုးရကို ရှင်းလင်း ပြတ်သားတဲ့ သတင်းစကားတရပ် ပေးဘို့ တရုတ်နိုင်ငံကို တိုက်တွန်းတဲ့ နိုင်ငံတကာရဲ့ ကြီမားတဲ့ လှုပ်ရှားမှုကလဲ ရှိနေတယ်။ ဗမာပြည်ရဲ့ အခြေအနေကို တရုတ်ပြည်က စိုးရိမ်ပူပန်မှုလဲ ရှိတယ်။ မြန်မာပြည်က သူတို့ အကြံပြုချက်တွေကို လျစ်လျူရှုခဲ့ပေမဲ့ စီးပွါးရေးမှာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဘို့ လည်း မြန်မာ စစ်အစိုးရကို တရုတ်ပြည်က တိတ်တိတ်ဆိတ်ဆိတ် တိုက်တွန်းခဲ့တာပဲ” ဟု ဦးဝင်းမင်းက ပြောကြားသွားသည်။

ဆန္ဒပြသူများကို စက်တင်ဘာလ အတွင်းက စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းလိုက်ပြီးနောက် အဆိုပါ နိုင်ဂျီးရီးယား သံတမန်သည် မြန်မာနိုင်ငံတွင်းသို့ ၂ ကြိမ် သွားရောက် လည်ပတ်ခဲ့သည်။ ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက် ခွင့်ပြုရန် ပြောကြားခဲ့သော်လည်း ဧပြီလလယ်မှသာ လာရောက်စေလိုကြောင်း စစ်အစိုးရက သူ့ကို ပြန်ကြားခဲ့သည် ဟု မစ္စတာ ဂမ်ဘာရီက ယခင် သီတင်းပတ်က သတင်းထောက်များကို ထုတ်ဖေါ် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂ နှင့် အထူးအကျိုးတူ အုပ်စုများ အပါအဝင်ဖြစ်သော နိုင်ငံတကာအသိုင်း အဝိုင်းက မြန်မာနိုင်ငံအပေါ် သြဇာရှိသော နိုင်ငံအနည်းငယ် အနက်မှ နိုင်ငံတနိုင်ငံ ဖြစ်သော တရုတ်ပြည်ကို မြန်မာစစ်အစိုးရကို အပြောင်းအလဲများ ပြုလုပ်ရေးအတွက် ဖိအားပေးပါရန် တိုက်တွန်း ပြောကြားခဲ့ကြသည်။

အစဉ်အလာရပ်တည်ချက်

မစ္စတာဂမ်ဘာရီကို စောစီးစွာ တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုရန်နှင့် အတိုက်အခံနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အကောင်အထည်ဖေါ်ရန် တရုတ်နိုင်ငံက မြန်မာ စစ်အစိုးရကို လူသိရှင်ကြား တိုက်တွန်း ပြောကြားခဲ့သော်လည်း ပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖေါ် ဆောင်ရွက်စေရေးအတွက် မြန်မာ စစ်အစိုးရကို နောက်ထပ် ဖိအားများ တိုးမြှင့်ပေးရေး အမေရိကန်၏ တောင်းဆိုချက်ကိုမူ တရုတ်နိုင်ငံက ပယ်ချခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရှိပြီး ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်ထွန်းလာသည်ကို တွေ့မြင်လိုသော်လည်း စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများနှင့် အပြုသဘော မဆောင်သော ဖိအားပေးရေးတို့ကိုမူ ဆန့်ကျင်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ကျန်းယွီ က အင်္ဂါနေ့က ပြောကြားရာတွင် ထည့်သွင်း ပြောကြားသွားသည်။

ဤသို့ ပိတ်ဆို့ အရေးယူမှုနှင့် ဖိအားပေးမှုများကို ပြုလုပ်မည့်အစား နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာ့ အခြေအနေကို ဓမ္မဓိဌာန်ကျစွာ ရှုမြင်သင့်ပြီး “အပြုသဘောဆောင်သော အကူအညီများ” ကိုသာ ပေးအပ်သွားသင့်ကြောင်း သူမက ဆက်လက် ပြောကြားသွားသည်။

နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည့်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာ ဗိုလ်ချုပ်ကြီးများအပေါ် ဖိအားများ တိုးမြှင့်ရန် အမေရိကန်က တနင်္လာနေ့တွင် တောင်းဆိုချက် ပေါ်ထွက်လာပြီး နောက် မစ္စကျန်းယွီ၏ ပြောကြားချက် ယခု ပေါ်ထွက်လာခြင်း ဖြစ်သည်။

သံဃာများ ဦးဆောင်သည့် ဆန္ဒပြပွဲများကို ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် မြန်မာ ဗိုလ်ချုပ်ကြီးများအပေါ် စီးပွါးရေးအရ ပိတ်ဆို့ အရေးယူမှုများကို တိုးမြှင့် ချမှတ်ရာတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ က ရှေ့ဆောင် ပါဝင်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ၊ တရုတ်နိုင်ငံကမူ မြန်မာနိုင်ငံကို တန်ဘိုးရှိသော သယံဇာတများ ပေးအပ်နေသည့် နိုင်ငံတနိုင်ငံအဖြစ်သာ ရှုမြင်ပြီး ဘင်္ဂလား ပင်လယ်အော်တွင် ကြီးမားသော ဓါတ်ငွေ့သိုက်ရှာဖွေ ထုတ်လုပ်ရေး အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများနှင့် စီးပွါးရေး ဆက်သွယ် ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နေပြီး အခြား လုပ်ကိုင်နိုင်မည့် စီးပွါးရေး လုပ်ငန်းများကိုလည်း ရှာဖွေ လုပ်ဆောင်လျက် ရှိသည်။



သတင်းစာဆရာကြီး ဦးဝင်းတင် ခွဲစိတ်ကုသမှု ခံယူပြီး

နန်းဒေဝီ
Friday, 25 January 2008 19:23 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ရန်ကုန်ဆေးရုံကြီး ဆေးရုံတင်ထားရသည့် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ အူကျရောဂါအား ယနေ့နံနက်ပိုင်းတွင် ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးစီးသွားကြောင်း သိရသည်။

အင်းစိန်ထောင်တွင် ၁၈ နှစ်ကျော် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ အသက် ၇၈ နှစ်အရွယ်ရှိ ဆရာကြီး ဦးဝင်းတင်အား သောကြာနေ့နံနက်တွင် အောင်မြင်စွာ ခွဲစိတ် ပြီးစီးကြောင်း သူ့အား ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးမောင်မောင်ခင်က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။

“မနေ့ကအထိတော့ သေချာ စစ်ဆေးတယ်။ ဒီမနက်ခွဲတယ်။ အူကျရောဂါကို ခွဲတယ်။ မနက် ၈ နာရီ ၄၅ မိနစ်မှာ ခွဲတာ။ ၁ဝ နာရီ ၁၅ မိနစ်မှာ ပြီးသွားတယ်။ ထုံဆေးနဲ့ ခွဲတယ်။ သွေးသွင်းရတာလည်း မရှိပါဘူး။ အခြေအနေ အားလုံး ကောင်းပါတယ်။ ဆရာဝန်တွေ၊ ဆရာမတွေကလည်း ဂရုတစိုက် လုပ်ပေးပါတယ်။ ခွဲစိတ်ပြီးတော့ Guard Ward ကို ပြန်ပို့တယ်” ဟု သူက ပြောသည်။

“ဆရာဝန်က ပြောတာက အဖတ်ပျော့ပျော့ပါတာ ကျွေးလို့ ရပါတယ်လို့ ပြောပေမယ့် သူက အရည်ပဲ သောက်ပါတယ်။ “မနက်ဖြန်ကျမှပဲ အဖတ်စားတော့မယ်ကွာ” လို့ ပြောပါတယ်” ဟု ဦးဝင်းတင်ပြောသည့် စကားကို သူက ပြန်လည်ပြောပြသည်။

အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ၃ ရက်အကြာတွင် ခွဲစိတ်ခံခဲ့ရသည်။

“သူ့ကြည့်ရတာ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းပါပဲ။ စိတ်ဓာတ်လည်း ကောင်းတယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ သွားတွေတော့ သိပ်မကောင်းဘူးပေါ့ဗျာ။ သွားအခြေအနေကတော့ နဲနဲတော့ သွားအရင်းတွေ နာလိုက်၊ အဲဒီလောက်ပါပဲ။ ဆေးရုံမှာ ဘယ်နေ့အထိ ဆက်နေရမယ် ဆိုတာတော့ အာဏာပိုင်တွေ အပေါ်မှာပဲ တည်တယ်။ ဘယ်သူမှ ပြောလို့မရဘူး” ဟု သူက ပြောသည်။



MAI လေကြောင်းလိုင်း အိန္ဒိယခရီးစဉ် ပြန်လည်ပြေးဆွဲမည်

နန်းဒေဝီ
Friday, 25 January 2008 19:08 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ၏ ရန်ကုန်-အိန္ဒိယ လေယာဉ် ခရီးစဉ်အား ပြန်လည်ပြေးဆွဲရန် စီစဉ်နေပြီ ဖြစ်သည်။

၂ဝဝ၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် ရန်ကုန်-နယူးဒေလီ ခရီးစဉ်အား လိုက်ပါစီးနင်းမည့် ခရီးသည် နည်းပါးသည့်အတွက် ရပ်နားခဲ့ပြီးနောက် ၂ဝဝ၈ ခုနှစ်အတွင်း အဆိုပါ ခရီးစဉ်အား ပြန်လည် စတင်မည် ဖြစ်ကြောင်း MAI ဝန်ထမ်းများ အဆိုအရ သိရသည်။

“အိန္ဒိယကို အရင်ကတော့ နယူးဒေလီ ခရီးစဉ် ပျံထားဖူးတယ်လေ။ အခု ဘယ်မြို့ကို ပျံမယ်ဆိုတာ Management က အစည်းအဝေးတွေ လုပ်နေပြီ။ ဒါပေမဲ့ ကျမတို့ဘက်ကို အတိအကျ ညွန်ကြားချက် မရသေးဘူး။ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှပဲ သိရမယ်။ ပျံတာတော့ ပျံမယ်ဆိုတဲ့ သတင်းကိုပဲ ပြောခွင့်ရှိပါတယ်” ဟု ကုန်သည်ကြီးများဟိုတယ်ရှိ MAI လက်မှတ်ရောင်းဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

စတင်ပျံသန်းမည့် နေ့ရက်၊ အချိန်၊ ပျံသန်းမည့် လေယာဉ်အမျိုးအစား၊ လက်မှတ်ဈေးနှုန်း အပါအဝင် ခရီးစဉ် အသေးစိတ်ကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

သူက “ဘယ်နေ့ပျံမယ်၊ ဘယ် Air Craft နဲ့ ပျံမယ်ဆိုတာတော့ သူတို့ အတိအကျ သိရမှပဲ ကျမကို ပြောပါမယ် ဆိုပြီးတော့ ပြောထားတယ်။ လောလောဆယ်တော့ ကျမတို့ Marketing ဌာနက အိန္ဒိယကို ပြန်ဖို့ လုပ်နေတယ် ဆိုတာလောက်ပဲ သိရသေးတယ်” ဟု ပြောသည်။

၂ဝဝ၄ ခုနှစ် မတ်လ ဒုတိယအပတ်မှ စတင်ကာ နယူးဒေလီ-ရန်ကုန် ခရီးစဉ်အား ဘိုးအင်း ၇၃၇-၈ဝဝ နှင့် တပတ် ၃ ကြိမ် ပျံသန်းခဲ့သော်လည်း ခရီးသွား နည်းပါးခြင်းကြောင့် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရခြင်း ဖြစ်သည်။

ယခင်ခရီးစဉ် အရှုံးပေါ်ရခြင်းသည် MAI အနေဖြင့် အခြားပြေးဆွဲနေသော အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများနှင့် မတူဘဲ ဝန်ဆောင်မှုကို အဓိကထား လုပ်ဆောင်ခဲ့ပြီး၊ လက်မှတ်ဈေးနှုန်း ပိုမြှင့်သည့်အတွက် အရှုံးပေါ်ရခြင်း ဖြစ်ကြောင်း လက်မှတ် အရောင်းမြှင့်တင်ရေးမှ တာဝန်ရှိ ဝန်ထမ်းတဦးက ပြောသည်။

သူက Budget Carrier တွေ ဝင်လာတယ်။ Low Cost Carrier တွေလေ။ လေယာဉ်ပေါ်မှာ ဘာမှမတိုက်ဘူး၊ ဘာမှ မကျွေးဘူး။ ရေတွေဘာတွေ သောက်ချင်တယ် ဆိုရင်လည်း ဝယ်သောက်ရတယ်။ အဲဒီ Air Craft တွေထက်စာရင် ကျမတို့က အဲဒီအချိန်တုန်းက မယှဉ်နိုင်ဘူးပေါ့။ ကျမတို့က Budget Carrier မဟုတ်ဘူးလေ။ Service ပေးရတယ်ဆိုတော့ ဈေနှုန်းကို အဲလောက်လျှော့လို့ မရဘူး။ သူတို့ကျတော့ ဈေးနှုန်းကို အရမ်းနိမ့်ထားတဲ့ အခါကျတော့ပါ” ဟု ပြောသည်။

ယခုပျံသန်းမည့် အိန္ဒိယ ခရီးစဉ်သည် မြန်မာပြည်မှ ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားမည့် ခရီးသည်များအား ဦးစားပေးခြင်း ဖြစ်ကြောင်း သူက ယခုလို ဆက်ပြောသည်။

“အဓိကတော့ ဘုရားဖူးတွေကို Target ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား ကုန်သည်တွေကလည်း အိန္ဒိယသွားတာလည်း သိပ်မရှိဘူး။ အိန္ဒိယကနေ ခရီးသည်ရဖို့ မလွယ်ဘူး အမ။ ဒီကို လာလည်ဖို့ဆိုတာ တော်တော်လေးကို Promote လုပ်ရအုံးမယ်။ အိန္ဒိယလူမျိုးတွေ မြန်မာနိုင်ငံကို လာလည်ဖို့ဆိုတာ” ဟု သူက ပြောသည်။

အလားတူပင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြစ်သည့် Air Bagan ရန်ကုန်-စင်္ကာပူ လေကြောင်းလိုင်းအား ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသော်လည်း ယခုနှစ် စက်တင်ဘာလတွင် ပုံမှန် ခရီးစဉ်အဖြစ် ပြန်လည် ပြေးဆွဲမည်ဟုလည်း သိရသည်။



ဝန်ကြီးချုပ်က မဖမ်းဘူးဆိုပေမယ့် ၉ဝ ကျော် အဖမ်းခံရ
နေသွင်
Friday, 25 January 2008 15:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ “နိုင်ငံရေး လှုပ်ရှားသူများအား ဆက်လက်ဖမ်းဆီးခြင်း မရှိ” ဟု နအဖ စစ်အစိုးရက ကုလသမဂ္ဂကို ပြောဆိုခဲ့သော်လည်း ထပ်မံ၍ ၉၆ ဦး ဖမ်းဆီးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (IA) အဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အစောပိုင်းက နအဖ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “နိုင်ငံရေးသမားများအား ဆက်လက် ဖမ်းဆီးမှု မပြုတော့ပါ” ဟု ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကို အာမခံ ပြောကြားခဲ့သော်လည်း ထပ်မံ ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေး လှုပ်ရှားသူပေါင်း ၉၆ ဦး ရှိသည်ဟု လန်ဒန်အခြေစိုက် IA အဖွဲ့ကြီး၏ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြလိုက်ခြင်း ဖြစ်သည်။

“မတရားဖမ်းဆီးမှုများ ရပ်တန့်ရမည့်အစား မြန်မာ စစ်အစိုးရသည် ဆန္ဒပြသူများကို အကြမ်းဖက် နှိမ်နင်းခဲ့အပြီး ၄ လအကြာအထိ ဖမ်းဆီးမှုများကို အရှိန်မြှင့် လုပ်ဆောင်နေသည်” ဟုလည်း IA အဖွဲ့၏ အာရှပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူး Catherine Baber က အစီရင်ခံစာတွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ယခုထိ ထောင်ဒဏ် ချမှတ်ခံရသူ အနည်းဆုံး ၁၅ ဦး ရှိပြီး အထိန်းသိမ်းခံရသူများကို စစ်အစိုးရက ညှဉ်းပမ်းနှိပ်စက်သည့် အထောက်အထားများ ရရှိထားကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အဆိုပါ သတင်း အချက်အလက်များ တင်ပြရန် ကြိုးစားသူများအား အဓိက ပစ်မှတ်အဖြစ် သတ်မှတ်နေကြောင်း ဆက်လက် ဖော်ပြထားသည်။

ထို့အပြင် ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် လူ ၇ဝဝ ကျော်သည် ယနေ့ တိုင် အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရပြီး၊ ရှိနှင့်ပြီးသား နိုင်ငံရေး အကျဉ်းသား ၁၁၅ဝ နှင့်ဆိုပါက စုစုပေါင်း ၁၈၅ဝ ကျော် ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က IA အဖွဲ့ကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားသည့် ဖမ်းဆီး အရေအတွက်အပြင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးမှုများ ရှိနေသေးကြောင်း မဇ္ဈိမကို ပြောသည်။

သူက “ဒီအစီရင်ခံစာ ရေးပြီးသွားတဲ့ အချိန်လောက်ပေါ့လေ၊ အခုရက်ပိုင်းလေးအတွင်း ၈ ယောက်လောက် နောက်ထပ် အဖမ်းခံရတာ ရှိတယ်။ အများအားဖြင့် အန်အယ်ဒီ ပါတီဝင်တွေ ပါတယ်။ အခုနောက်ဆုံးကတော့ ကိုစောဝေပေါ့လေ။ သူကတော့ ကဗျာဆရာပေါ့။ နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်ပြီး သူတို့ (စစ်အစိုးရ) ကို အကြည်ညိုပျက်အောင် လုပ်တယ်ဆိုတဲ့ အမှုနဲ့ ဖမ်းလိုက်တာပေါ့လေ” ဟု ပြောသည်။

စစ်အစိုးရသည် နိုင်ငံရေးသမားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် လှုပ်ရှား တက်ကြွသူများကို ခြေချုပ်ချထားခြင်းနှင့် အချိန်မရွေး ဖမ်းဆီးနေဆဲ ဖြစ်သည်ဟု ကိုတိတ်နိုင်က ဆက်ပြောသည်။

“နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဆိုလို့ရှိရင် ဘယ်နေရာသွားမယ်၊ ဘယ်နေရာ သွားမယ်ဆိုတာ သက်ဆိုင်ရာ ရဲစခန်း၊ မယက ကို အကြောင်းကြားမှ သွားလို့ရမယ်ဆိုပြီး လက်မှတ်ထိုးရတဲ့ လူတွေလည်း အများကြီးပဲ” ဟု သူက ဖြည့်စွက်ပြောသည်။

အင်္ဂါဆုတောင်းပွဲများကို ဦးဆောင်သူ အန်အယ်ဒီ ပါတီဝင် ဒေါ်နော်အုန်းလှလည်း ရွှေဝါရောင် လှုပ်ရှားမှုအပြီးမှ စတင်ကာ ယခုထိ ခြေချုပ်ကျခံနေရသည်။

IA ၏ အစီရင်ခံစာတွင် နောက်ဆုံး ဖမ်းဆီးခံလိုက်ရသော ကဗျာဆရာ စောဝေ အပါအဝင် နိုဝင်ဘာ လဆန်းပိုင်းမှ စတင်၍ အဖမ်းခံရသော အန်အယ်ဒီ ပါတီဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များ၊ သံဃာတော်များ၊ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူများ၊ KIO အဖွဲ့ဝင် ၈ ဦးနှင့် ရခိုင်ပြည်နယ်တွင် ဘီဘီစီ သတင်းကို စာရွက်ဖြင့် ဖြန့်ဝေရန် ကြိုးစားသဖြင့် အဖမ်းခံရသူများ၏ အမည်များကို ဖော်ပြထားသည်။

အလားတူပင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ် မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်နေသော အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခြားရေး ဝန်ကြီးများကလည်း မြန်မာပြည်နှင့် ပတ်သက်သော ပူးတွဲ ကြေညာချက်ကို ယမန်နေ့က ထုတ်ပြန်ရာတွင် အခြေခံ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် မြန်မာ စစ်အစိုးရကို တိုက်တွန်းထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates