Saturday, December 15, 2007

ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ထိုင်းဗိုလ်စွဲ

သန်းထိုက်ဦး
Friday, 14 December 2007 20:20 - မြန်မာစံတော်ချိန်

အရှေ့တောင်အာရှ ဆီးဂိမ်းစ် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ထိုင်းအသင်းက မြန်မာအသင်းကို ၂ ဂိုး– ဂိုးမရှိဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရရှိ ဗိုလ်စွဲသွားသည်။

ထိုင်းနိုင်ငံ နခွန်းရတ်ချဆီမား မြို့တွင် ယနေ့ညနေ၌ ယဉ်ပြိုင်သော အမျိုးသား ဘောလုံး ဗိုလ်လုပွဲတွင် ထိုင်းက ခြေအသာဖြင့် ကစားပြီး ပထမပိုင်းတွင်ပင် သွင်းယူခဲ့သော ဂိုး ၂ ဂိုးဖြင့် အနိုင်ရသွားခြင်း ဖြစ်သည်၊

ထိုင်းအသင်းအတွက် ဂိုးများကို ကျောနံပတ် ၁ဝ နှင့် ကျောနံပါတ် ၁၄ တို့က ၁၂ မိနစ်နှင့် ၃၇ မိနစ်များတွင် သွင်းယူခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ရှေးဦးစွာ အပိုင်ဂိုးသွင်းခွင့်များ ရခဲ့သော်လည်း ဂိုးပေါက်မတဲ့ဘဲ လွဲချော်ခဲ့သည်။

မြန်မာနိုင်ငံက ယခု ၂၄ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ရွှေ ၁၄၊ ငွေ ၂၆ ခု နှင့် ကြေး ၄၃ ခု ရရှိထားသည်။



မြန်မာဒုက္ခသည်များကို UNHCR က HIV/AIDS သင်တန်းပေး

ငြိမ်းချမ်း
Friday, 14 December 2007 20:12 - မြန်မာစံတော်ချိန်

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် မြန်မာနိုင်ငံသား ဒုက္ခသည်များကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ကြီးမှူးကျင်းပသည့် HIV/AIDS အကြောင်း တရက်ကြာ သင်တန်းကို ပထမအကြိမ်အဖြစ် ယမန်နေ့က ကော့စ်ဘဇားမြို့ ဟိုတယ်တခုတွင် ဟောပြောပို့ချခဲ့သည်။

သင်တန်းကို Family Planning Association Bangladesh - FPAB (ဒက္ကားမြို့) မှ Dr. Masud နှင့် UNHCR ကော့စ်ဘဇားရုံးမှ ရုံးတာဝန်ခံ ကိုထွန်းညိုမှ ဒုက္ခသည် အခွင့်အရေး အကြောင်းကိုပါ သင်ကြားပို့ချကြကာ ဘင်္ဂလားဒေ့ခ်ျရှိ ဒုက္ခသည် ရခိုင်အမျိုးသား၊ အမျိုးသမီး ၄၀ နီးပါး တက်ရောက်ခဲ့သည်။

Dr. Masud က သင်တန်းတွင် "အခုအခါ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှာ HIV နဲ့ အသက်ရှင် နေထိုင်နေသူ ဒီနှစ် ဒီဇင်ဘာ ၁ ရက်နေ့ထုတ် စာရင်းအရ ၁၂၀၇ ယောက် ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် အနည်းဆုံး ၂၀၀၀၀ ထက်မနည်း ရှိတယ်။ မြန်မာနိုင်ငံမှာ ၃ သန်းနီးပါး ရှိနေတယ်" ဟု ရှင်းပြသည်။

ဆက်လက်ပြီး သူက ရောဂါကူးစက်ပုံ၊ ကာကွယ်ပုံနှင့် ရောဂါမဖြစ်စေရန် ကာကွယ်ရေး နည်းလမ်းများကို ဟောပြောပို့ချသည့်အပြင် ကမ္ဘာပေါ်တွင် ၂၀၀၆-၂၀၀၇ ခုနှစ်အတွင် သန်း ၄၀ ရှိနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒုက္ခသည်တဦးက "အခုလို ကျန်းမာရေး ပညာပေးပေါ့နော်။ ဒီဝေဒနာအကြောင်း ဟောပြောပေးတာ ကောင်းပါတယ်။ ပြီးတော့ ဘယ်လိုကြိုတင် ကာကွယ်ရမယ် ဆိုတာပါ သိထားတော့ အားလုံးအတွက် အကျိုးရှိပါတယ်။ ဒုက္ခသည်ဘ၀မှာ ဆိုးလွန်းတဲ့ ဒုက္ခတမျိုးကို ကာကွယ်နိုင်တာပေါ့ဗျာ။ သင်တန်းတက်ရတာ အကျိုးရှိပါတယ်" ဟု ပြောသည်။

သင်တန်းသို့ တက်ရောက်လာကြသော ရခိုင်အမျိုးသား ဒုက္ခသည်များကလည်း သူတို့၏ အတွေ့အကြုံများကို ပြန်လည် ဆွေးနွေးကြကာ သင်တန်းကို ညနေ ၅ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။



ဂျပန်နိုင်ငံရောက် မြန်မာများ နိုင်ငံရင်းသို့ ငွေပို့ရာတွင် အခက်ကြုံနေ

နန်းဒေဝီ
Friday, 14 December 2007 20:06 - မြန်မာစံတော်ချိန်

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား အချို့ တရားမဝင် ငွေလွှဲသည့်အမှုဖြင့် ဂျပန်အစိုးရမှ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် မြန်မာပြည်သို့ ငွေပို့မည့်သူများ အခက်ကြုံနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ဂျပန်နိုင်ငံ မြို့တော်တိုကျိုတွင် နေထိုင်သူ မြန်မာလူမျိုး ၅ ဦးအား ဂျပန်အစိုးရမှ တရားမဝင် ငွေလွှဲသည့် အမှုဖြင့် ဖမ်းဆီးခဲ့သည်။

“ကျနော်တို့ ပို့နေကျလူက အဖမ်းခံရတဲ့အထဲမှာ မပါဘူးဗျ။ ဒါပေမဲ့ ခဏ စောင့်ကြည့်အုန်းမယ် ဆိုပြီးတော့ အခုလို နားထားတာပါ။ နှစ်ပတ်လောက်တော့ စောင့်ခိုင်းထားတယ်။ နောက်တော့လည်း ပို့လို့ရမှာပါ” ဟု အမည်မဖော်လိုသူ အစိုးရပညာတော်သင် ကျောင်းသားတဦးက မဇ္ဈိကို ပြောသည်။

သူက ဆက်ပြီး “တရားဝင် လုပ်ကိုင်နေကြတာ မဟုတ်ပေမယ့် ဒီနည်းမဟုတ်ရင်၊ တခြားနည်း မရှိဘူးဗျ။ အစိုးရ အချင်းချင်း တရားဝင် ငွေလွှဲရင်လည်း ကျနော်တို့နိုင်ငံမှာ တရားဝင် ငွေလဲနှုန်းက တဒေါ်လာ၊ မြန်မာငွေ ၆ ကျပ်ပဲ ရမှာဆိုတော့ အဲဒါလည်း မဖြစ်ပြန်ဘူးခင်ဗျ” ဟု ပြောသည်။

ဂျပန်နိုင်ငံတွင် လက်ရှိ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားပေါင်း ၇ဝဝဝ ကျော်ရှိသည်။

မြန်မာနိုင်ငံသား ၄ဝဝဝဝ ကျော်နေထိုင်သော စင်္ကာပူတွင် ယခုလို ငွေပို့ငွေလွှဲ ဝန်ဆောင်မှုပေးနေသည့် မြန်မာစတိုးဆိုင်ပေါင်း ၄ဝ ကျော် ရှိသည်။

စင်္ကာပူရှိ မြန်မာလုပ်မားတဦးက “ပိုက်ဆံပို့လိုက်ရင် ကျနော်တို့ မိသားစုတွေဆီကို ကားနဲ့ အရောက် ပို့ပေးလေ့ ရှိတယ်။ ငွေလဲနှုန်းကတော့ သူတို့ ပေးတဲ့အတိုင်းပေါ့ဗျာ။ ဆိုင်တဆိုင်နဲ့ တဆိုင်က သိပ်မကွာပါဘူး။ အများဆုံး မြန်မာငွေ တကျပ် နှစ်ကျပ်လောက်ပဲ ကွာပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပင်နီဆူလာ ပလာဇာရှိ မြန်မာစတိုးဆိုင် ပိုင်ရှင်တဦးကမူ ယခုလို တရားမဝင် ငွေလွှဲနေရခြင်းသည် အာမခံချက် မရှိဟု ဆိုသည်။

“ဒီလုပ်ငန်းက ဘာအာမခံချက်မှ မရှိပါဘူး။ အချိန်မရွေး စင်္ကာပူ အစိုးရက ဖမ်းနိုင်ပါတယ်။ ဥပဒေကြောင်းလမ်းကကြည့်ရင် တရားဝင် မဟုတ်တဲ့အတွက် ဖမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းမဟုတ်ရင် တခြားနည်းမှ မရှိတာ” ဟု ပြောသည်။



နိုင်ငံရေး အကျဉ်းသားများ ထောင်ဝင်စာ ပိတ်ပင်ခံရ

ထိန်လင်း
Friday, 14 December 2007 19:58 - မြန်မာစံတော်ချိန်

မန္တလေးနှင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ဖမ်းဆီးခံထားရသည့် အန်အယ်ဒီ ခေါင်းဆောင်များကို မိသားစုဝင်များနှင့် ထောင်ဝင်စာ တွေ့ခွင့်မပေးဘဲ ထားသည်။

စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုနောက်ပိုင်း ဖမ်းဆီးချုပ်နှောင် ခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မန္တလေးတိုင်း အန်အယ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြတို့ အပါအဝင် အဖွဲ့ချုပ်ဝင်များအား ယခုအချိန်အထိ မိသားစုနှင့် ထောင်ဝင် မတွေ့ရသေး၍ မိသားစုဝင်များ စိုးရိမ်နေကြသည်။

“၂ လကျော်ရှိပြီဆိုတော့ အရမ်းတွေ့ချင်တာပေါ့။ လွမ်းလည်း လွမ်းတယ်လေ။ သံတွဲထောင်မှာ ထားတာလေ။ အခု အရမ်းအေးနေတော့ စိုးရိမ်တာပေါ့။ သူက ငယ်ငယ်လေးကတည်းက ချူချာတော့ တခုခုဖြစ်မှာ စိုးရိမ်တာပေါ့။ အဝတ်အထည်နဲ့ အစားအသောက်တော့ ပေးရပေမယ့် လူချင်း တွေ့ချင်တယ်။ လွတ်လည်း လွတ်စေချင်တာပေါ့။ ကျန်းမာရေးကို သူတို့ပြောတာက ကောင်းပါတယ်တဲ့။ ဘာမှ စိုးရိမ်စရာမရှိဘူး ပြောတာပဲဓ ဟု ကိုမင်းအောင်၏ မိခင် ဒေါ်စောဖြူက မဇ္ဈိမကို ပြောသည်။

ကိုမင်းအောင်အား ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့က ရန်ကုန်မြို့မှ တောင်ကုတ်သို့ ပြန်အရောက်တွင် ဒေသအာဏာပိုင်များမှ အကြောင်းပြချက်မရှိဘဲ နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားကာ သူ့အား ယခုအခါ သံတွဲထောင်တွင် ထားရှိ၍ ပုဒ်မ ၂၉၆ ဖြင့် တရားစွဲဆိုကာ ယခုအခါ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။

ကိုမင်းအောင်၏ ဇနီးသည်မှ ယခုလဆန်း ၄ ရက်နေ့က ထောင်အတွင်းသို့ ပစ္စည်းအချို့ ပို့ခွင့်ရသော်လည်း တွေ့ခွင့်မရပေ။ သို့သော် လာမည့် တနင်္လာနေ့တွင် ထောင်ဝင်စာ လျှောက်လွှာ၊ အိမ်ထောင်စုပုံစံ ၁ဝ ၊ မှတ်ပုံတင် မိတ္တူနှင့် ရပ်ကွက် ထောက်ခံစာများ ယူဆောင်ကာ ထောင်ဝင်စာ တွေ့ခွင့်ရရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

အလားတူပင် မန္တလေးတိုင်း အန်အယ်ဒီ စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြအား အိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ရက် ၇၇ ရက်ရှိပြီ ဖြစ်သော်လည်း မိသားစုဝင်များ အနေဖြင့် ထောင်ဝင်စာ မရသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်နေရပုံကို အမဖြစ်သူက မဇ္ဈိမကို ပြောသည်။

“ဒီပဲယင်းတုန်းက ခံထားရတဲ့ ဒဏ်ရာတွေက ဆောင်းတွင်းမှာ အေးရင် တော်တော်ခံရတယ်။ အမျိုးသမီးထောင်မှာ နှစ်ယောက်ထဲ ရှိတာဆိုတော့ ဘာသတင်းမှ မရဘူး။ ရုံးထုတ်တာ မရှိဘူး။ ၉ လေးလုံး အဝါရောင်လှုပ်ရှားမှု လုပ်တုန်းက မောင်နှမ ၄ ယောက်စလုံး ထောင်ထဲမှာပဲ ခုံရုံးတင်ပြီး စီရင်ချက် ချခဲ့ဖူးတယ်။ အခုလည်း ဘာဆက်လုပ်မယ် မသိတော့ စိုးရိမ်တာပေါ့။ လွှတ်ရင် လွှတ်၊ မလွှတ်လို့ စီရင်ချက်ချပြီး ဆက်ဖမ်းရင် ဖမ်း။ ဒါပဲ သိချင်တာ” ဟု သူမက ပြောသည်။

ဒေါ်ဝင်းမြမြသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်တွင် လိုက်ပါခဲ့သူဖြစ်ကာ စစ်ကိုင်းတိုင်း ဒီပဲယင်းအနီးတွင် စစ်အာဏာပိုင်များ ကြီးကြပ်ကွပ်ကဲနေသည့် လူအုပ်ကြီးက အကြမ်းဖက် ရိုက်နှက် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့ပြီး ခန္ဓာကိုယ်တွင် ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့သူ ဖြစ်သည်။

ဒေါ်ဝင်းမြမြကဲ့သို့ပင် အိုးဘိုထောင်တွင် ဖမ်းဆီးခံထားရသည့် မန္တလေးတိုင်း မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင် အပါအဝင် မန္တလေးတိုင်းမှ အန်အယ်ဒီ အဖွဲ့ဝင် ၈ ဦးကို ထောင်ဝင်စာ ပေးမတွေ့ပေ။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates