Friday, December 14, 2007

အစာငတ်ခံဆန္ဒပြသူ ကိုထင်ကျော် ပျောက်ဆုံးနေ

မောင်ဒီး
Thursday, 13 December 2007 20:05 - မြန်မာစံတော်ချိန်

အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုထင်ကျော်ကို ပန်းပဲတန်း ရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရာမှ ယခုအခါ ပျောက်ဆုံးနေ၍ ဆွေမျိုးများ စိတ်ပူပန်နေကြသည်။

အကျဉ်းကျခံ ရဟန်းသံဃာများနှင့် ကျောင်းသားများကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးရေးအတွက် နိုဝင်ဘာလ ၃ဝ ရက်နေ့မှ စတင်ကာ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေသည့် ကိုထင်ကျော်ကို အကျဉ်းထောင်မှ ပန်းပဲတန်းမြို့နယ် ရဲစခန်း၏ အချုပ်သို့ ရွှေ့ပြောင်းလိုက်သည်ဟု သိရသဖြင့် လုပ်ဖော်ကိုင်ဘက်များက သွားရောက်စုံစမ်းရာတွင် အချုပ်တွင် မရှိဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။

“ပန်းပဲတန်း ရဲစခန်းကလည်း အချုပ်ထဲမှာ မရှိဘူး။ အင်းစိန် ပို့လိုက်ပြီတဲ့။ အင်းစိန်ကို သွားမေးကြည့်တော့လည်း မရှိဘူးဆိုတော့ ဘယ်နေရာမှာ ထားမှန်း ကျနော်တို့ မသိရဘူး။ အခုလာမယ့် ၁၈ ရက်နေ့က ရုံးချိန်းဆိုတော့ အဲဒီနေ့ကျမှပဲ သိရမယ်” ဟု လုပ်ဖော်ကိုင်ဘက် တဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၂ ရက်နေ့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လူထုဆန္ဒပြပွဲ ပြုလုပ်ရန် ဦးဆောင် လှုံ့ဆော်ခဲ့သူ ကိုထင်ကျော်ကို သြဂုတ်လ ၂၅ ရက်နေ့တွင် ပန်းပဲတန်း ရဲစခန်းရှေ့၌ ဆန္ဒပြနေစဉ် အာဏာပိုင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခဲ့သည်။

သူ့ကို ပန်းပဲတန်း ရဲစခန်းမှူးက ရပ်ရွာတွင်း ဆူပူအုံကြွမှု ဖြစ်ပေါ်စေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုခဲ့သောကြောင့် ယခုလ ၁၁ ရက်နေ့က ပန်းပဲတန်း တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ပန်းပဲတန်း အချုပ်တွင် ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင်း ချုပ်နှောင်ခံနေရစဉ် ထောင်အတွင်းသို့ နေ့စဉ် ဝင်ရောက်လာသည့် ဆန္ဒပြ ရဟန်းသံဃာများနှင့် ကျောင်းသားလူငယ်များ၏ ဒုက္ခများကို မမြင်တွေ့လိုသဖြင့် ၎င်းတို့ လွတ်မြောက်ရေးအတွက် ပြီးခဲ့သည့်လ ၃ဝ ရက်နေ့မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြခဲ့ရာ ယနေ့တွင် ၁၄ ရက်မြောက်ခဲ့ပြီ ဖြစ်သည်။

“ကိုထင်ကျော် အရင်ကဆိုရင် နဲနဲ တောင့်တောင့်တင်းတင်း ရှိတာ။ အခုဆို တော်တော် ပိန်သွားတယ်။ နောက်ရက်တွေဆိုရင် သူ့ကျန်းမာရေး ပိုထိခိုက်လာမယ် ထင်တယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ လက်ရှိ အစာငတ်ခံ ဆန္ဒပြထားတာဆိုတော့ သူ့ကျန်းမာရေးအတွက် စိုးရိမ်တာပေါ့ဗျာ။ သူကတော့ တောင်းဆိုချက်တွေ မရမချင်း သေတဲ့အထိ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်တဲ့” ဟု လုပ်ဖော်ကိုင်ဘက်က ပြောသည်။

မြန်မာနိုင်ငံတိုးတက်ရေး လိုလားသူ ကိုထင်ကျော်သည် ပြည်သူလူထု အဓိက ခံစားနေရသည့် လျှပ်စစ်မီး ပြဿနာ၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒုက္ခများ၊ ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ပါဝင်သည့် ပြည်သူလူထု ရပိုင်ခွင့် ၁၇ ချက်ကို အာဏာပိုင်များထံ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သူဖြစ်ပြီး အစိုးရကို ပုန်ကန်လိုသူလည်း မဟုတ်သဖြင့် သူ့ကို မေတ္တာထားပြီး ပြန်လွှတ်ပေးစေလိုသည်ဟု HRDP လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူများအဖွဲ့မှ အဖွဲ့ဝင်များက တောင်းဆိုနေကြသည်။

“ကိုထင်ကျော်ရဲ့ လုပ်ရပ်က ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒပဲလေ။ သူ့ရဲ့လုပ်ရပ်ကို ကျနော်တို့ ထောက်ခံတယ်၊ ကြိုဆိုတယ်။ ဒီလို လုပ်တာကလည်း အစိုးရပြုတ်ကျရေး၊ အစိုးရကို ဆန့်ကျင်တာလည်း မဟုတ်ဘူးလေ။ အဲဒီတော့ အစိုးရအနေနဲ့ ကိုထင်ကျော်ကို မေတ္တာထားပြီး လွှတ်ပေးစေချင်တာပေါ့ဗျာ” ဟု သူက ဆက်ပြောသည်။

အင်းစိန်ထောင်ထဲတွင် အဆောင် ၂ မှ စီးပွားရေး တက္ကသိုလ်ကျောင်းသား ဇင်လင်းအောင်နှင့် အဆောင် ၄ မှ HRDP မှ ဦးမျိုးသန့်တို့လည်း ကိုထင်ကျော်ကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေသဖြင့် ဆေးရုံ ပို့ထားရကြောင်းလည်း သိရသည်။



နအဖ က ဗိုလ်ချုပ်သန်းရွှေ စိတ်ရောဂါ ကောလာဟလကို ဖယ်ရှား

မဇ္ဈိမသတင်းဌာန
Thursday, 13 December 2007 19:10 - မြန်မာစံတော်ချိန်

နအဖ စစ်အစိုးရကို ထိခိုက်စေသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ရောဂါဝေဒနာ ခံစားနေရသည် ဟူသည့် ကောလာဟလများကို ငြင်းပယ်သည့် အနေဖြင့် စစ်အစိုးရပိုင် သတင်းစာက တုံ့ပြန် ချေပလိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နအဖ ဥက္ကဌ နှင့် အခြား စစ်ဗိုလ်ချုပ်များက မြန်မာပြည် အလယ်ပိုင်းရှိ ရေအားလျှပ်စစ် စီမံကိန်းကို လှည့်လည် စစ်ဆေးနေသည့် သတင်းသည် ဗိုလ်ချုပ်မှူးကြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်ရှိ သတင်းရပ်ကွက် တခုက အဆိုပါ မန္တလေးတိုင်းအတွင်းရှိ ရေအားလျှပ်စစ် စီမံကိန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်လှည့်လည်သည့် ခရီးစဉ်သည် နအဖ အကြီးအကဲသည် ကျန်းမာရေး ကောင်းမွန်ကြောင်းနှင့် တိုင်းပြည်၏ အရေးကိစ္စများကို လုပ်ကိုင်နိုင်စွမ်း ရှိသေးကြောင်း ဖော်ပြလိုရင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်တပတ်က ရန်ကုန်ရှိ သတင်းရပ်ကွက်များက နအဖ စစ်ခေါင်းဆောင်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားနေရပြီး စင်္ကာပူတွင် စိတ်ရောဂါကု ဆရာဝန်နှင့် ကုသရန်အတွက် ရက်ချိန်း တောင်းထားသည်ဟု မဇ္ဈိမကို ပြောဆိုခဲ့ကြသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသော်လည်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးဝင်းမင်းက ကောလာဟလ သတင်းကို ကြားသိရကြောင်းနှင့် ဦးသန်းရွှေက ကောင်းမွန်စွာ လုပ်ကိုင်နိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့တွေ သူ့ရဲ့ စိတ်ဝေဒနာနဲ့ ပတ်သက်ပြီး ပျောက်ကင်းသွားပြီလား မပျောက်ဘူးလား ဆိုတာ ဘာမှ မသိပါဘူး။ ဒါပေမဲ့ သန်းရွှေဟာ သူ့ကျန်းမာရေး ကောင်းနေသေးတယ်၊ ဆက်ပြီး လုပ်ကိုင်နိုင်သေးတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေချင်တာ ဖြစ်တယ်” ဟု ဦးဝင်းမင်းက ဆိုသည်။



ကျောက်စိမ်းတင်သွင်းမှု ပိတ်ပင်မည့် ဥပဒေမူကြမ်း အမေရိကန် အတည်ပြု

မဇ္ဈိမသတင်းဌာန
Wednesday, 12 December 2007 23:52 - မြန်မာစံတော်ချိန်

အမေရိကန်နိုင်ငံမှ ပြဌာန်းထားသည့် စီးပွားရေး ပိတ်ဆို့မှုတွင် လစ်ဟာမှုများကို ပိတ်ရန် ကြိုးပမ်းသည့် အနေဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများနှင့် သူတို့ပိုင် ကုမ္ပဏီများကို ရည်ရွယ်ကာ အက်ဥပဒေ မူကြမ်းတရပ်ကို အမေရိကန် အောက်လွတ်တော် ကိုယ်စားပြု အဖွဲ့ဝင်များမှ တညီတညွတ်တည်း မဲပေး အတည်ပြုလိုက်သည်။

JADE ဟုခေါ်သော ဥပဒေမူကြမ်းအရ မြန်မာနိုင်ငံမှ တင်သွင်းသော ကျောက်စိမ်းနှင့် ကျောက်မျက် ရတနာများကို ပစ်မှတ်ထားသွားမည် ဖြစ်ပြီး လက်ရှိ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုရှိ ဟာနေသည့် အပေါက်များကို ပိတ်သွားရန် ရည်ရွယ်ထားသည်။

“မြန်မာနိုင်ငံမှ တင်ပို့သည့် ဒေါ်လာသန်းပေါင်းများစွာတန် ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်နေသော်လည်း မြန်မာစစ်အစိုးရက ကျောက်မျက်များ၏ ပင်ရင်းထွက်ရှိရာကို မပြောဘဲ ၂ဝဝ၃ ခုနှစ် မြန်မာ့ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေ ကို ရှောင်လွဲရန် ကြိုးစားသည်” ဟု မူကြမ်းတွင် ပါရှိသည်။

“တိုင်းပြည်ကထွက်တဲ့ သယံဇာတတွေ - အထူးသဖြင့် ရေနံသဘာဝ ဓာတ်ငွေ့နဲ့ ကျောက်မျက်ရတနာတွေကို စစ်အစိုးရက ရောင်းပြီး ကိုယ့်လူထုကို နှိပ်စက်ဖို့ သုံးနေတော့ မြန်မာလူထုကတော့ ဆင်းရဲတွင်းထဲက မတက်နိုင်တော့ဘူး” ဟု ဒီမိုကရက်တစ် အထက် လွှတ်တော်အမတ်နှင့် လွတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ တဦးဖြစ်သူ တွမ်လန်တို့စ် (Tom Lantos) က ပြောသည်။

မူကြမ်းကို အတည်ပြုပြီးပါက မြန်မာပြည်ထွက် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံသို့ ဝင်ရောက်နေခြင်းကို တားဆီးနိုင်မည် ဖြစ်သည်။

ကမ္ဘာ့ပတ္တမြားဈေးကွက်၏ ၉ဝ ရာခိုင်နှုန်းမှာ မြန်မာပြည်ထွက် ပတ္တမြားများ ဖြစ်သော်လည်း ၃ ရာခိုင်နှုန်းသာ တရားဝင် စာရင်းပြပြီး အမေရိကန်သို့ ဝင်ရောက်နေကြောင်း လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ တင်ပြချက်တွင် ဖော်ပြထားသည်။

ကျောက်မျက်တန်ဖိုး၏ ၉၉ ရာခိုင်နှုန်းသည် ကျောက်အရည်အသွေးကပင် ဆုံးဖြတ်မှု ဖြစ်သောကြောင့် လုပ်အားတန်ဖိုး အနေနှင့် ၁ ရာခိုင်နှုန်းသာ ရှိသည်။ ထို့ကြောင့် အက်ဥပဒေက မြန်မာပြည်သူများ၏ နေ့တဓူဝ စားဝတ်နေရေးကို အထိအခိုက် မရှိဟု ဥပဒေမူကြမ်းကို ထောက်ခံသူများက ဆိုသည်။

အမေရိကန်နိုင်ငံ၏ ကျောက်မျက်ရတနာ ရောင်းချသည့် စတိုးဆိုင်ပေါင်း တသောင်းတထောင်မှ ကိုယ်စားလှယ်များထဲတွင် အဓိကကျသည့် လက်လီရောင်းဝယ်သူ အများအပြားလည်း မူကြမ်းကို ထောက်ခံကြသည်။

ထိုဥပဒေ၏ နောက်ထပ် ထူးခြားမှုတခုမှာ မြန်မာနိုင်ငံတွင် စွမ်းအင် တူးဖော်ထုတ်လုပ်ရေး လုပ်ကိုင်နေသည့် အမေရိကန် ကုမ္ပဏီကြီး ချာဗရွန် (Chevron) ၏ စီးပွားရေး အကျိုးအမြတ်ကို ဦးတည်ထားခြင်း ဖြစ်သည်။

The JADE ဥပဒေအရ ချာဗရွန်၏ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခြင်း အပိုင်းမှ အခွန်ကင်းလွတ်ခွင့် ပြုထားမှု ရပ်သွားတော့မည် ဖြစ်သည်။ ထို့ကြောင့် ချာဗရွန်နှင့် မြန်မာနိုင်ငံတွင်း စီးပွားရေး လုပ်ဖက်များမှာ ကုန်ကျစားရိတ် ပိုမိုလာပြီး စီးပွားရေးအရ တားမြစ်မှုများ ပိုများလာသည့် ရိုက်ခတ်မှုများ ဆင့်ကဲ ခံကြရမည် ဖြစ်သည်။

ထို့အပြင် မြန်မာ စစ်ဗိုလ်ချူပ်များ၏ ငွေဖြူအဖြစ် လျော်ဖွတ်ခြင်းကိုပါ ထိခိုက်စေသည် သာမက၊ မြန်မာ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး လုပ်နေသည့် အဖွဲ့များလည်း ၎င်းဥပဒေကြောင့် ထိခိုက်စေမည် ဖြစ်သည်။

“မြန်မာပြည်တွင် ငြိမ်းချမ်းစွာ လူ့အခွင့်အရေး ဆန္ဒပြ တောင်းဆိုသူများသည် သူရဲကောင်းများ ဖြစ်ပြီး၊ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သော အာဏာရှင်များကတော့ သူတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် နိုင်ငံတကာ၏ ပစ်ပယ်ခြင်းကိုသာ ခံထိုက်သည်” ဟု လန်တို့စ် (Lantos) ရုံး၏ ထုတ်ပြန် ကျေညာချက်တွင် ဖော်ပြထားသည်။

“ယနေ့ မြန်မာပြည် လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေသည့် မြန်မာလူထုနှင့်အတူ ပုခုံးခြင်းဖက် အတူတကွ ရပ်တည်ခဲ့ကြသည့် အတွက် နှစ်ဖက်စလုံးက ကျနော်၏ လုပ်ဖော်ကိုင်ဖက်များကြောင့် ကျနော် အင်မတန်ပဲ အားရကျေနပ်မိပါတယ်” ဟု ဆက်လက် ပါရှိသည်။

အက်ဥပဒေ မူကြမ်းကြောင့် မြန်မာ့ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ဥပဒေ ၂ဝဝ၃ အား ကွန်ကရက်အနေဖြင့် ပြန်လည်သုံးသပ်ရန် မလိုတော့ပေ။

အမေရိကန် အောက်လွတ်တော်၊ အထက်လွတ်တော်အမတ်များနှင့် သမ္မတတို့ မှ ၎င်း JADE မူကြမ်းအပေါ် လုံးဝထောက်ခံမှု ပေးလာပါက ဥပဒေမူကြမ်းသည် အကျိုးသက်ရောက်မည် ဖြစ်သည်။



အကြမ်းဖက် ဖြိုခွဲမှုနှင့်ပတ်သက်၍ နအဖ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး

မဇ္ဈိမသတင်းဌာန
Wednesday, 12 December 2007 23:22 - မြန်မာစံတော်ချိန်

နအဖ အစိုးရမှ ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့ပုံများကို မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ပီညဲရိုးက ဒီဇင်ဘာလ ၁၁ ရက်နေ့က ဂျနီဗာမြို့ရှိ လူ့အခွင့်အရေး ကောင်စီတွင် တင်ပြ အစီရင်ခံခဲ့သည်။

နအဖ စစ်အစိုးရက ဆန္ဒပြသူ ၁ဝ ဦးသာ သေဆုံးခဲ့သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း မစ္စတာ ပီညဲရိုးက လုံထိန်းများ၏ လက်ချက်ဖြင့် သေဆုံးရသူ ၃၁ ဦး ရှိသည်ဟု အတည်ပြုကာ ပျောက်ဆုံးသူ ၇၄ ဦး ရှိနေပြီး ၆၅၃ ဦး အကျဉ်းချခံနေရသည်ဟု ပြောကြားသွားသည်။

နအဖ စစ်အစိုးရက ဆန္ဒပြသူ သီလရှင်၊ သံဃာလူထု စုစုပေါင်း ဦးရေ ၃ဝဝဝ ထက် လျော့နည်းစွာ ထိန်းသိမ်းခဲ့သည်ဟု ပြောသော်လည်း ထိုပမာဏထက် ၁ဝဝဝ ကျော် ပိုမိုသည့် အရေအတွက်ကို လှုပ်ရှားမှုကြီးအတွင်း ထိန်းသိမ်းခဲ့သည်ဟု မိမိအနေဖြင့် ယုံကြည်နေကြောင်း မစ္စတာ ပီညဲရိုးက ပြောသည်။

နိုင်ငံတကာ ဥပဒေကို ချိုးဖောက် ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည့် နအဖ အာဏာပိုင်များက ပြီးခဲ့သည့် လူထုလှုပ်ရှားမှုကို ဖြိုခွဲရာတွင် အကန့်အသတ်မရှိ ကျူးလွန်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုရုံးခွင့်ကို ထိန်းချုပ် ကန့်သတ်ခြင်းအားဖြင့် နအဖ စစ်အစိုးရက စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်ဖို့အတွက် အခြေခံ လမ်းစတွေကို နှစ်ပေါင်းများစွာ ပိတ်ဆို့ထားခဲ့တယ်” ဟု မစ္စတာ ပီညဲရိုးက ပြောသည်။ ဆယ်စုနှစ်ပေါင်းများစွာ နအဖ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းသဖြင့် မြန်မာနိုင်ငံသားများ ဒုက္ခဆင်းရဲ ကြုံတွေ့နေကြရသည်။

နအဖ လုံထိန်းများက ဖြစ်ရပ်မှန်များကို ဖုံးကွယ်ရန်အတွက် စက်တင်ဘာလ ၂၇ ရက်နှင့် ၃ဝ ရက်နေ့အကြား သေဆုံးခဲ့သည့် ဆန္ဒပြသူများ၏ အလောင်းများကို မီးရှို့ကာ ဖျောက်ဖျက်ပစ်ခဲ့သည်ဟု ရန်ကုန်မြို့ခံများ၏ ထုတ်ဖော် ပြောဆိုချက်ကိုလည်း သူက တင်ပြခဲ့သည်။

သူက ဆက်ပြီး လူထု လှုပ်ရှားမှုအတွင်း မှားယွင်းစွာ ထိန်းသိမ်းထားသူများကို ချွင်းချက်မရှိ ချက်ခြင်းပင် လွှတ်ငြိမ်း ချမ်းသာခွင့် ကျေညာပေးရန်နှင့် စာရင်းမရှိ ပျောက်ဆုံးနေသူများ၏ ကံကြမ္မာများကို လွတ်လပ်စွာ စုံစမ်းခွင့်ပေးရန် နအဖ ကို တောင်းဆိုလိုက်သည်။

သူ၏ မှတ်ချက်များကြောင့် အမေရိကန် အရာရှိများက စိုးရိမ်မှုများ ဖြစ်ပေါ်လာကာ နအဖ အစိုးရအပေါ် သတိပေးပြောဆိုမှုများ ထပ်မံ ပြောကြားလာသည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပါ။ နောက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးနေတာတွေ ရပ်တန့်ပြီးတော့ အတိုက်အခံပါတီ၊ တိုင်းရင်းသားတွေနဲ့ အချိန် အကန့်အသတ်ရှိတဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်သင့်နေပါပြီ ဆိုပြီး နအဖ စစ်အစိုးရကို ကျနော်တို့အနေနဲ့ ဆက်ပြီး ရှင်းလင်းပြတ်သားစွာ တိုက်တွန်းသွားရမယ်” ဟု အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အမေရိကန် သမတ ဂျော့ဒဗလျူ ဘွတ်ရှ်ကလည်း “နအဖအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေတာကို ဆက်ပြီး လစ်လျူရှုနေမယ်ဆိုရင် ကျနော်တို့ အနေနဲ့ စီပွားရေး ပိတ်ဆို့မှုကို ပိုပြီး တိုးမြှင့်သွားဖို့ နိုင်ငံတကာကို ဦးဆောင် တိုက်တွန်းသွားရလိမ့်မယ်” ဟု သတိပေးခဲ့သည်။

ဂျနီဗာမြို့ရှိ နအဖ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်က မစ္စတာ ပီညဲရိုး၏ အစီရင်ခံစာကို ငြင်းပယ်လိုက်ပြီး၊ မြန်မာ အာဏာပိုင်များသည် မည်သည့် လွတ်လပ်သည့် နိုင်ငံမဆို အချုပ်အခြာ အာဏာကို လက်တွေ့ကျင့်သုံးသည့် အနေဖြင့်သာ သူတို့၏ နှိမ်နင်းခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates