Wednesday, December 19, 2007

ဆရာတော်ကို ပြန်လွှတ်သော်လည်း ငွေကြာယံကို လုံခြုံရေး တင်းကျပ်ထား

ဖနိဒါ
Tuesday, 18 December 2007 22:01 - မြန်မာစံတော်ချိန်

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ငွေကြာယံကျောင်းတိုက် ဆရာတော် ဦးရေဝတအား စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ရာမှ ယခုလ ၁၄ ရက်နေ့တွင် သံဃာ ၉၆ ပါးနှင့်အတူ အာဏာပိုင်များက ပြန်လွှတ်ပေးသော်လည်း ကျောင်းတိုက်ကိုမူ လုံခြုံရေးများ ချထားကြောင်း သိရသည်။

ဆရာတော် ဦးရေဝတနှင့်အတူ စက်တင်ဘာ လှုပ်ရှားမှုအတွင်း ဖမ်းဆီးခံရသူများထဲမှ သံဃာတော် ၉၆ ပါးကို အာဏာပိုင်များက ပြန်လွှတ်ခဲ့ရာတွင် ငွေကြာယံမှ သံဃာ ၅၁ ပါးကို ကျောင်းတိုက်၌ ပြန်လည် သီတင်းသုံးခွင့် ပေးခဲ့သော်လည်း ကျောင်းတိုက်သို့ ဖူးမြော်လာသူများကို စွမ်းအားရှင်နှင့် ကြံ့ဖွံ့များက တင်းကျပ်စွာ စစ်ဆေးပြီးမှသာ ကျောင်းတိုက်အတွင်းသို့ ဝင်ရောက်ခွင့်ပေးကြောင်း ဒေသခံများ ပြောဆိုသည်။

“လုံခြုံရေးကတော့ ကျောင်းထဲမှာ စွမ်းအားရှင်ရော၊ ကြံ့ဖွံ့တွေရော ၁၅ ယောက်လောက်တော့ ရှိတယ်။ အခုလောလောဆယ်က သွားပြီးတော့ ဖူးမယ်ဆိုရင် စစ်ဆေးပြီးမှ ဝင်သွားဖူးကြတယ်လေ။ ကျောင်းထဲမှာ တခြားဘုန်းကြီးတွေ ဒီ ၅၁ ပါးထက် ကျော်မနေရအောင် မကြာမကြာ စစ်ဆေးနေပါတယ်” ဟု ကျောင်းတိုက်အနီး နေထိုင်သူတဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တွင် ဦးဆောင်ဆရာတော် တပါးလည်းဖြစ်သည့် ဆရာတော်ကြီး ပြန်လွတ်လာသည်ကို ကြားသိသဖြင့် ယခုရက်ပိုင်းအတွင်း လာရောက်ဖူးမြော်သူ များပြားသဖြင့် လုံခြုံရေးများ အထူးကြပ်မတ်ကာ စစ်ဆေးပြီးမှ အဝင်အထွက် ခွင့်ပြုနေခြင်း ဖြစ်သည်ဟု အခြားဒေသခံ တဦးကလည်း ပြောဆိုသည်။

အဆိုပါ ဒေသခံက “ကျနော်တို့ ဒကာ၊ ဒကာမတွေအနေနဲ့ကတော့ အရမ်းကို ဝမ်းသာပါတယ်။ ဆရာတော်ကြီးကလည်း ရပ်ရွာအတွက်ကို ပြန်ပြီးတော့ စေတနာ၊ မေတ္တာနဲ့ ပရိတ်ရွတ်တယ်။ အားလုံးက ဝမ်းပမ်းတသာနဲ့ သွားပြီးတော့ ဖူးကြတယ်လေ။ ဒီလိုဖြစ်ရပ်တွေကို မကြာမကြာ နောင်မှာလည်း မြင်တွေ့ပြီးတော့ တိုင်းပြည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ချမ်းချမ်းသာသာ မြင်ကွင်းလေးကို မြင်ချင်ပါတယ်ဗျာ” ဟု ပြောသည်။

သူက ဆက်ပြီး သံဃာတော်များ ကျောင်းအပြင်သို့ ထွက်ခွါပါက နောက်မှ စွမ်းအားရှင်အချို့က နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ့ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် သံဃာလူထု လှုပ်ရှားမှုကြီး ဖြစ်ပွားနေစဉ် လက်နက်ကိုင် တပ်များက ငွေကြာယံ ကျောင်းတိုက်အတွင်း ဝင်ရောက်စီးနင်းကာ သံဃာအပါး ၉ဝ ကျော်အား ရိုက်နှက် ဖမ်းဆီးခဲ့ပြီး၊ နောက်တရက်တွင် ဆရာတော်ကြီးကိုပါ ဖမ်းဆီးသွားပြီး ယခုအခါ ကျောင်းတိုက်မှ ၅၁ ပါးသာ ပြန်လွှတ်ပေးခြင်း ဖြစ်သည်။

ပထမ ဒေသခံက “မနက်မှာ သူတို့ဘက်က ဆိုင်ကယ်တွေနဲ့ ငွေကြာယံကျောင်း ရောက်လာပြီးတော့၊ စွမ်းအားရှင်တွေလည်း ပါတယ်။ သူတို့ သန့်ရှင်းရေး လုပ်တယ်။ အဲဒီနောက် တော်တော်အကြာမှာ ကားတွေနဲ့ ရောက်လာတယ်။ ရောက်လာတာကလည်း ကားတစီးကို ၄ ၊ ၅ ပါးနဲ့ ရောက်လာတယ်။ အားလုံး အပါး ၅၁ ပါး ပြန်ပို့တာ တွေ့ရတယ်” ဟု ပြောသည်။

ဆရာတော်ကြီးကို ကမ္ဘာအေး သာသနာ့နယ်မြေတွင် ချုပ်နှောင်ထားရာမှ ခေါ်လာကာ အခြား သံဃာတော်များကိုမူ အင်းစိန် စက်မှုလက်မှု သိပ္ပံကျောင်းမှ ခေါ်လာကြောင်းနှင့် ယခုလွှတ်ပေးသည့် သံဃာ ၉၆ ပါးအနက် ၄၅ ပါးကိုမူ အာဏာပိုင်များက ရန်ကုန်တွင် သီတင်းသုံးခွင့် မပေးကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် ကျောင်းတိုက်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။



တိုက်လေယာဉ် ပျက်ခြင်းသည် မြန်မာပြည်တွင် ဖြစ်ရိုးဖြစ်စဉ်ဟု လေ့လာသူက ပြောဆို

မုံပီး
Tuesday, 18 December 2007 21:57 - မြန်မာစံတော်ချိန်

စစ်တပ်ကို စစ်လက်နက်ပစ္စည်းများ ဝယ်ယူအားဖြည့်နေသော်လည်း တနင်္လာနေ့က တိုက်လေယာဉ်တစင်း ပျက်ကျခြင်းသည် စစ်အစိုးရ၏ စစ်ပစ္စည်း အရည်အသွေးကို ပြသနေသည်ဟု စစ်ရေး လေ့လာသူတဦးက ပြောဆိုလိုက်သည်။

မန္တလေးမြို့ နိုင်ငံတကာ လေယာဉ်ကွင်းမှ ပျံသန်းလာပြီးနောက် မကြာမီတွင် စက်ချို့ယွင်းပြီး ပျက်ကျရာတွင် လေယာဉ်မှူးပါ သေဆုံးသွားခဲ့ကြောင်း သတင်းများက ဆိုသည်။

စစ်ဘက်ဆိုင်ရာနှင့်နီးစပ်သူ မန္တလေးမှ သတင်းရပ်ကွက်တခုက ပျက်ကျလေယာဉ်သည် ၁၉၉၄ ခုနှစ်တွင် ၅ နှစ်အာမခံဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် အက်ဖ်-၅ လေယာဉ်ဖြစ်ကာ တစစီဖြစ်သွားပြီး လေယာဉ်မှူး စိုင်းဆိုင်လင်း သေဆုံးခဲ့သည်ဟု ဆိုသည်။

“လေယာဉ်ပျက်ကျတဲ့ နေရာမှာ ၃ ပေအနက်ရှိပြီး ပေ ၂ဝ လောက်အကျယ်ရှိတဲ့ ကျင်းကြီးဖြစ်သွားတယ်။ လေယာဉ်က တစစီ ဖြစ်သွားမှတော့ လူက ဘယ်ရောက်သွားလဲ မသိဘူး” ဟု သူက ပြောသည်။

အချို့သတင်းများက အစိုးရတာဝန်ရှိသူ အပြောကို ကိုးကား၍ တွဲဖက်လေယာဉ်မှုးပါ သေဆုံးသည်ဟု ဆိုသော်လည်း စစ်အစိုးရမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို မဇ္ဈိမကလည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့စစ်ရေး လေ့လာသူ ဦးဌေးအောင်က ယခုလို လေယာဉ်ပျက်ကျမှုမျိုးသည် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ကာ မြန်မာလေတပ်တွင် တရုတ်လုပ် စစ်ပစ္စည်း အများအပြားသည် အာမခံချက် ကျော်လွန်ပြီးသားများ ဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော် လေ့လာမိသလောက်ဆိုရင် ၁၉၉၉ ခုနှစ်ကတည်းက မြန်မာလေတပ်ကနေ တိုက်လေယာဉ် ၉ စီးထက်မနဲ ပျက်ကျဖူးခဲ့တယ်” ဟု သူက ပြောသည်။

နအဖ သည် တိုက်လေယာဉ်များ အပါအဝင် စစ်လက်နက်ပစ္စည်း အများအပြား ဝယ်ယူလာခဲ့ရာတွင် အရည်အသွေးအားဖြင့် အဆင့်နိမ့်ကျနေပြီ ဖြစ်ကြောင်းနှင့် နအဖ အတွက် အကောင်းဆုံး ဗုံးကျဲလေယာဉ်များသည် ရုရှားလုပ် အမ်အိုင်ဂျီ ၂၉ ဖြစ်ကြောင်း ဦးဌေးအောင်က ပြောသည်။

နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးဌာနက နအဖ သည် စစ်ရေးအသုံးစရိတ်ကို အမျိုးသားဘတ်ဂျက်မှ ၄ဝ ရာခိုင်နှုန်းကျော် သုံးစွဲနေပြီး၊ ပညာရေးနှင့် ကျန်းမာရေးအတွက် ၄-၅ ရာခိုင်နှုန်းခန့်သာ သုံးစွဲနေသည်ဟု ဆိုသည်။



အသက်သွေးစွန့်လှူသူ သံဃာပြည်သူကို ကျောင်းသားလူငယ်များ ဂုဏ်ပြုသွေးလှူ

မောင်ဒီး
Tuesday, 18 December 2007 21:51 - မြန်မာစံတော်ချိန်

စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုအတွင်း အသက်သွေး စွန့်လှူခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်မြို့နေ ကျောင်းသားလူငယ်များ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များနှင့် အခြားပြည်သူ ၄၉ ဦးက ရန်ကုန်ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းက သွေးလှူဒါန်းခဲ့ကြသည်။

ရန်ကုန်ဆေးရုံကြီး အမျိုးသား သွေးလှူဘဏ်တွင် ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ လှူဒါန်းခဲ့ကြခြင်း ဖြစ်ပြီး လူစုလူဝေးဖြင့် သွားရောက်လှူဒါန်းရန် မသင့်တော်သဖြင့် ၄ ဦးကျတသုတ်၊ ၅ ဦးကျတသုတ်ဖြင့် သွားရောက်လှူဒါန်းခြင်း ဖြစ်သည်။

“စက်တင်ဘာလတုန်းက ကျဆုံးသွားတဲ့ ရဟန်းသံဃာတွေနဲ့ မြန်မာနိုင်ငံ ထောင်တွေအားလုံးမှာ ရှိတဲ့ ကျနော်တို့ရဲ့ ညီအကို ကျောင်းသားတွေ၊ ရဟန်းသံဃာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့ကို ရည်စူးပြီး သွေးလှူကြတာပါ” ဟု သွေးလှူပွဲကို စီစဉ်ကြီးကြပ်သူ ကိုရွက်သစ်က ပြောသည်။

အစိုးရနှင့် မပတ်သက်သည့် ပုဂ္ဂလိက သွေးလှူဘဏ်များ၊ အခမဲ့ ဆေးပေးခန်းများတွင် သွေးလှူရန်အတွက် ယခု လဆန်းကတည်းက စီစဉ်ခဲ့သော်လည်း လူစုလူဝေးဖြင့် သွေးလှူမည်ကို ဆေးခန်းများက လက်မခံသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ လာရောက်ကာ ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ လှူဒါန်းခဲ့ရခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ပါဝင်လှူဒါန်းလိုသဖြင့် ဆက်သွယ်လာသူ လူဦးရေ ၇ဝ စာရင်းရထားသော်လည်း ယနေ့နေ့လည်အထိ လာရောက်သူ ၄၉ ဦးသာ ပေးလှူခဲ့ခြင်း ဖြစ်ကြောင်းနှင့် သွေးပေါင် မပြည့်သဖြင့် သွေးမပေးနိုင်သူ ၅ ဦးခန့် ရှိကာ ညနေပိုင်းတွင် သွားရောက် သွေးလှူမည့်သူများ ရှိနိုင်ကြောင်း ကိုရွက်သစ်က ပြောသည်။

စီစဉ် ဆောင်ရွက်ပေးသူများ အနေဖြင့် အာဟာရများ ပံ့ပိုးပေးနိုင်ခြင်း မရှိသော်လည်း ဆေးရုံကြီးက ကြက်ဥနှင့် နို့တိုက်ကျွေးခဲ့သည်။

“ကျနော်တို့က အဖွဲ့အစည်း သဘောမျိုးနဲ့ လုပ်တာမဟုတ်ပါဘူး။ ကျနော်တို့ အပြင်မှာရှိတဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာလို့ရတဲ့ လူတွေအားလုံးက နေပြီးတော့ မလွတ်မလပ် ရှိနေတဲ့လူတွေ၊ ကွယ်လွန်သွားတဲ့ လူတွေအတွက် ရည်စူးပြီး လုပ်တာဖြစ်တဲ့အတွက် ကိုယ့်စေတနာနဲ့ကိုယ် လာလှူကြတယ်။ ကျနော်တို့အနေနဲ့ ဘာမှအထောက်အပံ့ မပေးနိုင်ဘူးဆိုပေမယ့် ပြန်တဲ့အခါ အေးဆေးပြန်နိုင်ဖို့ ကားလေးတွေ ငှားပေးပါတယ်” ဟု ကိုရွက်သစ်က ဆိုသည်။

မြန်မာပြည်သူများ အနေဖြင့် မိမိတို့အတွက် အသက်သွေး စွန့်လှူသွားသည့် ရဟန်းသံဃာများ၊ ကျောင်းသားနှင့် ပြည်သူများကို အောက်မေ့သတိရပြီး သူတို့ကို ဂုဏ်ပြုသောအားဖြင့် အမှန်တကယ် သွေးလိုအပ်နေသူများ အတွက် သွေးလှူခြင်းတွင် ပါဝင်ကြရန် စီစဉ်သူများက တိုက်တွန်း ပြောဆိုလိုက်ကြသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates