Tuesday, December 18, 2007

အစာငတ်ခံ ဆန္ဒပြသူ ကိုထင်ကျော်ကို တရားစီရင်မည့် ရက်ရွှေ့ဆိုင်း

မောင်ဒီး
Tuesday, 18 December 2007 18:19 - မြန်မာစံတော်ချိန်

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဦးဆောင်ခဲ့ပြီး အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြလျှက်ရှိသူ မြန်မာပြည်တိုးတက်ရေး လိုလားသူများအဖွဲ့မှ ကိုထင်ကျော်ကို ပန်းပဲတန်းမြို့နယ် တရားရုံး၌ ယနေ့တွင် ရုံးထုတ် စစ်ဆေးမည်ဟု စီစဉ်ထားခဲ့သော်လည်း နေရာနှင့် ရက်ပြောင်းရွှေ့လိုက်သည်။

အစာငတ်ခံ ဆန္ဒပြနေသည်မှာ ၁၈ ရက်ကြာပြီ ဖြစ်သည့် ကိုထင်ကျော်ကို အင်းစိန်ထောင်အတွင်း ဒီဇင်ဘာ ၂၆ ရက်နေ့တွင် တရားစီရင်မည် ဖြစ်သည်။ သူ့ကို ပန်းပဲတန်း ရဲစခန်းမှ ပုဒ်မ ၅ဝ၅ (ခ) လူထု အထိတ်တလန့် ဖြစ်စေမှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု တရားခံ အကျိုးဆောင်ရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမသို့ ပြောသည်။

စက်တင်ဘာလ လူထုလှုပ်ရှားမှုကြောင့် အင်းစိန်ထောင်အတွင်းသို့ ဖမ်းဆီး ထည့်သွင်းခံနေရသည့် ရဟန်းသံဃာများနှင့် ကျောင်းသားလူငယ်များကို လွှတ်ငြိမ်းခွင့်ပေးရန် နိုဝင်ဘာလ ၃ဝ ရက်မှ စတင်ကာ ကိုထင်ကျော်သည် အစာငတ်ခံ ဆန္ဒပြနေသည်။

“သူက အခု ထောင်ဆေးရုံမှာ။ အစာငတ်ခံ ဆန္ဒပြတာတော့ မရပ်သေးဘူး။ မနေ့က သူ့မိသားစုတွေ ထောင်ဝင်စာ သွားတွေ့တာ တော်တော်လေးကို အားနဲနေတယ်။ ခါးလေးတောင် နည်းနည်းချိပြီး ကုန်းတဲ့ပုံစံမျိုး ဖြစ်နေတယ်တဲ့။ ဒါပေမဲ့ စိတ်ဓာတ်ကတော့ ၂ ဆတောင် တိုးသွားတယ်တဲ့။ မိသားစုတွေကို အားပေးစကားတွေပြော၊ လက်မတောင် ထောင်ပြလိုက်သေးတယ်တဲ့” ဟု လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ပြောရင်း ကိုထင်ကျော်၏ ကျန်းမာရေးအတွက် စိုးရိမ်နေသည်ဟု ဆိုသည်။

ယမန်နေ့က မိသားစုဝင်များမှ ထောင်ဝင်စာ လာတွေ့သည့်အခါ ယူဆောင်လာသည့် စားစရာနှင့် ပစ္စည်းများကို ကိုထင်ကျော်က လက်မခံဘဲ ဘုန်းကြီးကျောင်း၌သာ သွားရောက်လှူဒါန်းရန် ပြောဆိုခဲ့သည်။

ပုဒ်မ ၅ဝ၅ (ခ) အရ ပကတိ အခြေအနေကို ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ဆောင်မှသာလျှင် အပြစ်ဒဏ် ကျခံရနိုင်ပြီး ကိုထင်ကျော်၏ လုပ်ဆောင်ချက်သည် ပကတိ အခြေအနေကို ထင်ယောင်ထင်မှားဖြစ်စေခြင်း မဟုတ်ဘဲ ပြည်သူလူထု လက်တွေ့ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို ထုတ်ဖော်ခြင်း ဖြစ်သည့်အတွက်ကြောင့် ပြစ်မှုမမြောက်ဘဲ လွှတ်ငြိမ်းချမ်းသာခွင့်ကို ပေးသင့်ကြောင်း အဖွဲ့၏ ကိုယ်စား ကိုသိန်းအောင်မြင့်က အစိုးရ အာဏာပိုင်များကို တောင်းဆိုလိုက်သည်။

“အစိုးရအနေနဲ့ ကိုထင်ကျော့်ကို မေတ္တာထားပြီး အကောင်းဆုံး ဆက်ဆံပေးပါ။ ပြည်သူတယောက်ကို မိမိရဲ့ ရင်ဝယ်သားလို သဘောထားပြီး ပြန်လွှတ်ပေးမယ်ဆိုရင် တိုင်းပြည်အတွက်လည်း ကောင်းတာပေါ့ဗျာ။ အစိုးရအတွက်လည်း ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အဲလိုပဲ မျှော်လင့်နေပါတယ်” ဟု သူက ပြောသည်။



ကုန်သည် ၂ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဘင်္ဂလားရဲက ဖမ်းဆီး

ငြိမ်းချမ်း
Tuesday, 18 December 2007 18:25 - မြန်မာစံတော်ချိန်

ရခိုင်အမျိုးသမီး ကုန်သည် ၂ ဦးကို ကော့စ်ဘဇားမြို့ အခြေစိုက် အမှတ် ၈ တပ်ရင်း နယ်ခြားစောင့်တပ် ဘီဒီအာမှ တရားမဝင် မှောင်ခိုဝင်ရောက်မှုဖြင့် ယမန်နေ့က ကော့စ်ဘဇားမြို့တွင် ဖမ်းဆီးခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နေ ဒေါ်မသန်း (၃ဝ နှစ်) နှင့် ဒေါ်မခင် (၃၅ နှစ်) တို့ကို ကွန်ပြူတာ Hard disk ၊ တာကာငွေ ၂၉၄၈၂၁၊ မြန်မာကျပ်ငွေ ၁ဝ၁ဝ နှင့် မြန်မာနိုင်ငံကူးလက်မှတ် တခုနှင့်အတူ နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“ဘင်္ဂလာကနေ မြန်မာဘက်ကို ဆံပင်သယ်နေတဲ့ ကုန်သည်တွေပါ။ သူတို့က နယ်စပ်မှာရှိတဲ့ မြန်မာ စစ်ဆေးရေးတွေကို လာဘ်ပေးပြီး ကုန်ကူးနေကြတာ ကြာပြီဗျ။ တကယ်လို့ ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်)နဲ့ နယ်စပ်ကို ဖြတ်မယ်ဆိုရင် ပတ်စ်ပို့ရုံးကို ခွင့်တင်ရက်နဲ့ ပေးရက်က ကိုက်ညီမှု မရှိဘူးလေ။ မရှိတဲ့အပြင် ပတ်စ်ပို့နဲ့ဆိုရင် အစစ်အဆေးနဲ့ အကောက်ခွန်ငွေက ပိုများလို့ နယ်စပ် လုံခြုံရေးတပ်ဖွဲ့ကို ငွေပေးပြီး သွားကြတာ။ ကုန်သည် အများအပြားက ဒီလိုပဲ သွားနေတာ” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတဦးကလည်း မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးရမိသည်နှင့်တပြိုင်နက် သူတို့နှစ်ဦးအား ဘီဒီအာတပ်က ကော့စ်ဘဇားမြို့ ရဲဌာနသို့ လွှဲပြောင်း အပ်နှံလိုက်ကာ ပတ်စ်ပို့မှုဖြင့် ရဲဌာနမှ တရားစွဲဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံအတွင်း မွေးစာရင်းများနှင့် နိုင်ငံခြားသား၊ နိုင်ငံသားဟူ၍ အသေးစိတ် ခွဲခြားစိစစ်နေသော အချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို အထူးအလေးပေး စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။



အစိုးရဆန့်ကျင်ရေး စာရွက်များ စစ်ကိုင်းတိုင်း တမူးတွင် ဖြန့်ဝေ

မဇ္ဈိမသတင်းဌာန
Tuesday, 18 December 2007 17:32 - မြန်မာစံတော်ချိန်

စစ်အစိုးရဆန့်ကျင်ရေး စာရွက်စာတမ်းများကို စစ်ကိုင်းတိုင်း တမူးမြို့တွင် အမည်မသိ လူအချို့မှ ယမန်နေ့ညက လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နအဖ စစ်အစိုးရ ဆန့်ကျင်ရေး စာရွက်များကို တမူးမြို့ ကားကြီးဝင်းအနီး တပ်စွဲထားသည့် ခြေလျင်တပ်ရင်း ခလရ ၈၉ ၊ မြို့နယ်ရဲစခန်းရှေ့၊ ဈေးနှင့် လမ်းဆုံများတွင် ယမန်နေ့ညက လိုက်လံဖြန့်ဝေခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယ-မြန်မာ နယ်စပ်ရှိ ဒေသခံများက ပြောသည်။

၃ ပေနှင့် ၂ ပေ အရွယ်အစား ကပ်ထူစက္ကူများ၊ A3 အရွယ်ရှိ စက္ကူများတွင် မင်နီ၊ မင်နက်များသုံးကာ ‘တရုတ်အားကိုး ပုဆိန်ရိုး ... နအဖ ကို ဆန့်ကျင်ကြ’၊ ‘မိစ္ဆာ သန်းရွှေနဲ့ လက်ပါးစေတို့ရဲ့ လုပ်ရပ်ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်တော်ကြီးကို ... ကျိန်စာသင့်ပြီ’၊ ‘စစ်အုပ်စု ဖြုတ်ချရေးသည် ... ပထမ ၊ ဒီမိုကရေစီ ရရှိရေးသည် ... ဒုတိယ’ အစရှိသည့် စာတန်းများကို လက်ရေးများဖြင့် ရေးသားထားခြင်း ဖြစ်သည်ဟု သိရသည်။

စာရွက်အချို့တွင်မူ တပ်မတော်သားများကို တောင်းဆို တိုက်တွန်းသည့် စာအချို့ကိုပါ ရေးသားခဲ့သည်ဟု တမူးဒေသခံ တဦးက ယခုလို ပြောသည်။

“အို ... တပ်မတော်သား အပေါင်းတို့၊ သင်တို့ရဲ့ ရဲစွန်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှု ခုတုန်းလုပ်လျက် လက်တဆုပ်စာ စစ်ဗိုလ်ချုပ်များသည် ရဟန်းရှင်လူ ပြည်သူတို့ကို မတရား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ သို့ဖြစ်၍ သင့်တို့ကိုယ်တိုင် ရန်သူ လက်တဆုပ်စာ စစ်အစိုးရကို တုံ့ပြန်နှိမ်နှင်းဘို့ သမိုင်းက တောင်းဆိုနေပြီ။ ဤသည်ပင်လျှင် သင်တို့အတွက် လူသားများကို အကြီးမားဆုံး အကျိုးပြုနိုင်သည့် ရခဲလှသည့် အခွင့်အရေးကြီး တရပ်ပင် ဖြစ်တော့သည်။” “အဲလိုဟာမျိုးလည်း ရေးထားတယ်” ဟု သူက ပြောသည်။

အလားတူပင် မြန်မာဘက်မှ အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့သို့ ဝင်ရောက်ရာ ဂိတ်များအနီးတွင်လည်း အဆိုပါ စာရွက်များ ဖြန့်ဝေခဲ့ခြင်း ရှိကြောင်းနှင့် မြန်မာဘက်ခြမ်းမှ လဝက၊ ရဲများက ဂိတ်အဝင်အထွက်ကို စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း မိုးရေးဒေသခံ တဦးကလည်း ယခုလို ပြောသည်။

“ဒီနေ့မနက်မှာတော့ တမူးမှာ ရုတ်ရုတ်ဖြစ်နေတာပေါ့။ ဈေးသည်တွေတောင်မှ ပစ္စည်းတွေကို စစ်တယ်။ မိုးရေးကို လာတဲ့သူတိုင်းကို စစ်ဆေးတယ်ပေါ့။ ဈေးသည်တွေကအစ တမူးနဲ့မိုးရေးကို လာရောက် ကူးသန်းရောင်းဝယ်နေတဲ့ သူတိုင်းကို စစ်ဆေးတယ်” ဟု သူက ပြောသည်။

အဆိုပါ စာရွက်များကို မည်သူများမှ လိုက်လံ ဖြန့်ဝေခြင်းဖြစ်ကြောင်း မသိရသေးသော်လည်း ယနေ့နံနက်ပိုင်းတွင် တမူးမြို့ရှိ နေအိမ်အချို့သို့ ဒေသခံစစ်တပ်မှ လိုက်လံစစ်ဆေး မေးမြန်းနေသဖြင့် မိုးရေးမြို့သို့ အသက် ၂ဝ ကျော် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတဦး ထွက်ပြေး တိမ်းရှောင်လာသည်ဟု မိုးရေးဒေသခံက ပြောသည်။

သူက “ဒီမိုကရေစီအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်လို့ ယူဆပြီး စစ်အစိုးရက စောင့်ကြည့်နေတဲ့ အထဲမှာပါတယ်။ တပ်က လိုက်ရှာနေတာပေါ့။ သူတို့မရှိတဲ့ အချိန် သူတို့ကို သွားမေးမိတာပေါ့။ သူတို့က ထွက်လာကြတာ” ဟု ပြောသည်။



နအဖ က ဆက်သွယ်ရေးနည်းပညာ အိုင်တီမြို့တော် ဖွင့်လှစ်

မောင်ဒီး
Monday, 17 December 2007 21:22 - မြန်မာစံတော်ချိန်

မန္တလေးတိုင်း ပြင်ဦးလွင် (မေမြို့)အနီးတွင် ရတနာပုံ ဆိုင်ဘာစီးတီး ခေါ် ဆက်သွယ်ရေးနှင့် နည်းပညာမြို့တော် တခုကိုပါ နအဖ က ယခုလ ၁၄ ရက်မှ စတင်ကာ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

မန္တလေးတိုင်း ပြင်ဦးလွင်မှ မန္တလေးသို့အသွား ကားလမ်းမှ မိုင်တိုင်အမှတ် (၂၇/ဝ) တွင် ဆောက်လုပ်ထားသည့် ရတနာပုံ ဆိုင်ဘာစီးတီး ဖွင့်ပွဲကို ယခုလ ၁၄ ရက်နေ့မှ လာမည့် ၂ဝ ရက်နေ့အထိ ရတနာပုံ မြို့သစ်နှင့်အတူ ပူးတွဲဖွင့်လှစ်ရာ ပြည်တွင်းပြည်ပမှ ကုမ္ပဏီပေါင်း ၁၁၅ ခုက ခေတ်မီအဆင့်မြင့် အိုင်တီပစ္စည်းများ၊ ကွန်ပြူတာ ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ခင်းကျင်း ပြသနေသည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရ သိရသည်။

“အဓိကကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲ ရေးတာတွေကို အင်တာနက် အဆက်အသွယ် ကောင်းကောင်း၊ မီးမှန်မှန်နဲ့ လုပ်ခွင့်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ အိန္ဒိယက အောက်ဆို့စ်တချို့ကိုလည်း ယူလုပ်မယ်လို့ ပြောတယ်” ဟု ဖွင့်ပွဲ အခမ်းအနား တက်ခဲ့သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ရတနာပုံ ဆိုင်ဘာစီးတီး၌ ပင်မအဆောက်အဦ ဖြစ်သော ရတနာပုံ တယ်လီပို့တွင် Software နှင့် Hardware ပစ္စည်းများကို ထုတ်လုပ်သွားမည် ဖြစ်ပြီး လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် တရုတ်ပြည်မမှ Cross Border Fiber Link ဖြင့် အင်တာနက်ကို ဆွဲယူ အသုံးပြုနေသည်ဟု မြို့တော် ဆောက်လုပ်ရေး အိုင်တီပညာရှင်များနှင့် နီးစပ်သူများအဆိုအရ သိရသည်။

ရတနာပုံ ဆိုင်ဘာစီးတီးအတွက် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ဖိုင်ဗာလိုင်းဖြင့် အင်တာနက် ချိတ်တွယ်ယူရန် စီစဉ်ထားပြီး တရုတ်ပြည်နှင့် ဆက်သွယ်ထားသည့် လမ်းကြောင်းမှာ ပြီးစီးသွားသဖြင့် စတင် အသုံးပြုနေကြောင်းနှင့် လုပ်ငန်း လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် လျှပ်စစ်မီးကို ရွှေလီ ရေအားလျှပ်စစ်မှ ထုတ်ယူမည် ဖြစ်ပြီး၊ သုံးစွဲမည့်ရေကို ပြင်ဦးလွင်ရှိ ရေလှောင်တမံများမှ ထုတ်ယူမည် ဖြစ်ကြောင်း သိရသည်။

သည့်အပြင် ထိုင်းနိုင်ငံမှ SHIN Satellite ၊ တရုတ်မှ ZTE ၊ Alcatel Shanghai Bell ၊ မလေးရှားမှာ IP Tel နှင့် ရုရှားနိုင်ငံမှ CBOSS အစရှိသည့် ကုမ္ပဏီတို့မှ လာရောက်ကာ ရင်းနှီးမြုပ်နှံမည်ဟု စီစဉ်ထားပြီး၊ ရုံးခန်း လာရောက်ဖွင့်လှစ်သော ကုမ္ပဏီများအနေဖြင့် စက်ပစ္စည်းဆိုင်ရာ ပစ္စည်းများ တင်သွင်းခွင့်၊ ဆက်သွယ်ရေး ပရောဂျက်နှင့် အီးဂါးဗားနဲင့်စ် ပရောဂျက်များကို လုပ်ကိုင်ခွင့် ရလိမ့်မည်ဟုလည်း သိရသည်။

လိုအပ်သော အင်တာနက်လိုင်းအတွက် တရုတ်ပြည် ရှန်ဟိုင်းမြို့မှ နယ်စပ်ကို ဖြတ်ကျော်ကာ သွယ်ယူထားသကဲ့သို့ ကုန်သွယ်ရေးဆိုင်ရာ လမ်းကြောင်းများကိုလည်း ဖွင့်လှစ်ရန်အတွက် စီစဉ်နေခြင်းသည် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုခြေလှမ်း တိုးလာပါက ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်ထားခြင်း ဖြစ်နိုင်သည်ဟု အာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူများက ပြောဆိုကြသည်။



ကရင်နီ ဒုက္ခသည်စခန်းအတွင်း လမ်းလျှောက်ဆန္ဒပြမှု ဆက်လက်ပြုလုပ်

သန်းထိုက်ဦး
Monday, 17 December 2007 21:18 - မြန်မာစံတော်ချိန်

ထိုင်းလုံခြုံရေး တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကရင်နီ ဒုက္ခသည် စခန်းအတွင်း ကျောင်းသားတဦး သေဆုံးခဲ့ပြီးနောက် ဒေါသ ထွက်နေကြသော ဒုက္ခသည် ၃ဝဝဝ ကျော်က ယနေ့တွင် စခန်းအတွင်း၌ ဆန္ဒပြနေကြပြီး တောင်းဆိုမှုများ မလိုက်လျောမချင်း ဆက်လက် ဆန္ဒပြသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် စနေနေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မဲဟောင်ဆောင်မြို့ရှိ ဒုက္ခသည်စခန်းအမှတ် ၁ တွင် နေထိုင်သူ အလယ်တန်း ကျောင်းသားလေး တဦးအား ထိုင်းလုံခြုံရေး တပ်ဖွဲ့မှ ပစ်ခတ်သဖြင့် သေဆုံးခဲ့ပြီးနောက် ကျောင်းသားအများစု ပါဝင်သော ဒုက္ခသည်များ၏ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ကာ လိုက်လျောမှု မရမချင်း ဆက်လက်ဆန္ဒပြမည်ဟု သူတို့က ယနေ့တွင်လည်း ဆက်လက် ပြောဆိုနေကြသည်။

“ဒီကျောင်းသားတွေကတော့ သူတို့ပြောတာက ဒီတောင်းဆိုချက်တွေ တစုံတရာ လိုက်လျောမှု မပေးရင် သူတို့ ဒီလို အစီအစဉ်တွေ ဆက်လုပ်ဖို့ ရှိတယ်လို့ ပြောသွားတယ်” ဟု အဆိုပါ ဒုက္ခသည်စခန်း ၁ ကော်မတီ ဥက္ကဌ ဖိုးရယ်က မဇ္ဈိမကို ပြောသည်။

သေဆုံးသွားသော ကျောင်းသားကို ထိုင်းအာဏာပိုင်များက ကောင်းမွန်စွာ သဂြုင်္ိလ်ပေးရန်၊ စခန်းလုံခြုံရေး အလိုမရှိ၊ ဆုံးရှူံးသွားသည့် ဒုက္ခသည် အခွင့်အရေး ပေးရန်နှင့် ပြစ်မှုကျူးလွန်သော စခန်းလုံခြုံရေး ကြီးကြပ်သူများအဖွဲ့ (ထိုင်းဘာသာဖြင့် အောဆော်တပ်) မှ တာဝန်ရှိသူကို အရေးယူပေးရန် အစရှိသည့် တောင်းဆိုချက်များကို ဆန္ဒပြသူများက နံနက် ၉ နာရီ ၁၂ နာရီအထိ လမ်းလျှောက် တောင်းဆိုခဲ့နေကြသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကိုဒေးလိုကလည်း “ကျနော်တို့ လူငယ်တယောက်ကို ပစ်သတ်သွားတယ်။ အဲဒီ အဖြစ်အပျက်အပေါ် အခြေခံပြီးတော့ စခန်းတခုလုံး မခံမရပ်နိုင် ဖြစ်လာတယ်။ ကျနော်တို့ အဲဒီလူထုတွေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒုက္ခသည်စခန်းမှာ ရှိတဲ့လူတွေ လူ့အခွင့်အရေး ပြန်လည်ရရှိဖို့၊ ကျောင်းသားလူငယ်တွေ ပညာလွတ်လွတ်လပ်လပ် သင်ခွင့်ရှိဖို့၊ ကျနော်တို့ အဲဒီ အခွင့်အရေးတွေ ပြန်လည် တောင်းဆိုနေတာ ဖြစ်တယ်” ဟု ပြောသည်။

စခန်းတွင်းရှိ ဒုက္ခသည်များကလည်း အောဆော်များ နေထိုင်ခဲ့သော အဆောက်အဦ ၂ ခု၊ ကား ၂ စီးနှင့် ဆိုင်ကယ်များကို ဖျက်ဆီးခဲ့ကြသည့်နောက် ထိုင်းစစ်တပ်က လုံခြုံရေး ယူထားရသည်။

အောဆော်များနှင့် ကရင်နီ ဒုက္ခသည်များအကြား ယခင်ကတည်းက တင်းမာမှုများ ရှိနေခဲ့ပြီး အများစုက လုံခြုံရေးများကို ရွံကြောက် ဖြစ်နေကြသည်ဟု ဒုက္ခသည်များက ဆိုသည်။

သြစတြေးလျနိုင်ငံသို့ ရွှေ့ပြောင်းသွားခဲ့သူ ဒုက္ခသည်ဟောင်း ကိုလောရင့်စ်က “စခန်းထဲမှာရှိတဲ့ လူငယ်တွေနဲ့ ကျောင်းသားတွေအတွက် ကျနော်အတော်လေး ဝမ်းနည်းမိတယ်။ ပြောရရင်ဗျာ စခန်းထဲက လူအများစုက အောဆော်တွေ၊ အုပ်ချုပ်တဲ့ သူတွေနဲ့ မပတ်သက်ချင်ကြဘူး။ ဒါပေမယ့် လုံခြုံရေးကလည်း ရှိသေးတယ် မဟုတ်လား။ နယ်စပ်မှာဆိုတော့ ဗမာစစ်တပ်က အရင်နှစ်တွေတုန်းကလို လာပစ်သွားမှာ စိုးရတယ် မဟုတ်လား” ဟု ပြောသည်။

သူက ဆက်ပြီး “အဲဒီ လုံခြုံရေးတပ်တွေဟာ တစထက်တစ အုပ်ချုပ်ရေးမှာ တိုးလာလိုက်တာ ဆန်ဝေတာကအစ ပါလာရော၊ ဒုက္ခသည်တွေရဲ့ နေ့တဓူဝ ကိစ္စတွေပါ စွက်ဖက်လာတာပေါ့ဗျာ” ဟု ပြောသည်။

မယ်ဟောင်ဆောင်မြို့တွင် ကရင်နီဒုက္ခသည် စခန်း ၂ ခုရှိပြီး အမှတ် ၁ စခန်းတွင် လူဦးရေ ၂ သောင်းကျော် နေထိုင်နေကြသည်။



ရှမ်းအမျိုးသမီးတဦးကို မြန်မာစစ်တပ်က အုပ်စုလိုက် အဓမ္မပြုကျင့်

နန်းဒေဝီ
Monday, 17 December 2007 21:08 - မြန်မာစံတော်ချိန်

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မိုင်းပြင်းမြို့နယ် ရမ်မင်း ကျေးရွာအုပ်စုရှိ ဆယ်ကျော်သက်အရွယ် ဒေသခံ ရှမ်းအမျိုးသမီးလေး တဦးအား မြန်မာစစ်တပ်မှ စစ်သားတစုက ပြီးခဲ့သည့်လအတွင်းက ဗလက္ကာယ ပြုကျင့်ခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးသည် ၉ နှစ်သားအရွယ် မောင်ငယ်နှင့်အတူ မင်းကောင်ရွာမှအပြန် နမ်အုံတံတား အရောက်တွင် နအဖ ခြေမြန်တပ်ရင်း ခမရ ၅၂၈ မှ တပ်ကြပ်ကြီး သန်းရွှေနှင့် တပ်သား ၃ ဦးက အဓမ္မပြုကျင့်ခြင်း ဖြစ်သည်။

“ချောင်းနားမှာ မုန်းစားနေကြတုန်း သူ့မောင်လေးကိုတော့ သစ်ပင်မှာ တုတ်ပြီးတော့ သူ့အမကို တခြားနေရာ ခေါ်ထုတ်သွားတယ်။ ပြီးတော့ ၃ ယောက်လုံးက မုဒိန်းကျင့်တယ်။ တနာရီကြာတယ်” ဟု ထိုင်း-မြန်မာနယ်စပ်တွင် ရောက်ရှိနေသူ ရှမ်းအမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနာမှ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်ကလည်း ယခုသတင်းကို အတည်ပြု ပြောဆိုလိုက်ပြီး၊ လွန်ခဲ့သည့် ၂ လအတွင်း အဆိုပါဒေသအတွင်း စစ်တပ်မှ အလားတူ အမှုအခင်းမျိုး ကျူးလွန်ခံရသည့် ဆယ်ကျော်သက်အရွယ် ဒေသခံ အမျိုးသမီးငယ် ၄ ဦးထက်မနည်း ရှိကြောင်း ပြောသည်။

သူက “၂ လအတွင်းမှာကို ၄ ယောက်ထက်မနဲ စစ်တပ်က မုဒိမ်းကျင့်တယ်။ အထက်ကို တင်ပြဖို့ ဆိုတာကလည်း ရွာသူကြီးကိုယ်တိုင်က ကြောက်နေရတယ်။ သူတို့ကို စစ်တပ် အရာရှိတွေက ခြိမ်းခြောက်နေတဲ့အတွက် ဘယ်တုန်းကမှ အရေးယူခဲ့တာ မရှိခဲ့ဘူး” ဟု ပြောသည်။

ယခုကိစ္စတွင်လည်း အခင်းဖြစ်ပြီးနောက် မောင်နှမနှစ်ဦးကို မည်သူ့ကိုမှ ထုတ်ဖော် မပြောဆိုရန် စစ်သားများက ခြိမ်းခြောက်၍ ပြန်လွှတ်ပေးလိုက်သော်လည်း မောင်ဖြစ်သူက မိဘများကို ပြောပြရာမှ ရွာသူကြီးထံ သွားရောက် တိုင်ကြားခဲ့ကြောင်းနှင့် ရွာသူကြီးက စစ်တပ်မှ ပြဿနာရှာမည်ကို စိုးရိမ်သဖြင့် ဆက်လက်တိုင်ကြားရန် မဖြစ်နိုင်သေးကြောင်း နယ်စပ်နေ ရှမ်းအမျိုးသားက ယခုလို ဆက်ပြောသည်။

သူက “ရွာသူကြီးက အထက်ကို မတိုင်ရဘူး။ တိုင်ရင် နအဖ ဘက်က ပြန်ပြီးရန်ရှာ၊ အပြစ်ရှာ၊ အပြစ်ပုံချမှာ စိုးရိမ်နေတဲ့ အတွက်ကြောင့် အထက်ကို မတိုင်ဖြစ်ဘူး။ ဒါပေမယ်လို့ သတင်းက တမြို့လုံး ပြန့်နေပြီ” ဟု ဆိုသည်။



မြန်မာလုပ်သား ၇ဝ သွေးလှူကာ ရွှေ့ပြောင်းလုပ်သားနေ့ ဂုဏ်ပြု

ဖနိဒါ
Monday, 17 December 2007 20:58 - မြန်မာစံတော်ချိန်

ရွှေ့ပြောင်းအလုပ်သမားနေ့ ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် မြန်မာလုပ်သား ၇ဝ ခန့်က ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် တနင်္ဂနွေနေ့က စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။

“ရွှေ့ပြောင်း အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုတာလည်း ဖြစ်တယ်။ ... ကျနော်တို့ မြန်မာပြည်သားတွေရဲ့ ခန္ဓာကိုယ်က သန့်ရှင်းစင်ကြယ်တဲ့ သွေးကို လှူတာပါ။ သွေးပိုင်းဆိုင်ရာမှာလည်း သန့်ရှင်းဖို့ လိုတယ်။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာမှာလည်းပဲ အင်မတန် မွန်မြတ်စိတ်ရှိမှ လှူလို့ရတာပါ” ဟု ကိုယ်တိုင်လည်း ပါဝင်လှုဒါန်းကာ ကမကထပြု အဖွဲ့အစည်းဖြစ်သည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ တာဝန်ခံ ကိုကျော်သောင်းက မဇ္ဈိမကို ပြောသည်။

တကမ္ဘာလုံးရှိ ရွှေ့ပြောင်း လုပ်ကိုင်နေကြသည့် အလုပ်သမားများကို ကာကွယ် စောင့်ရှောက်ကြစေလိုသည့် အထိမ်းအမှတ်အဖြစ် ၁၉၉ဝ ခုနှစ်မှ စတင်၍ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို ရွှေ့ပြောင်း အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

သွေးလှူဒါန်းသူ ကိုခိုင်ကြီးက “သမိုင်းအစဉ်အဆက် ရှေးအယူအဆ ရှိသေးတဲ့ ထိုင်းနိုင်ငံသားတွေက မြန်မာပြည်သားတွေကို အမှိုက်တွေလို့ မြင်ကြတယ်လေ။ ပန်းထိမ်ဖိုက ထွက်လာတဲ့ အမှိုက်ဆိုတာကို သိစေချင်တယ်။ အလုပ်သမားတွေ အနေနဲ့ တစုံတရာကနေ အသိအမှတ် ပြုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူခဲ့တယ်” ဟု ပြောသည်။

ချင်းမိုင်အခြေစိုက် ပြောင်းရွှေ့ နေထိုင်သူများအတွက် ပံ့ပိုးရေးအစီအစဉ် MAP Foundation အဖွဲ့အဆိုအရ ၂ဝဝ၇ ခုနှစ် ဇွန်လအထိ စာရင်းအရ ထိုင်းအလုပ်သမား ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသော မြန်မာလုပ်သားဦးရေ ၄ သိန်း ၈ သောင်းကျော် ရှိသည်ဟု ဆိုသည်။ မှတ်ပုံမတင်သည့် ဦးရေက အဆများစွာ ပိုမည်ဟု ယုံကြည်ရပြီး အနည်းဆုံး မြန်မာလုပ်သား ၁ သန်းခွဲ ထိုင်းနိုင်ငံတွင် ရှိနေမည်ဟု ခန့်မှန်းထားကြသည်။

ကိုကျော်သောင်းက “ထိုင်းအစိုးရ အပါအဝင် လူ့အဖွဲ့အစည်းက မြန်မာပြည်သားတွေကို ဝန်ထုပ်ဝန်ပိုးလို့ မြင်တယ်။ ဒါပေမဲ့ မြန်မာပြည်သားတွေက တိုင်းပြည် အနေအထိုင် ကျပ်တည်းတဲ့အတွက် ဒီကိုလာပြီး အလုပ်လုပ်နေကြတဲ့ သူတွေပါ။ ချွေးတွေ၊ ဘဝတွေ၊ သွေးတွေ ရင်းပြီးတော့ တောတွေတောင်တွေ ကျော်ပြီးတော့ လာကြတဲ့ သူတွေပါ။ ထိုင်းအတွက် အကျိုးရှိတဲ့ အလုပ်ကို လုပ်တဲ့အပြင် ကျန်းမာရေးကို တတောင့် တနေရာကနေ ကူညီနေသူတွေပါ” ဟု ပြောသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့သည် အင်္ဂါနေ့တွင် ဘန်ကောက်မြို့ရှိ အန်ဂျီအို အဖွဲ့များနှင့် ပူးတွဲ၍ မြန်မာအလုပ်သမားများကို ကမ္ဘာ့ရွှေ့ပြောင်း အလုပ်သမားနေ့ အထိမ်းအမှတ် ဟောပြောပွဲများ ကျင်းပမည်ဖြစ်သည်။



အိန္ဒိယရောက် မြန်မာရဟန်းတော်များမှ သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်း

ထိန်လင်း
Monday, 17 December 2007 19:07 - မြန်မာစံတော်ချိန်

ဗုဒ္ဓသာသနာကို ပြန်လည်မြှင့်တင်ရန် ရည်ရွယ်၍ သာသနာ့ ဥသျှောင်အဖွဲ့ (အိန္ဒိယ) ကို ဘီဟားပြည်နယ် မဇ္ဈိမဒေသရှိ မဟာဗောဓိပင် ခြေရင်းတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအား နအဖ စစ်အစိုးရမှ ရက်စက်စွာ နှိမ်နင်းခဲ့သောကြောင့် ကစင့်ကလျား ဖြစ်ခဲ့ရသော သံဃာထုနှင့် သာသနာတော်အား ထိပါး စော်ကားခံရသဖြင့် ပြန်လည်အားဖြည့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဗုဒ္ဓ၏ မာရ်ငါးပါးကို အောင်တော်မှုရာ မဟာဗောဓိပင် ခြေရင်းတွင် မြန်မာ သံဃာတော်များဖြင့် ယမန်နေ့က စတင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

“ဒီအဖွဲ့က နိုင်ငံရေး အဖွဲ့အစည်း မဟုတ်ပါဘူး။ ဘာသာရေးအတွက် သက်သက် ဖွဲ့စည်းသွားတာ ဖြစ်ပါတယ်။ ဓမ္မဝိနယနဲ့အညီ လောကလူသား ကောင်းကျိုးစီးပွား အလို့ငှါ လုပ်ဆောင်သွားမယ်။ မြတ်စွာဘုရားရဲ့ သာသနာကို စောင့်ရှောက်သွားမယ်။ ဘုရားသားပီပီ ဘုရားရဲ့ စကားကိုပဲ နားထောင်မှ ဘုရားသား ပီသမယ်။ အုပ်ချုပ်သူ အစိုးရ(မင်း) ရဲ့ စကားကို နားထောင်ရင် (မင်း)သားပဲ ဖြစ်သွားမယ်။ ဒီတော့ ဘုရားရဲ့ ဓမ္မနဲ့ ဝိနယကို လေးစားလိုက်နာပြီး ဗုဒ္ဓသာသနာ ပြန့်ပွားတည်တံ့အောင် ဆောင်ရွက်သွားမယ်” ဟု အဖွဲ့ဥက္ကဌ ဆရာတော် ဦးပညာဝရက မဇ္ဈိမကို မိန့်ကြားသည်။

အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ သာသနာ့ဥသျှောင် အဖွဲ့ချုပ်ကြီးမှ ဆရာတော်ကြီးများဖြစ်သည့် ပီနန် ဆရာတော် ဦးပညာဝံသနှင့် မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒတို့၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူကာ ဗုဒ္ဓသာသနာကို ထိပါးလာပါက ကာကွယ်ပေးမည် ဖြစ်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေး၊ ဗုဒ္ဓဘာသာ ပုံနှိပ်ဖြန့်ချိရေး၊ ဗုဒ္ဓသာသနာနှင့် သံဃာ့အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတကာမှာရှိသော ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် နားလည်မှုယူ၍ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ကမ္ဘာ့သူ ကမ္ဘာသားများ အကျိုးစီးပွား ချမ်းသာမှု ရရှိရေး အစရှိသည့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်သွားမည်ဟု ဦးပညာဝရက ဆက်လက်မိန့်ကြားသည်။

အဖွဲ့ဒုဥက္ကဌအဖြစ် ဦးကောလိနိယ၊ အတွင်းရေးမှူး ဦးဇနိတ၊ တွဲဘက် အတွင်းရေးမှူး ဦးကောဝိဒ၊ ဘဏ္ဍာရေးမှူး ဦးမေဓာသာရ၊ ပြန်ကြားရေး တာဝန်ခံ ဦးကုသလ၊ ဦးဉာဏိန္ဒနှင့် လုပ်ငန်းစီစစ်ရေး တာဝန်ခံအဖြစ် ဦးအဂ္ဂဓဇ အား တာဝန်များပေးအပ်ကာ လက်ရှိအချိန်တွင် အဖွဲ့ဝင် သံဃာတော် ၃ ပါး စုစုပေါင်း ၁၁ ပါးဖြင့် စတင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates